“အရူးတွေ လက်ထဲမှာ၊
အန္တရာယ်ပေးနိုင်တဲ့ လက်နက်တွေ မရှိစေရအောင်
ဖယ်ရှားပစ်ဖို့ ကျွန်တော် အမြဲ လိုလားခဲ့တယ်။
ကိုင်း… လက်နှိပ်စက်တွေက စကြပါစို့ရဲ့….”
ဖရန့်ရိုက်။ (သတင်းစာဆရာများကို တိုက်ခိုက်သရော်တဲ့စကား)
စာ – ၃၄ / နိုင်ငံရေး စာကိုး စကားကိုး – မောင်ဝံသ

တကယ်တော့ ဖရန့်ရိုက်ကိုယ်တိုင်က၊ စာရေးဆရာဖြစ်သည်။ ဗိသုကာတစ်ယောက်လည်းဖြစ်သည်။ ၁၈၆၇ ခုနှစ် နှင့် ၁၉၅၉ ခုနှစ်အထိ လူ့ဘဝတွင် နေထိုင်သွားသည်။ သူ့အကြောင်းကို ကျနော် မသိ။ သူ့စကားကို တော့ အခုထိ မှတ်မိနေသေးသည်။ သူ့စကားဖြင့်၊ အတွေးနယ်ချဲ့မိသည်။
အစိုးရမင်းတို့က၊ ကလောင်ကိုင်အစိုးရကို ကြောက်သတဲ့လား။ သို့တည်းမဟုတ် လက်နှိပ်စက်များကို ကြောက် သလား။ ယခုခေတ် စကားနှင့် ဆိုလျှင်၊ ကွန်ပြူတာ ကီးဘုတ်ပေါ်က လက်ချောင်းသွယ်သွယ်လေးများကို ကြောက်သလား။ ကွန်ပြူတာများကလည်း၊ ယခုခေတ်မှာ အပေါသား ကလား။ ကျနော်တို့ ကီးဘုတ်ခုံပေါ်က၊ လက်ချောင်းများကို အလွယ်တကူ မလှုပ်ရှားသင့်။ ဆင်ခြင်တုံတရားဖြင့် နှိပ်မှ ကောင်းမည်။

အဲ… ပြောစရာရှိသေးသည်။ နှိပ်သင့်သည်ထင်သော ကီးဘုတ်ခလုတ်များကိုလည်း၊ နှိပ်ရန် တွန့်ဆုတ်မနေ သင့်။ နည်းပညာခေတ်မှာ၊ ကလောင်က နောက်ကောက်ကျနေလို့ မဖြစ်။ ရဲရင့်ပြတ်သားစွာ ဝံ့ဝံ့စားစား နှိပ်ရဲ သော ယုံကြည်မှု၊ ရိုးသားမှုများကို တည်ဆောက်သင့်သည်။

ဝက်ချ်ဒေါ့

စာနယ်ဇင်းကို စောင့်ကြည့်ခွေး (Watch Dog) လို့သုံးကြသည်။ အစိုးရမင်းတို့၏ လုပ်ရပ်များကို၊ ပြည်သူလူထု မျက်ခြေမပြတ်သွားအောင် အချိန်နှင့်တစ်ပြေးညီ၊ အသိပေး လက်တို့ပေးနေရသော တာဝန်ကို စာနယ်ဇင်း သမားများက ယူသည်။ စာနယ်ဇင်းနှင့်ပက်သက်ပြီး၊ ရွှေဥဒေါင်း၊ ပီမိုးနင်း၊ မောင်ဝံသ၊ လူထုစိန်ဝင်းတို့၏ ညွှန်း ချက်၊ မှတ်ချက် ရေးသားချက်များကို ကျနော် အမြဲ စုစည်းခဲ့သည်။ မှတ်စုစာအုပ် ၁၆ အုပ်လောက်မှာ၊ ၃ အုပ် လောက်က၊ စာနယ်ဇင်းနှင့်ပက်သက်သော မှတ်စုများက အပြည့်။

စာရေးခြင်းသည်၊ ကျနော့် ငယ်ချစ်ဦး ဆိုလျှင်၊ နိုင်ငံရေးသည် ကျနော့်ဇနီးဖြစ်သည်။ စာနယ်ဇင်းမှာ၊ အဝေးက လွမ်းနေရသည့်၊ ရင်ခုန်စရာ မိန်းမပျိုတစ်ယောက်။ လက်ရှိအလုပ်ကို တစိုက်မတ်မတ်လုပ်နေသည့်တိုင်၊ စာနယ်ဇင်းနယ်ပယ်က အဖြစ်အပျက်များကို ကျနော် မကြာခဏ ငဲ့ကြည့်ဖြစ်သည်။ သံယောဇဉ်ဖွဲ့ထုံးက၊ ကြိုး ညှိနေသကိုး။

