ဆရာမြသန်းတင့်က ပြာပုံထဲက နိုးထလာတဲ့ ဖီးနစ်ငှက်လိုလို့ တင်စားပြီး မန္တလေးကို ဖွဲ့ခဲ့ဖူးတယ်။ မန္တလေးဟာ ကမ္ဘာစစ်ဒဏ်ကြောင့် ပြာပုံဖြစ်ခဲ့ပေမယ့်၊ အလျင်အမြန်ပဲ ပြာပုံထဲက ထမြောက်ပျံသန်းလာနိုင်ကြောင်း၊ မန္တလေးမြို့ရဲ့ အားမာန်ကို ဖွဲ့ဆိုခဲ့တယ်။ ထို့နောက် စစ်ဘေးဒဏ်ကို ရှောင်တိမ်းဖို့ စစ်ကိုင်းတောင်၊ စစ်ကိုင်းချောင်၊ စစ်ကိုင်း – မင်းဝံတောင်ရိုးထဲမှာ အလျှိုလျှိုခိုလှုံနေကြတဲ့ မန္တလေးသူ၊ မန္တလေးသားတွေဟာ မြို့မတီးဝိုင်းနဲ့ အတူ ပြည်တော်ဝင်လာခဲ့ပုံကို လွမ်းလွမ်းဆွေးဆွေး၊ တွေးတွေးဆဆ၊ အားမာန်ပါပါ ရေးဖွဲ့ခဲ့ပါသေးတယ်။ ပြည်တော်ဝင် သီချင်းကို အေဝမ်းဆရာညှာက ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ ပြည်တော်ဝင်ထဲက တေးသွားစာသားတွေဟာ၊ မန္တလေး ပြည်သူလူထုကို အားမာန်တက်စေတဲ့ စာသားတွေဖြစ်သလို၊ အချင်းချင်း သတင်းမက်ဆေ့ပေးတဲ့ စာသားတွေကို လည်း ထည့်သွင်းရေးစပ်ထားတာတွေ့ရပါတယ်။ မန္တလေးသားဖြစ်တဲ့ ကျနော်ဟာ အေဝမ်းဆရာညှာရေးပြီး၊ ဝင်းဦး သီဆိုခဲ့တဲ့ ပြည်တော်ဝင်သီချင်းကို လွမ်းသသနဲ့ အခေါက်ခေါက်အခါခါ နားထောင်ဖြစ်ခဲ့ပါတယ်။
ဒီနေ့ဒီအချိန်မှာတော့ ဇာတိ၊ ပဝတ္တိကို ဇောင်းပေးပြီးတော့ ရည်သန်စိတ် မဖြစ်ပါဘူး။ မြန်မာပြည် တစ်နိုင်ငံလုံး အတွက် ရည်သန်စိတ်ဖြစ်မိပါတယ်။ သီချင်းတွေမှာ ဘယ်လို သီချင်းတွေက အဆိပ်အတောက်အကင်းဆုံးလဲဆို တာလည်း သတိထားရပါသေးတယ်။ ဆရာ စိုင်းခမ်းလိတ် ရေးသားသီကုံးပြီးတော့၊ စိုင်းထီးဆိုင် သီဆိုခဲ့ဖူးတဲ့ “နေ့သစ်” ဆိုတဲ့သီချင်းကို သတိရပါတယ်။
- အရှေ့ဆီမှာ ရောင်နီလေး သမ်းလို့ လာပြီ
- မိုးလင်းတော့မယ် ထတော့ညီမလေးရယ်
- အချိန်ဆိုတာ လူကို မစောင့်ဘူးလေကွယ်
- ကိုယ်လက်ကို သန့်ရှင်းထား
- စိတ်ဓာတ်ကို စုစည်းထား
- ဒီနေ့သစ်ဟာ တို့ကို မျှော်လင့်ခြင်း အသစ်တွေ ပေးလာမယ်
