“ကိုယ် မင်းနဲ့ ဝေးနေစဉ် အချိန်တွေမှာ သီချင်းတွေ နားထောင်ဖြစ်တယ် နွယ်”
“သဘာဝကို ရေးဖွဲ့ထားတဲ့ ခင်မောင်တိုးနဲ့ စိုင်းထီးဆိုင်သီချင်းတွေက ပိုများပါတယ်”
“နင့်နင့်နဲနဲ ဖြစ်တဲ့ အင်္ဂလိပ်သီချင်းတချို့လည်း နားထောင်ဖြစ်တယ်”
“မင်းလိုတော့ အင်္ဂလိပ်သီချင်းတွေကို သိနားလည် နှံ့စပ်လို့ မဟုတ်ပါဘူး”
“သီချင်းတွေနားထောင်ရင် ငါ့မှာ ဦးနှောက် မရှိတော့ဘူး”
“နှလုံးသားပဲ ရှိတော့တယ်”
“ဂီတမှာ ဘာသာစကား မရှိဘူး…. လူမျိုး မရှိဘူး… နယ်ခြားမျဉ်းမရှိဘူး…. ဘာသာရေးမရှိဘူး… အသွေးအရောင်မရှိဘူး…. ဆင်းရဲချမ်းသာ မရှိဘူး မဟုတ်လား”

ကျနော် နွယ်နှင့်နီးကပ်ခဲ့သောကြောင့် ဂီတကို ဂီတလို မြင်တတ်ခဲ့ပါသည်။ အနုပညာကို အနုပညာသက်သက် ခြား၍ ကြည့်နိုင်ခဲ့ပါသည်။ ဂီတ အနုပညာကို အသုံးချလက်နက်တစ်ခုလို သုံးနှုန်းခြင်းကို ကျနော် မလိုလား တော့ပါ။ ကျနော့် အယူအဆတချို့ ပြောင်းခဲ့သည်။ ဤအချက်သည်ပင် နွယ်နှင့် ကျနော် နီးစပ်ခဲ့ခြင်း၏ အကျိုး ရလဒ်များထဲက တစ်ခုဖြစ်မည်ထင်ပါသည်။

နွယ်မေးသော မေးခွန်းများကို ကျနော် စိတ်ပါလက်ပါ ဖြေသည်။ နွယ်က မျက်လုံးလေး အဝိုင်းသားနှင့် ကျနော့် ကို စူးစိုက်စွာကြည့်နေသည်။ ကျနော်က တစ်နေရာရာကို ငေးလျက် တွေးဆဆ ပြောသည်။ တခါတရံ ကျနော်က အဝေးကို ကြည့်လျက်… နွယ်က ကျနော့်ကို ကြည့်ငေးလျက်…..

ချစ်ခြင်းသည် ကျနော်နှင့် နွယ့်အကြားမှာ ဖြစ်တည်ခဲ့ပါသည်။ ကာလရှည်ကြာစွာ ဖြစ်တည်ခဲ့ပါသည်။ နှစ်ဦးသား ကန်ရေပြင်ကို ကြည့်ငေးရင်း အချစ်တို့ ပေါက်ဖွားခဲ့သလို၊ မန္တလေးရဲ့ ကျုံးရေပြင်ကို ကြည့်ရင်းလည်း ချစ်ဗီဇများ တိုးလာခဲ့သည်။ ရှမ်းရိုးမ တောင်တန်းကြီးကို ကြည့်ရင်း ကျနော်က ရှေးဟောင်းနှောင်းဖြစ်များ ပြော ခဲ့ဖူးသည်။ ပထမ မြန်မာများ အဘယ့်ကြောင့် ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ကို ခြေကုတ်ယူ၍ မြို့ရွာများ ပျံ့နှံ့တည်ရှိ စေခဲ့ပါသနည်း….။ ဤအမေးကို သမိုင်းကျမ်းများမှ ထုတ်နုတ်၍ ကျနော်ဖတ်ထားသည်ကို နွယ့်ရှေ့မှာ ခပ်ကြွား ကြွား ထုတ်ပြောဖူးသည်။ နွယ်က သမိုင်းကို စိတ်မဝင်စားပေမယ့် စိတ်ဝင်စားစွာ နားထောင်ပါသည်။ နွယ်က သမိုင်းကို စိတ်မဝင်စားပေမယ့် ကျနော့်ကို စိတ်ဝင်စားသည် ထင်သည်။ ကျနော်ကလည်း ရောက်တတ်ရာရာ ဖတ်မှတ်ထားသည်များကို နွယ့်ရှေ့မှာ ရှင်းပြခွဲစိတ်ပြရတာကို နှစ်သက်နေတတ်သည်။ ဤအချက်သည် ကျနော် နောက်များကျမှ သတိထားမိရင်း ကိုယ့်ကိုယ်ကို ပြန်မြင်မိခဲ့ခြင်းဖြစ်သည်။

