ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးနှင့် အားကစား

တိုင်းပြည်တည်ဆောက်ရေး (nation building) အတွက်၊ အားကစား – စာပေ နဲ့ သီချင်းဂီတ အနုပညာတွေဟာ မမြင်ရသောလက်နဲ့ ပြုပြင်စီရင်ပေးနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးကို နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ နိုင်ငံရေးအားဖြင့် မစွမ်းသာတဲ့အရာတွေကို စာပေ – အနုပညာ၊ အားကစား…စတာ တွေနဲ့ လုပ်လို့ ရနိုင်ပါတယ်။ ဒီအကြောင်းကို ကျနော်ရေးတဲ့ ဆောင်းပါးတွေမှာ တင်ပြခဲ့ဖူးပြီးဖြစ်ပါတယ်။ ယခုလည်း ဒီအကြောင်းကို ဆက်စပ်ပြောချင်ပါတယ်။

လူမှုဒေါက်တိုင်တွေ

တိုင်းပြည်တည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်တဲ့အချက်တွေ ရှိပါတယ်။ အဲသည့်အထဲမှာ – မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအတွင်း သဟဇာတမျှစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ဟာ အခြေခံအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် နံဘေးကနေ ကူ,မ ပေးနေတဲ့အရာတွေက ဘာတွေလဲ။ လူမှု အဆောက်အအုံတစ်ခု ခိုင်ခံ့စွာတည်ရှိနေဖို့၊ ဒေါက်တိုင်တွေ၊ ယက်မတွေ၊ ထုတ်တွေ၊ တန်းတွေ၊ အုတ်မြစ်တွေ၊ အမိုးတွေ လိုအပ်ပါတယ်။ လူမှုအဆောက်အအုံတစ်ခုရဲ့ ဒေါက်တိုင်တွေ၊ ယက်မတွေက ဘာတွေလဲ။

အမျိုးသားကြန်အင်လက္ခဏာ တည်ဆောက်ရေး

ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာတွေဟာ လူမှုအဆောက်အအုံရဲ့ ဒေါက်တိုင်တွေ ဖြစ်ပါတယ်။ ထိုနည်း လည်းကောင်း စာပေ၊ အားကစားနဲ့ သီချင်းဂီတတွေ၊ ကဗျာတွေဟာ လူမှုအဆောက်အအုံတစ်ခု ငြိမ်းချမ်းစွာ တည်ရှိနေစေဖို့ ထောက်ပံ့ပေးတဲ့ ဒေါက်တိုင်တွေဖြစ်ပါတယ်။ Nation building ဆိုတာကို အမျိုးသားနိုင်ငံတည် ဆောက်ခြင်းလို့လည်း အနက်ပြန်ပါတယ်။ ထိုနည်းလည်းကောင်း အမျိုးသားကြန်အင်လက္ခဏာတည်ဆောက်ရေး လို့လည်း အနက်ပြန်ပါတယ်။ ဘယ်လိုပဲ ဘာသာပြန်ပါစေ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ တည်ဆောက်ထားတဲ့ ဘုံမျိုးတူစုလူ့အဖွဲ့အစည်းတစ်ခုကို ရည်ရွယ်တာဖြစ်ပါတယ်။ အမည်အားဖြင့် – ကြက်သား ဟင်းချက်တယ်လို့ ဆိုပေမယ့်၊ ကြက်သားဟင်းထဲမှာ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ ချင်း၊ ငရုပ်၊ ဆနွင်း… စသည်ဖြင့် ပါဝင်နေပြီးသားဖြစ်ပါတယ်။ အမည်နာမတစ်ခုအောက်မှာ မျိုးစုံတဲ့ပါဝင်ပစ္စည်းတွေ ရှိနေပြီးသားဖြစ်ပါတယ်။

