“ယေ ဓမ္မာ ဟေတုပ္ပဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယော နိယောဓော
ဧဝံဝါဒီ မဟာသနဏော။” ဆိုပြီး အကျဉ်းဟောတယ်။

ဉာဉ့်နက်နက်မှာ ကျွန်တော် အိပ်မရပါ။ ညနေက စကားလုံးတွေနဲ့ ကခုန်ဖြစ်ခဲ့တယ်။ စကားလုံးတွေက ကျွန်တော်ရဲ့ အဖော်။ စကားလုံးတွေနဲ့ နပန်းလုံးရတာ လေ့ကျင့်သားပြည့်တဲ့ ကစားကွင်းဖြစ်ခဲ့ပါတယ်။ စကား လုံးတွေရဲ့ ညှိ့ဓာတ်များကို ဖော်ကြအုံးစို့။ သူတို့တတွေ ဘယ်လောက်ထိ စွမ်းကြသလဲ။ စကားလုံးတွေက လူ တွေရဲ့ ဘဝကို လွှမ်းမိုး ခြယ်လှယ်နေစမြဲ… စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းဆရာတွေ၊ ရှေ့နေ၊ တရားသူကြီးတွေဆိုတာ စကားလုံးတွေနဲ့ ကခုန်နေရတဲ့ သတ္တဝါတွေပါပဲ။ ကဗျာဆရာတွေ၊ သီချင်းရေးဆရာ တွေ၊ အဆိုတော်တွေလည်း ထိုနည်းလည်းကောင်းပဲပေါ့။

ဒါ့ကြောင့်….
စာရေးဆရာဆိုတာ စကားလုံးတွေနဲ့ ကခုန်နေတဲ့သတ္တဝါ
ဂျာနယ်လစ်ဆိုတာ စကားလုံးတွေနဲ့ ကခုန်နေတဲ့သတ္တဝါ
ကဗျာဆရာဆိုတာ စကားလုံးတွေနဲ့ ကခုန်နေတဲ့သတ္တဝါ
နိုင်ငံရေးသမားဆိုတာ စကားလုံးတွေနဲ့ ကခုန်နေတဲ့သတ္တဝါ
ကျောင်းဆရာဆိုတာ စကားလုံးတွေနဲ့ ကခုန်နေတဲ့သတ္တဝါ
ရှေ့နေတွေ၊ တရားသူကြီးတွေဆိုတာ စကားလုံးတွေနဲ့ ကခုန်နေတဲ့သတ္တဝါ
နောက်လည်း ရှိသေးတယ်။

စီးပွားရေးသမားဆိုတာ ကိန်းဂဏန်းတွေနဲ့ ကခုန်နေတဲ့ သတ္တဝါဖြစ်ပြီး၊ ပွဲစားဆိုတဲ့သူကတော့ စကားလုံးတွေ ကို ကိန်းဂဏန်းတွေနဲ့ ရေတွက်ဖို့ ကြိုးစားနေတဲ့ သတ္တဝါလို့ ဝိဂြိုလ်ပြုနိုင်လေရဲ့….

စကားလုံးတွေကြောင့်….

စကားလုံးတွေမှာ ပါဝါတွေရှိတယ်။ စကားလုံးတွေရဲ့ နောက်ကွယ်က ပါဝါတွေ တိမ်မြုပ်နေမှုကို ဖော်ထုတ်ဖူးရဲ့ လား။ ညို့အားပြင်းတဲ့ စကားလုံးတွေက လူတွေရဲ့ ဘဝနဲ့ သံသရာကို တောင် ပြောင်းလဲပစ်နိုင်ခဲ့သေးတာပဲ။ သာဓကတွေက အပုံအပင်ရှိတယ်။

