• မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း
• နန္ဒာသိန်းဇံ
• လှိုင်းသစ်စာပေ ၊ ၂၀၁၈ ။
• ဆဌမအကြိမ် ။

လူ့လောကထဲကို ပိုပြီး တိုးဝင်လာရလေလေ မိတ်ကောင်းဆွေကောင်းဆိုတာကို ပိုနားလည်လာလေလေ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက သူငယ်ချင်းဆိုတာကိုပဲ ခေါင်းထဲ စွဲနေတယ်။ နည်းနည်းကြီးပြင်း လာတော့၊ သူငယ်ချင်းကောင်းဆိုတာ ဘာလဲလို့ စဉ်းစားတတ်စ ပြုလာတယ်။ ဘွဲ့ရအပြီး လုပ်ငန်းခွင်ထဲဝင် တော့ လုပ်ဖော်ကိုင်ဖက်ဆိုတာနဲ့ ထိတွေ့လာမိပြန်တယ်။ ထိုနည်းလည်းကောင်းပဲ ထပ်ပြီး တိုးလာတာက မိတ်ဆွေ။

ငယ်ပေါင်းကြီးဖော်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်း၊ ခင်မင်ရင်းနှီးသူ၊ သိကျွမ်းသူ ၊ မေးထူးခေါ်ပြော… စတဲ့ စကားလုံးတွေက ကိုယ့်ဘဝထဲ ရောက်လာတယ်။ စကားလုံးတွေ ကွဲပြားသလို၊ အနှစ်သာရတွေလည်း မတူဘူးဆိုတာ နားလည်လာတယ်။ မိတ်ဆွေတွေထဲမှာကို ထပ်ပြီး ဆန်းစစ်ရရင် မိတ်ကောင်းဆွေကောင်းဆိုတာ ခွဲခြားလို့ ရသတဲ့။
ကျနော်တို့မှာ အပေါင်းအသင်းတွေ ရှိတယ်။ ဒါပေမယ့် အပေါင်းအသင်းတိုင်းက မိတ်ဆွေကောင်းတွေ မဟုတ် ကြဘူး။ ကျနော်တို့မှာ သူငယ်ချင်းတွေ ရှိတယ်။ ဒါပေမယ့် သူငယ်ချင်းတိုင်းက မိတ်ဆွေကောင်းတွေ မဟုတ် ကြဘူး။ ကျနော်တို့မှာ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တိုင်းက မိတ်ဆွေကောင်း တွေ ဖြစ်မနေဘူး။ ကျနော်တို့မှာ မိတ်ဆွေတွေ ရှိတယ်။ ဒါပေမယ့် မိတ်ဆွေတိုင်းက မိတ်ဆွေကောင်းတွေ မဟုတ်ကြဘူး။
ကိုယ်နဲ့ပေါင်းဖက်တဲ့သူကို မိတ်ဆွေကောင်းဟုတ်ရဲ့လားလို့ မေးခွန်းထုတ်မိတိုင်း ကိုယ့်အတွက် မေးခွန်းတစ်ခု ကလည်း ပိုလာတယ်။ “ငါကိုယ်တိုင်ကရော မိတ်ဆွေကောင်းဟုတ်ရဲ့လား” ဆိုတဲ့မေးခွန်း။

