ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တဲ့သူ အတော်များများကို တွေ့ဖူးမပေါ့။

ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ထက်မြက် ထက်မြက်ပါစေ။ ဒီလူတစ်ယောက်ဟာ မယုံရဘူး၊ စိတ်မချရဘူးဆိုရင် ဘယ်လို တာဝန်မျိုးကို ပေးရဲတော့မလဲ။ ခရီးတစ်ခုကို သွားသည် ဖြစ်စေ။ အလုပ်တစ်ခုကို လုပ် ဖို့ ဖြစ်စေ။ ဒီလူဟာ မယုံရဘူးဆိုရင် ဘယ်လို ဖြစ်ပါတော့မလဲ။

ကိုယ်နဲ့ တစ်ဖွဲ့တည်း၊ တစ်အုပ်စုတည်းမှာ ကြုံဖူးကြမပေါ့။ ဒီလူက သိပ်မယုံရဘူး… ဆိုတာမျိုး။ ယုံကြည်စိတ်ချရ တယ်ဆိုတာက ဘယ်က လာသလဲ။ ဖြောင့်မတ်သောစိတ်ထားက လာတယ်လို့ ထင်ပါတယ်။ မဖြောင့်တဲ့သူဟာ မယုံရဘူး။ စိတ်မချရဘူး။ တစ်ခုခုကို တာဝန်ပေးလိုက်တယ်။ တစ်ခုခုကို အပ်နှံလိုက်တယ်။ တစ်ခုခုကို ဖွင့်ဟ လိုက်တယ်။ တစ်ခုခုကို အကူအညီတောင်းလိုက်တယ်။ မယုံရတဲ့သူ၊ စိတ်ချလက်ချမဖြစ်ရတဲ့သူတွေ ကြုံဖူးမပေါ့။

ကိုယ်က ယုံပြီး တစ်ခုခု ပြောမိလိုက်တယ်။ တစ်ခုခု ဖွင့်ဟလိုက်မိတယ်။ တစ်ခုခု ရင်ဖွင့်လိုက်မိတယ်။ နောက်ကွယ် မှာ စိတ်မချရဘူး ဆိုတာမျိုး။ ကိုယ့်နောက်ကွယ်မှာ ငါပြောခဲ့မိတဲ့စကားအတွက် စိတ်ချရပါ့မလား။ ဒီလို အဖြစ်မျိုး ကြုံဖူးကြမယ် ထင်တယ်။ ငါ ပြောမိတာ မှားပြီ ဆိုတာမျိုး၊ ကြုံဖူးကြမှာပါ။

ယုံမှတ်လို့ ပုံအပ်မိရင်း ဒုက္ခနဲ့ ကြုံခဲ့ကြရတာမျိုး ကြုံဖူးကြမပေါ့။ တချို့ လူရင်းဆိုပြီး ငွေကြေး အမြောက်အမြား ချေးလို့ ငှားလို့ ကိုယ်က အာမခံပေးလိုက်တယ်။ နောက်တော့ အကြွေးတွေက ကိုယ့်အပေါ် လာပုံနေတာမျိုး။ ဒါတွေ ကြုံဖူးကြမပေါ့။ တချို့လည်း ကိုယ့်ပိုက်ဆံကို ချေးပေးလိုက်တယ်။ တချို့လည်း ကိုယ့်မိတ်ဆွေကို အာမခံ ပေးလိုက်တယ်။ မယုံကြည်ရ၊ စိတ်မချရတဲ့အခါ သူ့ဒုက္ခက ကိုယ့်ဒုက္ခ ဖြစ်လာတာမျိုး။ ဒါတွေ ကြုံဖူးကြမပေါ့။

ရောင်းရေးဝယ်တာ ကိစ္စတွေမှာလည်း ဒီလိုပဲ။ ယုံကြည်ရတယ်ထင်ပြီး ဝယ်လိုက်မိတယ်။ အရည်အသွေး မကောင်း တဲ့ ပစ္စည်းကို ရလိုက်မိတယ်။ အတော်ဒေါသထွက်ရတဲ့ကိစ္စပဲ။ ကိုယ်က လူရင်းမို့လို့ တန်ဖိုးကြီး ပစ္စည်းတစ်ခုခု အပ်နှံထားမိတယ်။ ကိုယ့်ပစ္စည်းကို အလွဲသုံးစားလုပ်တယ်။ ဒီလိုတွေက အများကြီးပဲ။

လုပ်ငန်းခွင်ထဲမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ့်လက်အောက်က လူ၊ ကိုယ့်အထက်က လူ။ ဘယ်လောက်ပဲ ဘွဲ့ကြီးကြီးရထား ရထား၊ ဘယ်လောက်ပဲ ရာထူး ကြီးကြီး။ ကိုယ့်အောက်ကလူတစ်ယောက်မှာလည်း ဒီလိုပဲ။ ဘယ်လိုပဲ ကိုယ့်ရှေ့မှာ ဟုတ်ကဲ့ ခင်ဗျ၊ ဟုတ်ကဲ့ ခင်ဗျ လုပ်နေပါစေ… နောက်ကွယ်မှာ လုပ်ချင်ရာလုပ်တတ်တဲ့ဉာဉ်မျိုး ရှိသူတွေကို ကြုံဖူးကြမှာပါ။ သူငယ်ချင်း မိတ်ဆွေ ထဲမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ်က ယုံလို့ တစ်ခုခု အကူအညီတောင်းမိတယ်။ ဒါမှ မဟုတ် ကိုယ်က ယုံလို့ အကျိုးတူစီးပွားဖက် ပူးပေါင်းပြီး စီးပွားရေးတစ်ခု၊ လုပ်ငန်းတစ်ခု လုပ်မိတယ်။ နောက်တော့ ဖောက်လာ တယ်။ စိတ်မချရဘူး။ အလုပ်တစ်ခုကို ခိုင်းလိုက်ရင်၊ အဆင်ပြေတယ်လို့ကို မရှိဘူး။ တစ်ခုမဟုတ် တစ်ခု ပြဿနာ တက်လာတယ်ဆိုတာမျိုး။ ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်ရင် နေရာအတော်များများမှာ အရေးကြီးတယ်။

