မြန်မာပြည်မှာ၊ ပညာတတ်လှုပ်ရှားမှုက အရေးတကြီးလိုနေတယ်။ ပညာတတ်မွေးမြူရေးကလည်း လိုတယ်။ ပညာတတ်မွေးမြူရေးကို တစ်ပါတည်း စရမှာဖြစ်သလို၊ တည်ဆဲရှိနေတဲ့ ပညာတတ်တွေရဲ့ တွေဝေမှု၊ မှိန်းမော မှုနဲ့ ဝေဝါးမှုတွေကိုက သုတ်သင်ပစ်ရမယ့်အချိန်ရောက်နေပါပြီ။ မြန်မာပြည်မှာ ပညာတတ်တွေရဲ့ လှုပ်ရှားမှု ထက်၊ နိုင်ငံရေးသမားတွေရဲ့ လှုပ်ရှားမှုက ပိုများခဲ့တယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ပညာတတ်တွေရဲ့ လှုပ်ရှားမှု တစ်ရပ် ဖြစ်ထွန်းဖို့ လိုတယ်လို့ ယူဆတယ်။ အကြောင်းကတော့…. အနှစ်နှစ်အလလက မတည်ဆောက်ဖြစ် ခဲ့တဲ့ လူမှုအဆောက်အအုံကောင်းတွေ၊ နိုင်ငံရေးအဆောက်အအုံကောင်းတွေနဲ့ ပညာ့အဆောက်အအုံကောင်း တွေကို တည်ဆောက်ရမှာဖြစ်လို့ ဖြစ်ပါတယ်။

အတူ တွဲဖက်

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာနဲ့ပဲ လမ်းဆုံးနေလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ အဖော်အပေါင်းနဲ့ သွားရမယ့် ခရီးဖြစ်ပါတယ်။ ပညာရေးအဆောက်အအုံကောင်း မရှိဘဲနဲ့ ဒီမိုကရေစီ မဏ္ဍိုင်ကို တည်ဆောက်လို့ မရဘူး။ နိုင်ငံရေးအဆောက်အအုံကောင်းတွေ မရှိဘဲနဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေကို အသက်သွင်းလို့ မရဘူး။ လူမှုအဆောက်အအုံကောင်းတွေ မရှိဘဲနဲ့ ဒီမိုကရေစီအလေ့အကျင့် ဟာ မစွဲမြဲနိုင်ဘူး။ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို မြန်မာပညာတတ်တွေ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုနေ ပါပြီ။
နိုင်ငံရေးတစ်ခုတည်းဟာ ဒီမိုကရေစီ မဟုတ်ဘူး။ ဒီမိုကရေစီဟာလည်း ဒီမိုကရေစီအတွက်မဟုတ်ဘူး။ ဒီမို ရေစီဟာ ပြည်သူ့အတွက်။ ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းအတွက်။ ဒီမိုကရေစီဆိုတာ လူထုအကျိုးစီးပွား အတွက်ဖြစ်ပါတယ်။ ကျနော်တို့ဟာ ဘာလို့ ဒီမိုကရေစီဆိုတာကို အထပ်ထပ် အော်ဟစ်တောင့်တခဲ့သလဲ။ ပြည်သူ့အကျိုးစီးပွား ခေါင်းပါးပြီးတော့၊ လူတစ်စု အကျိုးစီးပွားသာ ဖြစ်ထွန်းခဲ့လို့ ဒီမိုကရေစီကို အငမ်းမရ လိုချင်ခဲ့တာဖြစ်ပါတယ်။ ဒါကို မမေ့သင့်ဘူး။ ဒါကို သတိချပ်သင့်တယ်။

