အိပ်မရသည့် ညများကို ကျနော်ဖြတ်သန်းခဲ့ပါသည်။ နွယ်နှင့် ကျနော် ဝေးကွာခါစ အချိန်ကဖြစ်ပါသည်။ ဝေးကွာခြင်းကို ယောင်လို့တောင် မတွေးဝံ့ခဲ့သည့် ကာလများတွင်မှ ကျနော်နဲ့ နွယ်တို့ ဝေးကွာခြင်းဖြစ်စဉ် ကို ကြုံခဲ့ရသည်။ ဝေးကွာခြင်းသည် အတိုင်းအတာ မရှိ။ ပေတံ မရှိ။ စံမရှိ။ အရာ အားလုံး ဗလာနတ္ထိ။

ချစ်ခြင်း နှင့် မုန်းခြင်းများကို မပြောလိုပါ။ အကြောင်းတရားတို့သည် အကျိုးတရားတို့နှင့် ယှဉ်စပ်၍သာဖြစ် တည်ကုန်သည် မဟုတ်ပါလား။ အတိတ်က အရိပ်များသည် ကျနော့် မြင်ကွင်းထဲတွင် ပြေးလွှားဆော့ကစား နေသည်။ ရံဖန်ရံခါ ကျနော့်ကို ကျီဇယ် လှောင်ပြောင်နေသလိုဖြစ်သည်။ နွယ် လက်ထပ်သွားသည့် အချိန် ဖြစ်ပါသည်။

ပြန်ယူလို့ မရတော့သော အတိတ်ကို ကျနော် မမှန်းဆချင်တော့ပါ။ ကျနော့်ရင်မှာ ရင့်ရင့်သီးသီး နာကျင်ရ လို့ဖြစ်ပါသည်။ အချစ်ဆိုသော အရာကို သတိထားရှောင်ရှားခဲ့သူကိုမှ အချစ်သည် တည့်တည့်တိုး၍ တွန်း တိုက်ခံရသည့် အဖြစ်ကို ကျနော် ကြုံခဲ့ရသည်။ အတိတ်ဟာ အိပ်မက်ပမာ။ ညည အိပ်မည်ဆိုတိုင်း အိပ် မက်ကောင်းတွေရော အိပ်မက်ဆိုးတွေရော မမက်ပါစေနဲ့လို့ ဆုတောင်းပြီး ခေါင်းချခဲ့ရသည့် ဉာဉ့်နက်သန်း ခေါင်ယံများ များစွာ ရှိပါသည်။ ကျနော်သည် ကိုယ့်ကိုယ်ကို မသိနိုင်ပါ။ ကျနော့်အသိထဲတွင် နွယ့် အကြောင်းများကို ထိုးသိပ်ကြပ်ညပ်သိမ်းဆည်းထားလို့ ဖြစ်ပါလိမ့်မည်။ ကျနော့်အကြောင်းနှင့် ပတ်သက် လျှင် ကျနော့်၌ မသိမှု အမှောင်မိုက်များ ဖုံးလွှမ်းနေသည်။ နွယ့်အကြောင်းနှင့် ပတ်သက်လျှင် ကျနော့်၌ ဝိဇ္ဇာအလင်းများ တလက်လက်ထနေသည်။ ကျနော် နွယ့်အကြောင်းများကို မည်သို့ ဖွဲ့ဆိုနိုင်ပါမည်နည်း။

ကမ္ဘာလောကကြီးသည် ကျနော့်ကို တာဝန်တစ်ရပ်ပေးခဲ့သည်ဟု ကျနော်ယူဆပါသည်။ ထိုတာဝန်မှာ နွယ် နှင့် ဆုံဆည်း၍ နွယ့်အချစ်ကို ခံယူပြီး နူးညံ့စွာ တုံ့ပြန်ပေးရန် ဖြစ်သည်။ ကမ္ဘာမြေ သဘာဝက ကျနော့်ကို နွယ်နှင့် ဆုံဖို့ အခွင့်အရေးကို ပေးခဲ့ပါသည်။ သို့သော် ကျနော် တာဝန်မကျေခဲ့ပါ။ ကျနော်မှာ နူးညံ့စွာ တုံ့ပြန်နိုင်မည့် အချစ်သည် မမွေးဖွားသေးလို့ ဖြစ်ပါသည်။ အချိန်သည် စောသည်လား။ သို့တည်းမဟုတ် မရင့်မှည့်သည်လား မပြောတတ်ပါ။ သဘာဝတရားသည် ဆန်းကျယ်ပါသည်။ အထူးသဖြင့် နွယ်နှင့် ကျနော့်အကြားက ဓမ္မတရားများက ပို၍ ဆန်းကျယ်ပါသည်။ ကျနော့် ဉာဏ်ဖြင့် လိုက်၍ မမှီပါ။ သို့သော် ကျနော့်နှလုံးသားကတော့ ခံစားနားလည်နိုင်စွမ်း ရှိပါလိမ့်မည်။ အကြောင်းမှာ နွယ့်နှလုံးသား အရည် အသွေးကြောင့်ဖြစ်ပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ…. ကျနော်တို့၏ ဆုံဆည်းမှု အကြောင်းကို ကမ္ဘာမြေက မှတ်တမ်းတင်ပါလိမ့်မည်။ ကျနော်တို့ မသိနိုင်သော နှလုံးသားကမ္ဗည်းတွင် ရေးထွင်းပါလိမ့်မည်။ ထိုနှလုံးသားသည် လူသားများထံ၌ ရှိချင်မှ ရှိပါလိမ့်မည်။ မရှိနိုင်တော့သော တစ်စုံတစ်ယောက်၏ နှလုံးသားထံမှာဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ကျနော် မသိတော့ပါ။