အမျိုးသားရေးတည်ဆောက်မှုအပိုင်းမှာ –

  • စာပေအားဖြင့်လည်းကောင်း
  • အနုပညာ ယဉ်ကျေးမှုအားဖြင့်လည်းကောင်း
  • ထုံးတမ်းဓလေ့အားဖြင့်လည်းကောင်း
  • နယ်မြေဒေသအားဖြင့်လည်းကောင်း
  • ကိုးကွယ်ယုံကြည်မှုအားဖြင့်လည်းကောင်း
  • နိုင်ငံရေးအားဖြင့်လည်းကောင်း
  • စီးပွားရေးအားဖြင့်လည်းကောင်း

ပါဝင်နေပြီးသားဖြစ်ပါတယ်။ ဒီအထဲမှာ – အားကစားဟာ ဘယ်ခေါင်းစဉ်အောက်မှာ တိတိကျကျ ရောက်နေတယ် လို့ မပြောနိုင်ပါ။ အားကစားဆိုတာကို သီးခြားခွဲထုတ်ပြီး အပိုင်းကဏ္ဍ တစ်ခုအနေနဲ့လည်း ကြည့်နိုင်ပါတယ်။

ထင်ရှားတဲ့ ဥပမာ (၃) ခုကို ပြောချင်ပါတယ်။

ဥပမာ (၁)

တောင်အာဖရိကမှာ လူဖြူ – လူမည်းခွဲခြားမှုကြီးစိုးတဲ့ အစိုးရ တစ်ရပ်အုပ်စိုးခဲ့ပါတယ်။ လူမည်းနိုင်ငံရေး အတိုက်အခံခေါင်းဆောင် မင်ဒဲလားဟာ ၁၉၉၀ ဖေဖော်ဝါရီ (၁၁) ရက်မှာ ထောင်က လွတ်လာပါတယ်။ တောင် အာဖရိကမှာ ရှိတဲ့ လူဖြူ လူနည်းစုဟာ လူမည်းလူအများစုကို လွှမ်းမိုးဖိနှိပ်အုပ်ချုပ်ထားပါတယ်။ သမိုင်းဖြတ်သန်း မှုရဲ့ အမွေဆိုးကို ခံခဲ့ရတဲ့ တောင်ဖရိကမှာ လူမည်းတွေဟာ ဖိနှိပ်ချုပ်ချယ်မှုကိုလည်း ခံရသလို၊ ခွဲခြားဆက်ဆံခံရမှု တွေလည်း ဒုနဲ့ဒေး။ သမိုင်းအာဃာတတွေ ရှိပေမယ့် လူဖြူအစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ ဒီကလဲယ်က လူမည်း နိုင်ငံရေးအတိုက်အခံခေါင်းဆောင် မင်ဒဲလားနဲ့ စေ့စပ်ဆွေးနွေးရေးလုပ်ပါတယ်။ မင်ဒဲလားကလည်း စေ့စပ်ဆွေး နွေးရေးမူဘောင်ထဲမှာ တောင်အာဖရိကရဲ့ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေးကို လိုလားခဲ့တယ်။ ဒီလိုနဲ့ မင်ဒဲလား ဟာ ၁၉၉၄ မေလ (၁၀) ရက်နေ့မှာ တောင်အာဖရိကရဲ့ သမ္မတဖြစ်လာခဲ့တယ်။ မင်ဒဲလားဟာ တောင်အာဖရိကမှာ လူဖြူအုပ်စုနဲ့ လူမည်းအုပ်စုအကြား အမုန်းအတေး၊ အာဃာတတွေ ရှိနေတယ်ဆိုတာ သိတယ်။ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးတာ အောင်မြင်ခဲ့ပေမယ့်၊ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းစွာ သမမျှတစွာ နေထိုင်ကြဖို့ လိုအပ်နေသေးတယ်။ သဟဇာတမျှပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့အတွက်၊ နိုင်ငံ ရေးနည်းအားဖြင့် မလုပ်နိုင်တာတွေကို မင်ဒဲလားက အားကစားနဲ့ လုပ်ခဲ့တယ်။ ဒီဇာတ်ကြောင်းကို ပြန်လည် ရိုက်ကူးပုံဖော်ထားတဲ့ (Invictus Movies) ဟာ နာမည်ကြီးတယ်။

