“လူအုပ်ကြီးနောက် လိုက်ကြ…..”
“လူအုပ်ကြီးနောက် လိုက်ကြ…..”
“လူအုပ်ကြီးနောက် လိုက်ကြ…..”

ဒီကြွေးကြော်သံဟာ ဘယ်နိုင်ငံရေးပါတီအဖွဲ့အစည်း၊ ဘယ်အစိုးရ၊ ဘယ်အစုအဖွဲ့ရဲ့ ကြွေးကြော်သံမှ မဟုတ် ပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းကို ဒီလိုဖြစ်အောင်၊ နိုင်ငံရေးသမားတွေ၊ အစိုးရတွေတွေ လုပ်လေ့လုပ်ထရှိ ပါတယ်။ လုပ်လည်းလုပ်ခဲ့ပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ နောင်လည်း လုပ်အုံးမှာပါပဲ။ ဒါဟာ ဘာကို ပြောသလဲဆိုရင် အုပ်စုအကျိုးစီးပွားကို ချဲ့ထွင်ဖို့၊ အုပ်စုတွေး (group think) ထဲကို ဆွဲသွင်းတဲ့ အထာပါပဲ။

စစ်အစိုးရလက်ထက်အဆက်ဆက်က ပုံဖျက်ခဲ့တဲ့ ပညာရေးဟာ အခု ပစ္စုပ္ပန်လူ့အဖွဲ့အစည်းကို ကျေးဇူးပြုနေ ပါပြီ။ သက်ရောက်နေပါပြီ။ လူတွေရဲ့ အပြုအမူတွေဟာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြဌာန်းလို့ ဖြစ်လာတဲ့ ဖြစ်ရပ် တွေကို တွေ့နေရသလား။ သို့တည်းမဟုတ် အများသဘော လိုက်လျောနေတတ်သူ၊ လူအုပ်ကြီးရဲ့အတွေးပုံစံ ထဲ လိုက်ပါ စီးမျောနေသူလား….။

• ပညာရေးဟာ ကျနော်တို့ကို ဘယ်လို သင်ကြားပေးခဲ့ပါသလဲ။
• ပညာရေးဟာ ကျနော်တို့ကို ဘယ်လိုတွေးခေါ်စေခဲ့ပါသလဲ။
• ပညာရေးသင်ရိုးတွေနဲ့ စာသင်ခန်းထဲက ကျင့်ထုံးတွေဟာ ကြီးပြင်းလာတဲ့ ကျနော်တို့ လူသားဘဝတွေ ကို ဘယ်လိုလွှမ်းမိုးပုံဖော်နေပါသလဲ။

ပညာရေးနဲ့ပတ်သက်ရင်၊ ကျနော်ဟာ အဖြေတွေဆိုတာထက် မေးခွန်းတွေကို ပိုမေးပါတယ်။ ဒါ့ကြောင့် ပညာ ရေးနဲ့ပတ်သက်တဲ့စာတွေရေးတိုင်း ကျနော်ဟာ မေးခွန်းတွေကို တရပ်စပ်ထုတ်နေပါတယ်။ ပညာရေးဟာ အဖြေတွေကို နှုတ်တိုက်အာဂုံကျက်မှတ်ခြင်းထက်၊ မေးခွန်းတွေကို ပိုင်ပိုင်နိုင်နိုင် ထုတ်တတ်ခြင်းက ပိုအရေး ကြီးတယ်လို့ ကျနော် ယူဆတယ်။

@@@

Whatever an education is, it should make you a unique individual, not a conformist. (John Taylor Gatto)

“ပညာရေးက ခင်ဗျားကို လွတ်လပ်ရပ်တည်သူ တစ်ယောက်ဖြစ်အောင် လုပ်ပေးရမှာ၊ အများနည်းတူ လိုက်လုပ်သူဖြစ်အောင် သင်ရမှာ မဟုတ်ဘူး။

ဒေါက်တာမြင့်ဇော်ရဲ့ ငြိမ်းချမ်းရေးစိတ်ပညာ စာအုပ်၊ စာမျက်နှာ – ၉၁ က ကောက်နှုတ်ချက်ဖြစ်ပါတယ်။

