စာကိုကြေညက်စေခြင်း။

• ပညာဖြစ်ဖို့၊ အပေါ်ယံ ကြေညက်ခြင်းနဲ့ မရဘူး။
• တိတိကျကျဖြစ်ဖို့၊ ရေးသားသင့်က ရေးရမယ်။

ဒီတစ်ခါတော့၊ စာသမားတို့အကြောင်းရေးချင်တယ်။ စာသမားတွေဟာ၊ စာကို ကြေညက်ကို ဘယ်လို ချက်ကြသလဲ ဆိုတဲ့ အကြောင်း။

စာဖတ်တာဟာ၊ အစာစားတာနဲ့ တူပါတယ်။
အစာ စားဖို့၊ စားမယ့် အစာကို ပြင်ဆင်တယ်။ ချက်ပြုတ်တယ်။ တချို့က၊ တန်ဆာဆင်ပြီးတောင် စားပါတယ်။ စာသမားတွေ လုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ စာမဖတ်ရင်၊ ပြင်ဆင်ချက်ပြုတ်သလိုမျိုး။ တိတ်ဆိတ်တဲ့နေရာ၊ ရှာတယ်။ သက်သောင့်သက်သာဖြစ်တဲ့ နေရာထိုင်ခင်းကို လုပ်တယ်။ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ယူတယ်။ ရေနွေးကြမ်းကြိုက်ရင်၊ ရေနွေးကြမ်း။ ကော်ဖီကြိုက်ရင်၊ ကော်ဖီ။ လက်ဖက်ရည် ကြိုက်ရင်၊ လက်ဖက်ရည်။

ဒါဟာ၊ စာသမားတွေ လုပ်လေ့လုပ်ထရှိတဲ့ ပြင်ဆင်ချက်ပြုတ်နည်းပါပဲ။ ရိုးရှင်းပါတယ်။ သိပ်ရိုးရှင်းပါတယ်။ အခု ပြောချင်တာက၊ စားလိုက်တဲ့ အစာကို အစာအိမ်ထဲမှာ ကြေညက်စေသလို၊ ဖတ်လိုက်တဲ့ အသိကို နားလည်မှု အဖြစ် ဘယ်လို ပြောင်းသလဲဆိုတာ ပြောချင်ပါတယ်။

• သိခြင်းဟာ၊ မှတ်သားခြင်း အပေါ်မှာ အခြေခံတယ်။
• နားလည်ခြင်းဟာ၊ ကြေညက်ခြင်းဖြစ်ပါတယ်။

မှတ်သားဉာဏ် ကောင်းလို့၊ သိလိုက်ပေမယ့်၊ အဲ့ဒါကို လက်တွေ့ကျင့်သုံးဖို့၊ ဒါမှ မဟုတ် သုံးသပ်ဆင်ခြင်ဖို့ အတွက်၊ နားလည်မှု အဆင့်ကို ကူးမှ ရတယ်။ နားလည်မှု အဆင့်ကို မကူးမြောက်နိုင်ရင်၊ လက်တွေ့ကျင့်သုံး ခြင်းလည်း မလုပ်နိုင်ဘူး။ သုံးသပ်ဆင်ခြင်ခြင်းဆိုတာလည်း ဝေးရော။

စာကို ဖတ်လိုက်တော့၊ ဦးနှောက်ထဲရောက်ပေမယ့် အသွေးအသားထဲ မရောက်ရင်၊ ကြေညက်တယ်လို့ မခေါ် နိုင်ပါဘူး။

အစားစားလိုက်ရင်၊ ပါးစပ်က တစ်ဆင့် အစာအိမ်။ အစာအိမ်ကတစ်ဆင့်၊ အဆင့်ဆင့် ချေညက်ပြီး၊ အူသိမ်အူမ တွေကတစ်ဆင့် အာဟာရကို ဆိုင်ရာအသွေးအသားတွေဆီကို ပို့သလို ဖြစ်ပါတယ်။

အရိုးအတွက် အာဟာရက အရိုးအတွက်။
အကြောအတွက် အာဟာရက အကြောအတွက်။
အသားအတွက် အာဟာရက အသားအတွက်… စသည်ဖြင့်။

ဖတ်လိုက်တဲ့ အစာက၊ မျက်လုံးနေတစ်ဆင့်၊ ဦးနှောက်။ ဦးနှောက်ကနေ၊ နှလုံးသား။ ဦးနှောက်နဲ့ နှလုံးသားကနေ…. တစ်ကိုယ်လုံးကို စိမ့်ပျံ့။

အလုပ် ၄ ခု

လူ့တစ်ကိုယ်လုံးကို ပျံ့နှံ့ဖို့၊ ဦးနှောက်မှာ ကြေညက်ရမယ်။ နှလုံးသားမှာ၊ ကြေညက်ရမယ်။ အဲ့လို ကြေညက်ဖို့ အတွက်၊ စာသမားဟာ အလုပ် (၄) ခုကို လုပ်ရတယ်။

• နံပါတ် (၁) အလုပ်က၊ စာကို အာရုံပျံ့လွင့်မှု နည်းနည်းနဲ့ စူးစိုက်ပြီး ဖတ်တာ။
• နံပါတ် (၂) အလုပ်က၊ သိထားတဲ့ အသိကို ပြန်စဉ်းစားတာ၊ ပြန်တွေးခေါ်တာ။
• နံပါတ် (၃) အလုပ်က၊ စဉ်းစားတွေးခေါ်ထားတဲ့ အသိကို၊ တခြားသူနဲ့ ဆွေးနွေးတာ၊ ငြင်းခုန်တာ၊ ဖလှယ်တာ။ မျှဝေတာ။ မေးခွန်းထုတ်တာ။
• နံပါတ် (၄) အလုပ်က၊ တတ်နိုင်သမျှ လက်တွေ့ ကျင့်သုံးကြည့်တာ။