မင်ဒဲလားဟာ အားကစားကို အသုံးပြုပြီးတော့ တောင်အာဖရိကလူ့အဖွဲ့အစည်းအတွင်းက လူဖြူ – လူမည်း ကွဲပြားနေတဲ့ အသိုင်းအဝိုင်းစိတ်ကို ဆွဲစုဖို့ ကြိုးစားခဲ့တယ်။ အားကစားဆိုတဲ့ခေါင်းစဉ်အောက်မှာ၊ အမျိုးသားရေး ဂုဏ်အင်လက္ခဏာတည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။ အထင်ကရဖြစ်ရပ်ကတော့ – ၁၉၉၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ရပ်ဂဘီဘောလုံးပြိုင်ပွဲမှာ တောင်အာဖရိကက အနိုင်ရရှိတဲ့ ဖြစ်ရပ်ဖြစ်တယ်။ အသား အရောင်ခွဲခြားမှုအပြုအမူတွေကို အားကစားကနေ ပြုပြင်ပေးလိုက်တဲ့ အမျိုးသားရေးစိတ်ကို ထင်ထင်ရှားရှားတွေ့ မြင်ခဲ့ရတယ်။ လူ့အဖွဲ့အစည်းတွင်းက အမုန်းတရားတွေကို ပြေပျောက်ဖို့ နိုင်ငံရေးနည်းအားဖြင့် မလုပ်နိုင်တာတွေ ကို အားကစားက လုပ်နိုင်ခဲ့တယ်။ တောင်အာဖရိကနိုင်ငံက ထင်ရှားတဲ့သာဓကဖြစ်တယ်။

ဥပမာ (၂)

ပင်ပေါင်ဒီပလိုမေစီလို့ ပြောရင်၊ နိုင်ငံတကာနိုင်ငံရေးလေ့လာလိုက်စားသူတွေ အတော်များများသိပါတယ်။ တရုတ် နဲ့ အမေရိကန်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြေလည်သွားခြင်း အချိုးအကွေ့ဇာတ်ကြောင်းဖြစ်ပါတယ်။ စစ်အေးကာလအတွင်းမှာ အရင်းရှင်နိုင်ငံကြီးတွေနဲ့ ကွန်မြူနိုင်ငံကြီးတွေအကြား ကမ္ဘာ့ရန်လို ဖြစ်ခဲ့တယ်။  အိုင်ဒီ ယော်လိုဂျီတိုက်ပွဲ အပြင်းထန်ဆုံး စစ်အေးကာလအတွင်းမှာ၊ အရင်းရှင်နိုင်ငံကြီးတွေရဲ့ ထိပ်သီး အမေရိကန်နိုင်ငံနဲ့ ကွန်မြူနစ်နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးပြေလည်သွားတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်အစောပိုင်းကာလမှာ အမေရိကန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စားပြု အားကစားသမားတွေ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်တဲ့ဖြစ်ရပ်ကို အကြောင်းပြုပြီး ပင်ပေါင် ဒစ်ပလိုမေစီ ဆိုတဲ့ စကားလုံးက အစပြု လာခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဧပြီမှာ၊ ကွန်မြူနစ်တရုတ်နိုင်ငံဆီကို အမေရိကန် ပင်ပေါင်အားကစားဟာ ပထမဆုံး အကြိမ်လာရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နဲ့ အမေရိကန်နိုင်ငံအကြားမှာ သံခင်းတမန်ခင်း ဆက်ဆံရေးအရ တစ်ဆစ်ချိုးအပြောင်းအလဲအဖြစ် မှတ်ယူကြပါတယ်။ အမေရိကန်သမ္မတ နစ်ဆင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျားနဲ့ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း၊ ချိုအင်လိုင်းတို့ တွေ့ဆုံ ဆွေးနွေးရေးအောင်မြင်ပြီး၊ အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အမြောက် အမြားပေါ်ထွက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပင်ပေါင်အားကစားကို အကြောင်းပြုပြီး နိုင်ငံရေးအရ ပူးပေါင်းမှုတွေ အောင်မြင်ခဲ့တဲ့ အထင်ရှားဆုံး သာဓကဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာက – စစ်အေးခေတ်ကာလ အရှိန်အမြင့်ဆုံး ကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။

