စာရေးတဲ့အလုပ်ဟာ၊ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။
ဒါကို စာရေးဆရာကြီး မြသန်းတင့် ပြောဖူးတယ်။

စာရေးတဲ့ အလုပ်ကို၊ လူတိုင်း လုပ်နိုင်ပေမယ့် စာရေးဆရာ ဆိုတဲ့ ပညတ်ချက်ကို လူတိုင်း မခံယူထိုင်ဘူး။ အသိုင်းအဝိုင်းကောင်းလို့၊ ငွေကြေးတတ်နိုင်လို့ စာအုပ်ရေးပြီး ထုတ်နိုင်ရင် စာရေးဆရာ အမည်တပ်နိုင်ပေမယ့်၊ စာဖတ်သူရဲ့ လက်ခံမှုကို စာရေးဆရာတိုင်း မရကြဘူး။
ဒါက ဘာလို့လဲဆိုတော့၊ စာဖတ်သူကို အတင်း ကြိုက်ခိုင်းလို့ မရလို့ပဲ။

ဒါကို မြသန်းတင့်က၊ #မြင်းကိုအတင်းရေသောက်ခိုင်းလို့ မရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ်ရေးဖူးတယ်။ စာဖတ်သူရဲ့ လက်ခံမှုကို ရဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် စာရေးခြင်း အလုပ်ဟာ၊ မလွယ်တဲ့ အလုပ်လို့ ကျနော် တော့ ထင်မိတယ်။

ဒီနေရာမှာ၊ စာဖတ်သူရဲ့ လက်ခံမှုလို့ သုံးတာကို သတိထားမိပါလိမ့်မယ်။
အကြောင်းက၊ လက်ခံခြင်း နဲ့ ကြိုက်နှစ်သက်ခြင်းကို မရောထွေးစေချင်လို့ ဖြစ်ပါတယ်။ ကျနော်သဘော ကတော့၊ လူ့အကြိုက်ရေးနိုင်တဲ့သူတိုင်းကို စာရေးဆရာ တိုင်းကို စာရေးဆရာစာရင်း မထည့်ချင်ပါဘူး။

တကယ့် စာရေးဆရာတွေကို စာဖတ်သူတွေ ကြိုက်ကြပါတယ်။ သို့ပေမယ့်၊ ကြိုက်တိုင်း စာရေးဆရာ မထိုက်သူတွေလည်း ရှိတယ်ဆိုတာ သိထားဖို့ ပြောလိုရင်းဖြစ်ပါတယ်။
စာကိုတော့ ရေးတယ်။ သို့ပေမယ့် စာပေ မထိုက်တဲ့ စာမျိုးကို ရေးပြီး လူကြိုက်များနေသူကို စာရေးဆရာ ခေါ်ထိုက်ရဲ့လား။ စာပေထိုက်ခြင်း၊ မထိုက်ခြင်းကို ကျနော်တို့ ခွဲခွဲခြားခြား နားလည်မှ ရပါလိမ့်မယ်။ ဥပမာ – ကြော်ငြာစာ တစ်ခု။

စာရေးဆရာ တစ်ယောက်ဟာ၊ ခန့်အပ်ခြင်း ခံရလို့ ဖြစ်လာတာမျိုး မဟုတ်ဘူး။ စာရေးဆရာအသင်း ၊ ကလပ်အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခံလိုက်ရလို့ စာရေးဆရာဖြစ်လာတာလည်း မဟုတ်ဘူး။
စာရေးဆရာဟာ၊ ပြဌာန်းမထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာရတယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ယှဉ်ပြီး၊ စွန့်စားခြင်းကို လုပ်ရတယ်။ စာရေးခြင်း အလုပ်ဟာ၊ တစ်ရက် တစ်မနက်တည်း လုပ်ရတဲ့ အလုပ် မဟုတ်ဘူးဆိုတာ၊ မပြတ် နှလုံးသွင်းနေရတယ်။ နေ့စဉ် စာရေး၊ စာဖတ်ခြင်း နဲ့ နှစ်ပါးသွားနေရတယ်။ ဆွေးနွေးခြင်း၊ ငြင်းခုန်ခြင်း၊ အသစ်ရှာဖွေခြင်းတို့ကို မပြတ်လုပ်နေရတယ်။
လူတွေထဲက အကြောင်းအရာတွေကို စာမျက်နှာတွေပေါ် အက္ခရာတင်နိုင်ဖို့ ကြိုးစားနေရတယ်။ ပျင်းလို့ မရေးဘူး ဆိုတာ၊ မဖြစ်နေရဘူး။ တစ်ခုခုကို အမြဲ နေနိုင်ဖို့ ကြိုးစားနေရတယ်။ စာဖတ်သူကို အိုင်ဒီယာအသစ်၊ ရှုထောင့်သစ်၊ အတွေးသစ်၊ အယူအဆသစ်၊ အမြင်သစ်၊ အကြောင်းအရာသစ် ပေးနိုင်အောင် လုပ်နေရတယ်။

