မြန်မာ့သမိုင်းလေ့လာချက်နဲ့ပတ်သက်ပြီးတော့၊ စာအုပ်တစ်အုပ်အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရေးသားနိုင်ဖို့၊ ကျနော် အားထုတ်နေပါတယ်။ အထူးသဖြင့်၊ မြန်မာ့ခေတ်သစ်သမိုင်းကို ကျနော် ပိုစိတ်ဝင်စားတယ်။ ခေတ်သစ် သမိုင်းဆိုတာဟာ ၂၀ ရာခုခေတ်တစ်လျှောက်လုံးဖြစ်ထွန်းလာတဲ့ မြန်မာ့သမိုင်းကိုဆိုလိုတာဖြစ်ပါ တယ်။ သမိုင်းဟာ နယ်ပယ်၊ ကဏ္ဍအားဖြင့် ကျယ်ပြောပါတယ်။ ကျနော် ပိုအာရုံစိုက်တဲ့အပိုင်းကတော့၊ နိုင်ငံရေးသမိုင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်ပြီးတော့၊ ယဉ်ကျေးမှု/ဓလေ့/စရိုက်တွေကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ဆက်စပ်လေ့လာပြီး စာအုပ်စာစောင်တွေ ရှာဖတ်ပါတယ်။ ဖတ်ရင်းနဲ့ နည်းနည်း နားလည်လာတာကတော့ အတိတ်မှာ ရှိခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စရိုက်သဏ္ဍာန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ့နောက်ပိုင်း ကျနော်ရေးတဲ့ဆောင်းပါးတွေမှာ နိုင်ငံရေးဝေဖန်ချက်နဲ့ လူ့အဖွဲ့အစည်းစရိုက်သကန်တွေကို တွဲပြပြီး ရေးသားတင်ပြတာကို ဖတ်ရရင် သတိထားမိနိုင်ပါတယ်။

သမိုင်းဖြစ်ရပ် / how and why

မြန်မာ့သမိုင်းလေ့လာချက်လို့ ပြောရင်၊ ထင်ရှားတဲ့သမိုင်းဖြစ်ရပ်တွေ ရှိပါတယ်။ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ လည်း ရှိပါတယ်။ ထင်ရှားတဲ့ အစုအဖွဲ့တွေ၊ ထင်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ ထင်ရှားတဲ့ အင်အားစုတွေရှိပါ တယ်။ ဒါတွေကိုတွဲဖက်လေ့လာရင်းနဲ့ သမိုင်းဖြစ်ရပ်ဆန်းတွေဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်လာတယ်ဆို တဲ့ how to ဆိုတဲ့မေးခွန်းကို ဖြေလာနိုင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ဘာ့ကြောင့်ဖြစ်တာလဲဆိုတဲ့ why ဆိုတဲ့ မေးခွန်းကိုလည်း နည်းနည်း နားလည်လာပါတယ်။ တစ်ဖက်မှာလည်း ပါဝင်ဦးဆောင်တဲ့ လူပုဂ္ဂိုလ်တစ်ဦး ချင်းရဲ့ စရိုက်ပုံစံတွေကို ဖမ်းမိအောင်၊ ကျက်မိအောင် လေ့လာရပါတယ်။ ဒီနည်းနဲ့ သမိုင်းမှာ ထင်ရှားတဲ့ လူ တွေရဲ့ စိတ်နဲ့ အဇ္ဈတ္တကို နားလည်လာပါတယ်။ ခေတ်အခြေအနေနဲ့ လူ့အဖွဲ့အစည်းကို ဦးဆောင်ပြုပြင်စီရင်ခဲ့ တဲ့ လူခေါင်းဆောင်တွေရဲ့ အဇ္ဈတ္တကို ချိတ်ဆက်မိလာတဲ့အခါ၊ သမိုင်းမြင်ကွင်းဟာ ပိုကျယ်လာတယ်။ သမိုင်း မြင်ကွင်းဟာ ပိုအသေးစိတ်လာပါတယ်။ သမိုင်းအမြင်ဟာလည်း ပုံကြမ်းဖော်လို့ရလာပါတယ်။ ထိုနည်းလည်း ကောင်းပဲ နိုင်ငံအတွင်းမှာ၊ လူ့အဖွဲ့အစည်းအတွင်းမှာ၊ အင်အားစုတွေ အချင်းချင်း၊ အစုအဖွဲ့တွေ အချင်းချင်း အားပြိုင်တာတွေ ရှိပါတယ်။ ပဋိပက္ခဖြစ်တာတွေ ရှိပါတယ်။ နိုင်ငံတကာရဲ့ လွှမ်းမိုးပြုပြင်မှုတွေလည်း ရှိသလို၊ ပြည်တွင်း အင်အားစုတွေ လိုလိုလားလား လက်ခံတဲ့ နိုင်ငံတကာက အယူအဆတွေလည်း ရှိပါတယ်။ ဒီအရာ တွေဟာ တိုင်းပြည်ရဲ့ သမိုင်းကို ဘယ်လိုပြုပြင်စီရင်ခဲ့သလဲဆိုတာကို နားလည်အောင် လုပ်ရပါတယ်။ ဒီလို လုပ်ရင်းနဲ့ ပိုပြီး ရှုထောင့်စုံဖတ်လာပြီးတဲ့အခါမှာ ‘ဘာ့ကြောင့်’ ဆိုတဲ့ မေးခွန်းကိုလည်း ဖြေလာနိုင်ပါတယ်။