နန္ဒာသိန်းဇံရဲ့ စာအုပ်တွေကို ကျနော် များများစားစား မဖတ်ဖြစ်ပါ။ သို့သော် တချို့စာအုပ်တွေကိုတော့ အတော်ကြိုက်တယ်။ ဆရာ နန္ဒာသိန်းဇံရဲ့ စီးပွားရေးနှင့် စစ်ရေးဗျူဟာ စာအုပ်က ခဏ ခဏ ထပ်တလဲလဲ ဖတ်တဲ့စာအုပ်ဖြစ်ပါတယ်။ နန္ဒာသိန်းဇံရဲ့ စာအုပ်တွေကို ပိုပြီး ဖတ်မိအောင် ကျေးဇူးပြုတာကတော့ ဆရာ ဒေါက်တာဆန်းထွန်း (စာရေးဆရာ ဆန်းထွန်းသောင်) ဖြစ်ပါတယ်။ ဒေါက်တာဆန်းထွန်းက သူ့ဆရာဖြစ်တဲ့ နန္ဒာသိန်းဇံကို ညွှန်းပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ဒေါက်တာဆန်းထွန်းက ဆရာ နန္ဒာသိန်းဇံရဲ့ ထွက်ပြီး သမျှ စာအုပ်တွေ အားလုံးကို ကျနော့်ကို လက်ဆောင်ပေးတယ်။ ကျနော် ပျော်တယ်။ စာအုပ်တွေကို လက်ဆောင်ပေးတဲ့သူတွေကို ကျနော်ချစ်တယ်။ ကျနော့် ဘဝမှာတော့ စာအုပ်တွေကို အတွဲလိုက်စုစည်းပြီး လက်ဆောင်ရတာ ရှားပါတယ်။ ဒီလိုလူတွေထဲက ဒေါက်တာဆန်းထွန်းပေးတဲ့ လက်ဆောင်က ကျနော့်အတွက် ဒုတိယမြောက် လူပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဓာတ်ဆိုတာ တူမှ ပေါင်းလို့ ရတယ်ဆိုတဲ့ စကားရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်နိုင်ခြင်း၊ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ တွဲဖက်နိုင်ခြင်း၊ ခင်မင်ရင်းနှီးချစ်ခင်နိုင်ခြင်းဆိုတဲ့နောက်ကွယ်မှာ ကိုယ်ရည်ကိုယ် သွေးဓာတ်ချင်း မတူရင် မဖြစ်နိုင်ပါဘူး။ ဓာတ်ဆိုတာ တူရာစုတယ်။ ဒါ့ကြောင့် မိတ်ဆွေ အပေါင်းအသင်းဆိုတာ ဓာတ်တူမှ ပေါင်းလို့ရတယ်။ သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ ပေါင်းဖက်တွေ့ဆိုတဲ့စကားကလည်း ရှိတယ် မဟုတ်လား။ နောက် စကားပုံတစ်ခုလည်း ရှိသေးတယ်။ လူပျင်းရှိရာ လူဖျင်းလာ ၊ အမှိုက်ရှိရာ ခွေးချေးလာ ဆိုတဲ့ စကားပုံလည်း ရှိတယ်။ ဒီသဘောပါပဲ။

ဆရာ နန္ဒာသိန်းဇံရဲ့ စာအုပ်ကို ဖတ်မိပြီး ကိုယ်ကိုယ်တိုင်က ကိုယ့်မိတ်ဆွေတွေအမြင်မှာ ဘယ်လိုလူမျိုးဖြစ်နေ သလဲဆိုတာကို မေးမိတယ်။ ထိုနည်းလည်းကောင်းပဲ ကိုယ့်မိတ်ဆွေတွေထဲက ဘယ်သူဟာ ဘယ်လိုလူမျိုး ဖြစ်သလဲဆိုတာကို မေးမိတယ်။ ဒီလိုနဲ့ မိတ်ဆွေကောင်းဆိုတာ ဘာလဲဆိုတာ ကျနော် ပြတ်ပြတ်သားသား ပိုမြင်လာရတယ်။
နန္ဒာသိန်းဇံဟာ ဖီလော်ဆိုဖီသမားဖြစ်လို့ ၊ မိတ်ကောင်းဆွေကောင်းဖြစ်ခြင်းကို ဒဿနထောင့်ကနေ ဖြေရှင်း တယ်။ မိတ်ဆွေဆိုတာ အပေါင်းအသင်း ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် စဉ်းစားဖြစ်တယ်။ လူတစ်ယောက် အကြောင်း သိချင်ရင် သူဟာ ဘယ်လိုလူတွေနဲ့ အပေါင်းအဖော်လုပ်သလဲဆိုတာကို ကြည့်ပြီး သိနိုင်တယ်။ လူတစ်ယောက်ဟာ ဘယ်လိုလူတွေနဲ့ အပေါင်းအသင်း လုပ်သလဲ။ သူ့နဘေးမှာ ရှိနေတဲ့ လူတွေကိုကြည့်ပြီး အဲဒီလူရဲ့ အဆင့်အတန်းကို သတ်မှတ်လို့ရတယ်။ လူတစ်ယောက်ရဲ့နဘေးမှာ ရှိတဲ့ လူတွေက အဲဒီ့လူကို လွှမ်းမိုးတယ်။ နဘေးက လူတွေရဲ့ အဆင့်အတန်းဟာ အဲဒီ့လူရဲ့အဆင့်အတန်းကို ရောင်ပြန်ဟပ်စေတယ်။
ဘဝခရီးမှာ မိတ်ဆွေကောင်းနဲ့ ခရီးသွားဖို့ လိုတယ်ဆိုတာ ဘဝလိုအပ်ချက်ဖြစ်တယ်။ ဒါကို ကျနော် ဒီ့နောက် ပိုင်း ပိုနားလည်လာတယ်။ လူတစ်ယောက်မှာ မိတ်ကောင်းဆွေကောင်း ရှိခြင်းဟာ ဘဝတန်ဖိုးအတွက် အင်မတန် အရေးကြီးတယ်ဆိုတာလည်း နားလည်လိုက်တယ်။