စိမ့်ဝင် ပျံ့နှံ့ နိုးထ

ပညာတတ်လှုပ်ရှားမှုတွေဟာ နယ်ပယ် ကဏ္ဍအသီးသီးကို စိမ့်ဝင်ပျံ့နှံ့မှ ကောင်းလိမ့်မယ်။ နိုင်ငံရေးနယ်ထဲမှာ ပညာတတ်တွေ များများရောက်ဖို့ လိုတယ်။ ပညာရေးနယ်ပယ်ထဲမှာ တကယ်တတ်တဲ့ ပညာတတ်တွေ များ များ မွေးဖို့ လိုသလို၊ တကယ်တတ်တဲ့သူတွေကိုလည်း ပညာရေးနယ်က ထွက်ခွာမသွားအောင် ဆွဲထားဖို့ လို တယ်။ ပညာရေးနယ်မှာတော့ တကယ်တတ်တဲ့သူတွေကို ဆွဲမထားဘဲနဲ့ ကန်ထုတ်ကြတာများတယ်။ မနာလို မရှုစိတ်ဟာ သိပ်အားကြီးတာကိုး။ မြန်မာပြည် လူ့အဖွဲ့အစည်းဟာ ကိုယ်ပြုသောကံ ကိုယ်သာခံနေရပါတယ်။ ပညာတတ်တွေဟာ အနုပညာနယ်ပယ်ထဲလည်း တိုးဝင်ရမှာပဲ။ အနုပညာဆိုတာ တိုင်းပြည်ရဲ့ နှလုံးသား ဖြစ်ပါတယ်။ တက္ကသိုလ်တွေဟာ တိုင်းပြည်ရဲ့ ဦးနှောက်ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ တိုင်းပြည်ရဲ့ သွေးသား ဖြစ်ပါတယ်။ စီးပွားရေးဆိုတာဟာ တိုင်းပြည်ရဲ့ အစာအိမ်ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် အတတ်ပညာရှင် တွေဟာ တိုင်းပြည်ရဲ့ ခြေလက်ဖြစ်ပါတယ်။ ပညာတတ်တွေဟာ တိုင်းပြည်ရဲ့ နားမျက်စိဖြစ်ပါတယ်။

ပညာဟာ နေရာတကာမှာလိုနေပါတယ်။ နိုင်ငံရေးပယောဂကြောင့်၊ ပညာတတ်ဟာ ပျက်စီးသွားတယ်ဆိုတာ မဖြစ်ရပါ။ ဒါကို သတိထားဖို့ လိုပါတယ်။ နိုင်ငံရေးအလုပ်ဟာ တိုင်းပြည်ဝန်ကို ဝင်ထမ်းရတဲ့အလုပ်ဖြစ်ပါတယ်။

ပညာတတ် ထုတ်ကုန်တွေ

ကျနော်ကတော့၊ ပညာတတ်တွေ ရေးတဲ့ စာအုပ်၊ စာတမ်းတွေ ဖတ်ချင်ပါတယ်။ ပညာတတ်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီကို မြင်ချင်ပါတယ်။ ပညာတတ်တွေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ သုံးချင်ပါတယ်။ ပညာတတ် တွေပို့ချတဲ့ စာသင်ခန်းတွေထဲမှာ ကျောင်းသားတွေကို ဦးနှောက်ခါးတောင်းကျိုက်စေချင်ပါတယ်။ စိုက်ပျိုးရေး နဲ့ မွေးမြူရေးလို ကဏ္ဍမျိုးတွေမှာ ပညာတတ်တွေဟာ သူတို့နဲ့ မဆိုင်သလို၊ လျစ်လျှူရှုနေကြပါတယ်။ စိုက်ပျိုး ရေးဟာ ပညာတတ်နဲ့ ဆိုင်ပါတယ်။ မြန်မာပြည်မှာ တကယ့်ပညာတတ်လူငယ်၊ လူလတ်တွေ ဦးဆောင်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ လက်ချိုးရေလို့ပဲ ရပါတယ်။ အလားတူ မွေးမြူရေးနယ်ပယ်ဆိုလည်း ထိုနည်းလည်း ကောင်းပါပဲ။ ပညာတတ်တွေဟာ ကြက်မွေး၊ ဝက်မွေး၊ နွားမွေး၊ ဆိတ်မွေးတဲ့အလုပ်ဟာ သူတို့နဲ့ လားလားမှ မသက်ဆိုင်သလို နေတတ်လွန်းကြပါတယ်။ တကယ့်ပညာတတ်လူငယ်၊ လူလတ်ပိုင်းတချို့သာ ဒီလိုမွေးမြူရေး ကဏ္ဍမှာ ကျကျနန လုပ်ငန်းလုပ်ကိုင်ကြတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ၊ အတော်ရှားပါတယ်။ မြန်မာတွေ ဟာ အလှမ်းကျယ် အလတ်လပ်နေကြတယ်။ မြန်မာတွေဟာ သိပ်ပြီး ကိန်းကြီးခမ်းကြီး နိုင်လွန်းကြတယ်။

