အသွင်ကွဲပြားပြီး၊ ဆန့်ကျင်ဘက်သဘောဆောင်တဲ့ သီချင်းဂီတအမျိုးမျိုးကို နှစ်နှစ်ခြိုက်ခြိုက်နား ထောင်ခဲ့တာ တောင် အတော်ကြာပြီ။

ကျွန်တော်က တေဘုမ္မာကနေ ဂျေမီ အထိ နားထောင်သည်။ ကြိုက်လည်း ကြိုက်သည်။ အင်း… တွေးကြည့် တော့ တစ်မျိုးကြီးပဲ လို့ တွေးမိနေသေးသည်။ တခါတရံ ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်။

အောင်ခြင်းရှစ်ပါး သီချင်းလည်း၊ ကြိုက်သည်။ သီတဂူဆရာတော်ကြီး သာသနာပြုသီချင်းလည်း ကြိုက်သည်။ နုတ်ကပင်၊ လိုက် ညည်းဆိုမိနေသေးသည်။ အိန္ဒိယဘက်က၊ ဟိန္ဒူနောက်ခံ ဘဂဝါဂီသာ ဂီတမျိုးတွေကိုလည်း နားထဲတွင် စိမ့်နေအောင် နားထောင်နေမိတတ်သည်။ ကျွန်တော့်အကျင့်က၊ ကျွန်တော့်စိတ်ထဲ နှလုံးသားထဲက စကားမပြောဘဲ၊ ကျွန်တော် ဘာကိုမျှ မပြုမူ။ စိတ်နှင့် နှလုံးသား၏ အလိုအတိုင်း ဘဝကို ရှင်သန်တတ်သည်။

နောက် ဂန္တဝင် သီချင်းတွေ ရှိသေးသည်။ မြန်မာ့ သဘာဝအလှသီချင်းတွေက၊ နှလုံးသားကို လှုပ်ခါပစ်လိုက် နိုင်သေးသည်။ ဝင်းဦးရဲ့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း သီချင်းက ရင်ထဲမှာ အမြဲတမ်းတတ။ စိုးစန္ဒာထွန်း ဆိုထားတဲ့ နောင်အင်းလေးသီချင်းကလည်း အသဲစွဲ။ ထိုသီချင်းကို ငယ်ငယ်က မြန်မာ့အသံမှာ အိတုန် ဆိုတာ ကို အမြဲနားထောင်နေမိသည်။ ဆွမ်ဘရာဘွမ် နဲ့ တောင်ပေါ်ခေါင်ရည်ချိုမြမြ ချင်းတောင် အလှသီချင်းတွေက၊ ကျွန်တော့်မျိုးချစ်စိတ်ကို ကျယ်ပြန့်စေခဲ့သည်။ အညာဒေသကို ချစ်တတ်ရုံပြင် သာမက၊ တောင်ပေါ်ဒေသ အလှ နှင့် ထပ်တူ တိုင်းရင်းသူလေးများ၏ အလှတရားကပါ ရင်ထဲ စွဲငြိလျက်။

တောင်ပေါ် မြေပြန့်သာမက၊ ထားဝယ်တိုင်းရင်းသူများ သီဆိုသော… “(မောင်တို့ဌာနေ) လှိုင်းလုံးကြီးတွေ လိုက်စီးပါ့လားရှင်… ရတယ်ရှင် ရတယ်ရှင်… လိုက်မှာပေါ့ရှင် …” ဆိုသည့် တနင်္သာရီတိုင်းအလှပဂေးတို့၏ ထားဝယ်သံဝဲဝဲ ဂီတနက်သံက နားထဲ အခုထိ စွဲနေဆဲ။ အဲ… တခါတရံ ငါ.. တိုင်းရင်းသား စည်းလုံးညီညွှတ် ရေး အတွက်၊ ဘဝကို ပေးပြီး ကြိုးစားသင့်တယ်လို့တောင် ကျေကျေနပ်နပ်ကြီးတွေးခဲ့ဖူးသည်။