နောက်များကျမှ အသိနောက်ကျခဲ့ခြင်း တစ်ခုရှိခဲ့ပါသည်။ ဤအချက်သည် သာမန်ပေမယ့် ကျနော့်အတွက် ကြီးကျယ်ပါသည်။ နွယ်က ကျနော့်ကို တကယ်ချစ်တာ မဟုတ်ပါ။ နွယ်က ကျနော့်ကို စိတ်ဝင်စားခြင်းသာဖြစ် ပါသည်။ ကျနော်လို ဂွတီးဂွကျကျ လူတစ်ယောက်ကို သာမန်ထက် ပိုစိတ်ဝင်စားမိရင်း ကျနော်နှင့် နွယ့်အကြား တိုးလို့ ငြိစွန်းမိကြခြင်းဖြစ်သည်။ ဤအချက်ကို သိစိတ်က တချက်တချက် ပေါ်၍ သတိထားမိသည့်တိုင်၊ ကျနော် တိုးဝင်ခဲ့ပါသည်။ နွယ်လည်း ဤသို့ဖြစ်မည် ထင်ပါသည်။ နောက်များကျမှ ဝေးကွာသည့် ကာလများမှာ နွယ်နှင့် ပတ်သက်သည်များကို တစ်ချက်ချင်း ဆင်ခြင်ကြည့်ရင်း အဖြေများ တစ်ခုချင်းစီ တန်းစီထွက်လာသည်။ ဆန်းကြယ်ပေစွ….

နွယ် နှင့် ပတ်သက်ခဲ့စဉ်က နွယ်ရော ကျနော်ရော အသိဉာဏ်တရားများကို နောက်ဆုံးမှာ အသာအယာထားခဲ့ မိကြသတဲ့လား…..

ကျနော် ရန်ကုန်ကို ရောက်တာ (၆) လကျော်ပြီ။ ရည်ရွယ်ချက် (၆) ခုကြောင့် မန္တလေးမှ ရန်ကုန်သို့ ကျနော် ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤရည်ရွယ်ချက် (၆) ချက်ထဲ၌ နွယ်နှင့် ဝေးကွာစေရန် ဟူသော ရည်ရွယ်ချက် မပါပါ။ သို့သော် နွယ်နှင့် ကျနော် အနေဝေးခဲ့ပါသည်။ နွယ်က မန္တလေးမှာ ကျန်ခဲ့သည်။ ကျနော် က ရန်ကုန်ကို အလုပ်ကိစ္စ၊ စာအုပ်ကိစ္စ၊ ကျနော့် စာတမ်းကိစ္စ၊ ဝင်ငွေကိစ္စဖြင့် လာဖို့ ရည်ရွယ်ခဲ့သည်။ တစ်ဖက် မှာလည်း ရန်ကုန်မှာ ကျနော်သင်ယူချင်သော အဝန်းအဝိုင်းထဲသို့ တိုးဝင်ချင်သည်။ ဤကား ဝန်းကျင်ကိစ္စ။ နောက်တစ်ချက်ကတော့ ကျနော့် ပညာရေးကိစ္စဖြစ်သည်။ ကျနော် ၂၀၂၀ ရွေးကောက်ပွဲပြီးလျှင် ပြည်ပသို့ ကျောင်းသွားတက်ချင်သည်။ ကျနော့် ပညာရေးကို ကျနော် တစ်ဆင့်မြှင့်မှဖြစ်မည်။ ကျနော်ကိုယ်တိုင် အသက် (၃၀) ကျော်လာတော့မည်။ ကျနော့်အနာဂတ် အစီအမံထဲ၌ နွယ်က သူနှင့် အစီအစဉ်ကို ထည့်မဆွဲထားသည် ကို ဂရုပြုမိသည်။

“မောင် … ကိုယ်တို့ အနာဂတ်ကရော…..”
“မောင့်အနာဂတ်မှာ ကိုယ်မပါဘူးလား….”
“မောင် အခုပြောနေတဲ့ စာပေကိစ္စ… ပညာရေးကိစ္စ နဲ့ နိုင်ငံရေးကိစ္စတွေမှာ ကိုယ့်အကြောင်း မပါသေး နော်….”

