မြန်မာနိုင်ငံမှာ၊ လူတွေ နေ့စဉ် စာရေးနေတယ်။

နေ့တိုင်း၊ စာအုပ်အသစ်တွေ ထွက်နေတယ်။

စာအုပ်တွေက၊ သိန်းနဲ့ ချီပြီး မြန်မာနိုင်ငံမှာ ရှိပါလိမ့်မယ်။

သို့သော်၊ ဖတ်စရာ ရှားတယ်။

စာအုပ်ရီဗျူးတွေ ရေးရခြင်း အကြောင်းရှိတယ်။ ရီဗျူးလို့တော့ အသေအချာ ဆိုလို့မရပါဘူး။ ကျနော်က စာအုပ် နဲ့ ပက်သက်ပြီး ကိုယ့် ခေါင်းထဲက ဝင်လာအတွေးစဉ်ကို၊ ချပြတာ။ နောက်ပြီး၊ ဆက်စပ်အတွေးကို တင်ပြတာ။ စာရေးဆရာနှင့် ပက်သက်ပြီး၊ ကျနော်မှာ ပြောစရာ တကူးတကရှိရင်၊ သူ့အကြောင်းကိုပါ၊ ဖွဲ့နွဲ့ပစ်တတ် တယ်။ တချို့ စာအုပ်ရီဗျူးတွေက၊ စာအုပ်ကို ရီဗျူးလုပ်တာ မဟုတ်ပဲ၊ လူသားကောက်ကြောင်းဖြစ်သွားတယ်။ ဒါကို၊ စာအုပ်ရီဗျူးကဏ္ဍမှာ မထည့်ပဲ၊ ရုပ်ပုံလွှာကဏ္ဍမှာ ထည့်လိုက်တယ်။ ဒီလိုနဲ့ ၊ စာအုပ်အကြောင်း၊ စာရေး ဆရာတွေအကြောင်းပြောရင်း၊ ကျနော် ရေးစရာတွေ များလာတယ်။ များများလည်း ရေးခဲ့တယ်။

စာအုပ်တွေအကြောင်းပြောရတာ၊ စိတ်သန့်တယ်။ လူတွေကြောင်း ပြောရတာလည်း စိတ်သန့်ချင်ပါတယ်။ သို့ သော်၊ လူတွေနဲ့ ပက်သက်ပြီး စာဖတ်သူတွေမှာ၊ အစွဲ ကိုယ်စီရှိထားတော့၊ ကောက်ကြောင်းတွေ ရေးတဲ့အခါ၊ နည်းနည်း ချင့်ရတယ်။ ကိစ္စမရှိပါဘူး။ ကျနော်ကတော့၊ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း တင်ပြ နိုင်ဖို့ကိုပဲ၊ အလေးထားတယ်။


ကျနော်ယူဆတဲ့ ကောက်ချက်နဲ့ ပက်သက်ပြီး၊ လူအများကလည်း ယေဘုယျလက်ခံတဲ့ အချက်ဖြစ်ဖို့၊ အားထုတ်တယ်။ လူ့ကောက်ကြောင်းတွေ ရေးခဲ့တယ်။ ရှင်ဇနကာဘိဝံသ၊ ကိုကိုကြီး၊ နေဝင်းမောင်၊ လူထုစိန်ဝင်း၊ ကျော်ဝင်း၊ ဒေါက်တာသန်းထွန်း၊ လူထုဦးလှ၊ လီကွမ်ယု၊ တိန့်ရှောင်ဖိန်…. စသည်ဖြင့်။

ကျနော် ရေးချင်တဲ့လူသားတွေ ရှိသေးတယ်။ အောင်ဆန်း၊ သန်းထွန်း၊ သခင်စိုး၊ ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ ဦးနု၊ ရွှေဥဒေါင်း၊ မြသန်းတင့်၊ မောင်စူးစမ်း၊ အောင်ဆန်းစုကြည်၊ ဟံသာဝတီ ဦးဝင်းတင်၊ ဦးချစ်မောင်၊ မော်စီတုန်း၊ စတာလင်၊ ကားခ်မတ်လ်၊ ကွန်ဖြူးရှပ်၊ ဂေါတမဗုဒ္ဓ …. အစရှိသဖြင့်။

