လူတစ်ယောက်ဟာ ဒဿနိကဘာသာရပ်ကို လေ့လာသင်ယူသင့်တယ်လို့ ကျနော်ထင်တယ်။ စနစ်တကျ လေ့လာသင်ယူမှု မလုပ်နိုင်ဘူး ဆိုရင်တောင်၊ ဒဿနိကနယ်ပယ်ကို စိတ်ဝင်စားသင့်တယ်။ ဒဿနိကလို့ ပြောရင် စာဆန်ဆန်ဖြစ်နေလိမ့်မယ်။ အတွေးအမြင် ဒါမှမဟုတ် အတွေးအခေါ်လို့ ပြောရင် လူပိုနားလည်လိမ့် မယ်။ ဆောင်းပါးတွေထဲမှာလည်း အတွေးအမြင်ဆောင်းပါး ဆိုတဲ့အမျိုးအစားရှိတယ်။ စာပေထဲမှာလည်း ဒဿနစာပေ အခန်းကဏ္ဍဟာ ကြီးကြီးမားမား ရှိနေတယ်။ ပညာရပ်ဆိုင်ရာနယ်ပယ်မှာလည်း ဒဿနိကဗေဒ ဆိုတာ ကြီးကျယ်နက်နဲတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ဘဝဒဿနဆိုတာကို ကောင်းကောင်းလေ့လာစူးစမ်းဖို့ လိုတယ်။ လူတစ်ယောက်ဟာ သူ့ရဲ့ ဘဝနေနည်းဆိုတာ ဘာလဲလို့ ရှာဖွေ တွေ့ရှိဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် ဘဝနေနည်း နားမလည်ဘဲ ဖြတ်သန်းရတဲ့ ဘဝဟာ စိတ်ကျေနပ်မှုကောင်းကောင်း မရနိုင်ဘူး။ ဘဝနေနည်းဟာ ဘာလဲလို့ မေးရင်၊ ဘဝ ဒဿနဆိုတာ ဘာလဲလို့ ထပ်မေးဖို့ လိုအုံးမယ်။ ခင်ဗျားရဲ့ ဘဝဒဿနက ဘာလဲ…..

ဘဝနေနည်းကို သိခြင်းနဲ့ စိတ်ထားနည်းကို နားလည်ခြင်းဟာ ဘဝရဲ့ တန်ဖိုးကို မြှင့်ပေးနိုင်ပါတယ်။ ဒါကို ဒဿနစာပေက လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒဿနစာပေရဲ့ အကျိုးကျေးဇူးဟာ ကြီးကြီးမားမား ရှိနေတယ်။ အနုပညာနယ် ၊ နိုင်ငံရေးနယ်၊ စီးပွားရေးနယ် ၊ စိတ်ပညာနယ် ၊ လူမှုဗေဒ နယ်ပယ်တွေမှာ ဒဿနဟာ ကျောက်ချထားနိုင်တယ်။ ဒဿနဗေဒဟာ လူသားဘဝကို ပိုပြီးကောင်းမွန်တဲ့ ဘဝအဆင့်အတန်းရောက် အောင် အလင်းပြပေးနိုင်တယ်။