နွယ့် အမေးက ကျနော့်ကို နာကျင်စေရပါသည်။ မရှက်တမ်းဝန်ခံရလျှင် ကျနော့်အနာဂတ်မှာ နွယ်ကို ထည့်ပြီး မပေါင်းထည့်ဖြစ်ခဲ့ပါ။ ဒါကလည်း နွယ့်ကို မချစ်လို့ မဟုတ်ပါ။ နွယ်နှင့် ကျနော် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးတာကို ကျနော် ယုံကြည်ထားလို့ဖြစ်ပါသည်။ ကျနော်တို့ နောက်ဆုံးမှာ ပေါင်းဖက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ထားပါသည်။ ထို့ကြောင့် ကျနော် တကူးတက ထည့်မဆွဲထားလိုက်ခြင်းဖြစ်မည်။ သို့သော် ဒါကို နွယ်က သဘောမကျ။ ကျနော့်အနာဂတ်မှာ နွယ် မပါဘူးဆိုတာ သူ သံသယထားခဲ့သည်။ ဤသံသယသည်ပင် ကျနော်တို့နှစ်ဦး ကွဲကွာဖို့ နောက်ထပ် အကြောင်းတရားတစ်ခု ထပ်ဖြစ်လာခဲ့သည်။ နွယ်က သူ့၏စိတ်မလုံခြုံမှု အကြောင်း ကျနော့်ကို ခဏခဏ ပြောသည်။ ကျနော်က နွယ် သည်လိုဖြစ်တာကို စိတ်မကောင်းပါ။ ကျနော် တာဝန်မကျေဟု ထင်မိသည်။ နွယ့်အပေါ် အပြစ်တစ်ခုခု လုပ်မိသည်ဟုလည်း ထင်မိနေသည်။

ကျနော်ယုံကြည်ထားခဲ့တာ ရှိပါသည်။ ကျနော်နွယ်နှင့် ပေါင်းဖက်ခွင့်ရလိမ့်မည်။ ကျနော်နွယ်နှင့် တကယ်လက် ထပ်ဖြစ်လိမ့်မည်။ နွယ် လိုချင်သော အချိန်နှင့် လက်တွေ့က အချိန်ကာလအားဖြင့် အနည်းငယ်မျှ နောက်ဆုတ် သွားခြင်းကလွဲလို့ အပြောင်းအလဲ မရှိဟု ကျနော် ထင်သည်။ သို့သော် ဒါက ကျနော့်အထင်သာ ဖြစ်ပါသည်။ လက်တွေ့ မဟုတ်ပါ။ တကယ်တမ်း၌ လက်တွေ့လည်းဖြစ်မလာခဲ့ပါ။ ဘယ်နေရာမှာ ဘယ်လို ချိုးကွေ့သွားသည်ဆိုတာတောင် ကျနော် သတိမထားမိခဲ့ပါ။ နွယ့်အပေါ်မှာပင် အာရုံကျနေလို့ ဖြစ်ပါလိမ့်မည်။ နွယ်ကမူ ကျနော့်အပေါ် အာရုံမကျတော့….။ ကျနော်နှင့်ပတ်သက်လျှင် နွယ်စိတ်ပျက်စရာတွေ များလာခဲ့ သည်။
ကျနော့်၏ အတ္တကြီးမှု။

ကျနော့်၏ တယူသန်ဆန်မှု။
ကျနော့်၏ မငဲ့ညှာမှု။
ကျနော့်၏ အပြောအဆို မတတ်မှုများကြောင့်ဖြစ်ပါလိမ့်မည်။