ဥပမာ (၃)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် (၅) နှစ်အတွင်းမှာ တွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ကချင်လူမျိုး အောင်လအန်ဆန်းဟာ နိုင်ငံတကာလက်ဝှေ့ယှဉ်ပြိုင်ပွဲမှာ မြန်မာပြည်သူလူထုရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိတဲ့ကိစ္စဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းအရ… ဗမာလူမျိုးတွေနဲ့ လူမျိုးစု တိုင်းရင်းသားတွေအကြားမှာ၊ အထင်အမြင်လွဲမှားမှု၊ လူမျိုးရေးမကျေနပ်မှုတွေ ရှိနေခဲ့ပါတယ်။ ကချင်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေအကြားမှာလည်း အတိုင်းအတာတစ်ခုအထိ နားလည်မှု လွဲမှားနေတာတွေ ရှိခဲ့ပါတယ်။ သို့သော် လည်း ကချင်လူမျိုး အောင်လအန်ဆန်းဟာ သူယှဉ်ပြိုင်တဲ့ လက်ဝှေ့ပွဲတွေမှာ မြန်မာနိုင်ငံအလံကို ခြုံပြီး ကိုယ်စား ပြုခဲ့ခြင်းအပေါ် မြန်မာတစ်မျိုးသားလုံးက တစ်ခဲနက် အားပေးထောက်ခံခဲ့ကြပါတယ်။ ကချင်လူမျိုး အောင်လ အန်ဆန်းအပေါ် မြန်မာလူထုဟာ ဘယ်လူမျိုးပဲ ဘယ်နိုင်ငံသားခံယူထားတာပဲ ဆိုပြီး စောဒက မတက်ပါ။ နိုင်ငံ တကာမှာ မြန်မာရဲ့ ပုံရိပ်ကို ဂုဏ်ဆောင်ခြင်းအပေါ် တခဲနက် အားပေးထောက်ခံခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာ မှာ ဘာကို တွေ့ရသလဲဆိုတော့ – လူမျိုးရေးအရ နားလည်မှုလွဲခဲ့တာတွေကို အားကစားဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသားရေးထီးရိပ်တစ်ခုတည်းအဖြစ် ပြန်လည်ရောက်ရှိအောင် လုပ်နိုင်တယ်ဆိုတဲ့ သက်သေသာဓကပဲဖြစ်ပါ တယ်။ မြန်မာပြည်မှာ – ရုပ်ရှင် ဂီတ အနုပညာဘက်တွေမှာ ထပ်မံ ပြသစရာ သာဓကတွေ မြောက်မြားစွာရှိနေပါ သေးတယ်။

နိုင်ငံရေးအားဖြင့် မလုပ်နိုင်တဲ့ အမျိုးသားရေးညီညွတ်မှုကို၊ အားကစားက လုပ်နိုင်အောင် (တနည်း) အားကစား နည်းကိုအကြောင်းပြုပြီး လုပ်ယူနိုင်ကြောင်း သတိချပ်မိကြဖို့ ဖြစ်ပါတယ်။