ကရင်ဒုံးယိမ်းအကနဲ့ ချင်းတို့ရဲ့ ဓားသိုင်းအက,က အခုချိန်ထိ မျက်စိထဲမှာ စွဲမြဲနေတုန်း။ လှုပ်လှုပ်ရွရွ၊ ထထကြွ ကြွ၊ တက်တက်ကြွကြွ နိုးနိုးကြားကြား ဖြစ်တည်မှု၏ ခွန်အားများကို ယဉ်ကျေးမှုနောက်ခံမှ ရလိုက်သည်။ အဲ… ပြောလိုက်ချင်သေးသည်။ ကျွန်တော်က ဗမာ စစ်စစ် တစ်ယောက်။ သို့သော် ကျွန်တော့်ကို ဘယ်သူကမှ၊ ဗမာ စစ်စစ်လို့ မထင်။ ကျွန်တော့် အသွင်သဏ္ဍာန်က၊ အတော် ဆန်းသည်။

ကလေးငယ်ငယ်ဘဝက၊ ပလောင်ကလေး တစ်ယောက်လို့ ပုံမျိုး။ အဲ.. နည်းနည်း ကြီးလာတော့၊ ရှမ်းလိုလို ဘာလိုလို။ လူပျိုပေါက်အရွယ်ရောက်တော့၊ အိန္ဒိယသွေးစပ်သလိုလို ဖြစ်လာသည်။ လူငယ်အရွယ်ရောက် တော့၊ ကျွန်တော့်ကို ချင်းနဲ့တူတယ်လို့ အပြောခံရဖူးတာ သုံးလေးကြိမ်။ တစ်ခါတစ်ရံလည်း၊ အညာဒေသတွေ ကို ခြေဆန့်ရင်း၊ ပင်နီဝံသာနု အထည်နှင့် ဖျင်ကြမ်းထည်ပုဆိုးကြီးတွေကိုဝတ်ရင်း နုတ်ခမ်းမွှေးကားကားကြီး ထားပြီးကိုယ့်ကိုယ်ကို ရှေးကဗမာ ကြီးတစ်ဦး အသွင်ယူမိနေသေးသည်။

တကယ် ထိန်းမရတဲ့ အသွေးဆန္ဒတစ်ခုက၊ ရာသီချိန်ရောက်လျှင် ပိုးက ထလာမြဲ။ ရှမ်းနှစ်သစ်ကူးများနေ့ဖြစ် သည်။ နောင်ပိန် နှောင့်… အိုးစည်သံ ကြားလျှင် လက်က ချက်ချင်း သူ့အလိုလို လှုပ်လာသည်။ ကျွန်တော် အနှစ်သက်ဆုံး အစားအစာထဲ၌၊ ရှမ်းပဲပုတ် နှင့် လက်ဖက်က အခုချိန်ထိ၊ ထိပ်ဆုံးက စံချိန်ချိုးနေဆဲ။

