ဘာ့ကြောင့် ဖက်ဒရယ်စနစ်လုပ်ရမလဲ – ဆိုတဲ့ မေးခွန်းမှာ၊ ကြောင်းကျိုးပြ နားလည်ထားရမယ့်ကိစ္စတွေ ရှိပါတယ်။ အများကဖက်ဒရယ်ဆိုလို့ ကိုယ်က လိုက်ပြီး ဖက်ဒရယ်ဆိုတာမျိုးထက်၊ ဂဃနဏ နားလည်သင့်တယ်။ လူထု နားနဲ့ သဘောပေါက်နိုင်အောင် ရိုးရိုးရှင်းရှင်း တင်ပြပါ့မယ်။

တစ်ဦးချင်းလွတ်လပ်ခွင့် (Individual Liberty)

လစ်ဘရယ်ဒီမိုကရေစီ အပျံ့ကျယ်လာလေလေ၊ လူသားတွေဟာ တစ်ဦးချင်းလွတ်လပ်ခွင့်အရသာကို ပိုပြီး ခံစားနိုင်လာကြလေလေဖြစ်ပါတယ်။ လွတ်လပ်ခွင့်ကို သိမြင်ခံစားနိုင်ပြီးသားလူထုဟာ လွတ်လပ်ခွင့်ကို ပိုလိုလား လာကြတယ်။ လွတ်လပ်ခွင့်ကို ကန့်သတ်နေတဲ့အရာတွေ ရှိတယ်။ လူအုပ်စုကို ဦးတည်ပြီး စဉ်းစားတဲ့သူတွေ ကတော့၊ တစ်ဦးချင်းလွတ်လပ်ခွင့်ထက် အုပ်စုအခွင့်အရေးတွေကို ပိုပြီး လိုလားလေ့ရှိတယ်။ အုပ်စုအကျိုးစီးပွားကို ထိခိုက်မယ်ဆိုရင် တစ်ဦးချင်းလွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ပစ်ချင်တဲ့စိတ်ရှိကြတယ်။ တကယ်တော့ တစ်ဦးချင်းလွတ်လပ်ခွင့်ဆိုတာမှာလည်း၊ တာဝန်ယူမှု – တာဝန်ခံမှုနဲ့ ယှဉ်တဲ့ လွတ်လပ်မှုသာ ဖြစ်ကြရတာဖြစ်ပါ တယ်။ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ဗရမ်းပတာ ဖြစ်တယ်၊ မင်းမဲ့စရိုက်ဆန်တယ်လို့ မြင်တဲ့အမြင်ဟာ သဘော တရားရေးအမြင် ကျဉ်းမြောင်းနေလို့သာ ဖြစ်တယ်။ အထိန်းအကွပ်မဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ဆိုတာ မရှိဘူး။ တာဝန်ယူမှုကင်းမဲ့တဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ဆိုတာ မရှိဘူး။ လူတစ်ဦး တစ်ယောက်ချင်း၊ ပြည်သူတစ်ဦး တစ်ယောက်ချင်းရဲ့ လွတ်လပ်မှုမှာ၊ တရားဥပဒေကို လေးစားလိုက်နာတာ။ ကိုယ်ပြုမှုပြောဆိုတဲ့အရာအပေါ်မှာ တာဝန်ယူရတာတွေ ပါဝင်တယ်။ အုပ်စုအခွင့်အရေးနဲ့ အုပ်စုအကျိုးစီးပွားကိုချည်း တည်ပြီးစဉ်းစားခဲ့ကြလို့၊ ဘဝ တွေ သေသွားတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိတယ်။ ဖက်ဆစ်ဝါဒ ပြင်းထန်ခဲ့တဲ့နိုင်ငံတွေကို ကြည့်ပါ။ ကွန်မြူနစ်ဝါဒ အလွန်အကျွံဖြစ်ခဲ့တဲ့ နိုင်ငံတွေကို ကြည့်ပါ။ အမျိုးသားရေးဝါဒ ပြင်းထန်ခဲ့တဲ့နိုင်ငံတွေကို ကြည့်ပါ။ သိပ်ယေဘုယျ ကျတဲ့ ဝေါဟာရတွေဖြစ်တဲ့ “အမျိုးသားရေး” “လူမျိုးအတွက်” “ပြည်သူအတွက်” ဆိုတဲ့ စကားတွေကို နိုင်နိုင်သုံး ပြီး တကယ့်အောက်ခြေလူထုတစ်ဦးချင်းစီရဲ့ ဘဝတွေကို စတေးခံလိုက်ကြရတာ အများအပြားပဲ ရှိခဲ့တယ်။ ဖက်ဒရယ်စနစ်ဆိုတာ ဒီမိုကရေစီစနစ်နဲ့ မိတ်ဖက်ဖြစ်တယ်။ ရန်ဘက် မဟုတ်ဘူး။ ဒီမိုကရေစီကလည်း တစ်ဦးချင်း လွတ်လပ်ခွင့်ကို လေးစားတယ်။ ဖက်ဒရယ်စနစ်မှာလည်း တစ်ဦးချင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးထားတယ်။ ဖက်ဒရယ်စနစ်မှာ အုပ်စုကြီးတစ်ခုရဲ့ ဗိုလ်ကျလွှမ်းမိုးမှုကို ဟန့်တားနိုင်စွမ်း ရှိတယ်။ ဗဟိုအစိုးရက လူမျိုးစုပြည် နယ်တွေကို ဗိုလ်ကျအုပ်ချုပ်တာမျိုးကို ဟန့်တားကာကွယ်နိုင်စွမ်း ရှိတယ်။

