(စာဖတ်ခြင်းအပေါ် ခပ်ရွှင်ရွှင်အမြင်များ)

ဓမ္မချစ်သူ

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျာ.. သီလဂုဏ်.. သမာဓိဂုဏ်.. ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော.. စသည်ဖြင့် ခင်ဗျားတို့ ကြားဖူး၊ ကြုံဖူးကြမည် ထင်သည်…. ရပ်ကွက် ဓမ္မာရုံကဖြစ်ဖြစ်၊ အလှူခံမဏ္ဍပ် ဖြစ်ဖြစ်၊ ပရိတ်ရွတ်အသင်းကနေဖြစ်ဖြစ်… ကြားရလေ့ရှိသော… နိဒါန်း အချီးဖြစ်သည်။

“ဓမ္မမိတ်ဆွေရှိရင်၊ ဓမ္မချစ်သူလည်း ရှိရမှာပေါ့….” အေး…. ဟုတ်သားပဲ။ ဟား… ဟား..ဟား… သိပ်ကောင်းတဲ့ စကားလုံးပဲ… ကျွန်တော့်ညီငယ် အစိုင်းနှင့် ကျွန်တော်တို့ အပြန်အလှန်ပြောသောစကားများဖြစ်သည်။ ဒီလိုဆို လျှင်၊ ကျွန်တော်တွေးမိသည်။ ဓမ္မမိတ်ဆွေရှိလျှင်၊ ဓမ္မချစ်သူရှိရမည်။ စာပေ့မိတ်ဆွေဆိုတာရှိလျှင်၊ စာပေချစ်သူ တွေလည်း ရှိမည်။ တကယ်တော့ နဂိုကတည်းက၊ စာပေချစ်သူဆိုသော စကားလုံးက အသုံးတွင်ကျယ်ပြီးဖြစ် သည်။ သို့သော် ယခု ကျွန်တော် ဆိုလိုချင်တာ၊ နဂိုမူရင်းသဘောထက် နည်းနည်းပို၏။

တကယ်ချစ်လျှင်

စာအုပ်တွေကို ကျွန်တော် ရူးရူးမူးမူးချစ်ရခြင်း အကြောင်းရှိသည်။ စာအုပ်များမှလွဲ၍ အခြားစွဲစွဲမြဲမြဲ ချစ်ရမည့် သူများမရှိ၍ ဖြစ်သည်။ ဒါကလည်း တစ်ဖက်စောင်းနင်းနိုင်လှသည်။ ကျွန်တော်ချစ်သောအရာများကို သူတို့ အကြောင်း အူခါးချေးမ က အစ စိတ်ဝင်စားတတ်ခြင်းသည် ကျွန်တော့် အကျင့်ဖြစ်သည်။ စာအုပ်များကို ကျွန်တော်ချစ်လာသောအခါ၊ စာအုပ်များနှင့်ပက်သက်သော အူခါးချေးမ အကြောင်းအရာများကို အသေးစိတ် ရော၊ ကျယ်ကျယ်ပြန့်ပြန့်ရော၊ နက်နက်နဲနဲရော နှိုက်ချွတ် စပ်စု စူးစမ်းတတ်သည့် အလေ့က၊ ကျွန်တော့်၌ စွဲမြဲ လာသည်။

စာအုပ်များနှင့်ပက်သက်၍ သူနှင့်ပက်သက်ဆက်နွှယ်အကြောင်းအရာများသာမက၊
• စာဖတ်ခြင်းနှင့် ပက်သက်၍ လည်းကောင်း၊
• စာအုပ်များ၏ နောက်ကြောင်းရာဇဝင်နှင့် ပက်သက်၍လည်းကောင်း၊
• စာအုပ်များ၏ အနာဂတ်လားရာနှင့်ပက်သက်၍ လည်းကောင်း၊
• စာအုပ်များ ကြုံဆုံခဲ့ရသည့် လောကဓံများအကြောင်းကိုလည်းကောင်း၊
• စာအုပ် ရေးသူများ အကြောင်းကိုလည်းကောင်း၊
• စာအုပ်ရေးသူများ ကျဉ်လည်ကျက်စားရာ အသိုင်းအဝိုင်း၏ သဘောဝကိုလည်းကောင်း၊
• စာရေးသူများရှင်သန်ကြီးထွားခဲ့သော ရေခံမြေခံများကိုလည်းကောင်း၊
• စာဖတ်သူများ၊ စာသမားများ၏ စရိုက်ဓလေ့ကိုလည်းကောင်း၊
• စာကို ပစ်ပယ်သူများ၏ ဘဝဖြစ်စဉ်ကိုလည်းကောင်း၊
လည်းကောင်း… လည်းကောင်း…. လည်းကောင်း….။