ကျနော်က၊ လူတွေကို စိတ်ဝင်စားတယ်။ စာအုပ်တွေကို စိတ်ဝင်စားတယ်။ ဆယ်ကျော်သက်ဘဝက၊ စာမျက် နှာတွေကို သဲကြီးမဲကြီးဖတ်တယ်။ အခု လူမျက်နှာတွေကို သဲကြီးမဲကြီးဖတ်တယ်။ စာအုပ်တွေကို အဝယ်မပြတ် ပါ။ လူတွေနဲ့လည်း စကားပြော မပြတ်ပါ။

ကိုယ်နဲ့ အမျိုးအစားမတူတဲ့ လူတွေနဲ့ ပိုပြီး ကြုံရ၊ ဆုံရတာကို သဘောကျလှတယ်။ ရိုးသားတဲ့ သူတွေနဲ့ စကား ပြောရတာကို ပိုလို့ နှစ်သက်တယ်။ နယ်ပယ်မတူတဲ့ သူတွေ၊ အသက်အရွယ် ကွာတဲ့ သူတွေနဲ့ ပြောရတာ ကြိုက်တယ်။ ကိုယ့်နဲ့ အမြင်မတူတဲ့သူတွေဆီက နားထောင်နေရတာကို ကြိုက်တယ်။ လူတိုင်းရဲ့ စကားကို တော့ ၊ နားမထောင်ချင်ပါ။ ပွယောင်းယောင်း၊ ပျော့ဖတ်ဖတ်၊ တောင်စဉ်ရေမရ၊ ကိုယ့်စကားကိုယ် အာရုံမထား၊ ဖိုးပြောချင်များကို မကြိုက်ပါ။

ကိုယ်ပြောစေချင်ရင်၊ မေးခွန်းတွေ တရပ်စပ်ထုတ်ပြီး၊ မေးတတ်တာ အကျင့်လို ဖြစ်နေပြီ။ ကိုယ့်ကို စိန်ခေါ်နိုင် မယ့်သူတွေကို ရှာတယ်။ ကိုယ်နဲ့ တန်းတူ ပြောနိုင်ဆိုနိုင်၊ တွေးနိုင်ခေါ်နိုင်ရင် သိပ်ကြိုက်တယ်။ စကားပြော မကောင်းပေမယ့်၊ စိတ်အားထက်သန်စွာ အလုပ်လုပ်နေတဲ့သူတွေဆီက၊ စကားတွေကို ပိုမျှော်လင့်တယ်။ သူတို့ ဆီက၊ ကျနော်က ပညာပိုရတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။

လူတွေထဲက၊ ပညာကို စာအုပ်တွေထဲမှာ မတွေ့ရပါ။ စာအုပ်တွေထဲက ပညာကို လူတွေထဲမှာ တွေ့ရတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်ပြောပြနေတဲ့သူတွေရဲ့ စကားကို နားမထောင်ချင်ဘူး။ ကျနော်လည်း၊ သူတို့ ကျအောင် ပြောတတ်တယ်။ ကျနော် လိုချင်တာ၊ စာအုပ်ထဲက မပါတဲ့ အရာတွေ။

အသိသစ်၊ အယူအဆသစ်၊ အတွေးအမြင်သစ်၊ ရှုထောင့် အသစ်တွေကို အာသာငမ်းငမ်း ငတ်မွတ်နေတာ ကြာပြီ။ အသစ်အသစ်ကိုသာ၊ စူးစမ်းချင်စိတ်က တားမရပါ။ စာအုပ်အသစ်တွေကို၊ အသစ်အသစ်တွေ ဖြစ်မယ် လို့ မျှော်လင့်လို့၊ စာအုပ်ဆိုင်က တကူးတက ဝယ်တယ်။ အငတ်ခံပြီး၊ စာအုပ်အတွက် ပိုက်ဆံကို ဖောဖောသီသီ သုံးတယ်။ သို့သော်၊ ဝယ်လိုက်တိုင်းလည်း၊ ထိုနည်းလည်းကောင်း ချည်းပါပဲ။