ကျနော့်အတွက်၊ အဝေးက ရင်ခုန်စရာ မိန်းမပျိုသည်၊ နိုင်ငံရေးဝဲဩဃထဲမှာ ပိုက်ကွန်မှာ ငြိလျက် ထိလျက်။ ကျနော် ကူညီချင်သည်။ ကျနော် ပြောချင်သည်။ ကျနော် ရေးချင်သည်။ ကျနော် အကြံပြုချင်သည်။ သို့သော် ထိုသူနှင့် ကျနော်က၊ တိုက်ရိုက်မသက်ဆိုင်။ ကူချင်သည်ပြောသော်လည်း၊ စာနယ်ဇင်းနှင့်ပက်သက်၍ ကျနော့် မှာ လောက်လောက်လားလား စွမ်းရည်ကား မရှိ။ တိုက်ရိုက်ရေးရ ပြောရဖို့လည်း၊ ကျနော့် တရားဝင် ချစ်သူ မဟုတ်။ အဝေးက ရင်ခုန်နေရသော မိန်းမပျို။
သည်လို သံယောဇဉ်ကြောင့်၊ စာနယ်ဇင်းနှင့် ဆက်နွှယ်သည့် စာ နှစ်ပုဒ် သုံးပုဒ် လောက် ကျနော်ရေးဖြစ်ခဲ့ သည်။ သည်းခံနားလည်ကြပါကုန်။ ကျနော် စာနယ်ဇင်းသမား မဟုတ်ပါ။ သံယောဇဉ်ကြိုးမဖြတ်နိုင်ဘဲ မနေနိုင် ၍ လက်က,ရေးဖြစ်နေခြင်း ဖြစ်သည်။

လူထုလက်ထဲက ဝါးရင်းတုတ်

လူထုစိန်ဝင်းက၊ စာနယ်ဇင်းနှင့် ပက်သက်ပြီး ပြတ်ပြတ်သားသားပြောသည်။
“စာနယ်ဇင်းမှန်ရင်၊ ဟုတ်တာ၊ မှန်တာကိုသာ ရေးတယ်။ အချည်းနှီး အကျိုးမဲ့ ဖြစ်တာကို မရေးဘူး။ လူတွေ အတွက်၊ နိုင်ငံအတွက် အကျိုးရှိစေတာတွေကိုသာ ရေးတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ပါတီ အဖွဲ့အစည်းရဲ့ လက် ကိုင်တုတ်မှ မဟုတ်ဘူး။ တုတ်ဖြစ်ခြင်း ဖြစ်ရင်၊ ပြည်သူလူထုရဲ့ လက်ထဲက ဝါးရင်းတုတ် သာ ဖြစ်လိမ့်မယ်။” လို့ ပြတ်ပြတ်သားသားပြောသည်။
လူထုစိန်ဝင်း၏ စာကို ကြိုက်၍ ကျနော့် မှတ်စုမှာ ရေးခဲ့သည်။ ရေးသည့် မှတ်စု ရက်စွဲက၊ ၁၆ ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂။

လူထုစိန်ဝင်း ပြောသော ဝါးရင်းတုတ်များဖြစ်လျှင်၊ မည်မျှပင် ကောင်းကြမည်နည်း။ ကျနော်တို့မှာ၊ ခွေးဘဝမှ ကျီးဘဝသို့ မရောက်သင့်။ အာနေ၍ ဘာမှ ထူးမည် မဟုတ်။ ဝါးရင်းတုတ်နှင့် ရိုက်လိုက်ကြဖို့ ကောင်းသည်။ သည်ဝါးရင်းတုတ်ကို မည်သူ ကောက်ကိုင်မည်နည်း။ ကောက်ကိုင်မည့်သူကို ကျနော် မျှော်နေသည်။ ကျနော် လည်း မကိုင်ရဲ။ မကိုင်ရဲဆို… ကျနော်က ကြောက်တတ်သည်။ ကြောက်တတ်သူများက၊ စာနယ်ဇင်းနယ်ပယ် နှင့် မကိုက်။ သတ္တိ၊ ဗျတ္တိနှင့် ဆင်ခြင်တုံတရားကြီးသူတို့သာ စာနယ်ဇင်း နယ်ပယ်နှင့် ကိုက်လှသည်။