• အချစ်သည် နက်နဲသည်။
• အလွမ်းသည် ရှည်လျားသည်။
• အမုန်းသည် စွဲမြဲသည်။
ကျနော် ဤ၍ ဤမျှသာ သိစွမ်းနိုင်ပါသည်။

အတိတ်၏ မြက်ခင်းပြင်သည် စိမ်းလန်းခဲ့ပါသည်။ ဤမြက်ခင်းပြင်၌ နှလုံးသား တည်ရာတို့ ဆုံဆည်းခဲ့ကြသည်။ ဘယ်ဆီဘယ်ဝယ်ထိ ကျယ်ပြောမှန်းမသိသော လွင်ပြင်ကြီး၌ တည်ရှိခဲ့ပါသည်။ ယခုမူကား လွင်ပြင်မြက်ခင်း သည် သဲကန္တရာအတိ ပြီးသည့် သဖွယ်။ အသွင်အပြင် အားလုံးသည်။ ညစ်ညမ်းလျက်…. ခြောက်သွေ့ ညိုညစ်လျက်…..
မြက်ခင်းလွင်ပြင်ဆီ ကူးလားခတ်လား ပျံသန်းနေသည့် လိပ်ပြာအိုလေးများကို ကျနော် မမြင်ချင်တော့ပါ။ သူတို့ အတောင်ညောင်းရော့မည်။

မိုးသည်လည်း မရွာတော့။
နေသည်လည်း မသာတော့။
လေသည်လည်း မပြေတော့။
တီးတိုးစကားသံများလည်း ထာဝရ သုဉ်းဆိတ်တော့……

အဘိဓမ္မာဆန်သော စကားလုံးများဖြင့် ဖွဲ့သီခဲ့သော သံယောဇဉ်သည် ကျနော့်၌ ခိုင်မြဲနေပါသည်။ နွယ့်ထံပါး၌ လည်း ကပ်ငြိလျက် ရှိမည် ထင်ပါသည်။ “ထင်ပါသည်” ဆိုသော အသုံးအနှုန်းကိုသာ ကျနော် သုံးနှုန်းဝံ့ပါ သည်။ “ယုံကြည်သည်” ဆိုသော စကားလုံးသည် ကျနော်နှင့် မအပ်စပ်ပါ။ အကြောင်းမှာ နွယ်က ကျနော့်ထံမှ ထွက်ခွာသွား၍ ဖြစ်ပါသည်။ ထွက်ခွာသွားသော နွယ့်အတွက် ကျနော် ပိုင်နိုင်တာ ဘာမျှ မရှိတော့ပါ။ ကျနော့် နှလုံးသားကိုပင် ကျနော် မပိုင်တော့ပါ။

အရာအားလုံးသည် ဆုတ်ယုတ်ပျက်ပြားလျက်….
ခါးသီး နာကျည်းလျက်….
ရင့်ရော် အိုဟောင်းလျက်…..
အတွေးများသည် ယောင်ခြာမှုန်မှိုင်းခဲ့ပါသည်။ အလင်းသည် မရှိတော့။ ကြည်လင်ခြင်းသည် ပျောက်ခြင်းမလှ ပျောက်ဆုံးလျက်…။