• စကားလုံးတွေကြောင့်၊ လူတွေ သေကြေရတယ်။
• စကားလုံးတွေကြောင့်၊ လူသား ဘဝတွေ တိုးတက်လာကြရတယ်။
• စကားလုံးတွေကြောင့်၊ လူတွေ စိတ်ဆင်းရဲရတယ်။
• စကားလုံးတွေကြောင့်၊ လူတွေ ပျော်ရွှင်မြူးတူးကုန်ကြတယ်။
• စကားလုံးတွေက လူ့ဘဝတွေကို ပြဌာန်းတယ်။
• စကားလုံးတွေက လူသားတွေကို ကြီးမြင့်စေတယ်။
• စကားလုံးတွေက ခံစားချက်တွေကို ပြုပြင်စီရင်တယ်။
• စကားလုံးတွေက မိတ်ဆွေတွေကို ရန်သူအဖြစ် အသွင်ပြောင်းပစ်နိုင်ကြတယ်။
• စကားလုံးတွေက ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ကြလေရဲ့….
• စကားလုံးတွေက မွန်းကြပ်အောင် တုပ်နှောင်ထားနိုင်တယ်။
• စကားလုံးတွေက လွတ်မြောက်ရာ တရားကို လမ်းညွှန်ပြသပေးနိုင်တယ်။

ပါဝါတွေထမ်းပိုးထားတဲ့ စကားလုံးများ

စကားလုံးတွေရဲ့ နောက်ကွယ်မှာ ပါဝါတွေ တိမ်မြုပ်နေတယ်။ မမြင်ရတဲ့ လက်တွေနဲ့ ထိန်းချုပ်နိုင်တာက စကားလုံးတွေပဲ။ စကားလုံးတွေဟာ လူ့စိတ်ကို စီရင်ပြဌာန်းကြတယ်။ သို့အတွက်ကြောင့် စိတ်အမျိုးမျိုး ဖြစ်ပျက်မှုတွေ ကြုံရတယ်။ စကားလုံးတွေရဲ့ ပြုပြင်စီရင်မှုကို ခံရတဲ့ စိတ်တွေဟာ အပြဌာန်းခံ ဘဝတွေကို ဖန်တီးကြတော့တယ်။ စကားလုံးတွေရဲ့ သက်ရောက်မှုဟာ ကြီးကျယ်လွန်းလှတယ်။

အပြင်းထန်ဆုံး တိုက်ပွဲတွေဟာ စကားလုံးတွေကြောင့်၊ စဖြစ်ကြရတယ်။ သံသရာ၏ လွတ်မြောက်ရာ အကြောင်းတရားတွေကလည်း၊ စကားလုံးတွေထဲမှာ ခိုအောင်းနေတယ်။ ဖော်နိုင်ကြသူတွေ ဖော်ကြတဲ့အခါ စကားလုံးတွေက သူ့ရဲ့ ဓာတ်သတ္တိကို အစွမ်းကုန်ပြကြတော့တာပဲ။

သာရိပုတ္တရာ လောင်းလျာက အရှင်အဿဇိကို တွေ့တော့၊ အသင်တို့ရဲ့ ဆရာ ဘာဝါဒရှိသနည်းလို့ မေးတယ် မဟုတ်လား။ အရှင်အဿဇိက ဖြေတယ်။ ဓမ္မတို့ရဲ့ အကျဉ်းတရားကို ဖြေတယ်။ ခပ်တိုတိုပါပဲ။

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယော နိယောဓော
ဧဝံဝါဒီ မဟာသနဏော။” ဆိုပြီး အကျဉ်းဟောတယ်။

ယေ ဓမ္မာ ဟေတုပ္ပဘဝါ ဆိုတဲ့ အနက်၊ အကြင်တရားတို့သည် အကြောင်းကြောင့် ဖြစ်ကုန်၏။ ဆိုတဲ့ စကားလုံး အဆုံးမှာပဲ၊ သာရိပုတ္တရာလောင်းလျာက သောတပန်ဖြစ်သွားတယ် လို့ လေ့လာရတယ်။ စကားလုံးတွေဟာ စိတ်အဆင့်အတန်း တစ်ခုကို တွန်းပို့ရာမှာ၊ အင်မတန် စွမ်းအားမြင့်တဲ့ ပါဝါတွေ ရှိနေတယ်။

