ကိုယ့်အကြောင်း
ကိုယ်ပြန်သိဖို့
မေးခွန်း (၆) ခု မေးလိုက်တယ်။

• စာပေအပေါ်မှာ ငါ ရိုးသားရဲ့လား။
• စာရေးခြင်းအလုပ်မှာ ငါ တစိုက်မတ်မတ် အားထုတ်ရဲ့လား။
• စာဖတ်ခြင်းနဲ့ ဝမ်းစာအမြဲတမ်း ဖြည့်နေလား။
• လူ့လောကကြီးမှာ မျက်စိကိုဖွင့် နားကိုစွင့်ပြီး မပြတ်စူးစမ်းနေသလား။
• စာပေ ဖြန့်ချိချန်ရစ်ထားမှုမှာ အတ္တပါးရဲ့လား။
• လွတ်လပ်တဲ့စိတ်နဲ့ ငါစာရေးရဲ့လား…။

စာနဲ့ပတ်သက်ရင် ကျနော့်ကို ကျနော် မေးခွန်းတွေ တစ်ခုမက မေးဖြစ်တယ်။ ဒီမေးခွန်းတိုင်းကို တချို့ကို ဖြေနိုင်ပြီး တချို့ကို ကျနော် မဖြေနိုင်သေးဘူး။ တချို့ကို တစ်ပိုင်းတစသာ ဖြေနိုင်သေးတယ်။ ကျနော့်ကို ကျနော် ဆန်းစစ်တဲ့နေရာမှာ ကျနော် မေးခွန်းတွေကို နိုင်နိုင်သုံးတယ်။ မေးခွန်းတွေက ကိုယ့်ကိုယ်ကို ပြန်သိ အောင်လုပ်ပေးနိုင်တယ်လို့ ကျနော် ထင်တယ်။ မေးခွန်းတွေကတော့ ရိုးသားဖို့ လိုတာပေါ့။

ပထမမေးခွန်း

စာပေအပေါ်မှာ ငါ ရိုးသားရဲ့လား… ဆိုတဲ့ မေးခွန်းက လွယ်သလိုလိုနဲ့ ခက်ပါတယ်။ ကျနော် အတိအကျ မဖြေနိုင်သေးပါဘူး။ ကျနော့်မှာ အမှောင်ဘက်အခြမ်းတွေ အများကြီး ရှိနေသေးတာ ကျနော်ကိုယ်တိုင်သိနေ ပါတယ်။ ဒါ့ကြောင့် စာပေအပေါ်မှာ ရိုးသားဖို့ ကျနော် ကြိုးစားနေဆဲပါလို့ပဲ ဖြေလို့ ရမယ် ထင်တယ်။

ဒုတိယမေးခွန်း

စာရေးခြင်း အလုပ်မှာ ငါ တစိုက်မတ်မတ် အားထုတ်ရဲ့လား… ဆိုတဲ့ မေးခွန်းကိုတော့ ဖြေနိုင်တယ်။ ကျနော် တစိုက်မတ်မတ် အားထုတ်ဖြစ်နေပါတယ်။ နောက်လည်း တစိုက်မတ်မတ် ဆက်လုပ်ဖို့ စွဲမြဲတဲ့စိတ်ထားပါတယ်။ တစိုက်မတ်မတ်ဆိုတာမှာလည်း ပြတ်တောင်းပြတ်တောင်း မဟုတ်ပါဘူး၊ ရံဖန်ရံခါ မဟုတ်ပါဘူး၊ တခါတလေ လည်း မဟုတ်ပါဘူး၊ အမြဲတမ်းလိုလို ရေးသားခြင်းကို လုပ်နိုင်ဖို့ အားထုတ်ပါတယ်။ စာရေးတဲ့အခါ စိတ်ပျော်နေ ရင်လည်း ခပ်များများရေးဖြစ်သလို၊ စိတ်ဆင်းရဲနေရင်လည်း ခပ်များများရေးဖြစ်ပါတယ်။