အရောင်များနှင့် ကစားသည် ဟူသော နွယ့်ကို ကျနော် စိတ်ဝင်စားပါသည်။ သူ ခုန်မင်သောအရောင်များကို ကျနော်စိတ်ဝင်စားခဲ့ပါသည်။ နဂိုမူလအစမှာ အရောင်ဟု ကျနော် ထင်ခဲ့သော အရာများသည် နိဂုံးကာလ၌ အရောင် မဟုတ်။ အလင်း အမှောင်များသာ ဖြစ်သည်။ ဤနက်နဲမှုကို နွယ့်ကို ထိတွေ့ဖြစ်မှ ကျနော် သိနား လည်ခဲ့ရသည်။ ကျနော် တုံး,အ ခဲ့ပါသည်။ နွယ်နှင့်ပတ်သက်လျှင် အရှုံးပေး အညံ့ခံချင်တာလည်း ဖြစ်ချင်ဖြစ် ပါလိမ့်မည်။
မာနကို အဓိပတိထား ကိုးကွယ်ခဲ့သည့် ကျနော့်စိတ်ကို ကျနော် မဖတ်တတ်တော့ပါ။ ဘယ်အချိန်မှာ မာနများ လွင့်စင်သွားခဲ့ရပါသလဲ။ ကျနော် မသိနိုင်ပါ။ နွယ်နှင့်ပတ်သက်လျှင် ကျနော့် အသိဉာဏ်သည် အမှောင်ဖုံးသွား ပြီး နှလုံးသားသည် လင်းလက်ခဲ့ပါသည်။
အရောင်သည် အရောင် မဟုတ်လျှင် ၊
ဤသို့သော အလင်း အမှောင်လို ဖြစ်တည်နေခြင်းလား…..။

ကျနော် နွယ့်ကို အလင်းနှင့် အမှောင်တို့ အကြောင်း မေးခဲ့ဖူးသည်။ နွယ်ရှင်းပြသော သဘောတရားများက နက်နဲလွန်း၍ ကျနော် လိုက်မမှီခဲ့ပါ။ ကျနော့်နှလုံးသား အရည်အသွေးနိမ့်လို့ဖြစ်ပါလိမ့်မည်။ စိတ်ပညာကို စိတ် ဝင်စားလေ့လာခဲ့သော ကျနော်သည် နွယ့်စိတ်ကိုလည်း စိတ်ဝင်စားပါသည်။ နွယ် ဘယ်လို တွေးနေမလဲ…. နွယ် ဘယ်လို ထင်သွားမလဲ… နွယ် ဘယ်လို မှတ်ချက်ပြုမလဲ…. ဆိုသည့် မေးခွန်းများသည် ကျနော့်ရင်ကို ခုန် စေသော ပုဒ်စာများဖြစ်ခဲ့သည်။ ကျနော်သည် နွယ့်စိတ်နှင့်ပတ်သက်လျှင် ကိုယ့်ကိုယ်ကို မေးခွန်း အထောင် အသိန်း မေးခွန်းထုတ်ခဲ့ဖူးသည်ဟု ယုံကြည်ပါသည်။ ဘယ်၍ ဘယ်မျှ ရှိသလဲ ကျနော် မသိပါ။ ကျနော် သိသည်မှာ နွယ့်စိတ်ကိုသာ ဖြစ်ပါသည်။

အကြောင်းတရားများသည် အကျိုးတရားများဆီသို့ မကူးပြောင်းခင် အကြောင်းတရားများ ဖန်တီးစီရင်ကြမယ့် အကြောင်း နွယ်နှင့် ကျနော် ပြောဖြစ်ခဲ့ကြသည်။ ဘယ်သို့သော အကြောင်းတရားများကိုကား နွယ်လည်း မသိ။ ကျနော်လည်း မသိ။ မသိခြင်းတို့ ရှိနေပါလျက် ကျနော်တို့ ရှေ့တိုး နီးကပ်ခဲ့ကြသည်။ ဤသည်ပင် ဇာတ်လမ်း အစဖြစ်ပါလိမ့်မည်။
ဂန္တဝင်မြောက် ဝတ္ထုတစ်အုပ်ကို ရေးဖို့ ထက်သန်ခဲ့သော ကျနော်။ ဂန္တဝင်မြောက် ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့ ချင်သည့် နွယ်။ ကျနော်က စာပန်းချီ ချယ်သည်။ နွယ်က ကင်းဗတ်ပေါ်မှာ ကောက်ကြောင်းများ ရေးခြစ်သည်။ အရောင်ထည့်သည်။ အရောင်စပ်သည်။ အရောင်ရောသည်။ အရောင်ကို မှေးစေသည်။ မှောင်စေသည်။ လင်း စေသည်။ တောက်စေသည်။ ဖျော့စေသည်။ အတိုးအလျော့ကို အနုပညာဉာဉ်ဖြင့် ကစားသည်။ ပုံရိပ်များကို ကခုန်စေသည်။ လှုပ်ရှားခိုင်းသည်။ အဲသည့် ပန်းချီကင်းဗတ်ပေါ်မှာ ကျနော့်ပုံရိပ်များကိုရော နွယ် စေခိုင်းခဲ့ပါ သလား…..။