အတိတ်နဲ့ပတ်သက်ပြီး ဘယ်လို….၊ ဘာ့ကြောင့်… ဆိုတဲ့ မေးခွန်းနှစ်ခုကို ဂဃနဏ နားလည်ပြီး သဘော ပေါက်ထားခြင်းဟာ၊ လက်ရှိပစ္စုပ္ပန်ကိစ္စရပ်တွေကို သုံးသပ်ဆင်ခြင်ဖို့အတွက် ရေခံမြေခံကောင်းဖြစ်ပါတယ်။ အတိတ်ကို နားမလည်ရင် ပစ္စုပ္ပန်ကို နားမလည်နိုင်ဘူး။ ပစ္စုပ္ပန်ကို နားမလည်ရင် အနာဂတ်ကို ပုံဖော်နိုင်မှာ မဟုတ်ပါဘူး။ အတိတ်ကို နားလည်မှုဟာ ရေရေရာရာဖြစ်ဖို့ လိုပါတယ်။ ဝေဝေဝါးဝါးဖြစ်လို့ မရပါဘူး။ အတိတ် ကို လေ့လာခြင်းမှာလည်း၊ ဆိုင်ရာဆိုင်ရာ ဗိုင်းရပ်စ်တွေ ရှိပါတယ်။ ဒါတွေကို သတိထားဖို့ လိုပါတယ်။ သမိုင်း လေ့လာသူဟာ ဝိဘဇ္ဇဝါဒကို လက်ကိုင်ထားမှ ရပါလိမ့်မယ်။ ကြောင်းကျိုးဆင်ခြင်မှုကို နက်နက်နဲနဲ လုပ်နိုင်မှ ရပါလိမ့်မယ်။

သမိုင်းစိတ်ဝိညာဉ်

လူ့အဖွဲ့အစည်းအကြောင်း ကို နားလည်ချင်ရင် သမိုင်းကို လေ့လာရပါတယ်။ သမိုင်းကို လေ့လာတဲ့ နေရာမှာ လည်း ရှုထောင့်ပေါင်းစုံက မြင်အောင် လေ့လာရပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေ ကိုချည်း လေ့လာလို့ မရဘူး။ ဖြစ်ရပ်ထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေကိုလည်း လေ့လာဖို့ လိုတယ်။ ပါဝင်ခဲ့ တဲ့ ဇာတ်ကောင်တွေရဲ့ အဇ္ဈတ္တကိုလည်း ဖမ်းမိအောင် လေ့လာရပါတယ်။ ပြည်တွင်းအခြေအနေနဲ့ ကမ္ဘာ့ (နိုင်ငံတကာ) အခြေအနေတွေရဲ့ တုန့်ပြန်သက်ရောက်ချက်တွေကိုလည်း အကဲခတ်ရပါတယ်။ အမြင်ကျယ် ကျယ်နဲ့ မလေ့လာရင် သမိုင်းကို နားမလည်နိုင်ပါဘူး။ ဂတိအစွဲကင်းကင်းနဲ့ လေ့လာနိုင်မှ အတိတ်ကို သေချာ နားလည်ပါလိမ့်မယ်။

