မနက် ၁၀ နာရီ ထိုးရင်၊ ဒီကလေးတွေ ရောက်လာကြပြီ။ သူတို့က အစီအရီ စောင့်လျက်၊ ဆိုင်းလျက်။ အဲ… တခါတရံ… ၉ နာရီလောက် အစောကြီး ရောက်လာတတ်သဗျ…။ ဝီရိယကောင်းချက်။ စာကြည့်တိုက်က နံနက် ၁၀ နာရီ ပုံမှန်ဖွင့်တယ်လေ…။ အဲ… ဥပုသ်နေ့တို့၊ စနေ တနင်္ဂနွေနေ့တို့ဆိုရင် ၎င်းတို့ အပြိုင်အဆိုင် ဝင်ထွက် ကြ၊ သွားလာကြ။ ကျနော်တို့က သူတို့လေးတွေအတွက်၊ တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ပေးထားတာကို ၎င်းတို့ လေးတွေ သိကြသဗျ..။ နားလည်ကြသဗျ….။

ဘာပဲပြောပြော… ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်းကို ကျနော်တို့ နေ့တိုင်းလိုလို မြင်နေခွင့်ရကြတယ်။ ဒီလိုပါပဲ… ကျနော်တို့ စာကြည့်တိုက်က မန္တလေးတက္ကသိုလ်နဲ့ နီးတော့… ဆိုင်တွေဘာတွေ သွာထိုင်ရင်၊ တောင်းရမ်းစားသောက်တဲ့ ကလေးတွေလည်း တွေ့ရတယ်။ ရပ်ကွက်တစ်ခုတည်း၊ သိပ်မဝေးတဲ့… သုံးလေးပြ လောက် ဝန်းကျင်တစ်ဝိုက်တွင်ကို၊ ကွာနေကြတဲ့ အဖြစ်တွေ။

ကျနော်တို့ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ စာဖတ်တဲ့ ဝန်းကျင်မှာ၊ ရှင်သန်ခွင့်ရကြရင်ဖြင့်….။
ကျနော်တို့ ကလေးတွေဟာ သူတို့ကို လက်ကမ်းကြိုဆိုပြီး လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ရှိသော လူကြီးတို့ ဖန်တီးစီရင်သည့် စာကြည့်တိုက်၊ စာပန်းခင်း၊ ကစားကွင်း ငယ်ကလေးများကို နေရာအနှံ့ သွားလာခွင့် များများ စားစားရကြရင်ဖြင့်….။

ကျနော်တို့ လူ့အသိုက်အဝိုင်းဟာ… ကျနော်တို့ ကြုံသလို၊ ကျနော်တို့ နောင်တော်ကြီးတို့ ကြုံခဲ့ကြသလို ခရီး ကြမ်းကို ပါးပါးလျလျာသာ ဖြတ်သန်းကြရမယ်လို့ ကျနော် ယုံကြည်ပါတယ်။

ကျနော်တို့ ငယ်စဉ်က ရေခံမြေခံကောင်းမရခဲ့ဘူး။ ကျင်းထဲကြပ်ထဲမှာ၊ ရှင်သန်ခဲ့ကြရတယ်။ သူများကလေးတွေ ကစားနေချိန်မှာ၊ ကျနော်တို့ အိမ်အလုပ်တွေ၊ အိမ်မှုကိစ္စတွေကို နိုင်သလောက် ထမ်းကြပိုးကြရတယ်။ ကလေး လည်း ကလေးအထွာ နိုင်သလောက် လုပ်ကြရတယ်။ ကျောင်းကို အပြေးသွား၊ ထမင်းကို အပြေးပြန်စား၊ အိမ် ကို အပြေးပြန်… ပြီး ကျောင်းတက်ခဲ့ရတယ်။ ထမင်း တစ်ဝကြီးနဲ့ ကျောင်းချိန်မမှီပြေးရတာလည်း အကြိမ်ကြိမ်။