ဒီမေးခွန်းသည် နွယ့်အတွက် ဖြေရကြပ်စေမည့် မေးခွန်းမဖြစ်ပါစေနဲ့…. လို့ ကျနော် ဆုတောင်းခဲ့ပါသည်။ သို့ သော် ဘယ်ဘုရားစေတီရှေ့မှာမှ မဟုတ်ပါ။ ကျနော့်နှလုံးသားထံ ကျနော် ဝပ်တွားခဲ့ခြင်းသာ ဖြစ်ပါသည်။

ဘယ်လို အတွေးများဖြင့် ဖြတ်သန်းခဲ့သည် ဖြစ်စေ ကံကြမ္မာ၏ စေခိုင်းချက်ကို ကျနော် လိုလိုချင်ချင် ကခုန်ခဲ့ ပါသည်။ အချစ်ကို အထင်သေးခဲ့သော ကျနော့်ကို သဘာဝက ဒဏ်ခတ်ခဲ့သည်။ ကျနော် မသိခဲ့သော အချိန်၌ ကျနော့်ကို နာကျင် အနာတရဖြစ်စေသည်။ နွယ်နှင့်ကျမှ ဒဏ်ရာကို ခုန်မင်တတ်ခဲ့သည့် ကျနော့်ကိုယ် ကျနော် သဘောကျပါသည်။ ဒဏ်ရာတွေ လိုချင်ပါသည်။ ဒဏ်ရာတွေ လိုချင်ပါသည်။ သို့သော် နွယ်ပေးသော ဒဏ်ရာ များသာ လိုချင်ပါသည်။ အခြား မည်သူ တစ်ဦးတစ်ယောက်က စီရင်သည့် ဒဏ်ရာများကို ဘယ်သောအခါမှ မလိုလားပါ။ မတောင့်တပါ။ ရင့်သီးစွာ ငြင်းဆန်ပါသည်။
အိပ်မက်များသည် ဒုက္ခသစ္စာဖြစ်ကြောင်း ကျနော် နွယ့်ကို ပြောပြခဲ့ဖူးသည်။ အိပ်မက်များသည် ဒုက္ခများကို ခေါ် ဆောင်လာသည်။ အိပ်မက်များသည် အကြောင်းတရားများဖြစ်ပြီး နွယ်နှင့် ကျနော့်ကို ရစ်ပတ်ချည်နှောင် ခဲ့ပါသည်။ ဘယ်လောက်ထိ တင်းကြပ်သည်ဆိုတာကို ကျနော် နားမလည်ခဲ့ပါ။ နွယ်လည်း သိစွမ်းမည် မဟုတ် ပါ။ အကြောင်းမှာ နွယ်နှင့် ကျနော်သည် တစ်ယောက်တည်းဟု ခံစားမိခြင်းကြောင့်ဖြစ်ပါသည်။

ကျနော်တို့ စီးဆင်းသည့် သွေးများသည် ခန္ဓာမခြားတော့ပါ။ သွေးကြောတစ်ချောင်းတည်းမှာ အတူတကွ စီးဆင်းသည့် အသက်ဓာတ်ဖြစ်ပါသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ပေါင်းဆုံ၍ စီးဆင်းသွားသလို ရေသည် ခွဲခြား၍ မရအောင် ပေါင်းစပ်သွားပါသည်။ နွယ်နှင့် ကျနော်သည် ချစ်ခြင်းတရား၌ ပေါင်းစည်းသွားကြသည်။ ချစ်ခြင်းနေရာ၌ နွယ်လည်း မရှိတော့။ ကျနော်လည်း မရှိတော့။ အချစ်သာ ရှိနေပါတော့သည်။ ဤအချက်သည် ပင် နွယ်နှင့် ကျနော့်၏ အတ္တမာနများကို ခဝါချရာနေရာဖြစ်နေခဲ့ပါသည်။

ဆန်းကျယ်သော သဘာဝတရားကို ကျနော် အံ့ဩသည်။
နွယ်သည် ဘယ်လောက်ဆန်းကျယ်သည့် အမျိုးသမီးလဲ…..
စာအုပ်ပုံများအကြား ခွေခေါက်နေသော ခန္ဓာတစ်ခုကို နွယ် မြင်နိုင်တော့မည် မဟုတ်ပါ။ စာအုပ်များသည် ပျံ့ကျဲလျက်……
စားပွဲပေါ်မှာ…..
ကြမ်းပြင်ပေါ်မှာ…..
အိပ်ယာပေါ်မှာ…..
တန်းလျားပေါ်မှာ…..
အမှတ်တရများသည် ပျံ့ကျဲလျက်။