မြန်မာပြည်မှာလည်း၊ ပြည်တွင်းစစ် အဆုံးမသတ်နိုင်ခဲ့တာ၊ စကားလုံး တစ္ဆေခြောက်ခံရမှုက မရုန်းထွက်နိုင်ကြ သေးလို့ ဖြစ်တယ်။ တပြည်ထောင်လား၊ ပြည်ထောင်စုလား၊ ဖက်ဒရယ်လား ဆိုတဲ့ စကားလုံးတွေ၊ ခွဲထွက်ရေး မထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတဲ့ စကားလုံးတွေက ပဋိပက္ခတွေ၊ စစ်ပွဲတွေဖြစ်စေတဲ့ အကြောင်းတရားတွေ ဖြစ်လာရတယ်။

အဖြူ၊ အမည်း၊ သူ့လူ့၊ ငါ့လူ၊ သူ့ဘက်၊ ကိုယ့်ဘက် စတဲ့ စကားလုံးတွေက လူတွေကို ဘောင်ခတ် ကန့်သတ် ပစ်လိုက်နိုင်ကြတယ်။ ငါက အစ္စလာမ်၊ သူက ဗုဒ္ဓဘာသာ၊ သူက ခရစ်ယာန်၊ ငါက ဟိန္ဒူ စတဲ့ စကားလုံး ပညတ်ချက်တွေက လူတွေရဲ့ အမှတ်သရုပ်တွေကို ပြဌာန်းပစ်လိုက်ကြတယ်။ အုပ်စုတွေ၊ ဖွဲ့ပြီး ထိုးနှက်ကြ တိုက်ခိုက်ကြ၊ ငြင်းခုန်ကြတာ ဒီစကားလုံးတွေကြောင့်ပဲ မဟုတ်လား။ တခါတရံ စကားလုံးတွေကို မေ့ပစ်လိုက် ကြစို့လား။

ချစ်တယ်၊ မုန်းတယ် ဆိုတဲ့ စကားလုံးတွေကြောင့်၊ လူတွေ ဘဝ တစ်ဆစ်ချိုးပြောင်းလဲကုန်ကြရတာတွေက လည်း အပုံအပင်။ ချစ်တယ် ဆိုတဲ့ စကားလုံးက နှစ်လုံးတည်းပေမယ့်၊ သူ့ရဲ့ စွမ်းအားတွေက ကြီးလွန်းတယ်။ မုန်းတယ် ဆိုတဲ့ စကားလုံးသည်လည်း ထိုနည်းကောင်းပါပဲ။

ယောက်ျားတွေက မိန်းမတွေကြောင့်၊ စကားလုံးတွေကို လှလှပပဖြစ်အောင် ဖန်တီးပြီးပြောကြတယ်။ စကားလုံး အလှအပတွေ ပေါ်လာတာ မိန်းမတွေကြောင့်ဖြစ်ပြီး၊ စကားလုံးအလှအပတွေကို ယောက်ျားတွေက ဖန်တီးတီ ထွင်ကြတယ်။ ကမ္ဘာပေါ်မှာ မိန်းမတွေသာ မရှိဘူးဆိုရင် စကားလုံး အသစ်တွေ မွေးဖွားလာမှာ မဟုတ်ဘူး။ ယောက်ျားတွေကလည်း စကားလုံးလှလှတွေ ရွေးသုံးကြမှာ မဟုတ်ကြတော့ဘူး။