စပ်စပ်စုစု ဂရုတစိုက် ဖတ်မိ၊ လေ့လာမိ၊ ဆွေးနွေးအဖြေရှာမိသည့် အကြိမ်ပေါင်းများစွာရှိခဲ့သည်။
တကယ်ချစ်လျှင်၊ တကယ်စိတ်ဝင်စားရမည်။ လာရာကိုလည်း စိတ်ဝင်စားရမည်။ လားရာကိုလည်း စိတ်ဝင်စား ရမည်။ လက်ရှိကိုလည်း စိတ်ဝင်စားရမည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးကို ရှေးရှုရမည်။ လာရာကို စိတ်မဝင်စားတာက တကယ်မချစ်လို့၊ လားရာကို မတွက်ဆတာ၊ တကယ်မချစ်လို့၊ အရှိတရားမှာ ဖာသိဖာသာနေတာ၊ တကယ်မချစ်လို့။ စာများအပေါ် အပေါ်ယံ စိတ်မဝင်စားမိဖို့ ကျွန်တော့်ကိုယ်သူ ကျွန်တော် အမြဲ သတိပေးနေလေ့ရှိသည်။

ကောက်ရိုးမီး၊ တတ်ယောင်ကား

စာဖတ်သူ တော်တော်များများသည် ဝါသနာအဆင့်၌ပင်၊ ရပ်နေတာ များသည်။ အချို့က အပျင်းပြေအဆင့် လောက်သာဖတ်သည်။ အချို့က အပျင်းပြေ ကောက်လှန်တတ်သည့် အကျင့်ပင် မရှိ။ ဒါ့ထက်ဆိုးတာက၊ လူထင်ကြီးအောင် စာအုပ်များ ကောက်လှန်တတ်သူများပင်ဖြစ်သည်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလက ပြော သည်။ “မရှိတာထက်၊ မသိတာခက်။ မသိတာထက်၊ မသိချင်တာ ပိုခက်၊ မသိချင်တာထက် သိချင်ယောင် ဆောင်တာက အခက်ဆုံး” ဟူ၍ ဟောဖူးသည်။ အတုမရှိကျောင်းကြီး၌ ဟောခဲ့သော တရားတစ်ပုဒ်ဖြစ်သည်။ နောက်ထပ် ပြောသေးသည်။ “တတ်ယောင်ကားတွေက သိပ်ခက်တယ်၊ သိချင်ယောင်ဆောင်သူဟာ တတ်ယောင်ကားပဲ” ဟူ၏။
ကျွန်တော်ကိုယ်တိုင်တောင်၊ တက္ကသိုလ်ကျောင်းသားဘဝက၊ စာအုပ်ထူထူကြီးများကို လူရှေ့သူရှေ့တွင် ပိုက်လျက် ဖြတ်လျှောက်သွားရလျှင် ဘဝင်မြင့်မိခဲ့သေးသည်။

အောက်သက်ကျေခြင်း

ဘာအလုပ်လုပ်ကို လုပ်လုပ်၊ အောက်သက်ကျေသည့်လူက အခြေခိုင်သည်။ ခပ်မြင့်မြင့်ကို ရောက်စေကာမူ၊ အခြေခိုင်သည့်အတွက် တော်ရုံ မပြိုလဲတတ်။ လဲကျလျှင်လည်း၊ သူ့ခြေထောက်ပေါ်သူရပ်၍ သူ့အားနှင့်သူ ပြန် ကုန်းထနိုင်စွမ်းရှိသည်။ စာဖတ်ခြင်း၌လည်း၊ စာ၏ အကျိုးကျေးဇူးများကို ကောင်းစွာ ခံစားနိုင်စေရန်၊ အောက်သက်ကျေသော စာဖတ်ခြင်း ရှိသင့်သည်။ တခြားတစ်ဖက်၌လည်း၊ စာဖတ်လျှင် လွတ်လပ်မှုဖြင့် မတွဲ ဆက်ပါက၊ စာ၏ အနှစ်သာရကို မှန်းဆ ဆုပ်ကိုင်မိဖို့ မလွယ်ကူ။ ထို့ကြောင့်လားပင် မသိ။ ဟာရိုးဗလွမ်းက၊ စာများများဖတ်ပါ။ စာအုပ်များများ မဖတ်ပါနှင့်လို့ ပြောခဲ့ဟန်တူသည်။

