• ကျနော် စိတ်သန့်ချင်တယ်
• ကျနော် စိတ်လုံချင်တယ်

အလုပ်တစ်ခုကို လုပ်နေတိုင်း၊ အလုပ်တစ်ခုကို လုပ်ပြီးသွားတိုင်း ကျနော့်ကို ကျနော် ပြန်ပြန်မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီ့မေးခွန်းက စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုဖြစ်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးမှုရှိရဲ့လား…. ဆိုတဲ့ မေးခွန်း။

ကျနော်ကိုယ်တိုင် အလုပ်တစ်ခုခုကနေ အကျိုးရလဒ်တစ်ခုခုကို ခံစားမိတိုင်း ဒီရလဒ်နဲ့ ငါဟာ ထိုက်တန်ရဲ့ လားလို့ ကိုယ့်ကိုယ်ကို ခဏ ခဏ မေးတယ်။ အကယ်၍ ကျနော် အားထုတ်ထားတာထက် ပိုပြီး ခံစားရရင် ကျနော့်စိတ်က မလုံဘူး။ guilty ဖြစ်နေတယ်လို့ ခံစားရတယ်။ အပြစ်တစ်ခုခု လုပ်ထားသလို စိတ်က မလုံ ဘူး။ ကျနော့်အတွက် အလုပ်တစ်ခုလုပ်ရင် အားထည့်ပြီး လုပ်လိုက်တာက သိပ်မပင်ပန်းဘူး။ တစ်ခုခုကို အသာခိုပြီး လုပ်လိုက်တာက အချိန်အကြာကြီးစိတ်မလုံဖြစ်ရပြီး ပင်ပန်းတယ်။ သိပ်ပင်ပန်းတယ်။ ဒါ့ကြောင့် ဒီစိတ်ပင်ပန်းမှုကို ကျနော် မကြိုက်ဘူး။ ဒီလို guilty ဖြစ်တဲ့စိတ်က ကျနော့်ကို အမြဲလိုလို ခြောက်လန့်နေသလိုပဲ။ ဒါ့ကြောင့် လုပ်နေရင်းပင်ပန်းတာထက် ဒီစိတ်က နောက်ပိုင်းမှာ ကျနော့်ကို ခြောက်လန့်နေတဲ့ ပင်ပန်းမှုမျိုးကို ကျနော် ပိုကြောက်တယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ကိုယ်လုပ်တဲ့ အလုပ်ကို ရင်းနှီးမှုအပြည့်ထည့်လုပ်လေ့ရှိတယ်။ ကျနော့်အရည်အသွေးက အကန့်အသတ်ရှိနေရင်တော့ ကျနော် ဘယ်လောက် အားကုန်ထည့်လုပ်လုပ် အကောင်းဆုံးမဖြစ်တာ ရှိတယ်။ ဒါဆိုရင်လည်း နောက် အလုပ်တွေမှာ အဲသည်လိုမဖြစ်ဖို့ ၊ ပိုကောင်းသထက်ကောင်းအောင် လုပ်ဖို့ ကျနော် အမြဲတမ်း ကိုယ့်ကိုယ် ကို သတိပေးနေဖြစ်တယ်။

နောက်တစ်ခုက ကျနော် သူများကို အကူအညီတောင်းခဲတယ်။ ဒါပေမယ့် ကျနော့်ကို အကူအညီတောင်း တာ ရှိတယ်။ ကျနော်က ငွေကြေးမချမ်းသာတော့ ငွေကြေးအားဖြင့် အကူအညီပေးနိုင်တာလည်း မရှိပါဘူး။ သို့ပေမယ့် အဆက်အသွယ်အားဖြင့်၊ အကြံဉာဏ်အားဖြင့် တွေ့ဖို့ ဆုံဖို့ အကူအညီတောင်းတာတွေ ကြုံရ တယ်။ ဒါကိုလည်း ကျနော် နှစ်သက်ပါတယ်။ ကျနော့်မိတ်ဆွေတွေဟာ ကျနော့်ကို လိုလားတယ်၊ အလိုရှိ တယ်၊ ကျနော့်ကို လိုအပ်တယ်လို့ ခံစားရလို့ ဝမ်းသာမိတယ်။ တစ်ဖက်မှာလည်း ဒီကိစ္စဆိုရင် သူတို့ ငါကို ပြေးမြင်တာဖြစ်လို့ ငါက ဒီနေရာမှာတော့ အသုံးကျတယ်လို့ သူတို့ယူဆထားကြတာဖြစ်မယ်လို့ ကျနော် မှတ်ယူထားတယ်။ ဒါပေမယ့် ကျနော်မကူနိုင်လည်း သူ့ဘာသာ အဆင်ပြေနိုင်ကြတာချည်းပါပဲ။

ဒီလို အကူအညီအားဖြင့် ကျနော်ပေးလိုက်တိုင်း ကျနော့်ကိုယ် ကျနော် ပြန်ပြန် မေးတဲ့ မေးခွန်း တစ်ခုရှိ တယ်။ အဲဒါကတော့ “ငါ သူ့ကို အကူအညီပေးတဲ့နေရာမှာ နှောင်ကြိုးကင်းရဲ့လား… ငါ ရိုးသားရဲ့လား” လို့ အမြဲတမ်းလိုလို မေးတယ်။ အဲဒီ့မေးခွန်းကို ကျနော် စိတ်လုံလုံဖြေနိုင်မှ ကျနော်ကျေနပ်တယ်။ အမှန်ဆိုရင် ကျနော့် စိတ်က မသန့်ပြန်ဘူး။ ငါ သူ့ကို ကူညီလိုက်ပေမယ့် ငါ့မှာ မျှော်လင့်ချက်ရှိနေတယ်။ ငြိတွယ်မှု ရှိ နေတယ်။ ဒါဟာ ငါ မရိုးသားဘူး။ ငါ့စိတ်က မသန့်စင်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကို မကြည်ညိုနိုင်ဘူး။

ဒါ့ကြောင့် ကျနော့်စိတ်က မလုံဖြစ်ရပြန်တယ်။ အကူအညီတောင်းခံတဲ့သူက ကျေးဇူးတင်စကားပြောတယ် ဆိုရင်ကို ဒီကျေးဇူးစကားက ငါနဲ့ မထိုက်တန်ဘူးလို့ ကိုယ့်ကိုယ်ကို ပြန်ပြောမိနေတယ်။ ဒါ့ကြောင့် ကျနော် ကိုယ်အားဖြင့် ၊ နှုတ်အားဖြင့် အကူအညီပေးတာတွေ ရှိရင် မျှော်လင့်ချက်ကို ဖြတ်ထားဖို့ အမြဲတမ်း သတိ ရှိထားတယ်။ ဒီလိုမှ ကျနော် စိတ်သန့်လို့လေ….။

ငါ စိတ်သန့်ချင်တယ် …
ငါ စိတ်လုံချင်တယ်….

မင်းသေ့
ည ၇ း ၁၇
၂၁ ၊ နိုဝင်ဘာလ၊ ၂၀၁၉
တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့။ အမျိုးသားနေ့။
ရန်ကုန်မြို့။

Previous post ငါ့မေးခွန်း
Next post ASSK and ICJ