စတဲ့ ယေဘုယျဆန်တဲ့စကားလုံးတွေကို သုံးပြီး လူထုရဲ့ ဘဝတွေကို လက်လွှတ်စပယ် စတေးပစ်တာမျိုးကို ဖက်ဒရယ်စနစ်မှာ ကန့်သတ်တားဆီးနိုင်စွမ်း ရှိတယ်။ လူနည်းစုဖြစ်ပေမယ့် လူနည်းစုအခွင့်အရေးကို ကာကွယ်ပေး ထားတဲ့ စနစ်မျိုးဖြစ်တယ်။ အထူးသဖြင့် မြန်မာပြည်လို လူမျိုးစုမျိုးစုံတဲ့နိုင်ငံမျိုးမှာ၊ လူအုပ်စုများတဲ့ ဘက်က၊ လူနည်းစုဘက်ကို ဖိနှိပ်တာ၊ ဗိုလ်ကျလွှမ်းမိုးတာတွေ လုပ်တတ်တယ်။ လူမျိုးတစ်မျိုးကို လူမျိုးတစ်မျိုးက ဖိနှိပ်တာမျိုးကို အလွယ်တကူ လုပ်နိုင်တယ်။ ဖက်ဒရယ်စနစ်ဟာ လူနည်းစုရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ထားပေး နိုင်တယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေရခြင်းဖြစ်တယ်။

ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် (Self-determination)