သမိုင်းကို လေ့လာခြင်းမှာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဝိညာဉ်ကို လေ့လာခြင်းကလည်း သိပ်အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းရဲ့ စိတ်ဝိညာဉ်ကို နားလည်ဖို့၊ ပညာရပ်ဆိုင်ရာ စာအုပ်တွေက အနည်းငယ်ပဲ လုပ်ပေးနိုင်ပါ လိမ့်မယ်။ သမိုင်းဆိုင်ရာစာအုပ်တွေက အနည်းငယ်ပဲ လုပ်ပေးနိုင်ပါလိမ့်မယ်။ တကယ်လုပ်ပေးနိုင်တာက အဲသည့်ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ အနုပညာ၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှုတွေကသာ ခေတ်ရဲ့ ဝိညာဉ်၊ လူ့အဖွဲ့ အစည်းရဲ့ စိတ်နေစရိုက်ကို အကဲခတ်နိုင်အောင် လုပ်ပေးနိုင်ပါတယ်။ စာပေမှာလည်း ရသစာတွေ၊ ဝတ္ထုနဲ့ ကဗျာတွေဟာ အဲသည့်ခေတ်က လူ့အဖွဲ့အစည်းရဲ့စိတ်နေစိတ်ထားကို အကဲခတ်မိအောင် လုပ်ပေးနိုင်ပါ တယ်။ အနုပညာနဲ့ ဂီတတွေကလည်း ထိုနည်းလည်းကောင်းအရေးပါပါတယ်။ လူ့အဖွဲ့အစည်းမှာ၊ လူအများ အပေါ်ကို လွှမ်းမိုးခဲ့တဲ့ ဝတ္ထု၊ ကဗျာ၊ ဂီတ၊ သီချင်းတွေဟာ လူ့အဖွဲ့အစည်းရဲ့အဇ္ဈတ္တကို ဖမ်းမိနိုင်ဖို့အတွက် လေ့လာရမယ့် လေ့လာချက်ကွင်းပြင်တွေ ဖြစ်ပါတယ်။

သမိုင်းအမြင်

ဒီတော့ သမိုင်းလေ့လာချက်မှာ၊ တတ်နိုင်သမျှ ဖြန့်ပြီး လိုက်နိုင်မှ သမိုင်းကို နားလည်နိုင်မယ်။ ဖြန့်လိုက်ရုံနဲ့ လည်း မရနိုင်ပြန်သေးဘူး။ ဇောက်ချ လေ့လာမှ ရမယ်။ လိုအပ်ရင် ရေဆုံးမြေဆုံးထိ နှိုက်ထုတ်လေ့လာနိုင်မှ ကောင်းမယ်။ အသေးစိတ်ကို သွားရင်းနဲ့ ပုံကြမ်းကြီးတစ်ခုလုံးကို ခြုံငုံပြီး မမြင်နိုင်တော့မှာလည်း သတိထားရ တယ်။ ဒီတော့ သမိုင်းမှာ အသေးစိတ်လေ့လာရမယ့်အရာတွေ ရှိနေသလို၊ ခြုံငုံပြီး ဖြန့်ကျက်လေ့လာရမယ့် အရာတွေလည်း ရှိနေပြန်တယ်။

အနာဂတ်ကို တည်ဆောက်ဖို့သာ သမိုင်းကို လေ့လာတာဖြစ်ရပါမယ်။ အတိတ်မှာ နေထိုင်ဖို့ သမိုင်းကိုလေ့လာ တာ မဖြစ်ရပါဘူး။ ဒါဟာ ကျနော် ယူဆတဲ့ သမိုင်းအမြင်တစ်ရပ်ဖြစ်ပါတယ်။

သမိုင်းသွန်သင်ချက်

သမိုင်းစာအုပ်တွေဟာ ကျနော်တို့ကို ဘယ်လို သွန်သင်ပါသလဲ။ အမျိုးမျိုးသော သမိုင်းစာအုပ်တွေ ရှိပါတယ်။

• ပညာရှင်တွေရေးသားထားတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• မြန်မာပညာရှင်တွေ ရေးသားထားတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• နိုင်ငံခြားပညာရှင်တွေ ရေးသားထားတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• မြန်မာစာရေးဆရာတွေ ရေးသားထားတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• နိုင်ငံခြားစာရေးဆရာတွေ ရေးသားထားတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• မျိုးချစ်တွေ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• စစ်သားတွေ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• နိုင်ငံရေးသမားတွေ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• အရပ်သားပညာတတ်တွေ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ဘုန်းကြီးတွေရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• သုတေသီတွေ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• သတင်းစာဆရာတွေ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။

သမိုင်းစာအုပ်ကို ရေးသားပြုစုသူတွေဟာ အမျိုးမျိုးဖြစ်ပါတယ်။ ဖြတ်သန်းမှုမျိုးစုံဖြစ်ပါတယ်။ စိတ်ခံယူချက် ပေါင်းစုံလည်းရှိနေပါတယ်။ သမိုင်းရေးသူဟာ အနည်းနဲ့အများတော့ “ဂတိ” ပါကြတာ ထုံးစံပါပဲ။ လူဟာ ပုထုဇဉ်ဖြစ်ခြင်းကြောင့်၊ ဘယ်လောက်ပဲ အစွဲကင်းတယ်ပြောပြော ဥပါဒါန်အစွဲတော့ ငြိနေတတ်ကြတာပါပဲ။ လူ့သဘာဝကို နားလည်ပြီးသော သမိုင်းစာအုပ်ကို ချင့်ဖတ်ဖို့ ဖြစ်ပါတယ်။ ချိန်ဖတ်ဖို့ ဖြစ်ပါတယ်။ ဖြန့်ဖတ်ဖို့ ဖြစ်ပါတယ်။ နှိုက်ဖတ်ဖို့ ဖြစ်ပါတယ်။ ရွေးဖတ်ဖို့ ဖြစ်ပါတယ်။