စာဟောင်းတွေထဲကနေ၊ အကောင်းတွေကို ပြန်လည်ဖော်ထုတ်ရတယ်။ အနာဂတ်အတွက် မြော်မြင်ပြီး၊ အသစ်တွေကို ပေးရတယ်။ ပစ္စုပ္ပန်ရဲ့ အရှိတရားကို မြင်အောင်ပြပြီး၊ လူထုကို လမ်းညွှန် အကြံပေးရတယ်။ ရံဖန်ရံခါ ဖျော်ဖြေရတယ်။

စာရေးဆရာဟာ၊ လူ့အသိုင်းအဝိုင်းရဲ့ အဆင့်အတန်းကို စီရင်တဲ့သတ္တဝါ တစ်ယောက်လည်းဖြစ်တယ်။ ခုခေတ်မှာ၊ စာရေးတဲ့သူတွေ သိပ်များလာတယ်။ သို့ပေမယ့်၊ ဖတ်စရာ ရှားနေဆဲ ဖြစ်နေတယ်။

အကြောင်းအရာအသစ်တွေ ပေါ်နေပေမယ့်၊ စာဖတ်သူ မျက်စိကနေ၊ ဦးနှောက်ထဲ နှလုံးသားထဲကို ထိုးဖောက်နိုင်စွမ်း နိမ့်နေတယ်။

နေ့စဉ် စာအုပ်ဆိုင်တွေမှာ၊ စာအုပ်ရောင်းရနှုန်းမြင့်နေပေမယ့်၊ တကယ် စာဖတ်သူတွေ ရှားပါးနေသေးတယ်။ တကယ့် စာဖတ်သူဟာ၊ စာအုပ်စုဆောင်းသူ သက်သက် မဟုတ်ပါဘူး။ စာအုပ်ကို အဆင်တန်ဆာ အနေနဲ့ ဝယ်သူ သိမ်းဆည်းသူလည်း မဟုတ်ပါဘူး။ စာအုပ်ရှိရင်၊ လူကြားထဲ ခပ်ကြွားကြွား နေထိုင်ပြလို့ရတယ်လို့ ယူဆတဲ့ ထင်မြင်ချက်ရှိသူလည်း မဟုတ်ပါဘူး။
တကယ် စာဖတ်သူဆိုတာ၊ စာထဲကနေ၊ မိမိ သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်သော်လည်းကောင်း တစ်ခုခု အကျိုးဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မပြတ်လေ့လာနေသူကို ခေါ်တာ ဖြစ်ပါတယ်။ စာကို ရည်ရွယ်ချက်နဲ့ ဖတ်သူဖြစ်ပါတယ်။

တကယ့် စာရေးသူဆိုတာလည်း၊ စာရေးခြင်းကို ဂုဏ်ပကာသနလို့ ယူဆပြီး ရေးသူ မဟုတ်ပါဘူး။ စနစ်တစ်ခုအတွက် ဝါဒဖြန့်ချိနေသူလည်း မဟုတ်ပါဘူး။ အသိုင်းအဝိုင်းကောင်းလို့၊ ငွေရှိလို့ စာအုပ်ထုတ်ပြီး လူ့ဂုဏ်သိက္ခာကို တည်ဆောက်သူလည်း မဟုတ်ပါဘူး။ ပျင်းလို့ စာကောက်ရေးသူလည်း မဟုတ်ပါဘူး။ သူများရေးလို့ ကိုယ်ရေးကြည့်တယ် ဆိုတဲ့ သူလည်း မဟုတ်ပါဘူး။ တကယ့် စာရေးဆရာဆိုတာ၊ ရေးချင်လို့ ရေးနေတဲ့သူ။

• မရေးရ မနေနိုင်တဲ့သူ။
• ပညာကို ဖြန့်ဖို့၊ ရေးသားခြင်း အတတ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနေသူ။
• လူ့အကြောင်း၊ လောကအကြောင်း….နဲ့ သဘာဝ၊ အယူအဆ အကြောင်းတွေကို ရေးသားခြင်း အတတ်နဲ့ စဉ်ဆက်မပြတ် ဖြန့်ချိနေသူကို ခေါ်တာ ဖြစ်ပါတယ်။

ဒါက လောလောဆည် ကျနော် နားလည်ထားတဲ့ စာရေးခြင်း အလုပ်နဲ့ ပက်သက်ဆက်နွှယ်ရာအကြောင်း တချို့ဖြစ်ပါတယ်။

မင်းသေ့
ည ၁၀ း ၂၉
၁၀ ၊ ဧပြီ ၊ ၂၀၁၈။
နွားထိုးကြီးမြို့နယ်၊ ပဲချက်ရွာ။

Previous post စာအုပ်ရွေးချယ်ပုံ
Next post ကြေညက်အောင် ဖတ်