လတ်တလော ဥပမာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ဗိုလ်မင်းရွာမှာ – မွတ်ဆလင်နဲ့ ရခိုင်လူမျိုးတွေအကြား ချစ်ကြည်ရေး ဘောလုံးပွဲကို ၂၀၂၁ ဒီဇင်ဘာလ (၁၉) ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့အထိ ကျောက်တော်မြို့နယ် အတွင်းက မွတ်ဆလင်ကျေးရွာတွေနဲ့ ရခိုင်ကျေးရွာအသီးသီးက ဘောလုံးအသင်း (၅၈) သင်းပါဝင် ကစားခဲ့ကြပါ တယ်။ မတူကွဲပြားတဲ့လူ့အသိုက်အဝန်းအတွင်းမှာ၊ အားကစားနည်းအားဖြင့် နားလည်မှု၊ ရင်းနှီးမှု၊ ချစ်ကြည်မှုတွေ တည်ဆောက်တဲ့ဖြစ်ရပ်လို့နားလည်ရပါတယ်။

အားကစား၏ အရေးပါမှု

  • အားကစားကို အကြောင်းပြုပြီး တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေ ပိုလာကြမယ်။
  • အားကစားကို အကြောင်းပြုပြီး တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေ ပိုလာကြမယ်။
  • အားကစားကို အကြောင်းပြုပြီး အချင်းချင်း ပိုမို ထိတွေ့ဆက်ဆံလာနိုင်ကြမယ်။
  • အားကစားကို အကြောင်းပြုပြီး အချင်းချင်းအကြား ယုံကြည်မှု တိုးတက်လာနိုင်ကြမယ်။
  • အားကစားကို အကြောင်းပြုပြီး သဟဇာတမျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်လာနိုင်ကြမယ်။
  • အားကစားကို အကြောင်းပြုပြီး ငြိမ်းချမ်းသောလူ့အသိုင်းအဝန်းကို ကျေးဇူးပြုနိုင်ကြမယ်။

အမျိုးသားရေးကို တည်ဆောက်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းသောလူ့အသိုက်အမြုံတစ်ခု တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ်၊ ရန်သူ မိတ်ဆွေ မခွဲခြားပဲ အားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တဲ့ ရပ်ဝန်းတစ်ခု တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနည်းနဲ့ မစွမ်းနိုင်တာတွေကို အားကစားနည်းအားဖြင့် ကျေးဇူးပြု တည်ဆောက်နိုင်စွမ်းရှိတယ်လို့ နားလည်ကြရပါမယ်။

မမြင်ရသော လူမှုဒေါက်တိုင်များ

မြန်မာပြည်မှာ နိုင်ငံရေးငလျင်လှုပ်ခတ်နိုင်တဲ့ နိုင်ငံရေးပြတ်ရွေ့ကျောတွေ ရှိနေပါတယ်။ အဲသည့်အထဲမှာ၊ ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်အများစု ဆက်စပ်နေထိုင်ကြတဲ့၊ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသတွေပါဝင်နေ ပါတယ်။ မတူကွဲပြားတဲ့ လူအုပ်စုတွေအချင်းချင်းအကြားမှာ၊ သဟဇာတမျှတစွာနေနိုင်ကြဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ကြဖို့ အဘက်ဘက်က လုပ်ဆောင်ကြရပါလိမ့်မယ်။ ဒီလို လုပ်ဆောင်ရာမှာ မမြင်ရသောလူမှု ဒေါက်တိုင်တွေနဲ့ ခိုင်အောင် ထောက်ကြရမယ်လို့ ယူဆပါတယ်။ အဲသည့်အထဲမှာ – အားကစားဟာ ဘေးထွက် ဆိုးကျိုးနည်းတဲ့ တည်ဆောက်ရေးကိရိယာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မင်းသေ့

ညနေ ၆း၄၇

၃၊ ဇန်နဝါရီ၊ ၂၀၂၁။

Previous post အနည်ထိုင်ချိန်မှာ မင်းရောက်လာ
Next post ရှုဒေါင့် – အဘိဓမ္မာ