@@@

ပညာရေးဟာ ကျနော်တို့ကို ဘယ်လို သင်ကြားပါသလဲ။ ကျနော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်း က မိဘ၊ ဆရာတွေ သွန်သင်ဆုံးမခဲ့တဲ့ ပုံပြင်၊ ဇာတ်လမ်း၊ ဥပမာ၊ ဥပမေယျတွေက ဘာတွေပါလဲ။ ကျနော်တို့ အသွေးအသားထဲမှာ စိမ့်ဝင် ယုံကြည်နေတဲ့ အယူအဆ၊ သဘောထား၊ မှတ်ချက်တွေဟာ ဘာတွေဖြစ်နိုင်ပါ သလဲ။

ပညာရေးဟာ ကျနော်တို့ကို ကျနော်တို့ ကိုယ့်ဘာသာကို မေးခွန်းနာနာထုတ်တတ်ဖို့ သင်ကြားပေးခဲ့ပါသလား။ ကျနော်တို့ကိုယ်တိုင်ကရော ကိုယ့်ကိုယ်ကို မညှာမတာ မေးခွန်းထုတ်တတ်တဲ့အလေ့ကို နှစ်သက်ခဲ့ဖူးပါ သလား။ ကျနော်တို့ကို ရိုက်သွင်းထားတဲ့ ပုံပြင်၊ ဇာတ်လမ်းတွေကို ကျနော်တို့ ဘယ်နှခါ စောဒက တက်ခဲ့ဖူးပါ သလဲ။ မေးကြည့်စမ်းပါ။ မေးကြည့်စမ်းပါ။ ကျနော်တို့မှာ သွတ်သွင်းခံထားရတဲ့ ဝါဒတွေ ရှိသလား။

• ဆရာတွေ ဟာ ဝါဒဖြန့်ချိရေးမှူးတွေလား။
• သို့တည်းမဟုတ်….
• စဉ်းစားတွေးခေါ်တတ်စေခဲ့သူတွေလား…..

ကျနော်တို့ကို သိုးမည်းဖြစ်အောင် သင်ကြားစေခဲ့တဲ့ ပညာရေးမျိုးကို ကြုံခဲ့ဖူးပါသလား။ ခင်ဗျားဟာ သိုးမည်း ဖြစ်နေရင် တခြားသိုးတွေလို အဖြူ မဖြစ်ရကောင်းလားဆိုပြီးတော့ ဝိုင်းကြဉ်ခဲ့ကြတာ မဟုတ်လား။ ခိုပြာတွေ အကြားမှာ ခိုဖြူလေးကိုကျတော့ လှသတဲ့။ တကယ်တော့ သိုးဖြူတွေ ကြားက သိုးမည်းရော… ခိုပြာတွေကြား က ခိုဖြူရောဟာ သဘာဝထဲက ဖြစ်တည်မှု မဟုတ်ဘူးလား။

• ပညာရေးဟာ သဘာဝကို နားလည်အောင် သင် ကြားတာလား။
• သို့တည်းမဟုတ်….
• လူအများလက်ခံထားတာကို ကိုယ်လည်း မရမက လက်ခံလိုက်အောင် ဝါဒဖြန့်ချိရေး လုပ်နေတာ လား…..။

မြန်မာစာပေကို လေ့လာကြည့်ပါ။ အစဉ်အလာကို ထိန်းသိမ်းဖို့၊ အများသဘောကို မလွန်ဆန်ဖို့၊ ရှေးထုံးကို မပယ်ဖို့…. စတာတွေကိုပဲ များသောအားဖြင့် ရေးသားကြပါတယ်။ ဖောက်ထွက်တွေးဖို့၊ ဖောက်ထွက် စဉ်းစား ကြဖို့၊ ဖောက်ထွက် လုပ်ဆောင်ကြဖို့၊ အစဉ်အလာကို ထိုးဖောက်ဖို့… ဆိုတာကို ဟောပြောရေးသားတာ အတော်နည်းပါတယ်။ မြန်မာစာပေဟာ ရှေးရိုးစွဲအထဲမှာပဲ ပိတ်မိနေပါတယ်။ ဖောက်ထွက်လွန်းတဲ့ ပို့စ်မော်ဒန် တွေကျတော့လည်း၊ ဖောက်ထွက်တယ်ဆိုတာထက် ကန့်လန့်တိုက်တာ ပိုများနေပါတယ်။