ပေါ်ပြူလာသမားတို့ ကျဆုံးပါစေ

ဆရာကြီး လူထုစိန်ဝင်း၏ စာက ကျနော့် မှတ်စုထဲတွင် ထပ်ရောက်နေသေးသည်။ မှတ်စုထဲမှာ၊ မင်နီနဲ့ ရေး ထားသည့် မှတ်စု။ ဘာ့ကြောင့် မင်နီနှင့် သုံးပြီး ရေးလိုက်သည်ကို ကျနော် မသိ။ ဘာတဲ့…. ပေါ်ပြူလာဖြစ်ဖို့ လွယ်တယ်….တဲ့။

“လောကမှာ၊ ခဏပန်း နာမည်ကြီးအောင် ပေါ်ပြူလာဖြစ်အောင် လုပ်ဖို့ မခက်ပါဘူး။ လမ်းမပေါ်မှာ ရိုးရိုးသား သား၊ လမ်းလျှောက် မသွားဘဲ၊ ကင်းမြီးေကောက် ထောင်ပြီး လျှောက်သွားပြလိုက်ပါလား။ ချက်ချင်း လက်ငင်း နာမည်ကြီး ပေါ်ပြူလာ ဖြစ်သွားမှာပေါ့…. ဒါပေမယ့်… နောက်ကွယ်မှာ ပေါချာချာလို့ ကောက်ချက်ချမှာ သေချာ တယ်…။” လို့ ဆရာကြီးက ရေးသည်။

လက်က ထွက်မည့် စာတစ်ကြောင်းအတွက် အတွေးပေါင်းတစ်သောင်း လိုချင်လိုမည်။ ကျင့်ဝတ်ပေါင်း တစ်ရာ လိုချင် လိုမည်။ စာဟူသည် စကားနှင့် မတူ။ စကားသည် လေထဲတွင် ပျောက်ဆုံးသွားသည်။ စာဟူသည်ကား၊ ကျန်နေခဲ့သည်။ သမိုင်းနှင့် ချီ၍ မှတ်တမ်း၊ သက်သေပြချက်အဖြစ် ကျန်ခဲ့သည်။ ကျနော်တို့ လက်မှ စကားလုံး များသည် အလွယ်တကူ ထွက်မကျသင့်။ ချင့်ချိန်သော၊ အကျိုး အကြောင်းအကျိုး နှင့် ဆင်ခြင်တုံတရားကို ဖြတ်ပြီးမှ ဖြတ်သန်းလာသော စကားလုံးများဖြစ်လျှင်၊ မည်မျှ ကောင်းပါမည်နည်း။

ကွန်မြူနစ်တို့ လက်စွဲသုံးသော “က သုံးလုံး” ကို မှီးချင်သည်။
စာနယ်ဇင်းသမားတို့ လက်က ထွက်သောစာများသည်၊
“အကြောင်းအကျိုးရှိရမည်။ အကျိုးအမြတ်ရှိရမည်။ အကန့်အသတ်ရှိရမည်။”

သာသနာပြုလုပ်ငန်းကဲ့သို့

လူထုစိန်ဝင်းက ထပ်၍ ဟောသေးသည်။ “စာနယ်ဇင်းလုပ်ငန်းဆိုတာ သာသနာပြုလုပ်ငန်းလို အကျိုးဆောင် လုပ်ငန်းဖြစ်တယ်။ ရိုးသားစွာနဲ့ လူ့လောက အကျိုးဆောင်သူကိုသာ စာဖတ်ပရိတ်သတ်က လေးစားယုံကြည် တယ်။”