စကားလုံးလှလှတွေရဲ့အစ

စဉ်းစားပဲ ကြည့်လေ။ မိန်းမတွေရဲ့ ဂရုတစိုက်နားထောင်တတ်မှု အကျင့်က ရီနေးဆန့်ခေတ်ကြီးကိုတောင် အရှိန်မြှင့်ပေးနိုင်တယ် မဟုတ်လား။ သမိုင်းကို ပြန်ကြည့်ပေါ့။ မိန်းမတွေရဲ့ နားထောင်တတ်တဲ့ အကျင့်ကြောင့် ယောက်ျားတွေက သူတို့ စကားတွေကို စဉ်းစားပြီးပြောတယ်။ စဉ်းစားပြီး စကားလုံးတွေကို စီကာပတ်ကုံး ပြော တယ်။ မိန်းမတွေကြောင့်၊ ယောက်ျားတွေက စကားလုံးလှလှတွေကို ဖွဲ့သီတတ်လာကြတယ်။ စကားလုံးတီ ထွင်ဖန်တီးမှုတွေကို မိန်းမတွေ မလုပ်ကြသော်လည်း၊ မိန်းမတွေကြောင့်သာ စကားလုံးတွေ လှပမြူးကြွလာကုန် ကြတယ်။ ကမ္ဘာကြီးကို လည်စေတာ မိန်းမတွေလေ။ မိန်းမတွေက စကားလုံးတွေရဲ့ အရင်းအမြစ်လည်း ဖြစ် ကောင်းဖြစ်နိုင်တာပေါ့။

ဘာပဲပြောပြော၊ မိန်းမ မိန်းမ မိန်းမ ဆိုတဲ့ စကားလုံးတွေကို ထပ်ခါ ထပ်ခါ အသုံးပြုခြင်းကြောင့်၊ မိန်းမနဲ့ ပက် သက်ဆက်စပ်တဲ့ အကြောင်းအရာတွေက ခင်ဗျားခေါင်းထဲမှာ အစီအရီ ဆင့်ကာဆင့်ကာ ပေါ်လာတယ် မဟုတ် လား။ စကားလုံးတွေက ခင်ဗျား အတွေးတွေကို ပြဌာန်းတာလေ။

ဝိရောဓိများအကြား လွန်ဆွဲမှု

အတွေးတွေရဲ့အစက စကားလုံးတွေပဲ။ အိုင်ဒီယာရဲ့အစက စကားလုံးတွေပဲ။ အတွေးသစ်၊ အမြင်သစ်၊ အကြံဉာဏ်သစ်တွေကို စကားလုံးတွေက ချီမကုန်ကြတယ်။

အကြောင်း၊ အကျိုးဆိုတဲ့ စကားလုံး
အကောင်း အဆိုးဆိုတဲ့ စကားလုံး
အမှား၊ အမှန်ဆိုတဲ့ စကားလုံး

ဓမ္မ နဲ့ အဓမ္မ ဆိုတဲ့ စကားလုံးတွေက လူ့စိတ်ကို အမြဲ လွန်ဆွဲစေတဲ့ ပါဝါကို ပိုင်ဆိုင်ထားကြတယ်။ စကားလုံး တွေက၊ အင်အားကြီးလွန်းတယ်။ စစ်ပွဲတွေကို အစပြုတာ စကားလုံးတွေပဲ။ သံသယကို အစပြုတာလည်း စကားလုံးတွေပဲ။ စကားလုံးတွေဟာ နှစ်ဖက်အသွားပါတဲ့ ဓားတစ်ချောင်းနဲ့ တူလွန်းတယ်။ ရံဖန်ရံခါလည်း၊ ချွန်း သီးလိုပဲ။ ဘက်ပေါင်းစုံ မှာ ဆူးတွေနဲ့။ ပိဿလေး ဘေးပစ်သလို အထုခံရရင် သိပ်မထောင်းသာလှဘူး။

ဗေဒင်ဆရာနဲ့ ဓမ္မကထိက ဆိုသူတွေကလည်း၊ စကားလုံးတွေနဲ့ လူ့သားတွေရဲ့ စိတ်အာဟာရကို ဖြည့်ပေးဖို့ လုံ့လထုတ်နေသူတွေပဲ။ ငယ်ငယ်ရွယ်ရွယ် ချာတိတ်လေး တစ်ယောက်က၊ သူနှစ်သက်တဲ့ မိန်းမပျိုတစ် ယောက်နုတ်က ချစ်တယ် ဆိုတဲ့ စကားလုံးလေးတစ်လုံးကို ရဖို့ အသည်းအသန်ကြိုးစားလိုက်ရတာ။ သူ့ဘဝ ကြီးကို ယောက်ယက်ကို ခတ်လို့။ နာကြည်းမှုတွေကြောင့်ပဲ၊ ကြင်နာနွေးထွေးမှုတွေ ကွယ်လွန်အနိစ္စရောက် ကုန်ကြတယ်။ စကားလုံးတွေက၊ ခံစားချက်တွေကို ပြဌာန်းလိုက်ကြတာ အမြဲပါပဲ။