ဒါပေမယ့်၊ မျှော်လင့်ချက်က မပြတ်သုဉ်းပါ။ စာအုပ်ဝယ်ကိစ္စက၊ ရောဂါလို စွဲကပ်နေပါတယ်။ ကိုယ်ကိုယ်တိုင်က ဒါကို မကြိုက်ပါ။ တခြားအရာတွေကို လိုချင်တာ ရှိတယ်။ စာအုပ်ဝယ်လိုက်လို့၊ အဲ့တခြားအရာတွေအတွက် သုံး ဖို့ ငွေမရှိတော့လို့ စိတ်ညစ်ပါတယ်။ ေဩာ်၊ အစွဲအလမ်းကြီးတာ မကောင်းပါလားလို့၊ တွေးမိပါတယ်။ တွေးမိ လည်း၊ ဆက်လုပ်မိဆဲပါပဲ။

ကျနော့်၊ နဘေးမှာ လူငယ် ဆယ်ကျော်သက်တွေ အတော်များများရှိတယ်။ အားလုံးက ၊ စာဖတ်ချင်စိတ် အတော်အတန်ရှိကြတယ်။ သို့ပေမယ့်၊ သူတို့တွေမှာ တစ်စိုက်မတ်မတ် ဖတ်ရှု၊ လေ့လာမှု နည်းတာကိုတော့၊ အားမရဘူး။ စိတ်တိုတယ်။ သူတို့က ကိုယ့်သားသမီးလည်း မဟုတ်တော့၊ ဒေါသထွက်တာကလည်း၊ အရာ မထင်ပါဘူး။ စာအုပ်တွေကို ဟိုစပ်စပ် ဒီစပ်စပ် ဖတ်တာထက် စာရင်၊ လုံးဝ မဖတ်တာ အကောင်းဆုံးလို့တောင် တွေးခဲ့တယ်။ တချို့အချက်တွေမှာ၊ ဟုတ်လည်း ဟုတ်နေတာပဲ။

မြန်မာနိုင်ငံမှာ၊ လူတွေ နေ့စဉ် စာရေးနေတယ်။ နေ့တိုင်း၊ စာအုပ်အသစ်တွေ ထွက်နေတယ်။ စာအုပ်တွေက၊ သိန်းနဲ့ ချီပြီး မြန်မာနိုင်ငံမှာ ရှိပါလိမ့်မယ်။ သို့သော်၊ ဖတ်စရာ ရှားတယ်။ ခေတ်ဟောင်းစာပေတွေလည်း၊ များပါ တယ်။ လတ်တလော၊ အမြဲ အသစ်အသစ် စားသုံးရမယ့် ဖတ်စရာ ရှားတယ်လို့ မြင်တယ်။ စာအုပ်ပေါတယ်။ ဖတ်စရာ ရှားတယ်ဆိုတဲ့ သဘောပေါ့။


ဖတ်စရာဆိုတာကို၊ လောက်လောက်လားလား စာအုပ်၊ လောက်လောက်လားလား စာရေးဆရာလို့ ညွှန်းချင် တယ်။ အဟောင်းတွေထဲမှာတော့၊ အကောင်းတွေ အများကြီးရှိပါတယ်။ အသစ်အသစ်ထွက်လာတဲ့ အထဲမှာ တော့၊ တစ်ဦးချင်းနဲ့ ယှဉ်ရင်၊ အားရစရာ ထင်ရပေမယ့်၊ နိုင်ငံနဲ့ ချီပြီး ကြည့်လိုက်ရင်၊ အားရစရာ မရှိပါ။ တက်ကျမ်း ကဏ္ဍ၊ ရသစာပေကဏ္ဍ၊ ဘာသာရေးစာပေ၊ သုတ၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ ဘောဂဗေဒ…. စိတ်ပညာ စသည်ဖြင့်။

မျိုးဆက်သစ်ကို လိုချင်တယ်။ စာပေမှာ၊ မျိုးဆက်သစ် ရှားတယ်။ အထူးသဖြင့်၊ တစိုက်မတ်မတ် အားထုတ်နေ တဲ့ သူရှားတယ်။ တစ်ယောက်စ၊ နှစ်ယောက်စ တော့ တွေ့ပါတယ်။ ဒါပေမယ့်၊ တစ်နိုင်ငံလုံးအနေနဲ့ ကြည့်ရင်၊ အားမရဘူး။ ကိုယ်ကိုယ်တိုင်လည်း၊ ကိုယ့်ကိုယ်ကို အားမရဘူး။ ဒီလိုနဲ့ ကြောင့်ကြစိုက်ပြီး၊ အမြဲ တွန်းနေရ တယ်။