• အရသာ အရှိဆုံး အပြုံးဆိုတာ ကိုယ်မုန်းတီးတဲ့သူ ဒုက္ခရောက်သွားတဲ့အခါ ပြုံးရတဲ့ အပြုံးမျိုးဖြစ်တယ်….တဲ့။ (စာ – ၆၁)

နန္ဒာသိန်းဇံက မိတ်ကောင်းဆွေကောင်းဆိုတာကို ဥပမာအမျိုးမျိုးပြပြီး အနက်ဖွင့်ပြသွားတယ်။ စာအုပ်ထဲမှာပါ တဲ့ ဥပမာတွေဟာ သိပ်ကောင်းတယ်။ ဥပမာတွေဟာ ရိုးတယ်။ ရှင်းတယ်။ မြင်လွယ်တယ်။ လူ့လောကထဲမှာ တွေ့နေတဲ့ ပတ်ဝန်းကျင်က လူအမျိုးအစားတွေကို သဘာဝထဲမှာ မြင်နေကျ စရိုက်သကန်တွေနဲ့ ရှင်းပြသွား တယ်။ နန္ဒာသိန်းဇံရဲ့အရေးအသားကို ကြည့်ရင်း ကျနော် တွေးမိလိုက်တာ ရှိတယ်။ နန္ဒာသိန်းဇံဟာ ဒဿန ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒဿနဆိုတဲ့ သဘောက ခက်ခဲနက်နဲ ရှုပ်ထွေးတတ်တဲ့သဘော ရှိတယ်။ ဒါပေမယ့် ရှုပ်ထွေးပြီး သိနားလည်ဖို့ ခက်တဲ့ ဒဿနကို လူအများနားလည်အောင် ရိုးရိုးရှင်းရှင်းရေးပြတတ် လွန်းတာကတော့ ဆရာ နန္ဒာသိန်းဇံရဲ့ ကလောင်မှော်ဖြစ်ပါလိမ့်မယ်။ နန္ဒာသိန်းဇံရဲ့ စာအုပ်တွေဟာ နားလည် ဖို့ ခက်တဲ့ အတွေးအခေါ်တွေကို ရိုးရိုးရှင်းရှင်းလေး တင်ပြသွားနိုင်တဲ့ အရည်အချင်းရှိတာဖြစ်ပါတယ်။ ဒဿန ကို ကျေကျေ လည်လည် နားလည်ထားသူဆိုတာ သိသာတယ်။ ဒဿနမှာ ပါရဂူမြောက် တတ်ကျွမ်းနားလည် ထားခြင်းဖြစ်တယ်ဆိုတာ နန္ဒာသိန်းဇံရထားတဲ့ မဟာသဒ္ဓမ္မ ဇောတိကဓဇ ပါမောက္ခဒေါက်တာ သိန်းဇံ ဆိုတဲ့ ဂုဏ်ဒြပ်ထက် ပိုတယ် ထင်ပါတယ်။