ကျနော်ဟာ နံနက်ခင်းတွေမှာ၊ “နေ့သစ်” နဲ့ စတင်ဖို့ အမြဲတမ်းလိုလို လုံ့လထုတ်ခဲ့တယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းဟာ၊ နံနက်ခင်းမှာ သတိတရားနဲ့ လက်တို့ သတိပေးဖော်ရခဲ့တယ်။ နေ့သစ်ဟာ အရှေ့ဆီမှာ စတင်တယ် မဟုတ်လား။ ရောင်နီကလည်း အရှေ့က စသမ်းတယ် မဟုတ်လား။ တောင်စွယ်မှာ နေကွယ်ပြီး အမှောင်ကို စတင်တာ အနောက်မှာ မဟုတ်လား။ ရောင်နီဟာ အရှေ့မှာပဲ ရှိတယ်။ နေဝင်ဆည်းဆာကတော့ လှပေမယ့်၊ ဆည်းဆာပြီးရင် အလင်းမလာတော့ပါ။ အမှောင်ထုသာ လာပါလိမ့်မယ်။ အချိန်ကို တန်ဖိုးထားပြီး လုံ့လဝီရိယရှိရှိ ကြိုးစားအားထုတ်ဖို့၊ ကိုယ်လက်မှာ ပေကျံနေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းထားဖို့၊ ဝေဖန်မှုတွေ ကဲ့ရဲ့မှုတွေ ထိုးနှက်မှုတွေကြောင့် ပျံ့လွင့်နေတဲ့ စိတ်ကို စုစည်းထားဖို့၊ ဆရာ စိုင်းခမ်းလိတ်က တိုက်တွန်းခဲ့တယ်။ နေ့သစ်ဟာ မျှော်လင့်ခြင်းအသစ်တွေ တစ်ပုံတစ်ပင်ကြီး သယ်ယူလာအုံးမတဲ့။
- ငှက်တောင်မှ သာယာတဲ့ သီချင်းရွေးတတ်တာပဲ
- စောစောစီးစီး စကားမများကြနဲ့
- ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့အချိန်ဝယ်
- လေကောင်းတွေ ရှူရှိုက်ကြ
- သဘာဝကို မှီဝဲကြ
- ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အား အသစ်တွေ ပေးလာမယ်
ငှက်ကလေးတွေတောင်မှ၊ သာသာယာယာအသံလေးတွေနဲ့ သီချင်းကို ရွေးပြီး ဆိုတတ်သေးရင်၊ ငါတို့က လူတွေလေ။ လူတွေဟာ ဘာလို့ ချိုသာတဲ့စကားတွေ၊ ယဉ်ကျေးတဲ့စကားတွေကို ရွေးပြီး မပြောတတ်ရမှာလဲ။ ငါတို့ဟာ ငှက်ဆိုတဲ့ တိရိစ္ဆာန်လေးတွေထက် ပိုအသိဉာဏ်အဆင့်အတန်းမြင့်မားတဲ့ လူသားတွေ မဟုတ်လား။ မောင်နှမတွေ သိပ်များတဲ့ မိသားစုတွေ အတူနေကြရင်၊ မနက်မိုးလင်းကနေ နေဝင်မိုးချုပ်အထိ စကားများလေ့ ရှိကြတယ် မဟုတ်လား။ တစ်ယောက် အပြုအမူကို တစ်ယောက် ကတောက်ကဆနဲ့ ထစ်ခနဲရှိ စကားများ ရန်ဖြစ် ကြတယ် မဟုတ်လား။ သည်းမခံနိုင်လို့ စကားများကြရင်တောင် နံနက်ခင်း အချိန်ကိုတော့ သတိထားရှောင်စေ ချင် သတဲ့။