ကျနော် အနောက်တိုင်း ဒဿနနယ်ပယ်ကို အစဆွဲမိသလောက် လေ့လာဖူးတယ်။ အရှေ့တိုင်းဒဿနနယ်ကို မှန်းစမ်းကြည့်ဖူးတယ်။ ကျနော် စိတ်လိုလက်ရ အာရုံကျနေမိတာကတော့ ဗုဒ္ဓဒဿနပါပဲ။ တကယ်တော့ အနောက်တိုင်းဒဿနဆိုတာ တွေးတွေးပြီး ရေးတဲ့ ဒဿနဖြစ်ပါတယ်။ ဗုဒ္ဓဒဿနကတော့ တွေးပြီး ဖြစ်လာတဲ့ ဒဿန မဟုတ်ဘူး။ ဗုဒ္ဓဟာ သူကိုယ်တိုင် ရှာဖွေတယ်။ ရှာဖွေပြီး ကျင့်ကြည့်တယ်။ ကျင့်ပြီးတော့မှ ပယ်သင့် တာကို ပယ်ပြီး ယူသင့်တာကို ယူပြီး ဆင်ခြင်သုံးသပ်တယ်။ ဆိုလိုတာက ဗုဒ္ဓဟာ သူရှာဖွေထားတဲ့ ဓမ္မကို သူကိုယ်တိုင် ကျင့်ပြီး သိပြီး ပယ်ပြီးမှ ဖြစ်လာတယ်။ ဒီလိုနဲ့ ဗုဒ္ဓဒဿနတွေ ဆိုတာဖြစ်လာတယ်။ တကယ်တော့ ဒဿနလို့တောင် ပြောဖို့ မသင့်ပါဘူး။ အကြောင်းကတော့ ဗုဒ္ဓဟာ သူကိုယ်တိုင် ကျင့်မကြည့် ရသေးဘဲနဲ့ ပို့ချသင်ကြားခဲ့တာ မဟုတ်ဘူး။ သူကိုယ်တိုင် သိပြီး ပယ်ပြီး မှ အများတကာအတွက် ပို့ချသင်ကြား ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဒဿနဟာ ကိလေသာကို ပယ်ပြီးသား ဒဿနဖြစ်ပါတယ်။ အနောက်တိုင်း ဒဿနက တော့ ကိလေသာတွေ တစ်ထွေးကြီးနဲ့ ဒဿနဖြစ်ပါတယ်။ ဒီလို ကွာဟချက်ရှိတယ်လို့ ကျနော် ထင်ပါတယ်။

ကျနော် တက္ကသိုလ်ကျောင်းသား ဘဝက အဘိဓမ္မာကို စာပေနည်းအားဖြင့် အနည်းငယ်လေ့လာခဲ့ဖူးတယ်။ “အဘိ” ဆိုတာ မြင့်မားတယ်ဆိုတဲ့ အနက်သဘော။ “ဓမ္မ” ဆိုတာ အတွေးအခေါ် ဆိုတဲ့ အနက်သဘော။ ဒဿနဆိုတဲ့ အနက်သဘော။ “အဘိဓမ္မာ” ဆိုတာကို ကောက်လိုက်ရင် မြင့်မားတဲ့အတွေးအခေါ်၊ မြင့်မားတဲ့ ဒဿန ဆိုတဲ့ အဓိပ္ပာယ်ပေါက်တယ် မဟုတ်လား။

ပိဋကတ်မှာ ခွဲခြမ်းစိတ်ဖြာလိုက်ရင် ၊ အစု သုံးစု ရှိတယ်။ သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ။
ပြီးတော့ သုတ် (၃) ကျမ်း ၊ ဝိနည်း (၅) ကျမ်း ၊ အဘိဓမ္မာ (၇) ကျမ်း ဆိုပြီး ရှိတယ် မဟုတ်လား။ အဘိဓမ္မာ (၇) ကျမ်းမှာ နောက်ဆုံး ကျမ်းက ပဌာန်းကျမ်း ဖြစ်ပါတယ်။ ပဌာန်းအကြောင်းကို ဟောကြားထားတဲ့ ဆရာတော် တွေ တော်တော်များများ ရှိတယ်။ ကျနော် ကောင်းကောင်းနာယူဖူးတာကတော့ ၊ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသရဲ့ ပဌာန်းတရားတော်ရယ်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒာမာလ ရဲ့ ပဌာန်းတရား ရယ်၊ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ ပဌာန်းတရားတော်တွေကို ကောင်းကောင်း နာယူဖူးတယ်။ ရှင်ဇနက ရေးတဲ့ ပဌာန်းတရားတော်ကို စာအုပ်ပြန်လုပ်ထားတာလည်း ဖတ်ရတယ်။ ဒီစာအုပ်ကို ကျနော် စာအုပ်အညွှန်း ရေးဖူးတယ်။ ကျနော် ရေးထားတဲ့ စာအုပ်အညွှန်းရဲ့ နာမည်က “သီအိုရီ ၂၄” တဲ့။