ကျနော်တို့ မြန်မာတွေ၏ အကျင့်ဆိုးတွေ ရှိသည်။ အလှူအတန်းလုပ်လျှင်၊ လူသိစေချင်သည်။ အလှူက နည်း နည်း၊ ဓာတ်စက်က လော်က ကျယ်ကျယ်။ ရှစ်ခွင်တစ်ပြင်လုံးကို လော်သံက ထိုးဖောက်လျက်။ အလှူအတန်း ကို ပကာသနဖက်ပြီး လုပ်သည်။ ပရဟိတကို၊ ပုဂ္ဂိုလ်ရေးအသိအမှတ်ပြုခံရမှုအတွက် လူရှေ့သူရှေ့ လုပ်ပြ သည်။ အများသိနိုင်သော ဓာတ်ပုံကြီးများ တင်၍ တိုက်ပုံဝတ်ပြီး ပေါက်ပြားကိုင်သော သူများ မြင်ဖူးလိမ့်မည် ထင်သည်။ ယောင်ပြများ အတော်ပေါသော ဗမာ။
ကျနော်တို့က ရိုးသားသင့်တယ်လို့ မညှိနှိုင်း။ ရိုးသားရမည်။ ဤအလုပ်၊ သည်အလုပ်ကို လုပ်လျှင် ရိုးသားရ မည်။ မည်သူ့ကိုမျှ မရိုးသားလျှင် နေပါစေ၊ ကိုယ့်ကိုယ်ကို ရိုးသားရမည်။ ကလောင်ကိုင်သော လက်က ရိုးသား ရမည်။ ရိုးသားမှုဖြင့် ထွက်ကျလာသော မင်ခြစ်ကောက်ကြောင်းများကို၊ ပြည်သူတို့က ရဲရဲတောက် ထောက်ခံ လိမ့်မည်။ ပြောသာပြောရသည်။ ပြည်သူကလည်း ဖာသိဖာသာက အများသား။ မည်သို့ပင်ဖြစ်စေ၊ ကျနော်တို့ ကိုင်သော ကလောင်ကို ကျနော်တို့ လေးစားရမည်။ ကလောင်ကိုင်သူတို့ ကိုယ်တိုင်မှ မလေးစားလျှင်၊ မည်သူ က၊ ကလောင်ကို လေးစားပါတော့မည်နည်း။

စာနယ်ဇင်းဆိုတာ ပြည်စောင့်နတ်

ကျနော်တို့ ဘုရားရှိခိုးလျှင်၊ အရှေ့အရပ်၌ ရှိသော… အနောက်ရပ်၌ ရှိသော ဝေနေယျသတ္တဝါများ၊ အထက် ဘဝဂ်မှသည် အောက် အဝီစိတိုင်အောင် မေတ္တာပို့တတ်ကြသည်။ အိမ်စောင့် နတ်၊ ယာစောင့်နတ်၊ မြို့စောင့် နတ်၊ အပါအဝင် ရေအိုးစင်စောင့်နတ်အထိပါ, ပါသေးသည်။
အုပ်ချုပ်ရေး၊ တရားရေး၊ ဥပဒေပြုရေးတို့ကို စောင့်ကြည့်နေသော ပြည်စောင့်နတ်ကို မေတ္တာပို့ဖို့ မေ့နေသည်။ ကျနော်သည်စာကို ရေးခြင်းသည် တတိယလူနေရာမှ ရေးခြင်းဖြစ်သည်။ အစိုးရကို ပြည်သူက ထိန်းရမည်။ အစိုးရကို မီဒီယာက ထိန်းရမည်။ မီဒီယာကိုလည်း အစိုးရ ထိန်းသင့်သည်။ အစိုးရနှင့် မီဒီယာကို ပြည်သူက ထိန်းသင့်နေသေးသည်။ ကျနော်တို့မှာ ပြည်စောင့်နတ် စစ်စစ်လိုသည်။ ထို့အတူ၊ အာမခံချက်ရှိသော စာနယ်ဇင်း လွတ်လပ်ခွင့်လည်း ရှိဖို့လိုသည်။ လူထုစိန်ဝင်းက ထပ်ပြောသေးသည်။

“အကြွင်းမဲ့ လွတ်လပ်ခွင့်ဆိုတာ လုံးဝ မရှိသင့်တဲ့ အရာ ဖြစ်တယ်” လို့ ပြတ်ပြတ်သားသားပြောသည်။ ကျင့်ဝတ်များဖြင့်၊ ထုံမွှမ်းထားသော လွတ်လပ်ခွင့်ကို ကျနော်တို့ ကိုင်စွဲကြစို့။ ဤသို့ကျင့်သုံးပါလျက်၊ လွတ်လပ် ခွင့်ကို ကန့်သတ်လျှင်လည်း၊ ဝါးရင်းတုတ်များ ကိုင်လိုက်ကြတော့။ ကျနော်တို့ ကိုယ်တိုင်ကလည်း၊ စာနယ်ဇင်း သမား စစ်စစ်၊ အစိုးရ စစ်စစ်၊ ပြည်သူ စစ်စစ် ဖြစ်အောင် ကျင့်ကြံနေထိုင်ကြစို့။

မင်းသေ့
ညနေ ၃ း ၀၃
၁၈ ၊ ဇွန်လ၊ ၂၀၁၇

Previous post စကားလုံးတစ္ဆေခြောက်ခြင်း
Next post ဒီကလေးတွေ