သမိုင်းရည်ရွယ်ချက်

ရေးသားပြုစုသူတွေမှာ အထွေထွေသော ရည်ရွယ်ချက်တွေ ရှိနိုင်ပါတယ်။

• ခံပြင်းလို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ဝါဒဖြန့်ချိတဲ့အနေနဲ့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ဖားတဲ့အနေနဲ့ (လော်ဖို့၊ ဆော်ဖို့) ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• မှတ်တမ်းမှတ်ရာ ကျန်ခဲ့အောင် ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ပြန်လည်ချေပချင်လို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• စိတ်ဝင်စားလို့ လေ့လာပြီး ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• တိမ်မြုပ်နေတာ၊ ငုပ်လျှိုးနေတာကို ဖော်ထုတ်ချင်လို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ကွင်းဆက်မိအောင် တူးဖော်လေ့လာပြီး ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• သမိုင်းအလွဲကို ပြင်ပေးဖို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• အမုန်းတွေ လက်ဆင့်ကမ်းဖို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• အမှန်တရား ဖော်ထုတ်ချင်လို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• သမိုင်းလိမ်တွေ တမင်ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• စိတ်ကူးယဉ်ပြီး ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ထောက်လှမ်းရေး လုပ်ဖို့ ရေးတဲ့ သမိုင်းသုတေသနတွေ ရှိတယ်။
• ပုဂ္ဂိုလ်ရေးပုံရိပ် ကြီးကျယ်ချင်လို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• နှိမ်ချင်လို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• ယဉ်ကျေးမှုသွတ်သွင်းဖို့ ရေးတဲ့ သမိုင်းစာအုပ်တွေ ရှိတယ်။
• အာဃာတနဲ့ ရေးတဲ့ မှတ်တမ်း
• အမုန်းနဲ့ ရေးတဲ့ မှတ်တမ်း
• တန်ပြန် ချေပတဲ့ မှတ်တမ်း
• စိတ်ကူးယဉ် မှန်းဆချက် မှတ်တမ်း
အစရှိသဖြင့်…. အမျိုးမျိုးသော သမိုင်းစာအုပ်တွေလည်း ရှိနေပါတယ်။

သတိချပ်

သမိုင်းစာအုပ်တွေမှာ narrative တွေ ဖန်တီးပြီးတော့၊ စတိုရီ (ပုံပြင်၊ story) တွေ လုပ်။ agenda set လုပ်ဖို့အတွက် သီးသန့်ရေးပြီး ဖန်တီးထားတဲ့ သိမ်မွေ့တဲ့သမိုင်းစာအုပ်တွေလည်း ပေါ်လာပါတယ်။ ဒါဟာ သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူတော် တော်များများကတော့ ဒါကို သိပ်သတိမထားမိသေးပါ။ သမိုင်းစာအုပ်ရေးရင်းနဲ့ စာရေးသူဟာ သူ လိုချင်တဲ့ narrative တွေ ဖန်တီးသွားတာ ရှိပါတယ်။ တစ်ဖက်မှာ သူလိုချင်တဲ့ အခင်းအကျင်းတစ်ခုရှိပါတယ်။ သမိုင်းဟာ အမှားနဲ့ အမှန်ကို ရောထွေးထားတဲ့ ယုတ္တိအမှား (Fault Logic) တွေလည်းပါဝင်နိုင်ပါတယ်။ ဒါဟာ ဒီဘက်ခေတ် သမိုင်းရေးသားချက်တွေမှာ သိမ်မွေ့လာလို့၊ သတိထားဖတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သမိုင်းကို ကောက်ယူတဲ့နေရာမှာ အချက်အလက်တွေ သုံးဖို့ လိုသလို၊ အချက်အလက်အပေါ် အလွန်အမှီသဟဲပြုပြီး ကောက်ချက်မချ မိဖို့လည်း အရေးကြီးနေပြန်ပါတယ်။

မင်းသေ့
ည ၁၀ း ၃၄
၁၈ ၊ စက်တင်ဘာ ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ စာရေးကြတဲ့ လူတွေ
Next post ▄ အုပ်စုတွေး