မိဘ နဲ့ သားသမီး အကြား၊
ညီအစ်ကို မောင်နှမ အချင်းချင်းအကြား၊
လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြား၊
သူငယ်ချင်း မိတ်ဆွေအချင်းချင်းအကြား၊
ယောက်ျားနဲ့ မိန်းမ အကြား၊
လင်နဲ့ မယား အကြား၊
သူနဲ့ ကိုယ့်အကြား၊
သူတို့အချင်းချင်းအကြား…. စတဲ့ ဆက်ဆံရေး ခံစားချက်တွေ၊ အမြင်တွေကို စကားလုံးတွေကပဲ စီရင်ဆုံးဖြတ် ကုန်ကြတယ် မဟုတ်လား။

ပြုပြင်စီရင်တတ်သောစကားလုံးများ

စကားလုံးတွေကပဲ ပညာကို သယ်ဆောင်လာတယ်။ စကားလုံးတွေကပဲ ခံစားချက်တွေကို သယ်ဆောင်လာ တယ်။ စကားလုံးတွေကပဲ၊ အငြိုးအတေးတွေကို ဖန်တီးပစ်လိုက်ကြတယ်။ စကားလုံးတွေကပဲ၊ ကိုယ့်ကိုယ်ကို သိမြင်လာစေတယ်။ စကားလုံးတွေနဲ့ ခရီးနှင်ရင်း လူဟာ သံသရာ ဝဲဩဃမှာ အဝိုင်းပြေးပြေးနေရတဲ့ ဘဝ။ ဒုက္ခသစ္စာက ဘယ်တော့ ကျွတ်လွတ်ကြမှာလဲ။ စကားလုံးများက သမုဒယ အစွဲများကို မွေးဖွားသန့်စင်ကြအုံး မှာလား။

စကားလုံးတွေဟာ၊ အချစ်နဲ့ မိန်းမ လိုပါပဲ။ အင်မတန် ချစ်စရာကောင်းသလို၊ အင်မတန်မှလည်း ကြောက်စရာ ကောင်းလှတယ်။ နိုင်ငံရေးသမားတွေက၊ စကားလုံးတွေနဲ့ လူထုကို ချုပ်နှောင်ကြတယ်။ မြူဆွယ်ကြတယ်။ မဲ ဆွယ်တယ်လို့ သုံးရင် နားမရိုင်းဘူးပေါ့။ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာတော့၊ စကားလုံးတွေနဲ့ပဲ လူတွေကို ချွေးသိပ် စေတယ် မဟုတ်လား။ လူထုကလည်း သူတို့ချစ်တဲ့ ခေါင်းဆောင်တွေ ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးတွေ ကို အာသာငမ်းငမ်း တက်မက်ကြတာပဲ မဟုတ်လား။ သူတို့ ကြားချင်တာတွေ ကြားလိုက်ရတဲ့အခါမှာ၊ လူထု တွေက စိတ်အာသာ ပြေကုန်ကြတယ်။ နောက်တော့လည်း ကိုယ့်အလုပ်ကို လုပ်ပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာကျန် ကြရတာပဲ မဟုတ်လား။