အမှတ်ရစရာများအဖြစ် ငြင်းပယ်ခြင်း ခံရသော အမှတ်တရများ ရှိပါသည်။ နွယ်နှင့် ကျနော်တို့ ကြိုတင် သဘောတူညီထားသည်များ မရှိသည့်တိုင်၊ ဤနေရာ၌ ကျနော်တို့ နှစ်ဦး တူညီခဲ့ပါသည်။ နွယ့်၏ ပြုမူစီရင်ချက် များလား…. သို့တည်းမဟုတ်… ကျနော့်၏ အပြုအမူများကြောင့်လား……

ဘယ်ဆီဘယ်ဝယ်မှန်းမသိသော အတိတ်ဆီသို့ ကျနော် ငေးမောခဲ့ပါသည်။ နွယ်ကြိုက်သော ဂျူးဝတ္ထုများကို ကျနော် ပြန်စုရအုံးမည်။ ဂျူးဝတ္ထုများသည် စုစုစည်းစည်း ဖြစ်မနေတာ ကြာခဲ့ပြီ။ တချို့ စာအုပ်စင်ပေါ်မှာ။ တချို့ စားပွဲပေါ်မှာ။ တချို့က သူငယ်ချင်းတစ်ယောက်ဆီမှာ။ တချို့က နွယ်ပေးသော လက်ဆောင်များကို စု ထည့်ထားသည့် သောခတ်ထားသော သတ္တာထဲမှာ။ ဂျူးဝတ္ထုတွေထဲမှာ မင်ခြစ်ရာများ ပွနေသည်။ ရသဝတ္ထုကို ဘာသာရပ်တစ်ခုလို ရေးခြစ် မှတ်ချက်ပြု ဖတ်တတ်သည့် ကျနော့် အကျင့်မှာ မပျောက်သေး။ ဤအကျင့်ကို နွယ်သိတော့ ကျနော့်ကို မျက်လုံးပြူး၍ ကြည့်သည်။ ကမ္ဘာပေါ်က အနှီဂေါက်ကြောင်ကြောင်လူသားယောက်ျား တစ်ယောက် သူ့နဘေးတွင် ရှိနေခြင်းကို အံ့ဩမင်သက်နေသည့် သဖွယ်။ ကျနော် ပြုံးပါသည်။ နွယ်လည်း ပြုံး ပါသည်။ ကျနော့် စရိုက်က ပြုံးစရာဖြစ်သည်ကိုး။

အချစ်ကိုရော ဘာသာရပ်တစ်ခုလို လေ့လာအုံးမှာလား…. လို့ နွယ်က မေးဖူးသည်။ ကျနော် ရယ်ကျဲကျဲ လုပ် သည်။ မညီသောသွားကို ဖြီးပြပြီး မပြူးသော မျက်လုံးက မှေးစင်းသွားသည်။ နွယ်က ကျနော့်ခေါင်းပေါ်က အစီအစဉ်မကျသော ဆံပင်များကို ထိုးဖွပြီး ခပ်ပြုံးပြုံးလုပ်နေသည်။ ဒါကို နွယ် သဘောကျသည် ထင်သည်။ နွယ့်လက်ချောင်းများကို ကျနော် မှတ်မိပါသည်။ ကျနော် ဘယ်တော့မှ မေ့ပျောက်သွားမည် မဟုတ်သော ခပ်သွယ်သွယ် လက်ချောင်းများဖြစ်ပါသည်။ နွယ့်လက်သည်းခွံများက ကြည်နေသည်။ ကျနော် သဘောကျ သည်။ တခါတရံ နွယ့်လက်ဖမိုးကို ကျနော် ညင်သာစွာ နမ်းတတ်သည်။ နွယ့်လက်ချောင်းများကို ကျနော့်ပါး ပေါ် တင်ပေးထားလိုက်သည်။ နွယ်လက်ချောင်းများက ကျနော့်ပါး၌ စန္ဒရားခုံပေါ်က လက်ချောင်းများလို ညင် သာစွာ ဖော့လိုက် ဖိလိုက် လုပ်နေတတ်သည်။ ထို့နောက် နွယ့်လက်ချောင်းများသည် ကျနော့် ဆံပင်များထဲ ထိုးဖွနေနေတော့သည်။ နွယ် ကျနော့် ကောက်ကွေးကွေးဆံပင်များကို စိတ်ဝင်စားသတဲ့လား။ ဒါမှမဟုတ် သူချစ်သော ခွေးကလေးလို ပွတ်သပ်နေခြင်းလား…..

မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ကို ဖတ်ဖို့ ပြောတော့ ကျနော် ငြင်းဆန်ခဲ့သည်။ မိန်းမတစ်ယောက် အကြောင်းသိဖို့ ဝတ္ထုဖတ်ရန် မလိုဟု ကျနော် တရားသေ ယူဆခဲ့သည်။ နောက်များမှ ကျနော် နောင်တရပါ သည်။ ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲ ဖွင့်ဟဝန်ခံချက်ကို ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်လို ကျနော် မွှေ နှောက်ဖတ်ရှုမိခဲ့သည်။ နွယ့်ဗေဒကို ကျနော် နွယ့်ထံမှပင် လေ့လာချင်ပါသည်။ ဂျူးဝတ္ထုများထံမှ မလေ့လာချင် ပါ။ နွယ်သည် ဂျူးဝတ္ထုတိုများကို မကြာမကြာ ညွှန်းဆိုလေ့ရှိသည်။ ပျင်းပျင်းရှိသော ညများ၌သာ ဂျူးဝတ္ထုတို များကို ကွန်ပြူတာထဲမှ ကျနော် ထုတ်ဖတ်သည်။ ကျန်သည့် အချိန်များ၌ ယောင်လိုပင် စိတ်ကူးထဲ မထည့်။

ကောင်းမွန်မှန်ကန်သော လုပ်ရပ်သည် လူသားထံ၌ ရှိနေပါသည်။ ထို့အတူပင် ညစ်ထေး မှောင်မိုက်သော လုပ် ရပ်သည်လည်း လူသားထံ၌ပင် ရှိနေပါသည်။ နွယ်နှင့် ကျနော့် ချစ်ခြင်းသည် အမှောင်ဘက် အခြမ်းရှိသလို အလင်းဘက်အခြမ်းလည်း ရှိသည်။ အမှားဘက် အခြမ်း၌ ရှိနေသလို၊ အမှန်ဘက် အခြမ်း၌လည်း ရှိနေသည်။ နွယ်က ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ ကျနော့်ကို အမြဲတိုက်တွန်းသည်။ ကျနော် နွယ့်အပေါ်မှာသာ သစ္စာရှိချင်ပါ သည်။ ကျနော့်ကိုယ့်ကို သစ္စာရှိလျှင် ကျနော်နွယ်နှင့် ဆုံဆည်းနိုင်မည်ပင် မဟုတ်ပါ။ ကျနော့်အတ္တမာနများ အပေါ် သစ္စာချိုးဖောက်ခဲ့ပါသည်။ ဤသို့ဖြင့်ပင် ကျနော့်နှလုံးသားက နွယ့်အနားနားရောက်လာပါလိမ့်မည်။

“ကဲ…. ဘယ်လိုလဲ”
“နွယ် ပျော်ရဲ့လား…”
“နွယ် ကျေနပ်ရဲ့လား…..”
“ကိုယ်ဟာ နွယ့်ကို ရင်ခုန်စေလား…”
“နွယ် ကိုယ့်ကို လိုချင်လား….”
“နွယ် လိုအပ်အုံးမှာလား…..”

ရှေးသရောခါ ပြည်ဗာရာဝယ်…. လို့ အစချီပြီး ကျနော် နွယ့်ကို ဟာသပုံပြင်တချို့ ပြောပြခဲ့ဖူးသည်။ နွယ်က သိပ်သဘောကျသည်။ ဘယ်လိုလဲ နွယ်။ မင်းပျော်ရဲ့လား…..
နွယ်ကျေနပ်အောင် အလိုက်သင့်နေထိုင်တတ်ဖို့ ကျနော် သင်ယူရပါသည်။ ဘယ်သူ့ဆီက သင်ယူပါသနည်း။ နွယ်နှင့် ကျနော့်အကြား နားလည်မှုကို ဘယ်လို တည်ဆောက်ပါသနည်း။ ချစ်ခြင်းတို့သည် သွေးသားဓာတ်ခံ ဆီမှ ပျော်ဝင်စီးဆင်းသွားခဲ့ပါသည်။ ကျနော်ကိုယ်တိုင် မလိုက်နာနိုင်သော စည်းဘောင်များကို ကျနော် ကန့် သတ်ပစ်ခဲ့သည်။ တို့ချစ်ခြင်းတွေဟာ သဘာဝအတိုင်းလား… သို့တည်းမဟုတ် ဖန်တီးစီရင်ခြင်း အကြောင်း တရားလား…. ပျက်သုဉ်းခြင်း သင်္ခါရလား…..