အလှမ်းကျယ် အလယ်လပ်

ပညာတတ်ဘွဲ့ရတစ်ယောက်ဟာ သူ့ကိုယ်သူ တောင်သူလယ်ယာအလုပ်နဲ့ လားလားမှ မသက်ဆိုင်တော့တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ထားကြတော့တယ်။ မြန်မာပညာတတ်ဘွဲ့ရတစ်ယောက်ဟာ သူ့ကိုယ်သူ ကြက်၊ ဘဲ၊ နွား၊ ဝက်၊ ဆိတ် မွေးမြူရေးတွေဆိုတာ အောက်ခြေတန်းတွေနဲ့သာ ဆိုင်တယ်လို့ ၊ အလိုလို သိမှတ်ခံယူ ထားကြတယ်။ မွေးမြူရေးအလုပ်ဆိုတာ ပညာမတတ်တဲ့လူတွေလုပ်တဲ့အလုပ်လို့ ယူဆထားကြတယ်။ သိပ် အံ့ဩဖို့ကောင်းတာပဲ။ မြန်မာတွေဟာ အလှမ်းကျယ် အလယ်လပ်နေကြတယ်။ အခြေခံပြဿနာတွေကို နားလည်မနေကြဘူး။ မိဘဆရာတွေကလည်း ရေလိုက်လွဲနေကြတယ်။ တပည့်သားသမီးတွေကို သွန်သင်မှု လွဲချော်နေကြတယ်။

တကယ်တော့ ကျနော်တို့ တိုင်းပြည်မှာ အောက်ခြေက အခြေခံကဏ္ဍတွေမှာကိုပဲ အခြေမခိုင်တာတွေ အများကြီးရှိနေတယ်။ အောက်သက်မကျေတာတွေ အများကြီးရှိနေတယ်။ ရေလိုက်လွဲနေတာတွေ အများကြီး ရှိနေတယ်။ မယောင်ရာဆီလူးတာတွေလည်း အများကြီး ရှိနေတယ်။

မယောင်ရာ ဆီလူး

နှစ်စဉ် နှစ်စဉ် ဆယ်တန်း အောင်စာရင်းထွက်လို့၊ စိုက်ပျိုးရေးတက္ကသိုလ်ကို ရည်မှန်းချက်ကြီးကြီးနဲ့ တက်ချင် တဲ့ ကျောင်းသား ဘယ်နှယောက်ရှိသလဲ။ မိဘဆရာတွေထဲမှာလည်း ငါ့သား၊ ငါ့သမီးကို စိုက်ပျိုးရေး တက္ကသိုလ်ကို ပို့ဖြစ်အောင် ပို့ပြီး တိုင်းပြည် စားနပ်ရိက္ခာကြွယ်ဝအောင် စွမ်းဆောင်နိုင်တဲ့ လူတော်ပညာတတ် တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ မိဘ၊ ဆရာ ဘယ်နှယောက်ရှိပါသလဲ။ အင်မတန် ရှားပါးပါလိမ့်မယ်။ အင်မတန် ရှားပါးပါလိမ့်မယ်။ ဆယ်တန်းအမှတ် မမှီလို့သာ တိ/ကု တက္ကသိုလ်ကို သွားချင်သွားကြလိမ့်မယ်။ အမှတ်သာ မှီရင်၊ မိဘဆရာတွေဟာ လူ/ကု တဲ့ တက္ကသိုလ်ကို သွားစေချင်ကြတာလေ။ တိ/ကု ထက် လူ/ကုက ပိုဂုဏ် ရှိတယ်လို့ ထင်နေကြတာ။ သိပ်လွဲမှားတဲ့ အယူအဆပဲ။ မြန်မာမိဘတွေ၊ မြန်မာဆရာတွေဟာ ဉာဏ်တိမ်သလ္လာ ဖုံးနေကြတဲ့ လူတွေ အများကြီးပဲ။ မြန်မာတစ်နိုင်ငံလုံးပဲလို့ ပြောရင် လွန်အံ့ မထင်။