စက်ဘီးမရှိ။ ထမင်းချိုင့်ကလေးအရန်သင့် ထုတ်ပြီး၊ ကျောင်းချိန်အမှီ စောင့်ကြိုကျွေးပေးမယ့်သူမရှိ။ မိသားစု အရေအတွက်များတဲ့ ကျနော့်မိသားစုအဖို့၊ အဖေလည်း အဖေ၊ အမေလည်း အမေ့တာဝန်၊ အစ်ကိုကြီးလည်း အစ်ကိုကြီး၊ အစ်ကို အစ်မတွေလည်း သူ့နိုင်သလောက် ကြိုးစားပမ်းစား ကူရုန်းရ၊ ထမ်းရသည်။ ကျနော့်ဘဝ မှာ၊ ဆယ်တန်း ကျောင်းသား ဘဝကလွဲလို့ ကျူရှင် မတတ်ဖူးဘူး။ အဲ… ၄ တန်းနဲ့ ၅ တန်းမှာတော့ ခဏ တက် ဖူးသည်။ မည်ကာမတ္တသဘောပါပဲ။ ၂ လလား တက်ဖူးတာပါ။ ငယ်ငယ်ကျောင်းသား ဘဝက ကျူရှင်ဆိုတာ ကျနော်နှင့်မအပ်စပ်တဲ့ အရာဖြစ်ခဲ့တယ်။ ထားတော့… ဒါတွေ မပြောတော့ပါဘူး…. အခုများကြည့်လေ… သားတွေ သမီးတွေနဲ့… ကိုယ်စီကိုယ်ငှ….. အဲ အဲ အဲ … မှားလို့ ယောင်လို့…. တွံတေးသိန်းတန် သီချင်းက ပါးစပ်ထဲက ယောင်ပြီး ဆိုမိတယ်။ လက်လည်းလည်း အလိုလို ရေးလိုက်မိတယ်။ အဲ… ထားပါတော့။ ကျနော် ပြန်မဖျက်တော့ပါဘူး။

ကျနော်ကလည်း နောက်တီးနောက်တောက်ရယ်… ကလေးတွေ အကြောင်းပြောရင်း…. ကိုယ့် အကြောင်း ကိုယ်ပြောမိတယ်။ ကျနော်လည်း အရင်တုန်းက ကလေးပဲလေ။ အခုမှသာ…. အဲ… လူကြီးလုပ်လို့…။
တကယ့်တော့ သူတို့တတွေရဲ့ စာဖတ်ဝန်းကျင်ကို ကျနော် တွေးရင်း၊ ကျနော့် ငယ်ဘဝကို တွေးမိခြင်းသာ။ စာဖတ်အလေ့ အတော်အရေးကြီးတယ်ဆိုတာကို၊ ကျနော် ဘဝဖြတ်သန်းမှုအရ လက်တွေ့ သိခဲ့ရတယ်။ ကျနော်က၊ စာတွေချည်းဖတ်ပြီး ပြောမနေတတ်။

ကိုယ်လို ကိုယ့်နောက်ကလူတွေ မကြုံအောင်၊ ကျနော် အမြဲတွေးတတ်တယ်။ လူကြီးတွေကိုတော့၊ ကျနော် မနိုင်။ နိုင်လည်း မနိုင်ချင်။ နိုင်စရာလည်း မဟုတ်။ ကျနော်တို့ လုပ်ပေးနိုင်တာက၊ ကလေးနဲ့ လူငယ်တွေကို သာ။ ကိုယ်နဲ့ လမ်းကြောင်းတူတဲ့ လူကြီးတွေကိုလည်း၊ ကူကြ တွဲကြ၊ ပူးပေါင်းလုပ်ကြ…. ဒီသဘောနဲ့ ကျနော် တို့ လူမှုအရွေ့တစ်ခုကို တွန်းခဲ့ကြတယ်။ တကယ်တော့ ကြီးကြီးကျယ်ကျယ်နဲ့ လူမှုအရွေ့တွေ ဘာတွေသာ ပြောနေရတယ်။ အဲ့သလောက်လည်း ကျနော်တို့ မလုပ်နိုင်ကြသေးပါဘူး။ လုပ်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစား နေကြရုံ အဆင့်မှာပဲ ရှိပါသေးတယ်။