အချစ်ဟာ ကဗျာတစ်ပုဒ်ဆိုလျှင် ကျနော်သည် ကဗျာဆရာမဖြစ်နိုင်ပါ။ ကဗျာတချို့ကို ကျနော်မုန်းလို့ ဖြစ်ပါ သည်။ နွယ်ကတော့ ပို့စ်မော်ဒန်ကဗျာများကို တရှိုက်မတ်မတ် ဖတ်နေတတ်သေးသည်။ လူနားမလည်သော ပို့စ်မော်ဒန်များကို နှစ်ခြိုက်နေတတ်သည့် နွယ့်ကို အထူးအဆန်း သတ္တဝါတစ်ကောင်လို ကျနော် ကြည့်လိုက် သည်။ နွယ်သည် ကျနော် လိုက်မမှီသော အကြောင်းအရာများ၌ နှံ့စပ်သေးသည်။ နွယ်က ကျနော့်ကို ဘာ့ ကြောင့် ရင်ခုန်စေသလဲ…..

နွယ် တက်နေသည့် တက္ကသိုလ်ကို ကျနော် လိုက်မသွားခဲ့ဖူးပါ။ နွယ့်ကို ကျောင်းရှေ့မှာတော့ သွားကြိုဖူးသည်။ နွယ်သည် ကျနော့်ကို လည်ဆန့်၍ မျှော်နေတာကို အဝေးမှ မြင်လိုက်ရ၍ ကျနော် တမျိုးကျေနပ်သည်။ မာရည် ကျောရည်နိုင်သည်ဟု အများက ထင်နေသည့် နွယ်က ကျနော်နှင့်ဆိုလျှင် ဤသို့ မဟုတ်။ ခင်မင်ဖော်ရွေစရာ ကောင်းလှသည်။ နွယ့်၌ နှစ်လိုဖွယ် အပြုအမူ ရှိပါသည်။ ကျနော့်ထံပါးမှ မခွဲခွာချင်သော နွယ့်ကို မြင်ခဲ့ဖူးပါ သည်။ ကျနော် လိုလိုချင်ချင် ဆွဲခေါ် မထားမိပါ။ ဤအချက်သည်ပင် ကျနော့် မဟာအမှားဖြစ်သည်။ အမှားများ သည် နောင်တအဖြစ် အသီးအပွင့်များ သီးပွင့်ကုန်၏။ ဘယ်အချိန်မှာ ပျိုးထောင်ထားမှန်း မသိလောက်အောင် ပင် သိမ်မွေ့သိုဝှက်ပါသည်။

နွယ် အဆင်ပြေပါသလား…..
နွယ့် ခင်ပွန်းဖြင့် အဆင်ပြေချောမွေ့ပါရဲ့လား…
သာယာသော အိမ်ထောင်ကို နွယ်ရရဲ့လား…..
နွယ့်မှာ သားသမီး ရှိနေပြီလား…..
နွယ့် ခင်ပွန်းက နွယ့်ကို မြတ်နိုးစွာ ချစ်ကြင်နာရဲ့လား….
နွယ် ဆေးခန်းရော ဖွင့်သေးလား….
နွယ့် ဆေးဆိုင်ရော အဆင်ပြေရဲ့လား….
အလုပ်သမားတွေနဲ့ လွှဲထားလို့ ရအောင် အခြေကျနေပြီလား….
နွယ်သွားချင်သည့် ပင်လယ်ကမ်းခြေကို သွားဖြစ်ခဲ့သေးလား….
ပုဂံရော ရောက်သေးလား…
မန္တလေးတောင်ပေါ်က ရှုခင်းကိုရော ကြည့်ရတာ သဘောကျသေးရဲ့လား…
ပရဟိတအနေနဲ့ ကလေးတွေကို စာသင်ပေးသေးလား…..
နွယ် လိုချင်တဲ့ မောင်စိန်ဝင်းကဗျာစာအုပ်အဟောင်းတွေ သွားရှာဖြစ်သေးလား….