နိုင်ငံရေးခြေထိုးသူတွေ၊ နိုင်ငံရေး ကစားကွက် ထွင်ချင်တဲ့သူတွေကလည်း၊ စကားလုံးတွေကို သကာအုပ်ပြီး လူ အများကို တိုက်ကျွေးတယ်။ ညံ့တဲ့သူတွေက စားမိတယ်။ ဆေးခါးကြီးကို ခံလိုက်ရမှ သိကုန်ကြတယ်။ စကား လုံးတွေက အဓိကရုဏ်းတွေကို အဓိက ဖန်တီးတဲ့ အကြောင်းတရားတွေလည်း ဖြစ်လို့လာတယ်။ စာဖတ်သူ ကြီးတွေဟာ၊ လက်မည်းတွေနဲ့ သူတို့ လက်တံတွေကို ဆန့်တန်းထားတယ်။ အချို့ကလည်း၊ ယေဘုယျစကား လုံးတွေ အတွင်တွင်သုံးပြီး အုပ်ချုပ်မင်းလုပ်ချင်ကြတယ်။ လူထုကိုယ်တိုင်ကလည်း ယေဘုယျအဆင့်ထက် ပို ငတ်မွတ်သင့်တာပေါ့။

သမိုင်းကို စကားလုံးတွေနဲ့ ဖုံးကြ။ ဖိကြ။ ကွယ်ကြ၊ ဝှက်ကြ။ သမိုင်းကို စကားလုံးတွေနဲ့ ရေးထွင်းကြ။ အချို့က သမိုင်းရေး ချင်တယ်။ ဒါပေမယ့် လက်ရေးက မလှ။ လက်ရေးလှသူကို စကားလုံး လှလှတွေ စဉ်ခိုင်းပြီး ရေးခိုင်း ကြတယ်။ ရေးခိုင်းနိုင်တဲ့ အာဏာရှိကြတာကိုး။ မရေးခိုင်းနိုင်တဲ့သူတွေကလည်း၊ သူတို့ နားကြည်းချက်တွေကို စကားလုံးတွေနဲ့ ကြွေးကြော်ပြီး၊ ကမ္ဘာအနှံ့ ပြန့်အောင် ခြေဆန့်ကြပေါ့။ တိမ်ကောသွားရင် ဖော်ထုတ်မယ်။ ဖော် ထုတ်ပြီးရင် မှတ်တမ်းတင်မယ်။ ပြီးတော့ မှတ်တမ်းကို ကိုင်ပြီး စွဲချက်တွေ တင်ကြမယ်။ ဒီလိုနဲ့ စကားလုံး သံသရာဟာ လူတွေကို မောင်းနှင် စေခိုင်းနေကြတော့တယ်။

စကားလုံးနဲ့ မောလှပြီ၊ တော်ပါတော့ တော်ပါတော့…

စကားလုံးတွေက လားရာအစုံကို ဖြန့်ကျက်တယ်။
စကားလုံးတွေက လာရာနယ်ပယ် စုံလှတယ်။
စကားလုံးတွေက ကျယ်ပြန့်သလို၊ နက်နဲတယ်။
ထိုမျှမက၊
ရှုပ်ထွေး ပွေလီလွန်းလှတယ်။
စကားလုံးတွေက အားမာန် ခွန်အားကို ပြုစုသလို စိတ်ဓာတ်ကျပြီး သေချင်လောက်အောင် ဝေဒနာကို ပြင်းထန် စေခဲ့တယ်။ စကားလုံးတွေက ရိုးရှင်းတယ်။ ညှိ့ဓာတ်လည်း ပြင်းလှတယ်။ စကားလုံးတွေနဲ့ ညှိ့တာကို ဘယ်သူ ခံနိုင်သလဲ။ သူတို့တွေရဲ့ ပြုပြင်စီရင်မှုအောက်မှာပဲ လူသားအားလုံးဟာ ဝပ်ဆင်းကုန်ကြရတာပဲ မဟုတ်လား။

တော်ပြီ။ တော်ပြီ။
စကားလုံးတွေကို အဆုံးသတ်သင့်ပြီ။
သံသရာ အရှည်ကြောအထိ၊ စကားလုံးတွေက ဘဝတွေကို ဖန်တီးစီရင်နေအုံးမှာပဲ။
ကျွန်တော်ကတော့၊ စကားလုံးတွေနဲ့ နှစ်ပါးသွား က၍ ကောင်းတုန်း။

မင်းသေ့
နံနက် ၁ း ၃၈
၂၇ / မေလ / ၂၀၁၇

Previous post ကျောင်းဆရာ ဘဝ
Next post စောင့်ကြည့်ခွေး