ကျနော်က ဗုဒ္ဓအဘိဓမ္မာမှာပါတဲ့ ပဌာန်းတရားကို ကိုးကွယ်ရာဓမ္မတွေလို့ မမြင်ဘူး။ သီအိုရီတွေ၊ သဘောတရား တွေလို့ မြင်တယ်။ သဘာဝထဲမှာ ရှိနေတဲ့ သဘောတရားတွေ၊ သဘာဝဖြစ်စဉ်တွေကို နက်နဲတဲ့ အတွေးအခေါ် တွေနဲ့ ဟောပြောပို့ချထားတဲ့ သင်ကြားချက်တွေလို့ မြင်ထားတယ်။ မှတ်ယူထားတယ်။ ဗုဒ္ဓဒဿနဟာ နှိုက်ထုတ် လို့ မကုန်နိုင်အောင် များပြားတယ်။ နက်နဲတယ်။ အခံပါရမီ အထုံများပြားရင် သိလွယ်တယ်။ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။ ဆရာကောင်းရဲ့ သွန်သင်ချက်ကို ခံရရင် ပိုပြီး နားလည်သဘောပေါက် လွယ်တယ်။ ဗုဒ္ဓဒဿနလို့ ပြောရင် အဘိဓမ္မာကို ပြေးမြင်မိတယ်။ အဘိဓမ္မာလို့ ပြောရင်လည်း အဘိဓမ္မာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ပဌာန်းကျမ်းရဲ့ နက်နဲမှုကို သတိပြုဆင်ခြင်မိတယ်။

ပဌာန်းဆိုတာ ရွတ်စရာ မဟုတ်ဘဲ ၊ ပိုမိုသိနားလည်အောင် သဘောပေါက်ထားရမယ့် သီအိုရီတွေလို့ ကျနော် မြင်မိတယ်။ တကယ်တော့ ပဌာန်းထဲမှာ သီအိုရီက ၂၄ ခု မကပါဘူး။ သီအိုရီတွေ အများကြီးပါပါတယ်။ ကျနော်ကတော့ ဗုဒ္ဓဓမ္မတွေကို ရွတ်ဖတ်သရဇ္ဇာယ်ရမယ့် အရာတွေလို့ မမြင်ပါဘူး။ သိနားလည်အောင် လုပ်ရမယ့်အရာ။ ကျင့်သုံးရမယ့် သဘောတရား။ လေ့လာဆည်းပူးသင့်တဲ့ အတွေးအခေါ်တွေလို့ ယူမှတ်ပါ တယ်။ ကျနော်ကိုယ်တိုင် ဗုဒ္ဓကို “ဘုရား” လို့ မမြင်မိဘဲ ၊ “မဟာလူသား” လို့ မြင်ပါတယ်။ ထိုနည်းလည်း ကောင်းပဲ ဗုဒ္ဓဓမ္မတွေကို ကိုးကွယ်ရာဆိုပြီး သဒ္ဓါတရား ဦးထိပ်ထားပြီး မလေ့လာ မဆည်းပူးဘဲ ကိုးကွယ်နေခြင်းထက် တက္ကသိုလ်က ပညာရပ်တစ်ခုလို သဘောထားပြီး ဗုဒ္ဓဓမ္မတွေကို ဘာသာရပ်တစ်ခုလို၊ ပညာရပ်တစ်ခုလို နှိုက်နှိုက်ချွတ်ချွတ် လေ့လာရတာကို သဘောကျပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ရှေ့ ကျနော် ရောက်ရင်တောင် ၊ ကျနော်ဟာ “ဘုရားကို ရှိခိုးတယ်” လို့ မမှတ်ယူပါဘူး။ ကျနော် လေးစားကြည်ညိုတဲ့ “မဟာလူသား” ကို အလေးအမြတ်ပြု ဦးညွှတ်တယ် လို့ပဲ ကျနော် မှတ်ယူပါတယ်။ ဒါဟာ ကျနော့်ရဲ့ ဘာသာရေးဒဿနတစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

မင်းသေ့
ည ၁၀ း ၀၈
၂၂ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။
မြိတ်မြို့ ။

Previous post ယုတ်သောသူနှင့် မပေါင်းအပ်ရာ
Next post အနီရောင် ကြက်ခြေခတ်