စာအုပ်ကို ချစ်လျှင်

စာအုပ်ကို ချစ်လျှင်၊ စာရေးဆရာများကိုပါ ချစ်တတ်လာသည်။ သူတို့၏ ဗီဇနှင့် စွမ်းရည်များကို လေးစားအား ကျ အတုယူရင်း၊ ကိုယ်ပါ သူတို့လို စွမ်းရည်များ ရချင်လာသည်။ စာရေးကောင်းသူများ၏ စာများကို ဖတ်ပြီး၊ အရသာတွေ့လျှင် ကိုယ်ပါ သူတို့လို ရေးတတ်၊ သားတတ်ချင်လာသည်။ တကယ်တော့၊ စာရေးရတာ လွယ်ပါ သည်။ စာကောင်းများရေးရန်သာ မလွယ်ကူတာဖြစ်ပါသည်။

စာရေးခြင်းနှင့်ပက်သက်ပြီး၊ ကျွန်တော့် ကိုယ်ပိုင် ဒဿနတစ်ရပ်ရှိသည်။

• “စာရေးဖို့က မခက်ပါဘူး။ စာရေးချင်စိတ်ဖြစ်ဖို့က ခက်တယ်။ တကယ်ချရေးဖြစ်ဖို့က ပိုခက်တယ်။ စေတနာ စိတ်ဇောနဲ့ လုံးစေ့ ပတ်စေ့ ထောင့်စေ့အောင် အစီအစဉ်ကျကျနန၊ ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်းရေးပြီးဖို့က အခက်ဆုံးပဲ”
• “စာရေးဖို့က မခက်ပါဘူး။ စာရွက်ပေါ် ဘောပင်နဲ့ ချရေးရုံပဲ။ အဲ… mood ဝင်ဖို့တော့ သိပ်ခက်သဗျ။”

ချစ်ရတာ လွယ်သည်။ ချစ်တတ်ဖို့က ခက်သည်။ မည်သည့်အရာမဆို ထိုနည်းလည်းကောင်းဖြစ်သည်။ စာအုပ် များကိုလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ စာဖတ်ဖို့ထက်၊ စာအုပ်ကိုယ်ပိုင်ဝယ်ဖို့ ခက်သည်။ စာအုပ် ဝယ်ဖို့ထက်၊ ဝယ်ပြီးတဲ့စာအုပ်ကို ဖတ်ဖြစ်ဖို့ ပိုခက်သည်။ စာဖတ်ဖြစ်ဖို့ထက် တစိုက်မတ်မတ် မပြတ်ဖတ်ဖြစ် နေဖို့က ပိုခက်သည်။


ကျွန်တော်က စာရေးဆရာတစ်ယောက်ကို ကြိုက်ဖို့ ခက်တဲ့ စာဖတ်သမားတစ်ယောက်ဖြစ်သည်။ သို့သော် ဤစာရေးဆရာကို ကြိုက်မိပြီဆိုလျှင်၊ သူရေးသားထားသော စာအုပ်တိုင်းလိုလိုကို၊ တစ်အုပ်မကျန် အပိုင်ဝယ်စု ပြီး ဖတ်ဖြစ်လေ့ရှိသည်။ ထိုအခါ၊ စာအုပ်ပါ အကြောင်းအရာများထက်၊ ထိုစာရေးဆရာ ဖြန့်ကျက်ကျဉ်လည် သော၊ နယ်ပယ်များကို ဖြတ်လမ်းနည်းဖြင့် ရရှိလို၍သာဖြစ်သည်။ (ဤနေရာ၌ ဖြတ်လမ်းနည်းဆိုသည်မှာ၊ ယုတ်မာကောက်ကျစ်သည့်နည်းကို မဆိုလို – စကားချပ်) စာရေးဆရာ တစ်ယောက်ကို စွဲပြီး ဖတ်လျှင်၊ မတူသည့် အကျိုးများရသည်ကို ကျွန်တော် လက်တွေ့သိရှိခဲ့သည်။