ကျနော်သည် နွယ်နှင့်ပတ်သက်လျှင် ယောက်ျားဗီဇများ အရှိန်အဟုန်နှင့် ပြသတတ်သည်။ ကျနော့်ကို နွယ် ချစ်လာတယ်လို့ ခံစားမိလေလေ ကျနော် ပိုဝင့်ကြွားလာမိလေလေဖြစ်ခဲ့သည်။ ကျနော့်ဝင့်ကြွားမှုသည် နွယ် ကျနော့်အပေါ်ထားသော စိတ်ခံစားချက်နှင့် တိုက်ရိုက်အချိုးကျခဲ့သည်။ နွယ်ပိုချစ်လာသည်ဟု ထင်ရလေလေ ကျနော် ပို၍ ဝင့်ကြွားမိလေလေဖြစ်သည်။ ကျနော့်အတ္တဗီဇများသည် နွယ်နှင့်ကျမှ သတ္တိပိုပြနေသလား မပြော တတ်။

နွယ်သည် ကျနော်နှင့်တွေ့လျှင် အလုပ်အကြောင်းများထက် ကျနော်တို့နှစ်ယောက်အကြောင်း ပိုပြောစေချင် သည်။ ကျနော်က အဲသည့်ဘက်ကို မလှည့်။ ကျနော် ပြောချင်သည်များ စွတ်ရွတ်ပြောနေတတ်သည်။ နွယ်က သူ့ပညာရေးကိုတန်ဖိုးထားပါသည်။ သို့သော် ကျနော်တို့ နှစ်ယောက်၏ အနာဂတ်ကို သူ့ပညာရေး၏ ရှေ့မှာ တင်ထားတတ်သည်။ ကျနော်ကတော့ ပြောင်းပြန်။ နွယ်နှင့် ကျနော် ချစ်မြတ်နိုးတာ သေချာသည်ဟု ကိုယ့်ဘာ သာ သတ်မှတ် လိုက်ပြီးသည့်နောက် ကျနော်တို့နှစ်ယောက်အနာဂတ်က ကျနော့်ဦးစားပေးများ၏ တတိယနေ ရာမှာ ရောက်နေတော့သည်။ ဤအချက်ကို သိတိုင်း နွယ်က မကျေမနပ်ဖြစ်တတ်သည်။ ယောက်ျားတစ် ယောက်နှင့် မိန်းမတစ်ယောက်၏ ဗီဇဓာတ်များ ကွာဟခြင်းလား…..

ကျနော် စာရေးတာကို နွယ်က သဘောကျသည်။ နွယ်ကိုယ်တိုင်က စာရေးတတ်ပေမယ့် နွယ်က မရေးဖြစ်။ စာရေးသူကို ပိုင်ထားရပြီပဲ ဘာရေးစရာလိုသလဲ… လို့ မကြာမကြာ အငေါ်တူးတတ်သေးသည်။ ရှေးဟောင်း နှောင်းဖြစ်များ ပြောကြရင်း မောင် အဲဒါ ဝတ္ထုရေးသင့်တယ်…. လို့ မကြာမကြာ ပြောတတ်သည်။ ကျနော်က လည်း ကိုယ်ရေးဖြစ်မယ် ထင်ပါတယ်…. လို့ ပြန်ပြန်ပြောမိတတ်သည်။ ကျနော့် ရည်မှန်းချက်၌ ဂန္တဝင်ဝတ္ထု တစ်အုပ် ရေးသားနိုင်ရမည်ဟု ကျနော် တေးမှတ်ထားသည်။ ကျနော်အသက်ကြီးလို့ အတွေ့အကြုံရင့်ကျက် သည့်အခါ ရေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ နွယ်ကမူ သူ့အကြောင်းတွေ ထည့်မရေးနဲ့နော်… လို့ ပြော သည်။ ကျနော်က ရယ်ကျဲကျဲ လုပ်နေတတ်သည်။ နွယ်က မယုံ။