ဒီအလုပ် (၄) ကို တတ်နိုင်သမျှ စူးစိုက်ပြီး လုပ်ရင်၊ ဖတ်ထားတဲ့ စာက ကြေညက်ဖို့ ဖြစ်တယ်။ ကြေညက်တဲ့ စာကသာ၊ အာဟာရအဖြစ်ကို ပြောင်းလဲနိုင်ပြီး အသွေးအသားကို ထောက်ပံ့ပါတယ်။ အသွေးအသားကို ထောက်ပံ့တဲ့ စာအာဟာရကသာ၊ လူကို ခွန်အားဖြစ်စေတယ်။ လူ့စွမ်းအားကို ဖြစ်စေတယ်။ လူ့စွမ်းဆောင် ရည်ကို မြှင့်တင်ပေးနိုင်တယ်။

တော်တော်များများသော စာဖတ်သမားများက၊ စာတွေ အများကြီး ဖတ်ကြပေမယ့် အကျိုးသိပ်မရကြဘူး။ အကြောင်းကတော့၊ ကြေညက်ခြင်း ဖြစ်စဉ်ကို သတိထားပြီး၊ မလုပ်ဖြစ်လို့ ဖြစ်ပါတယ်။ ဖတ်လိုက်တဲ့ စာကို နားလည်တဲ့ အဆင့်ကိုရောက်ဖို့၊ ကိုယ့်ဘာသာ စဉ်းစားတွေးခေါ်တာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ တခြားသူနဲ့ ဆွေးနွေးရမယ်။ ဖလှယ်ရတယ်။ ကိုယ်နဲ့ အမြင်သဘောထား မတူတဲ့သူနဲ့ ဆွေးနွေးရင်၊ ပိုလို့တောင် အကျိုးဖြစ်ပါတယ်။
ပညာဆိုတာ၊ မတူခြင်းတွေ၊ တိုးတိုက်ခြင်းတွေကနေ ဖြစ်ပေါ်လာတာ။

တကယ့် စာသမားတစ်ယောက်ဟာ၊ စာရဲ့ ကြေညက်ခြင်းကို လုပ်ဖို့ အပျော်တမ်း လုပ်လို့ မဖြစ်ဘူး။ သေချာ ဂရုဓမ္မထားပြီး လုပ်ဖို့ လိုတယ်။ သေချာစူးစိုက်ပြီး၊ လုပ်မှ ဖြစ်မယ်။ လုပ်တစ်ချက်၊ မလုပ်တစ်ချက် လုပ်နေလို့ လည်း မရဘူး။ ပြတ်တောင်း၊ ပြတ်တောင်း လုပ်တာ။ ကောက်ရိုးမီးလို လုပ်တာတွေ မဖြစ်စေရဘူး။

• ပညာဖြစ်ဖို့၊ အပေါ်ယံ ကြေညက်ခြင်းနဲ့ မရဘူး။
• တိတိကျကျဖြစ်ဖို့၊ ရေးသားသင့်က ရေးရမယ်။

ဖရန်စစ်ဘေကွန်က ပြောဖူးတယ်။ ရေးသားခြင်းက၊ တိကျခြင်းကို ဖြစ်စေသည်…တဲ့။ ဆွေးနွေးခြင်းက၊ အရံသင့် ဖြစ်စေသည်…တဲ့။

စာဖတ်သမားတော်တော်များများက၊ လိုရင် ဦးနှောက်ထဲက ချက်ခြင်း ထုတ်ဖို့ မလွယ်တဲ့ အဖြစ်ကို ကြုံတယ်။ အဲ့ဒါ့ မကြေညက်လို့ ဖြစ်ပါတယ်။ အရံသင့်မဖြစ်လို့ ဖြစ်ပါတယ်။ အဲ့တော့၊ အစာစားတဲ့ အခါ ဝမ်းထဲမှာ မကြေညက်ရင်၊ အာဟာရ မဖြစ်တဲ့ အပြင် လူကို ဥပ္ပါဒ်ပေးတယ်။ လူကို ဒုက္ခပေးတယ်။

ဖတ်တဲ့စာက မကြေညက်ရင်၊ လူကို ဒုက္ခပေးတယ်။ ဖတ်သူရဲ့ ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက်ဖြစ်စေ တယ်။ စာမကြေတဲ့သူဟာ၊ ဘာမှ မသိတဲ့သူထက် လူ့ပတ်ဝန်းကျင်ကို ပိုလို့ ဒုက္ခပေးနိုင်ပါတယ်။

အင်္ဂလိပ်စကားမှာလည်း ရှိတယ်။ Little Knowledge is dangerous… တဲ့။ ဒါက၊ ပြည့်ပြည့်ဝဝ မသိရင်၊ ပြည့်ပြည့်ဝဝ နားမလည်ထားရင် အန္တရာယ်ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အပေါ်ယံသိတာဟာ၊ လူ့အသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေတယ်။ ဒါကို သမိုင်းသာဓကတွေ လေ့လာ ကြည့်ရင်၊ တွေ့နိုင်မြင်နိုင်ပါတယ်။

မင်းသေ့
နံနက် ၈ း ၁၂
၁၁ ၊ ဧပြီ ၊ ၂၀၁၈ ။

Previous post စာရေးတဲ့ အလုပ်။
Books and Men Next post စာအုပ်များ လူများ