ဖတ်နေဖို့

“စာဆိုတာ ဖတ်ပြီးသွားဖို့ မဟုတ်ဘူး။ ဖတ်နေဖို့….” ဒီစကားကို၊ ကျွန်တော် မကြာခဏ ပြောတတ်သည်။ ဘယ် စာအုပ် ဖတ်ပြီးသွားပြီ၊ ဘယ်နှအုပ် ဖတ်ပြီးသွားပြီ၊ ဘာတွေ ဖတ်ပြီးသွားပြီ ဆိုသည့်သူများကို အတွေ့ရများ တတ်သောကြောင့်၊ ဒီအတွေးက မကြာခဏ ရောက်ရောက်လာတတ်ခြင်းဖြစ်သည်။ အချစ်မှာလည်း ထိုနည်းလည်းကောင်း။ ချစ်ပြီးသွားဖို့ မဟုတ်ဘူး၊ ချစ်နေဖို့။

လူတစ်ယောက်ဟာ၊ အသက်ခြောက်ဆယ်အထိ အသက်ရှင်မယ်ဆိုရင်၊ သူဟာ အဲ့ဒီအချိန်အထိ ရေဂါလံပေါင်း (၃) သောင်းကို သောက်ရလိမ့်မည်ဟုဆိုလျှင်၊ တစ်ခါတည်း ရေဂါလံ တစ်သောင်း သောက်မယ်၊ နောက်တစ်ရက် ဂါလံတစ် သောင်း ထပ်သောက်မည် ဆိုပြီး လုပ်၍ မရ။ ရေဆိုတာ အမြဲ ပုံမှန် နေ့စဉ် လိုအပ်သလို မျှမျှတတ သောက်သွားနေဖို့ ပင်။ စာဖတ်ခြင်းသည်လည်း ထိုနည်းလည်းကောင်းပင်။

ကျွန်တော် စိတ်ပြေလက်ပျောက်၊ တောင်များတက်ရင်း ရသည့် ဒဿနတစ်ခုရှိသည်။ ထိုအရာနှင့် ခပ်ဆင်ဆင်။ “တောင်ထိပ်ရောက်ဖို့ထက် တောင်ထိပ်ရောက်အောက် လျှောက်နေရတာက ပိုပြီး အဓိပ္ပာယ်ရှိတယ်” ဟူ၍။ “စာ အုပ်ကို ဖတ်ပြီးသွားဖို့ထက်၊ စာဖတ်နေရတာကိုက ပိုပြီး အဓိပ္ပာယ်ရှိတယ် မဟုတ်လား”။ အချစ်မှာလည်း ထိုနည်းလည်းကောင်းပင်၊ “အချစ်ကို ရဖို့ထက် အချစ်ကို ရအောင် ကြိုးစားနေရတာကို ပိုပြီး အဓိပ္ပာယ်ရှိသည် မဟုတ်လား”။ ပိုင်ဆိုင်ပြီးသော ချစ်ခြင်းများသည်၊ အချစ်၏ မူလတန်ဖိုး ကျဆုံးရ၏။ လက်ထပ်ပြီးသော၊ အိမ်ထောင်ကျပြီးသော နောင်တော်၊ အစ်မတော်များ… ဆင်ခြင်သုံးသပ်ကြပါကုန်….။

(မှတ်ချက် – နိဂုံး၌ အချစ်နှင့် စာအုပ်များကို ရောပြွတ်း၍ သပြွတ်း ဒဿန ဖော်လိုက်ပါကြောင်း….)


အကယ်၍ ဤစာမူခေါင်းစဉ်ကို ဒုတိယခေါင်းစဉ် တပ်ခွင့်ပြုလျှင်၊ ကျွန်တော်ကတော့ “စာအုပ်များနှင့် ချစ်ခြင်းတရား” ဟု အမည်တပ်လိုက်ချင်သည်။

(ဂျာနယ်ကျော်မမလေးက နှစ် ၁၀၀ ပြည့်ပြီ၊ ကျွန်တော့်စာဖတ်သက်က ၁၀ နှစ်ပြည့်ပြီ၊ မတင်လှိုင် (ခေါ်) ဂျာနယ်ကျော်မမလေးအား တမ်းတလျက် ဤစာကို ရေးသားပါသည်။)

မင်းသေ့
ညနေ ၆း ၂၇
၂ / ၄ / ၂၀၁၇

Previous post သီချင်းထဲက အဇ္ဈတများ
Next post ကျောင်းဆရာ ဘဝ