ဒီတော့ မြန်မာတွေရဲ့ စိတ်နေစရိုက်နဲ့ မြန်မာတွေရဲ့ သဘောထား တိမ်းညွှတ်ချက်တွေကပဲ မြန်မာပြည်ကို မတိုးတက်အောင်၊ မကြီးပွားအောင် လုပ်နေကြပါတယ်။

ဝေးသေး

မြန်မာပြည်မှာ ပေါလိုက်တဲ့ နည်းပညာတက္ကသိုလ်တွေ။ ဘယ်မှာလဲ နည်းပညာ။ ဘယ်မှာလဲ စက်မှုဖွံ့ဖြိုးမှု။ အားလုံးဟာ ဘိတ်ချီးချည်းပဲ။ အခြေခံကျတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ပိုင်ပိုင်နိုင်နိုင်လုပ်ရင်ကိုပဲ တိုင်းပြည် ဟာ ကြီးပွားရေးလမ်းစတွေ အများကြီးထွက်လာနိုင်တယ်။ အခုတော့ သူများ နောက်မှီးဆွဲပဲဖြစ်နေကြတယ်။ နံဘေးနားက ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ စိုက်ပျိုးရေးကဏ္ဍကြီးတစ်ခုလုံးနဲ့ ယှဉ်ရင် မြန်မာပြည်ဟာ အများကြီး ပြတ်ကျနေခဲ့ပြီ။ စင်္ကာပူနဲ့ ယှဉ်ကြည့်အုံးမလား။ အထွေထွေဝန်ဆောင်မှုအရာမှာ ဘိတ်ချီးကပဲ ကျန်နေခဲ့ပါပြီ။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်….။ ဝေးပါသေးတယ်။ မြန်မာတွေဟာ မယောင်ရာ ဆီလူးတွေ များတယ်။

မယောင်ရာ ဆီလူးနေတာကတော့၊ အစိုးရအဆက်အဆက်လည်း ထိုနည်းလည်းကောင်းပဲ။ အဲသည့်အစိုးရ အဆက်ဆက်ကို မကောင်းဘူးလို့ လက်ညှိုးထိုးနေတဲ့ မိဘတွေလည်း ထိုနည်းလည်းကောင်းပဲ။ ကျောင်းက ဆရာတွေလည်း ဘာထူးလို့လဲ။ အားလုံးက ပိန်း၊ ပိန်းတား၊ ပိန်းတက်တွေများပါပဲ။ အဲသည်လိုပြောလို့ အိမ်ထဲက ဘွဲ့ဓာတ်ပုံကြီးတွေ လက်ညှိုးထိုးပြပြီး “ငါတို့က မပိန်းဘူး…” “အခု ဒီစာရေးနေတဲ့ မင်းကသာ ပိန်းတာ….” လို့ နှုတ်လှန်ထိုးမယ့် မဟာ ပြင်ညာယှိကြီးများကလည်း တစ်ပုံကြီး။

ဒီတော့ မြန်မာပြည်ဟာ အလှမ်းကျယ် အလယ်လပ်နေသရွေ့ ၊ တိုးတက်ဖို့ ဆိုတာ မထင်။ မမြင်။

သူ့အရပ် … သူ့ဇာတ်နှင့် နှစ်ပါးသွား က,ကြပါကုန်….။

မင်းသေ့
ည ၁၀ း ၅၁
၁၂၊ စက်တင်ဘာ ၊ ၂၀၂၀။

Previous post ▄ အုပ်စုတွေး
Next post ▄ နိုင်ငံရေးလေ့လာမှု အစ