“မောင်… ကိုယ့်ကို ကတိပေး…”
“ဘယ်လို အကြောင်းကြောင်းနဲ့မှ ကိုယ့်အကြောင်းကို စာတွေထဲ ထည့်မရေးဘူးလို့ မောင် ကိုယ့်ကို ကတိပေးရမယ်….”
“ဟာ… ဘာဆိုင်လို့လဲ”
“ရေးချင်ရင် ရေးမှာပေါ့… မရေးချင်ရင် မရေးဘူးပေါ့…”
“ဘာလို့ စာပေလွတ်လပ်ခွင့်ကို လာတားနေရတာလဲ….”
“နွယ်ပေးထားတဲ့ ဝင်းငြိမ်း နဲ့ စာရေးဆရာများ အင်တာဗျူးထဲမှာ ဂျူး ပြောတာ နွယ်သိတယ် မဟုတ် လား…”
“ဂျူးကပြောတယ်…. ကျမကို ပရိတ်သတ်က စည်းတားပေးရင်လည်း သူလွတ်လပ်စွာ ဖောက်ထွက်မိဖို့ ကြိုးစားမှာပဲ… လို့ ပြောခဲ့တယ် မဟုတ်လား”
“ကိုယ့် ကလောင်ကို မင်း မတားသင့်ဘူးလေ…. နွယ်”
“မင်းဟာ စာရေးဆရာရဲ့ ဇနီးမယားဖြစ်ဖို့ ရင့်ကျက်နေရမယ် မဟုတ်လား”
“ကိုယ်က မရင့်ကျက်လို့လား….”
“မဟုတ်ဘူး နွယ်… မဟုတ်ဘူး… လုံးဝ မဟုတ်ဘူး….”
“မင်းဟာ ရင့်ကျက်ပါတယ်…. ကိုယ်တွေ့ဖူးတဲ့ အမျိုးသမီးတွေထဲမှာ မင်းဟာ ထက်မြက်ပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ပဲ…..”
“ဒါပေမယ့်…. ကိုယ်စာရေးဆရာဖြစ်လာချိန်မှာ ကိုယ့်စာတွေအပေါ် မင်းရဲ့ ရှုမြင်ချက်က သူများတကာ ထက် ပိုရမယ်လို့ ကိုယ်ထင်တယ်….”
“မရင့်ကျက်ဘူးကွာ… မရင့်ကျက်ဘူး…. ဘာဖြစ်လဲ…”

နွယ်က စိတ်ပေါက်ပေါက်နှင့် ကျနော့်ကို ဘုတောတော့သည်။ နွယ်စိတ်ကောက်သွားတာဖြစ်မည်။ ကျနော်က ပြန်၍ မျက်နှာချိုသွားရသည်။ သို့သော် မမှီတော့….။ နွယ်က အချစ်နှင့်ပတ်သက်လျှင် စိတ်ဆတ်သည်လား မပြောတတ်…. ။ မိန်းမများ၏ အချစ်သည် ဆန်းကြယ်ပေစွ…. လို့ ဝတ္ထုတစ်ပုဒ်ရေးဖို့ ကောင်းမည်။

အနာဂတ်သည် နွယ့်ထံမှ လာမည်လား။ သို့တည်းမဟုတ် …. ကျနော့်ထံက လာမည်လား။ အကြောင်းအချက် များကမူ အတိတ်ဆီမှ လာပါသည်။ ထို့ကြောင့်ပင် ကျနော် စာတွေ ရေးနေဖြစ်သည်။ အကြောင်းအရာတိုင်းကို အထာ မကောက်ဖို့ ကျနော် နွယ့်ကို သတိပေးခဲ့ဖူးသည်။ နွယ် လက်မခံပါ။ ကျနော့်၏ လွတ်လပ်စွာ ရေးသား ခွင့် ရှိသည်ဟု ယူဆထားလျှင် နွယ့်ဆီမှာလည်း လွတ်လပ်စွာ ခံစားထင်မြင်ခွင့် ရှိသည်ဟု နွယ်က ပြောသည်။ ကျနော် ဘယ်သို့သော အကြောင်းအချက်နှင့် ညှိနှိုင်းရပါမည်နည်း…..။ မဖြေတတ်။ အဖြေသည် နတ္ထိ မရှိ။

မင်းသေ့
ည ၁၁ း ၄၉
၂၀ ၊ နိုဝင်ဘာ ၂၀၁၉။
ရန်ကုန်မြို့။

Previous post အခန်း (၁) ဖွင့်ဟသီကုံးမှု
Next post ငါ့မေးခွန်း