တချို့တွေ သိတာတတ်တာ သိပ်များတယ်။ ဒါပေမယ့် …

  • လက်တွေ့လုပ်လိုက်ရင် လက်ပေါ်သရေပဲ။
  • ဖြစ်ကတတ်ဆန်း လုပ်လိုက်တယ်။
  • ပြီးပြီးရော လုပ်လိုက်တယ်။
  • အလွယ်လုပ်လိုက်တယ်။
  • အဖြစ်ပဲ လုပ်တယ်။
  • တိုးလို့တန်းလန်းနဲ့ လုပ်ထားခဲ့လိုက်တယ်။
  • အပေါ်ယံပဲ လုပ်ခဲ့လိုက်တယ်။
  • လုပ်ချင်ရာ လုပ်ထားခဲ့လိုက်တယ်။
  • မစေ့စပ်ဘူး၊
  • အမြှီးသိမ်း မတတ်ဘူး။

ခိုင်းရင်တော့ လုပ်ပါရဲ့။ ဒါပေမယ့် ဘယ်တော့မှ အဆင်ပြေပြေ မပြီးစီးဘူး။ တစ်ခုပြီး တစ်ခု ပြဿနာတက်တယ်။ လွဲတာ ချော်တာ ပေါ်လာတယ်။ နောက်က လိုက်ရတဲ့သူက ပိုမောတယ်။ ဒီလို အဖြစ်မျိုးတွေ ကြုံဖူးမပေါ့။ တကယ် တော့ တိုင်းပြည်ကို ဦးဆောင်တယ်ဆိုတာ သိပ်ကြီးလေးတဲ့ တာဝန်တစ်ခုပါ။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရ တယ်ဆိုတာလည်း သိပ်ကြီးလေးတဲ့တာဝန်။ သာမန် လုပ်ငန်းကိုင်ငန်းလေးတွေမှာတောင် ယုံကြည်စိတ်ချရမှ ဖြစ်မယ်ဆိုရင်၊ နိုင်ငံနဲ့ချီတဲ့ တာဝန်၊ တိုင်းပြည်နဲ့ ချီတဲ့တာဝန်မျိုးကို ယူထားရသူအဖို့ ယုံကြည်စိတ်ချရမှုဟာ ဘယ်လောက်အရေးကြီးသလဲ။ အာဏာရထားပြီး ရထားတဲ့အာဏာကို အလွဲသုံးစား မလုပ်ဘဲ၊ ထိန်းထိန်းသိမ်းသိမ်း တာဝန်သိသိ သုံးစွဲတဲ့ ခေါင်းဆောင်မျိုး ဘယ်နှယောက်တွေ့ဖူးပါသလဲ။ လုပ်ပိုင်ခွင့်ရထားတဲ့ ရာထူးကြီးကြီး၊ ဌာနန္တရကြီးကြီး လူပုဂ္ဂိုလ်တစ်ယောက် လုပ်ပိုင်ခွင့်ကို လေးလေးစားစားနဲ့ သုံးစွဲတာ၊ ရထားတဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစား မလုပ်တဲ့လူကြီးမျိုး ဘယ်နှယောက်တွေ့ဖူးသလဲ။

ယုံကြည်စိတ်ချရမှုဟာ သိပ်အရေးကြီးတယ်။ မယုံရတဲ့သူ၊ စိတ်မချရတဲ့သူရဲ့ လက်ထဲက အာဏာနဲ့ လုပ်ပိုင်ခွင့်ဟာ ဒုက္ခနဲ့ အကျပ်အတည်းတွေ၊ ပြဿနာတွေကိုသာ သယ်လာလိမ့်မယ်။ ကောင်းကျိုးတစ်စုံတစ်ရာကို လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့သဘာဝက – ဘယ်သူ ယုံယုံ မယုံယုံ၊ ငါ့အဖွဲ့ထဲက လူတွေ ငါ့ကို ယုံနေရင် ငါ လုပ်ချင်ရာ လုပ်လို့ ရပြီ ဆိုတာမျိုး စိတ်ထားတတ်ကြတယ်။ ထိုနည်းတူစွာပဲ၊ ယုံတာတွေ စိတ်ချတာတွေ နားမလည်ဘူး၊ လောလောဆယ် ငါ အာဏာရှိတယ်၊ ငါ လုပ်ပိုင်ခွင့် ရှိတယ်။ ငါ ခိုင်းတာ မင်းတို့ လုပ်ရမယ်။ ငါ လုပ် ပေးတာကို မင်းတို့ ကျေနပ်ရမယ်။ စောဒက မတက်နဲ့…..၊ ဆိုတာမျိုးတွေ သိပ်များတယ်။

မင်းသေ့

ည ၇း၅၇

၇၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post မြန်မာ့လူမှုကော်စေး
Next post နေ့သစ်မှာ မျှော်လင့်ခြင်းအသစ်တွေ