စာအုပ်ဖတ်ညွှန်းတွေ ရေးရတာ ကျေနပ်တယ်။ ကိုယ်ပြောချင်ရာ ပြောရလို့လည်း ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့်၊ အရမ်းကာရော လက်လွှတ်စပယ် မလုပ်ပါ။ အကြောင်းအကျိုး၊ အကန့်အသတ်နဲ့၊ အကျိုးအမြတ်ကို ထည့်တွက် ပြီး၊ ချိန်ဆ ရေးပါတယ်။ စိတ်မပါပဲ မရေးဘူး။ အားရမှု မဖြစ်ဘဲ၊ စာဖတ်သူကို မဖော်ပြဘူး။

ကိုယ့်လက်က ထွက်တဲ့ စကားလုံးတွေကို၊ ကိုယ့်ချစ်သူလို၊ ကိုယ့်လက်တွဲဖော်လို ချစ်တယ်။ မြတ်နိုးတယ်။ နောက်ဆုံးကိုယ့်သားသမီးလို မှတ်ယူတယ်။ ကိုယ်က ကလေးဖအေ မဖြစ်ဖူးတော့၊ အဲ့အသုံးကို မနှိုင်းချင်ပါ ဘူး။ ပြောချင်တာက၊ ကိုယ့်စကားလုံးတွေကို နှမြောတယ်။ ဒါ့ကြောင့်၊ လက်ထဲက အလွယ်တကူ၊ စာရွက်ပေါ် တင်ဖို့၊ မလုပ်ဘူး။ ကိုယ် ကျေနပ်မှ၊ တင်တယ်။ ကိုယ်ကြိုက်မှ တင်တယ်။

စာဖတ်သူများလာရင်၊ ဖြစ်လာတဲ့ စိတ်က ရှိတယ်။ ကိုယ်ရေးလိုက်တဲ့ စကားလုံးတိုင်းကို လှစေချင်တာ။ ကိုယ် ချစ်တဲ့ သူကို လှစေချင်တာ၊ ထုံးစံပါပဲ။ သဘာဝပါပဲ။ စကားလုံးတွေ ဆန်းသစ်ရတာ ကြိုက်တယ်။ သို့ပေမယ့်၊ မျက်စိစပါးမွှေးစူးစရာဖြစ်အောင်တော့၊ ဆန်းသစ်တာ မကြိုက်ပါဘူး။ တီထွင်တာကောင်းတယ်။ ဆန်းသစ်တာ ကောင်းတယ်။ ဆန်းပြားလွန်းရင်၊ နည်းနည်း ကလက်တတ်တတ်နိုင်ပါတယ်။ စကားလုံးတွေက၊ ရိုးရိုးလေး လှ တာကောင်းပါတယ်။ ယဉ်ယဉ်လေး လှတာကောင်းပါတယ်။ အကြည့်ခံတာပေါ့။

စာအုပ်တွေ အကြောင်းပြောရင်း၊ စာရေးဆရာ အကြောင်းရောက်တယ်။ စကားလုံးတွေ အကြောင်းရောက် တယ်။ လူတွေအကြောင်းရောက်တယ်။ စိတ်တွေ အကြောင်းလည်း ရောက်တယ်။ စာရေးရင်း၊ စာဖတ်ရင်း အကြောင်းအရာပေါင်းစုံမှာ၊ စိတ်က ကျင်လည်ကျက်စားနေရတာကို ပျော်နေပါတယ်။ ဒီလိုနဲ့၊ ကျနော် စာရေး သူဖြစ်လာတယ်။ ပတ်ဝန်းကျင်မှာ၊ ကျနော် အမြဲ စကားပြောနေချင်တယ်။ ဒါ့ကြောင့် ကျနော် စာရေးတယ်။

မင်းသေ့
ည ၁၀ း ၃၆
၁၃ ၊ အောက်တိုဘာ ၊ ၂၀၁၇ ။

Previous post ကြေညက်အောင် ဖတ်
Reader Next post စာဖတ်နည်း