လူမျိုးစုငယ်တွေအပြင်၊ အုပ်စုအင်အားမကြီးတဲ့ လူမျိုးစုတွေဟာ အုပ်စုအားတောင့်တင်းတဲ့ လူမျိုးကြီးတစ်ခုရဲ့ အထွေထွေ အပြဋ္ဌာန်းခံအောက်မှာ နေရလေ့ရှိတယ်။ အာဏာရှင်စနစ်လည်းဖြစ်တယ်၊ မဟာလူမျိုးကြီးစိတ်လည်း ရှိတယ်၊ အမျိုးသားရေးဝါဒကိုလည်း ကိုင်စွဲထားတယ်ဆိုရင်၊ အဲသည့်တိုင်းပြည် အဲသည့်နိုင်ငံ အဲသည့်လူ့အဖွဲ့ အစည်းမှာ ဗိုလ်ကျလွှမ်းမိုးအနိုင်ကျင့်မှုတွေ ပြင်းထန်နေမှာပဲ။ ဖက်ဒရယ်စနစ်ဟာ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းစီရင် ပိုင်ခွင့်ကို ရစေလိမ့်မယ်။ ကိုယ့်ဒေသရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ့်ဒေသတွင်းက လူတွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ကျကျနန စီရင်ပိုင်ခွင့်ရတယ်။ ကိုယ့်ပြည်နယ်တွင်းက လူထုရဲ့ ဘဝတိုးတက်ဖွံ့ဖြိုးရေးနဲ့ တစ်ဦးချင်းဘဝ လွတ်လပ် ခွင့်တွေကို အာမခံချက်ပေးနိုင်လိမ့်မယ်။ ကိုယ့်ဒေသ၊ ကိုယ့်လူထု၊ ကိုယ့်လူမျိုးရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ဆိုတာကို ကိုယ့်ရဲ့လုပ်ရပ်နဲ့ ပီပီပြင်ပြင် ဖော်ဆောင်နိုင်တယ်။ ကိုယ့်ဒေသ၊ ကိုယ့်လူထုနဲ့ ကိုယ့်လူမျိုးရဲ့ တိုးတက် ခြင်း၊ မတိုးတက်ခြင်းကို တခြားလူအုပ်စုတစ်ခု (သို့မဟုတ်) ဗဟိုအစိုးရတစ်ရပ် (သို့မဟုတ်) တခြားလူမျိုးတစ်မျိုးရဲ့ စီရင်အပြဋ္ဌာန်းခံအောက်မှာ တည်နေမှာ မဟုတ်ဘူး။ ကိုယ့်ကြမ္မာကို ကိုယ်စီရင်ပြဋ္ဌာန်းနိုင်တယ်။ ကိုယ့်နှာခေါင်း ပေါက်နဲ့ ကိုယ်အသက်ရှုမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်။ ကိုယ်ရပ်တည်နိုင်ဖို့ သူများတကာကို မျှော်ကိုးနေတာမျိုး မဟုတ်ဘူး။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်ဆိုတာကို လိုလိုလားလား ဦးတည်နေခြင်း ဖြစ်တယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာရဲ့ အဓိက အခရာကျတဲ့အရာက အာဏာခွဲဝေရေးဖြစ်ပါတယ်။ ပါဝါခွဲဝေမှုဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာပဲဖြစ်ဖြစ်၊ တရားစီရင်ရေးအာဏာပဲဖြစ်ဖြစ်၊ ဥပဒေပြုရေးအာဏာပဲဖြစ်ဖြစ် တစ်ဦးတည်းက ချုပ်ကိုင်ထားတဲ့ အာဏာရှင်စနစ်မျိုးရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ အာဏာသုံးရပ်ကို ခွဲခြားပိုင်းခြားတာဖြစ်သလို၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား ခွဲဝေထားတဲ့ အာဏာပိုင်းခြားခွဲဝေမှု ရှိတယ်။ လူတစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့ (သို့မဟုတ်) လူမျိုးတစ်မျိုးက အာဏာကို မောင်ပိုင်စီးထားတာမျိုး၊ ဖက်ဒရယ်စနစ်မှာ လုပ်ခွင့် မရှိဘူး။ လုပ်လို့ မရဘူး။ ဒါ့ကြောင့် ဖက်ဒရယ်ကို ဦးတည်နေရခြင်းဖြစ်တယ်။ ဗိုလ်ကျလွှမ်းမိုးချုပ်ကိုင်မှုတွေနဲ့ ခြယ်လှယ်ခံနေရတဲ့ ဇာတ်လမ်းကို ရပ်တန့်သင့်ပြီ။

ကိုယ်ပိုင်အမှတ်သရုပ်နဲ့ ထွန်းလင်းခွင့် (Self-identity)