နန္ဒာသိန်းဇံရဲ့ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း စာအုပ်ဟာ ဒဿနတန်ဖိုးအနေနဲ့ ရှိထားရုံ မကဘူး။ စာပေတန်ဖိုးလည်းမြင့်တယ်။ နောက်ထပ် ထပ်ပေါင်း တန်ဖိုးတစ်ခုကတော့ နန္ဒာသိန်းဇံရဲ့ အခုစာအုပ်ထဲက စာတစ်ပုဒ်ချင်းစီမှာ သရုပ်ဖော်ပန်းချီတစ်ကွက်ချင်းစီ ပါဝင်နေတာဖြစ်ပါတယ်။ ဒီသရုပ်ဖော်ပန်းချီကို တခြားသူ ဆွဲတာ မဟုတ်ပါဘူး။ ပန်းချီလက်ရာတွေ အားလုံးဟာ ပေါ်ဦးသက် လက်ရာတွေဖြစ်ပါတယ်။ ပေါ်ဦးသက်ဟာ ပန်းချီထဲမှာ ထိပ်တန်းဖြစ်တယ်။ ပေါ်ဦးသက် ပန်းချီတွေကို နန္ဒာသိန်းဇံရဲ့ စာတွေနဲ့ တွဲပြီး မြင်ရတဲ့ သိပ် အဖိုးတန်တာပဲလို့ တွေးမိတယ်။

ဆိုကရေးတီး ဆောက်တဲ့အိမ်ကို ငယ်လှချေလား၊ ကျဉ်းလှချေလားလို့ ခနဲ့တဲ့လေသံနဲ့ ဆိုတဲ့ လူကို ဆိုကရေးတီးက အခုလို ပြန်ပြောလိုက်တယ်။ “ကျုပ်အိမ်က မိတ်ကောင်းဆွေကောင်းတွေ လာရင်တော့ နေလောက်ပါတယ်….” တဲ့။ လှလိုက်တဲ့ စကားနော်။ လှလိုက်တဲ့ တုံ့ပြန်ချက်နော်။
လူဟာ လူတွေနဲ့ နေရတဲ့ သတ္တဝါမို့လို့ လူတွေကို ငြင်းပယ်လို့ မရဘူး။ လူတွေထဲမှာနေရင်းပဲ ကိုယ့်ဘဝကို အကောင်းဆုံး ရှင်သန်ကြရတာ။ လူဟာ အပေါင်းအဖော်နဲ့ နေတတ်တဲ့သတ္တဝါဖြစ်တယ်။ လူဟာ အသိုင်းအဝိုင်း နဲ့ နေရတဲ့သတ္တဝါဖြစ်တယ်။ ဒါ့ကြောင့် လူဟာ လူလူချင်း ပေါင်းသင်းဆက်ဆံရေးမှာ ပေါ့ဆလို့ မရဘူး။ ဒါကို သတိရှိထားစေဖို့၊ ဆရာ နန္ဒာသိန်းဇံက မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားခြင်း ဆိုတာကိုရေးတယ်။ မိတ္တဗလ ဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်စေလိုက်တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။

လူတွေထဲမှာ လူအများနဲ့ ပေါင်းဖက် ဆက်ဆံပြီး အလုပ်လုပ်နေရတဲ့သူတွေဟာ မိတ်ဆွေဝန်းကျင်ဆိုတာကို ပိုပြီးနားလည်ထားဖို့ လိုတယ်။ အထူးသဖြင့် လူတစ်ယောက်ဟာ တစ်နေရာရာမှာ အရေးပါ အရာရောက်နေပြီ။ လူမှုအဆင့်အတန်းတစ်ခုမှာ အသိအမှတ်ပြုခံနေရပြီ။ လူတော်တော်များများ သတ်မှတ်ထားတဲ့ အောင်မြင်မှု ဆိုတဲ့နေရာကို ရောက်နေပြီ၊ လူတော်တော်များများ စောင့်ကြည့်နေရတဲ့ မြင်ကွင်းထက်မှာ ရောက်နေပြီ ဆိုရင် ဒီလူဟာ သူ့နဘေးက လူတွေကို ပိုပြီး ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုလာပြီ။