တတိယမေးခွန်း

စာဖတ်ခြင်းနဲ့ ဝမ်းစာ အမြဲတမ်း ဖြည့်နေသလား…. ဆိုတဲ့ မေးခွန်းကို ဖြေချင်တယ်။ ဝမ်းစာဖြည့်တဲ့အကြောင်း မှာ (၃) ခုရှိနေတယ်လို့ ကျနော်ထင်တယ်။ တစ်ခုက Book based learning ဖြစ်ပါတယ်။ နောက်တစ်ခုက Computer based learning ဖြစ်ပါတယ်။ နောက်တစ်ခုက Community based learning ဖြစ်ပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဘွဲ့ရပြီးစ ကာလတွေမှာ စာအုပ်အခြေခံလေ့လာမှုကို တော်တော်လုပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Computer based learning နဲ့ Community based learning ကို ပိုလုပ်ဖြစ်ပါ တယ်။ အခုနောက်ပိုင်းဆိုရင် ဒီသုံးခုစလုံးကို မျှခြေညှိပြီးလေ့လာဖို့ အမြဲတမ်း သတိထားပါတယ်။ စာဖတ်လည်း မပြတ်ရသလို၊ အင်တာနက် အွန်လိုင်းသုံးပြီး Youtube မှာလေ့လာတာ… Google မှာ လေ့လာဖြစ်တာတွေကို အမျိုးမျိုးလုပ်ဖြစ်ပါတယ်။ Youtube ကတော့ ကျနော့်အတွက် အတော်ခရီးရောက်တဲ့ ဝမ်းစာဖြည့်မှု ဖြစ်လာ တာ သတိထားမိတယ်။ Community based learning ဆိုတာကတော့ ကျနော် အမျိုးမျိုးုလုပ်ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း လေ့လာသလို၊ ခရီးတွေသွားပြီး လူအမျိုးမျိုးနဲ့ တွေ့တယ် ဆုံတယ်။ စကားပြောတယ်။ မေးမြန်းတယ် ဆွေးနွေးတယ်။ လူကိုယ်တိုင် ကြည့်ပြီး လေ့လာလို့ အဆင်ပြေရင် လေ့လာဖြစ်တယ်။ အထူး သဖြင့် မိတ်ဆွေတွေ၊ ကိုယ်လေးစား ကြည်ညိုရတဲ့ လူတွေနဲ့ စကားပြောပြီး သူတို့ဆီက အမြင်တွေ ကြားနာခွင့် ရတာကို ပိုတန်ဖိုးထားပါတယ်။ တစ်ဖက်မှာလည်း နယ်ပယ်တစ်ခုခုမှာ တစိုက်မတ်မတ် လုပ်နေပြီး လောက် လောက်လားလား ရှိနေတဲ့ မိတ်ဆွေ အသိအကျွမ်းတွေနဲ့ တရင်းတနှီးတွေ့တယ် ဆုံတယ် စကားပြောတယ်။ ဆွေးနွေးတယ်။ ငြင်းခုန်တယ်။ ဟာသတွေလည်းပြောတယ်။ အညှီအဟောက်တွေလည်း ရံဖန်ရခါ ပါတယ်။ ဒါက ကျနော် စာရေးတဲ့အလုပ်ကို အထောက်အကူပြုသလို ကျနော့်ပတ်ဝန်းကျင်ကိုလည်း ပိုကျယ်ပြောလာ တယ်။ တစ်ဖက်မှာလည်း ကျနော့်အသိဉာဏ်ဟာ စာအုပ်ထဲမှာပဲ ကျောက်ချမနေတော့ဘူး။ ပိုပြီး လက်တွေ့ ကျလာတယ်။ ကျနော့်အသိဉာဏ်နဲ့ အမြင်သဘောထားဟာ လက်တွေ့နဲ့ မကွာဟတော့ဘူး။ လက်တွေ့ဖြစ်စဉ် မှာ အံဝင်ခွင်ကျပိုဖြစ်လာတယ်။

စတုတ္ထမေးခွန်း

လူ့လောကကြီးမှာ မျက်စိကိုဖွင့် နားကိုစွင့်ပြီး မပြတ်စူးစမ်းနေသလား… ဆိုတဲ့ မေးခွန်း။ ကျနော့်မှာ သတိ တစ်ခု ရှိပါတယ်။ အမှုမဲ့ အမှတ်မဲ့ မနေဖို့ ၊ ဖာသိဖာသာ မနေဖို့ ၊ နေသာသပ လေညာက ဆိုတဲ့စိတ်ဓာတ်မျိုး မမွေးဖို့… သတိပေးနေဖြစ်ပါတယ်။ လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေရတဲ့ သတ္တဝါဖြစ်လို့ လူ့ဝန်းကျင်ကို နား လည်ရမယ်၊ လူ့သဘောကို သိတတ်ရမယ် ၊ လူ့စရိုက်ကို နားလည်ရမယ် ၊ လူ့လောကမှာ ဖြစ်ပျက်တာကို သတိထား သိမြင်ထားရမယ်လို့ ကျနော်ထင်တယ်။