ကျနော်တို့ လက်တံတွေ မရှည်ပါ။ ကျနော်တို့ လမ်းနိုင်သလောက်၊ နိုင်သလောက် ဝန်ကို ထမ်းကြရုံသာ။ နိုင်အောင်လည်း ထပ်ပြီး လေ့ကျင့်ဖို့ အများကြီး ကျန်ပါသေးတယ်။

ကျနော်တို့ငယ်စဉ်က ရေခံ မြေခံ ကောင်းမရခဲ့သမျှ၊ သူတို့လေးတွေ ကျနော်တို့ အစား တနင့်တပိုးရစေရမယ် ဆိုတဲ့ ခံစားချက် ကျနော်တို့မှာ ပြင်းပြင်းပြပြရှိတယ်။ ဒီခံစားချက်ကြောင့်ပဲ ကျနော်တို့ စာပေအလုပ်၊ နိုင်ငံရေး အလုပ်၊ ပညာဖြန့်၊ ပညာထုတ်၊ ပညာဖလှယ်တဲ့ လုပ်ငန်းတွေကို နည်းအမျုးိမျိုး ပုံသဏ္ဍာန်အစုံစုံနဲ့ ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး လုပ်နေဖြစ်ကြတယ်။

ကျနော်တို့ အများကြီး မလုပ်နိုင်သေးပါ။ လုပ်ချင်သလောက် လုပ်နိုင်စွမ်းရှိဖို့လည်း၊ မုဆိုးစိုင်သင် ကြိုးစားနေရ သည့်အဖြစ်။ တော်သူများ များများထွက်နိုင်အောင်၊ ကျနော်တို့ လုပ်ကြရမယ်လေ။ တော်သူများ စုပေါင်းနိုင်မှ၊ စုပေါင်းစွမ်းအားတစ်ခုကို ရမယ် မဟုတ်လား။

စုပေါင်းညီညွှတ်တဲ့ အားတစ်ခုနဲ့ တွန်းမှ ကျနော်တို့ လူ့အသိုင်းအဝိုင်းက ရွေ့မယ်။ နွံထဲကျွံနေတာကြာပြီ။ မတွန်းနိုင်ကြသေးလာလည်းကြာပြီ။ တွန်းဖို့ အချင်းချင်း ညှိနေကြတာ၊ အငြင်းပွားနေကြတာကိုက၊ အချိန်တွေ ကုန်လှပြီ။

ကျနော်တို့ မငြင်းချင်တော့။
ကျနော်တို့ ညှိမနေချင်တော့။
ဒီအလုပ်တွေအတွက်ဆိုရင် ညှိစရာမလိုဘဲ၊ ညီနေရမှာ မဟုတ်လား။
အခုတော့ ဒီလိုမဟုတ်။ ကောင်းတာတွေအတွက်ပဲ လေကုန်ခံပြီး ညှိနေ နှိုင်းနေ၊ နိုးဆော်နေရတာကိုက အချိန် ကုန် လူပန်း၊ စရိတ်ကုန်၊ ဇလုံပွန်း တာပဲ အဖတ်တင်သည်။

သိပ်စကားတွေ အများကြီး ပြောမနေကြဘဲ ကျနော်တို့ နိုင်သလောက် မကြရအောင်လား။
ပြောနေတာကြာတယ်။ အခု မ,လိုက်ကြစို့။

မင်းသေ့
နံနက်ပိုင်း ၁၀ း ၃၇
၂၄ ၊ ဇွန်လ ၊ ၂၀၁၇
ယုံကြည်ရာ အခမဲ့စာကြည့်တိုက်။
မန္တလေး။

Previous post စောင့်ကြည့်ခွေး
Next post အက်ဆေးတစ်ပုဒ် ရေး၍ ဖိတ်ကြားခြင်း