ပညာရေးဟာ ကျနော်တို့ကို ဘယ်လို သင်ကြားပါသလဲ။
• အစဉ်အလာကို မျက်စိမှိတ်လက်ခံလိုက်ဖို့လား….
• လူကြီးသူမ စကား မပယ်ရှား၊ လူလိမ္မာစာရင်းအသွင်းခံရဖို့ ဝါဒဖြန့်ချိနေတာလား…..
• သူတို့အလို မလိုက်လိုက်အောင် “ဂျင်း” ထည့်နေတာလား…..

@@@

စစ်အစိုးရဟာ သူတို့အာဏာစက် သက်ဆိုးရှည်ဖို့အတွက် ပညာရေးကို ပုံဖျက်ခဲ့ပါတယ်။ ဒီလိုပညာရေး ပုံပျက် ခဲ့မှုဟာ အခုကျနော်တို့ လူ့အဖွဲ့အစည်းကို လာသက်ရောက်နေပါတယ်။ လူတွေဟာ စစ်အစိုးရကို ဘယ် လောက်မုန်းတယ်ပြောပြော၊ စစ်အစိုးရထည့်ခဲ့တဲ့ format ထဲက ဖောက်မထွက်နိုင်သေးပါဘူး။ စစ်အစိုးရဟာ အနာဂတ်မှာလည်း သူ့ဩဇာလွှမ်းမိုးမှုရှိအောင်၊ ဝါဒဖြန့်ချိရေးယန္တရားကို ပညာရေးဌာနတွေနဲ့ တည်ဆောက်ခဲ့ ပါတယ်။ ဆင်ခြင်တုံတရား ဖျက်ဆီးခြင်းခံရတဲ့ မျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ စာသင်ခန်းထဲက ဆရာ/ ဆရာမတွေဟာ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးမှူးတွေ ဖြစ်မှန်းမသိ ဖြစ်လာကြပါတယ်။ ဆရာ/ဆရာမတွေ ကိုယ် တိုင်၊ သူတို့ဟာ တည်ဆဲအစိုးရတွေရဲ့ ဝါဒဖြန့်ချိရေးမှူးတွေဖြစ်နေပါ့လားဆိုတာကို သတိထားမိရဲ့လား။

• ဆရာ ဆရာမတွေဟာ ယုတ္တိအမှားတွေနဲ့ အသက်ရှင်ခဲ့ရပါတယ်။
• ဒါကို ဘယ်သူမှ သတိမထားမိပါဘူး။
• ဒီလို သတိမထားမိလို့ပဲ ကျနော်တို့တွေရဲ့ ဦးနှောက်တွေဟာ format တစ်ခုတည်း အသေရိုက်ခံထားခဲ့ ကြရ တယ်။

တရုတ် ကွန်မြူနစ်အစိုးရတွေဟာ လူထုကို အလုပ်စခန်းတွေ ပို့ပြီးတော့၊ ဦးနှောက်ဆေး (brain wash) လုပ်ပါ တယ်။ အလုပ်စခန်းတွေကို ပို့ခံထားသူတွေဟာ၊ ကွန်မြူနစ်ဝါဒကို စနစ်တကျ ဝါဒဖြန့်ချိခံရတဲ့ သားကောင်တွေ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ အလုပ်စခန်းတွေ မရှိပါဘူး။ ကွန်မြူနစ်တွေ လုပ်သလို Brain wash လုပ်ခံထားရ တာလည်း မရှိပါဘူး။ မြန်မာပြည်မှာ ဘယ်ကွန်မြူနစ်ပါတီမှ အစိုးရမဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမယ့်….. စစ်အစိုးရ လက်အောက်မှာ၊ စာသင်ခန်းတွေဟာ ဝါဒဖြန့်ချိရေးအလုပ်စခန်းတွေ အသွင်နဲ့ သိမ်မွေ့စွာ ဖြစ်တည်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ကြာပါတယ်။ ဘယ်လောက်တောင် သိမ်မွေ့သလဲဆိုရင်…. ကျောင်းဆရာ/ဆရာမ လုပ်တဲ့သူတွေဟာ သူတို့ဟာ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးဌာနတွင်းက ကေဒါတွေဆိုတာတောင် သူတို့ကို သူတို့ မသိခဲ့ဘူး။ နားမလည်ခဲ့ဘူး။ သတိမထားမိခဲ့ဘူး။ ဒါဟာ ဆန်းသလား။ ဆန်းပါတယ်။ သိပ်ဆန်းကျယ်ပါတယ်။

• ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ အပြုအမူတွေကို ကြည့်ပါ။
• ဒီနေ့ခေတ် လူတွေရဲ့ တုံ့ပြန်လုပ်ကိုင်မှုတွေကို ကြည့်ပါ။
• ဒီနေ့ခေတ် လူတစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပုံစံတွေကို ကြည့်ပါ။

မိုးခါးရည် မသောက်ဘူးလို့ ဘယ်လောက်ပဲ သိစိတ်က ငြင်းဆန်နေပါစေ….၊ မိုးခါးရည်ကိုမှ အသွေးအသားထဲ က၊ မသိစိတ်ထဲက စွဲလမ်းနေတဲ့ပြဿနာဟာ အခု မြန်မာပြည်မှာ ကြုံနေရပါပြီ။ ဘယ်လောက်ပဲ ဆင်ခြင်တုံ တရားကို ကြိုက်တယ်လို့ပြောပြော…. ကြောင်းကျိုးဆင်ခြင်မှုအတွက် မစဉ်းစားတတ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဦးနှောက်တွေဟာ သေနေပြီလေ။

• ကျနော်တို့ ဦးနှောက်တွေဟာ မစဉ်းစားတတ်တော့ဘူး လေ။
• ကျနော်တို့ ဦးနှောက်တွေဟာ မေးခွန်း မထုတ်တတ်ကြတော့ဘူးလေ။
• ကျနော်တို့ ဦးနှောက်တွေဟာ ဝါဒဖြန့်ချိရေး စာသင်ခန်းထဲမှာ သေဆုံးသွားခဲ့ပြီးပြီလေ။

@@@

အများယိမ်းသကဲ့သို့ လိုက်ယိမ်းတတ်သော သဘာဝသည် မြန်မာ့လူ့အဖွဲ့အစည်း၌ အမြစ် စွဲနေပြီဖြစ်ပါသည်။ ပြင်ပ အခြေအနေအပေါ် မူတည်၍ အများနည်းတူ လိုက်ပါ တိမ်းတတ်၊ ယိမ်းတတ်သော အမူအကျင့်သည် မြန်မာ့စရိုက်တွင် ကိန်းအောင်းနေပြီး ဖြစ်ပါသည်။ မှန်တာပြောသူကို ရွာပြင်ထုတ်၊ ဝိုင်း၍ ကြဉ်တတ်သော အလေ့အထသည်လည်း ဓလေ့ကျင့်ထုံးတစ်ခုအနေနှင့် စွဲမြဲနေပြီးဖြစ်ပါသည်။ အများနှင့် မတူလျှင်၊ သူရူးဟု စွပ်စွဲ၍ လူအုပ်စုလိုက် ဝိုင်း၍ “ဆွမ်းကြီးလောင်း” တတ်သည့် အကျင့်သည် မြန်မာတို့၌ စွဲမြဲနေပြီးဖြစ်ပါသည်။
မြန်မာပြည်၏ ပညာရေးသည်၊ တစ်ကိုယ်တော် လွတ်လပ်စွာ စဉ်းစားပိုင်ခွင့်နှင့် ဝေဖန်ပိုင်းခြား စိစစ်၍ မိမိ သဘောအတိုင်း လွတ်လပ်စွာ ရပ်တည်ခြင်းကို မနှစ်မြို့သည့် လူ့အသိုင်းအဝိုင်းဖြစ်အောင် လေ့ကျင့်ပေးသော ဝါဒဖြန့်ချိရေးယန္တရား အဖြစ် တည်ရှိနေတုန်းဖြစ်ပါသည်။

မင်းသေ့
ည ၁၀ း ၃၁
၉ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ▄ သမိုင်းလေ့လာချက် အမြင်
Next post ▄ ပညာတတ်လှုပ်ရှားမှု