ပညာရှိဆိုတာကို ဘယ်လိုသတ်မှတ်ကြသလဲ ဆိုတော့ လောက ၊ ဓမ္မ နဲ့ ရာဇရေးမှာ နှံ့စပ် တတ်သိခြင်းဆိုတာ နဲ့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ဒါ့ကြောင့် လောကအကြောင်း သိနားလည်ဖို့ လိုတယ်လို့ ထင်တယ်။ လေ့လာမှု အတွက် မျက်စိရယ် နားရယ် ဒီနှစ်ခုဟာ အတော်အသုံးဝင်တယ်။ ဒါ့ကြောင့် မျက်စိနဲ့ နားကို အမှုမဲ့အမှတ်မဲ့ မထားပါဘူး။ မျက်စိနဲ့ နားကို အသုံးပြုပြီး စူးစမ်းခြင်း လေ့လာခြင်းအလုပ်ကို လုပ်ပါတယ်။ မျက်စိနဲ့ နားနဲ့ စပ်စု တယ်ဆိုတဲ့ အဖြစ်မျိုး မရှိအောင်တော့ အတော်သတိထားရပါတယ်။

ပဉ္စမမေးခွန်း

စာပေ ဖြန့်ချိချန်ရစ်ထားမှုမှာ အတ္တပါးရဲ့လား.. ဆိုတဲ့ မေးခွန်း။ ကျနော်က သာမန်ထက် အတ္တကြီးပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းမှာ အတ္တပါးသလားဆိုတာ ပါနေတော့ မရှက်တမ်း ဝန်ခံပါ့မယ်။ ကျနော် အတ္တပိုကြီးပါတယ်။ သာမန်ထက် ပိုကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် လူ့လောကမှာ အလွယ်တကူ မကွယ်ပျောက်ချင်ဘူး။ အထူးသဖြင့် လူ့လောကကို ရဖို့ဟာ ခက်တယ်။ လူ့ဘဝဟာလည်း တိုတောင်းတယ်။ ဒါ့ကြောင့် ရခဲလှတဲ့ လူ့ ဘဝမှာ၊ တိုတောင်းတဲ့ အချိန်ကာလလေးမှာ ကျနော် တစ်ခုခု ချန်ထားခဲ့ချင်တယ်။ ကျနော် ငွေကြေးဓနဥစ္စာ လည်း မချန်ခဲ့ချင်ဘူး။ ကျနော် မျိုးဆက်တို့ သားသမီးတို့ဆိုတာကိုလည်း မချန်ထားခဲ့ချင်ဘူး။ ကျနော် ချန်ထား နိုင်တာ၊ ကျနော်ချန်ထားနိုင်တာက စာအုပ်တွေလို့ပဲ ထင်တယ်။ ကျနော် ဖတ်ချင်တဲ့စာအုပ်တွေ စုတယ်။ ကျနော်သေရင် စုပြီး စာကြည့်တိုက် တစ်ခု ထောင်ကြပေါ့။ သို့မဟုတ် နိုင်ငံတော်စာကြည့်တိုက်ကို ပို့လိုက်ပေါ့။ ပြီးတော့ ကျနော်ရေးထားတဲ့စာအုပ်တွေ။ ထုတ်ချင်တဲ့လူတွေ ဆက်ထုတ်ကြ။ မထုတ်ရင်လည်း ထုတ်ပြီး သလောက် ပြန်ဖတ်ချင်တဲ့သူတွေ ပြန်ဖတ်စေချင်တယ်။ ကျနော် ဘယ်လောက်ပဲ တန်ဖိုးကြီးတယ် ပြောပြော၊ သေရင် မီးသဂြိုလ်စက်မှာ ဒါကတော့ မင်းသေ့ရဲ့ အရိုးလေးဆိုပြီးတော့ ဘယ်သူမှ ရွေးပြီးကောက်မှာ မဟုတ်ဘူး။ သေရင် မိးသဂြိုလ်စက်ထဲကို တခြားလူသေအလောင်းထဲမှာ အားလုံးရောထည့်လိုက်မှာပဲ။ ပြီးတော့ ကိုယ့်ကို ချစ်တယ်လို့ ဆိုတဲ့သူတွေက ငိုကြမယ်။ ပြီးရင်လည်း သူတို့တွေ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်ကြမှာပဲ။ တခါတရံ တစ်နှစ်ပြည့်တို့ ဘာတို့မှာ နည်းနည်းပါးပါး သတိရကြမယ်။ ပြီးတော့ ကိုယ်က နည်းနည်း နာမည်ကြီး ပြီးမှ သေရင် လူတချို့က ဖေ့ဘုတ်မှာ ပုံလေးတွေ အမှတ်တရ နည်းနည်းပါးပါး တင်မယ်။ ပြီးရင်လည်း ပြီးသွား မှာပါပဲ။ သေရင် ဘာမှ ပါသွားမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျနော် မသေခင် စာအုပ်များများရေးသွားပြီး ထားခဲ့ ချင်တဲ့ အတ္တကတော့ ပြင်းပြင်းရှရှရှိတယ်။