အဲ… ထီးဆိုင်နဲ့ ဆိုင်မော့ တို့က ကျွန်တော့် အသဲကျော်။ အမြဲမရိုးနိုင်သော နှလုံးသားဟာဒယများအဖြစ် ကျွန်တော် အမြဲ စားသုံးနေဆဲ။ ထီးဆိုင်သီချင်းအားလုံးနီးပါးကို ကျွန်တော်ဆိုနိုင်သည်။ ဆိုင်မော့ သီချင်းများက ခံစားလို့ကောင်းသည်။ တခါတရံ ဆိုင်မော့ သီချင်းတွေ နားထောင်ရင်း၊ မျက်ရည်တောင်ဝဲလာသည့် အဆင့်။ အဲ့လောက်ထိတောင်ပါ့လားဆိုပြီး၊ အပိုတွေ ပြောသည် မထင်နှင့်။ ကျွန်တော့်ဓာတ်ခံမှာ၊ ပျော့ဖတ်ဖတ်နိုင်လွန်း လှပါသည်။ သီချင်းတွေနားထောင်ရင်း၊ စိုင်းခမ်းလိတ်၏ ဒဿနစာသားများကို အတွေးနယ်ချဲ့နေမိသေးသည်။ ေဩာ်… ဂီတအနုပညာကား၊ လူ့နှလုံးသားဖြစ်တည်မှုကို အဆင့်အတန်းမြင့်လာစေပါ့လား။
နောက်တော့၊ ရှိသေးသည်။ ကိုတိုးကြီးခေါ် ခင်မောင်တိုးတို့ အုပ်စု။ လွမ်းမလား၊ ဆွေးမလား၊ ချစ်မလား၊ စိတ်ခွန်အားအတွက်လား၊ လောကဓမ္မသဘောအတွက်လား၊ ရည်ရွယ်ချက်ပေါင်းများစွာ ခံစားမှုပေါင်းများစွာ ရောသပြွတ်းထားသော ဂီတအနှစ်များပေတည်း။ ခရီးသွားရင်း ကားပေါ်မှာ ကိုတိုးကြီး သီချင်းများဖွင့်ပြီး၊ လိုက် ရလျှင် ခရီးက ဘယ်လို့ ဘယ်လို ရောက်လို့ ရောက်သွားမှန်းမသိ။ ရှုခင်းကလည်း လှ၊ သီချင်းကလည်း ကြွ။ အသည်းကွဲထားလျှင်၊ သီချင်းများမှာ ပို၍ပင် အရသာရှိသေးသည်။

အဲ့… သဘာဝဘေးကပ်ဆိုးကြီးတွေကြုံတော့၊ အနုပညာအားတစ်ခု ပေါ်လာသည်။ ခင်ဗျားတို့ အားလုံးသိပါလိမ့် မည်။ We are the World သီချင်း။ တေးဆိုပေါင်းစုံ ပါဝင်သည့် ဂီတ အတန်းအစားပေါင်းစုံ သမညီညွှတ်စွာ ပေါင်းစည်း ချက်ပြုတ်ထားသော ကမ္ဘာကျော်သီချင်းကြီး။ မြန်မာနိုင်ငံမှာလည်း ၂၀၀၈ နာဂစ်ကြီးဖြစ်တော့၊ မြန်မာ့ထိပ်သီးတေးသံရှင်ပေါင်းများစွာ သီဆိုထားသော “ကမ်းလင့်မယ့်လက်များ” ။ သီချင်းဂီတတွေဟာ၊ လူ့ သားဘဝကို အမြဲလွှမ်းမိုး ပြုပြင်နေလေရဲ့။ အနုပညာမြောက်လွန်းလှသော၊ ဂီတများက ကျွန်တော့် စိတ်အခြေ အနေများ အသွင်အပြင်ပေါင်းစုံ ဖြတ်တည်နေစေခဲ့သည်။ ကရုဏာတရားကို ဂီတတွေကလည်း ပြဌာန်းနိုင်ပါ့ လား။

မြန်မာ့စစ်ချီတေးတွေ၊ အကော်ဒီယံအုန်းကျော်သီချင်းတွေ၊ ဗိုလ်အောင်ဆန်း သီချင်းတွေ၊ မွန်းအောင်ရဲ့ သွေးမုန်တိုင်းလို သီချင်းတွေ၊ ၂၀၁၅ ရွေးကောက်ပွဲကာလက သိပ်ရေပန်းစားခဲ့တဲ့ ဆောင်းဦးလှိုင်ရဲ့ “မေမေ နိုင်မှ ဖြစ်မယ်” သီချင်းတွေကို၊ ကျွန်တော့် မူရင်းအဇ္ဈတစိတ်ထဲက ဆေးစွဲသလို ဆိုတယ်၊ ညည်းတယ်၊ ကြိုက် လွန်းလှတယ် ဆိုရင်၊ ခင်ဗျား ယုံနိုင်ပ့ါမလား။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ကတော့၊ ကိုယ့်အကြိုက်တွေကို အခုအချိန်ထိ ပြတ်ပြတ်သားသား ထိတွေ့နေဆဲ။ ခံစားနေဆဲ။ လုပ်ကိုင်နေဆဲ။