အချိန်ကာလအားဖြင့် ကြာညောင်းစွာ ခွဲခွာခဲ့ပြီဖြစ်သော နွယ့်အကြောင်းများကို ကျနော် မှန်းဆ၍ တွေးကြည့် နေခဲ့ပါသည်။ လက်ထပ်ထားပြီးဖြစ်သော အမျိုးသမီးတစ်ယောက်အပေါ် ကျနော့်တွေးဆချက်များသည် ဖောက် ပြန်မှုကံ ထိုက်ပါသလား။ ကျနော် မသိပါ။ ကျနော် မသိချင်ပါ။ ပြန်မဆုံနိုင်တော့သောဘဝကို ကျနော်တို့ အလဲ အထပ်လုပ်ခဲ့ပြီးဖြစ်ပါသည်။ နောင်ဘဝရှိခဲ့ရင်လည်း ကျနော် နွယ်နှင့် ထပ်မဆုံချင်တော့ပါ။ နွယ့်အချစ်နှင့် ခွဲခွာ ကွေ့ကွင်းခြင်းကို ကျနော် ထပ်မကြုံချင်လို့ ဖြစ်ပါသည်။ ဆုံဆည်းလျှင် ခွဲခွာရမည်။ မဆုံဆည်းလျှင် ခွဲခွာစရာ အကြောင်း မရှိ။ ခွဲခွာဖို့ရန် အကြောင်းလည်း နတ္ထိ။ အကြောင်းသည် သေ၍ အကျိုးသည် မဖြစ်ထွန်းတော့။ ဤသည်ပင် ကျနော့်ဆန္ဒဖြစ်ပါသည်။

လူမသိသော ဝေးတစ်နေရာတွင် သိုသိပ်စွာ ရှင်သန်နေရခြင်းက ကျနော့်အတွက် ပို၍ အေးချမ်းပါသည်။ လူငယ် ဘဝတုန်းကလို အောင်မြင်မှုကို ကျနော် မငတ်မွတ်တော့။ အကောင်းဆုံး အလုပ်ပြီးမြောက်ခြင်းသည် ပင် ကျနော့်ကို ကျနော် နှစ်သိမ့်နေတတ်သည့် နှုန်းစံဖြစ်သည်။ နွယ် မိတ္ထီလာကန်က ကြည်သေးလား။ ရေပြင် က အေးသေးလား။ လေပြေညင်းက ညင်သာသေးလား။ ညနေဆည်းဆာက ရောင်ခြည်သင့်ရဲ့လား……
ဘဝကိုယ်စီဖြစ်တည်နေခြင်းသည် အဆိုးထဲက အကောင်းဖြစ်ပါသည်။ ကျနော်နှင့် နွယ်သည် အဝေးက လှမ်း ကြည့်ခွင့်ရနေခြင်းကပင် ကြည်နူးစွာ သာယာခြင်းဖြစ်ပါလိမ့်မည်။ ကျနော် နေတတ်ခဲ့ပါပြီ။ လူ့အဖွဲ့အစည်းကို ကိုယ်နိုင်သလောက် ကူညီထောက်ပံ့နိုင်ခြင်းက လူသားတန်ဖိုး မဟုတ်ပါလား…..။ စာပေရည်မှန်းချက်ကို ဘုံ ရည်မှန်းချက်အဖြစ် ဌာပနာခဲ့သည့် ကျနော်နှင့် နွယ်သည် မပေါင်းဆည်းနိုင်တော့ပါ။ နွယ့်အပြုံးများကိုလည်း ကျနော်နေ့စဉ် ကြည့်မြင်၍ မရနိုင်တော့ပါ။ ကျနော် ဖျော်ပေးသည့် ကော်ဖီ ခပ်ပြင်းပြင်းကို ဖျော်ခွင့်မရှိတော့ပါ။ မရတော့သော အခွင့်အရေးများကို ကျနော် တွေးနေမိသည်။

နွယ်နှင့်ပတ်သက်လျှင် ကျနော့်ကို ကျနော် အနက်အဓိပ္ပာယ် ခဏ ခဏ ဖွင့်မိသည်။ ကျနော် အပ်နှံထားသော ကြင်နာမှု ချစ်ခြင်းများကို သိမ်းဆည်းသော့ခတ်ထားလိုက်ဖို့သာ ကျနော် တောင့်တမိသည်။ မည်သူမှ မသိ အောင် သိမ်းဆည်းထားခဲ့ပါ။ ပြီးတော့ မြေမြုပ် သဂြိုလ်လိုက်ပါ။ ထိုမြုပ်နှံထားသော နေရာ၌ မေတ္တာသစ်ပင် ပေါက်ဖွားပါစေ။ သံယောဇဉ် နွယ်ပင်များ ရစ်တွယ်ပါစေ။ အရိပ်အခက်များဖြင့် အေးရိပ်ငြိမ်းပါစေ။ အပွင့်အသီး တို့ဖြင့် သတ္တဝါတို့ နှစ်ခြိုက်စွာ စားသုံးယူငင်ကြပါစေ….။

မင်းသေ့
နံနက် ၁ း ၂၅
၂၀ ၊ နိုဝင်ဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post ပီလေးလုံး ပြဿနာ
Next post အခန်း (၂) ဖော်ကျူး တမ်းတမှု