လူတွေဟာ …. သူတို့ထက် ချမ်းသာရင်၊ အောင်မြင်ရင် ၊ ကျော်ကြားရင် မနာလို မရှုဆိတ်ဖြစ်တတ်ကြတယ်။ ဝန်တိုစိတ်၊ မစ္ဆရိယစိတ်ဖြစ်ကြတယ်။ ရှေ့မှာ ပြုံးပြပြီး နောက်ကွယ်မှာ ကဲ့ရဲ့တင်းဆိုတတ်ကြတယ်။ လူရှေ့သူရှေ့မှာ ပျားသကာ လို ချိုနေပေမယ့် နောက်ကွယ်မှာ နောက်ကျောကို ဓားနဲ့ ထိုးချင်ကြတယ်။ သူတို့ မနာလို မရှုဆိတ်ဖြစ်နေတဲ့သူ အောင်မြင်တာထက် စင်ပေါ်ကနေ ဂျွမ်းထိုးကျတာကို မြင်ချင်ကြတယ်။ သာနေ တဲ့အချိန်မှာ နားပြီး ဒုက္ခရောက်တဲ့အခါ စွန့်ခွာ ပြေးတတ်ကြတယ်။ ဘယ်လို စိတ်ဓာတ်မျိုးရှိတဲ့လူတွေ ကိုယ့်နဘေးမှာ ရှိနေသလဲဆိုတာ သတိထားကြည့်ဖို့ လိုပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ စိန်ကောင်း ကျောက်ကောင်းလိုပဲ အတွေ့ရခက်ပါတယ်။ ရှားပါးပါတယ်။ ကိုယ်ကိုယ်တိုင်က မိတ်ကောင်းဆွေကောင်း ဖြစ် တဲ့ ဓာတ်ခံ အားနည်းရင်လည်း ကိုယ်နဲ့ ပိန်မသာ လိမ်မသာ လူတွေပဲ ကိုယ့်အနားမှာ ရှိနေနိုင်ပါတယ်။

• ဘယ်လို မိတ်ဆွေတွေကို စွန့်ပစ်သင့်သလဲ။
• ဘယ်လို မိတ်ဆွေတွေကို အလေးအမြတ် ပြုသင့်သလဲ။
• ဘယ်လို မိတ်ဆွေတွေကို မေးထူးခေါ်ပြောပဲ လုပ်သင့်တယ်…. ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။
• တချို့ကို ပေလျာလကန် ပြုလိုက်တော့။
• တချို့ကို လျစ်လျှူရှုလိုက်တော့။
• တချို့ကို စွန့်ပစ်လိုက်တော့။
• တချို့ကို ဥပေက္ခာပြုလိုက်တော့။
• တချို့ကို ခေါင်းထဲက ထုတ်ပစ်လိုက်တော့။
• တချို့ကို ယောင်လို့တောင် မတွေးနဲ့တော့။
• တချို့ကို သေချာဂရုစိုက်ပြီး ရှောင်ပေတော့။
• တချို့ကို မိတ်ဆွေ စာရင်းထဲကနေ ကလှော်ထုတ်ပစ်လိုက်တော့။ ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်ပစ်လိုက်ပါတော့။

ဓာတ်မတူရင် မပေါင်းနဲ့တော့။
ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ဓာတ်ကို ကိုယ်ကောင်းအောင် အမြဲတမ်း လေ့ကျင့်တည်ဆောက်နေပါတော့။

မင်းသေ့
ညနေ ၆ း ၄၄
၁၇ ၊ ဒီဇင်ဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post ဤသုံးချက်
Next post ဗုဒ္ဓဒဿန