နဂါးနီသီချင်းနဲ့ အခုခေတ် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ဝေသည့် လူ့အခွင့်အရေးသီချင်းများလည်း အထိ ဂီတဟာ အပြန့်ကျယ်လှသည်။ ကျွန်တော့်အနေဖြင့်၊ ဂီတအပေါ် ခံစားချက်များကို အရောင်များဖြင့် ဘောင်မခတ်လို။ ရပ်ခံချက်များဖြင့် မကန့်သတ်လို။ ဘာသာစကား၊ လူမျိုး အစွဲများဖြင့် ကျောက်မချထားချင်။ နယ်ပယ်များဖြင့် စည်းမခတ်ထားချင်ပါ။ ပညာနှင့် အနုပညာသည် လွတ်လပ်ခွင့်အရှိသင့်ဆုံး လူ့တန်ဖိုးများ အဖြစ် ကျွန်တော် မှတ်ယူထားသည်။ လွတ်လပ်သော အနုပညာ ဖန်တီးမှုများကို လွတ်လပ်သော ခံစားချက် များဖြင့် ထိတွေ့ နားဆင်တာ ကောင်းသည်။

အဲ့… အပိုဆုအနေနဲ့… အချစ်သီချင်းအကြောင်း နည်းနည်း ပြောချင်သေးသည်။ အချစ်မပါရင် အနုပညာဟာ ခါးသက်သက်ကြီး။ ကျွန်တော် အခါးကို ကြိုက်ပါသည်။ သို့သော် ခါးသက်သက်ကြီးကိုတော့ နည်းနည်းရှောင်ပါ သည်။

အာဇာနည့်သီချင်းတွေကို လူတိုင်း ရင်းနှီးလိမ့်မည် ထင်သည်။ ဝေးကွာနေသည့် ချစ်ရသူနှင့် တစ်မြို့စီခြားနေ လျှင် ကျွန်တော် အမြဲ ညည်းမိသည့် သီချင်းက၊ “အသဲကွဲမြို့တော်”
“မင်းမရှိတဲ့မြို့တော်မှာ…
ကိုယ်ဟာ ထွက်ပေါက်တွေ့ဖို့တော့ အခု မလွယ်ကူပါ…
ပြေးဖို့ မြေမရှိ…. တွေးရင်း… တွေးရင်း ဆွေးနေပြီ…”

ဒါက ချစ်သူ အတွက် သီချင်း တစ်ပုဒ်။ ဇော်ဝင်းထွဋ်ရဲ့ ကောင်းကင်မေမေ သီချင်းက မေမေချစ်သားများ အတွက် အသဲစွဲ။ ကိုတိုးကြီး၏ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ၊ ထူးအိမ်သင်၊ ဘိုဖြူတို့ကလည်း အမေသီချင်း ပေါင်းများစွာ နူးညံ့စွာ သီဆိုခဲ့ပြီးပြီ။ နောက်… လွှမ်းမိုးကနေ ကိုလေးဖြူကြီးအထိ အဖေ့ လွှမ်းတေးများကလည်း လူတိုင်းအတွက် ထိရှစေခဲ့သည်။ ကျွန်တော်ဆို၊ ထူးအိမ်သင်၏ တုနှိုင်းမဲ့ရတနာ နာမည်နဲ့ သမီးလေး သီချင်း ကို မျှော်လင့်စွာ နားထောင်နေမြဲ။ ခင်မောင်တိုး၏ ကြိုးမဲ့ချည်တိုင်ကို နားထဲ ထပ်တလဲလဲ ရိုက်ခတ်အောင်၊ စပီကာ၏ စပိကို မြှင့်ထားတုန်း။ အချစ်ဟာ အင်မတန်ကျယ်ပြောသော အရာပါ တကား။ အချစ်ကို လူတစ်ဦး တည်းနှင့် ကျောက်ချထားတာ၊ အင်မတန်ကျဉ်းမြောင်းသော နှလုံးသားဖြစ်သည်။ ဖြန့်ကျက်ပစ်လိုက်စမ်းပါ… အချစ်တွေကို။ နှလုံးသား ကြီးကြီးနဲ့ အချစ်ကို ချည်းကပ်တတ်ဖို့၊ သီချင်းတွေက ကျွန်တော့်ကို သင်ကြားပေးနေ သတဲ့။