ကျနော်တို့ မြန်မာတွေရဲ့ ဓလေ့ယဉ်ကျေးမှုမှာ၊ နံနက်ခင်းဟာ ကျက်သရေမင်္ဂလာနဲ့ အပြည့်စုံဆုံး အချိန် မဟုတ်လား။ ကျက်သရေရှိတဲ့ နံနက်ခင်းအချိန်ကလေးတွေမှာတော့ စကားမများကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့။ ပူညံ ပူညံ မလုပ်ကြပါနဲ့။ တစ်ညလုံး လူအသွားအလာ၊ ကားတွေ မော်တော်ဆိုင်ကယ်တွေ အသွားအလာ အလွန်နည်းလို့ လေထုဟာ သန့်စင်နေတယ်၊ သန့်ရှင်းနေတယ်။ ညအချိန်မှာ ထုတ်လွှတ်ထားတဲ့ သစ်ပင်တွေရဲ့ အောက်ဆီဂျင် တွေကလည်း အပြည့်အဝ မဟုတ်လား။ ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေဟာ အေးမြခြင်း၊ သန့်စင်ခြင်းနဲ့ ခွန်ဓာတ်အားဓာတ်ပါဝင်တဲ့ လေ မဟုတ်လား။ သဘာဝကို မှီဝဲစမ်းပါ။ သဘာဝကို သုံးဆောင်စမ်းပါ။ လေကောင်း လေသန့်တွေကို ရှူရှိုက်ကြပါ။ စိမ်းလန်းသောသစ်ပင်တောတောင်တွေကို ကြည့်ရှုခံစားပါ။ ရေအေးလေးလေး တစ်ခွက်၊ သို့တည်းမဟုတ် ရေနွေးချမ်း ခပ်နွေးနွေးလေးကို သုံးဆောင်ပြီး နံနက်ခင်းမှာ သဘာဝရဲ့ အင်အားကို ယူလိုက်စမ်းပါ။ နေ့သစ်တွေဟာ နံနက်ခင်းတွေနဲ့ စတင်ပြီး သဘာဝကနေ အင်သစ်အားသစ်တွေကို ပေးလာပါ လိမ့်မယ်။
- ည အမှောင်ရဲ့ အိပ်မက်ဆိုးက နိုးလာပြီ
- လမ်းဟောင်း ဆက်မသွားဖို့
- အမှားဟောင်း ဆက်မမှားဖို့
- ပြင်ဆင်ဖို့ လိုတဲ့ အခွင့်ကောင်းပါပဲ
- ရန်ငြိုးတွေ ဖြေဖျောက်စို့
- သွေးရင်းလို လက်တွဲစို့
- ဒီနေ့သစ်ဟာ တို့ကို အောင်မြင်မှုအသစ်တွေ ပေးလာမယ်…
နေ့သစ်ဟာ အမှောင်မိုက်ဆုံး ညကနေ နိုးထလာတာဖြစ်သလို၊ နံနက်ခင်း မျက်လုံးပွင့် အိပ်ယာက နိုးထခြင်းက လည်း အိပ်မက်ဆိုးတွေကနေ လွတ်မြောက်လာတာ မဟုတ်လား။ ဒီနေ့သစ်မှာ အရင် လျှောက်ခဲ့ဖူးတဲ့ လမ်းဟောင်းကို ဆက်မသွားဖို့လိုတယ်။ မှားခဲ့ဖူးတဲ့ အမှားဟောင်းတွေ ဆက်မမှားဖို့ လိုတယ်။ လမ်းဟောင်းတွေ က ဘာတွေလဲ၊ အမှားဟောင်းတွေက ဘာတွေလဲဆိုတာ သိအောင်လုပ်ဖို့လည်း လိုသေးတယ်။ နေ့သစ်တွေမှာ လူသစ်တွေက အမှားဟောင်းတွေကို လုပ်တာမျိုးလည်း ရှောင်ကြရမယ်။ သင်ခန်းစာနိုင်နိုင်ယူနိုင်မှ၊ နေ့သစ်တွေ က မျှော်လင့်ချက်အသစ်တွေ ဖြစ်လာမယ် မဟုတ်လား။ တို့အချင်းချင်းလည်း လက်တွဲထားကြရမယ်။ ရှိနေတဲ့ ရန်ငြိုးတွေကို ဖျောက်၊ အာဃာတတွေကို သင်ပုန်းချေ။ ဒါမှ ရှေ့ဆက်လို့ ရမယ် မဟုတ်လား။ လာမယ့်နေ့သစ်တွေ ဟာ တို့ကို အောင်မြင်မှုအသစ်တွေ သယ်လာပေးမှာပါ။
မင်းသေ့
နေ့လယ် ၂း၃၉
၇၊ ဇန်နဝါရီ၊ ၂၀၂၂။