လူတိုင်းဟာ ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိတယ်၊ ကိုယ့်စတိုင်လ်နဲ့ ကိုယ်ရှိတယ်။  လူမျိုးတိုင်းဟာ ကိုယ့်အမှတ်သရုပ်နဲ့ ကိုယ်ရှိတယ်။ ကိုယ့်အသွေးအရောင်ဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အလင်းရောင်ပဲ။ ကိုယ့်မူကိုယ့်ဟန်နဲ့ လွတ်လပ်စွာ ဝင့်ကြွားနိုင်တယ်။ စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာ မဟုတ်ဘူး။ ကိုယ့်အရောင်နဲ့ ကိုယ်။ ကိုယ့်အလင်းနဲ့ ကိုယ်။ ကိုယ့်အသွေးအရောင်နဲ့ ကိုယ့်စတိုင်လ်နဲ့။ ကိုယ့်ဘာသာကို လှချင်တိုင်း လှနေနိုင်တယ်။ လူဟာ အမှတ်သရုပ်ပေါင်း များစွာ ရှိနေပါတယ်။ လိင်စိတ်ကွဲပြားမှုအလိုက် အသွေးအရောင် တစ်မျိုးစီရှိတယ်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အလိုက် ကိုယ်ပိုင်အလှတွေ ရှိနေတယ်။ ကိုးကွယ်ယုံကြည်မှုအရလည်း ကိုယ်ပိုင်ခံယူချက်တွေ ရှိတယ်။ ကိုယ် နေထိုင်ရာ ဒေသ၊ ကိုယ်စားသောက်တဲ့ အစားအစာ၊ ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစား၊ ကိုယ်ယုံကြည်သက်ဝင်တဲ့ အမြင်အယူအဆ၊ ကိုယ်နားလည်လက်ခံထားတဲ့ ဓလေ့ထုံးစံ။ ဒါတွေအားလုံးဟာ အမှတ်သရုပ်ကို ကိုယ်စားပြုတာ ပဲဖြစ်ပါတယ်။ ကိုယ့်အလှနဲ့ ကိုယ်နေမယ်။ ကိုယ့်ရာဇဝင်နဲ့ ကိုယ်၊ ကိုယ့်သမိုင်းဖြတ်သန်းမှုနဲ့ ကိုယ်ဖြစ်တယ်။ ဒါဟာ တစ်ကိုယ်ကောင်းဝါဒ မဟုတ်ဘူး။ ကိုယ့်အလင်း၊ ကိုယ့်အရောင်၊ ကိုယ့်တန်ဖိုးအတိုင်း ရှင်သန်ရပ်တည်တာ။ သူများတကာက ကိုယ့်ရဲ့ အသွေးအရောင်ကို လာပြဋ္ဌာန်းတာ၊ လာကန့်သတ်တာ၊ လာပြီး ဖျက်ဆီးတာမျိုးကို လက်သင့်ခံလို့ မရဘူး။ ကိုယ့်အလင်းနဲ့ ကိုယ့်အသွေးအရောင်နဲ့ ကိုယ့်ဓလေ့နဲ့ ကိုယ်ဖြစ်သော်ငြားလည်း ဖြစ်ချင် တိုင်းဖြစ်နေတာ၊ လုပ်ချင်တာလုပ်နေတာမျိုး မဟုတ်ဘူး။ တခြားသူတွေရဲ့ အမှတ်သရုပ်တွေကို လေးစားသိမှတ် နားလည်ပြီး၊ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိထားရမယ်။ အမှတ်သရုပ်အချင်းချင်း တိုးတိုက်မှု၊ ပဋိပက္ခ ဖြစ်မှုကို ထိန်းကွပ်နိုင်ဖို့၊ နိုင်ငံတော်မှာ ပြဋ္ဌာန်းထားတဲ့ တရားဥပဒေကို လေးစားလိုက်နာရလိမ့်မယ်။ ကိုယ့်စည်း ကိုယ့်ကမ်း ကိုယ့်ကျင့်ဝတ်ကို လိုက်နာပြီး အချင်းချင်း လေးစားတတ်တဲ့အကျင့်နဲ့ ကိုယ့်အမှတ်သရုပ်အတိုင်း ကိုယ်လင်းစေနိုင်တယ်။ ဒါဟာ ဖက်ဒရယ်စနစ်မှာပဲ ရနိုင်တယ်။ ပိုပြီး ပြည့်ပြည့်စုံစုံပြောရရင် ဖက်ဒရယ်ဒီမိုကရေစီ စနစ်မှာပဲ ရနိုင်တယ်။

မင်းသေ့

နေ့လယ် ၁၂း၁၈

၇၊ ဇန်နဝါရီ၊ ၂၀၂၁။

Previous post နေ့သစ်မှာ မျှော်လင့်ခြင်းအသစ်တွေ
Next post အမျိုးသားညီညွတ်ရေးမျိုးစေ့ ပျိုးခဲ့ပါ