ဆဌမမေးခွန်း

လွတ်လပ်တဲ့စိတ်နဲ့ ငါစာရေးရဲ့လား… ဆိုတဲ့ မေးခွန်း။ ဆရာတော် ဦးဇောတိကရဲ့ ဘဝအတွေးအခေါ် လွှမ်းမိုး မှုတွေ ကျနော့်မှာ အများကြီး ရှိတယ်။ ကျနော်ကိုယ်တိုင် ကျေကျေနပ်နပ် အလွှမ်းမိုးခံတာဖြစ်ပါတယ်။ ဆရာ တော်ရေးတဲ့ လွတ်လပ်သောစိတ်ဆိုတာကို ဖတ်ရင်း ကျနော် လွတ်လပ်မှုအကြောင်း အရင်ကထက် ပိုပြီး စဉ်းစား ဖြစ်တယ်။ လွတ်လပ်မှုဆိုတာကိုလည်း နဂိုကထက် ပိုပြီး နားလည်လာတယ်လို့ ထင်တယ်။ တော်တော် များများမှာတော့ ကျနော် မလွတ်လပ်သေးပါဘူး။ အချုပ်နှောင်ခံနေရဆဲပါ။ ကျနော်ကိုယ်တိုင် အချုပ်နှောင်ခံ ချင်နေတာလည်း ပါပါတယ်။ အထူးသဖြင့် ကျနော် မြတ်နိုးတဲ့အရာတွေရဲ့ ချုပ်နှောင်မှုကို ကျနော် လိုလိုလား လား ခံတယ်။

စာရေးရင်တော့ လွတ်လွတ်လပ်လပ် ကျနော်ရေးပါတယ်။ ဒါပေမယ့် ကျနော် စည်းလွတ်ဘောင်လွတ်မလုပ်ဘူး။ ပုဂ္ဂိုလ်ရေးအပုတ်ချတာကို ကျနော်လုံးဝ မလုပ်ဘူး။ အကျိုးလိုလားတဲ့စိတ်နဲ့ ကျနော် လွတ်လပ်စွာ စာရေးပါ တယ်။ ကျနော် အကယ်ဒမစ်သမားဖြစ်ချင်တယ်။ ဒါပေမယ့် တချို့စာတွေက အကယ်ဒမစ် မဆန်ပေမယ့် ကျနော်ရေးသင့်လို့ ရေးတာတွေ ရှိတယ်။ ရေးချင်လို့ ရေးတာတွေ ရှိတယ်။ စာရေးခြင်းမှာ အမြဲတမ်း လွတ်လပ် နေဖို့ ကျနော် လိုလားတယ်။ စာရေးဆရာမ ဂျူးပြောသလို၊ တချိန်ချိန်မှာ ကျနော့်ကို ပရိတ်သတ်က စည်းတား ပေးရင်လည်း ကျနော် ဖောက်ထွက်ဖို့ ကြိုးစားမိမှာပဲလို့ ကျနော် ပြောချင်တယ်။

မင်းသေ့
ည ၈ း ၃၄
၂၁ ၊ နိုဝင်ဘာ ၊ ၂၀၁၉
တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်။ အမျိုးသားနေ့ ။
ရန်ကုန်မြို့။

Previous post အခန်း (၂) ဖော်ကျူး တမ်းတမှု
Next post စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်