မြစ်ဆုံကို လွှမ်းစိတ်မပျယ်၊ ရွှေမန်းဆီသို့။ ဤသီချင်းနှစ်ပုဒ်က ကချင်ပြည်နယ်နှင့် မန္တလေးသား ကျွန်တော့်ကို မြဲမြဲ ချည်နှောင်ထားပြီးနေပြီ။ ဂီတဆိုတာ ချည်နှောင်တတ်သော၊ နှောင်ဖွဲ့တတ်သော၊ ရစ်ပတ်တွယ်ညှိတတ် သော နွယ်လို အရာမျိုးပါ့လားပေါ့။

ကိုလေးဖြူကြီးတို့ အုပ်စု အကြောင်းကို ထပ်ပြောအုံးမည်။ သူတို့ကျတော့၊ ခွန်အားတွေအကြောင်းကို ရွေးပြော ချင်မိသည်။ ခရီးဆုံးထိလျှောက်… တဲ့။ ယုံကြည်ရာ…တဲ့။ တန်ဖိုး…တဲ့။ စွမ်းအား…တဲ့။ ကိုလေးဖြူကြီးကို စပယ်ရှယ်ကော်လက်ရှင် လုပ်ပစ်ထားလိုက်သည်။ ကိုကြီးငဲ နှင့် ကိုမျိုးကြီးတို့ကလည်း ထိပ်ဆုံးက။ လူပျိုကြီး ကိုဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းက သူငယ်ချင်းတွေက၊ ကျွန်တော့် စိတ်ခွန်အားကို ဖြည့်ဖို့ သူတို့ ဆိုချင်တဲ့ ကေတီဗီက သီချင်းတစ်ပုဒ် ဖြစ်မြဲ။ ဖြစ်ဆဲ။

ပြောရင်တော့ မကုန်နိုင်ဘူး။

ဒါတောင် ဂျက်စတင်ဘီဘာ၏ ဘေဘီ..ဘေဘီ သီချင်းကနေ၊ ဟိုတယ် ကယ်လီဖိုးနီးယား အထိ မပါသေး။ ဝစ်စလိုက်ဖ် နဲ့ မိုက်ကယ်လန်းတူရော့ခ် အထ ခြေဆန့်ချင်သေးသည်။ နောက် ရှိသေးသည်။ လက်လှမ်းမှီရာ၊ ပအို့သီချင်း၊ ထိုင်းသီချင်း၊ အိန္ဒိယသီချင်း၊ တရုတ်သီချင်း၊ ကိုရီးယားသီချင်းတို့ မပါသေး။

ကျွန်တော် နှလုံးသားနဲ့ ခံစားမိပါသည်။

ဂီတမှာ ဘာသာစကား မရှိဘူး။
ဂီတမှာ လူမျိုးမရှိဘူး။
ဂီတမှာ အယူဝါဒတွေ မရှိဘူး။
ဂီတမှာ အသက်အရွယ်တွေမရှိဘူး။
ဂီတမှာ နယ်ပယ်တွေမရှိဘူး။
ဂီတမှာ အချိန်တွေ မရှိဘူး။
ဂီတမှာ အဆင့်အတန်းတွေဆိုတာ မရှိဘူး။
ဂီတဟာ နယ်စပ်မျဉ်းတွေမှာပဲ ကျောက်ချမနေဘူး။
ဂီတဟာ လူတစ်ဦးတည်းအပေါ်မှာ ခြေချုပ်မိမနေဘူး။
ဂီတဟာ ခံစားမှုတစ်ခုတည်းမှာ သေဆုံးမနေဘူး။

တကယ့် ဒဿနဂုရုဆရာကြီးတစ်ပါး မိန့်ခဲ့တာကို မှတ်မိနေသေးတယ်။
အမျိုးအစားမတူတဲ့ ဂီတပေါင်းစုံကို ခံစားနိုင်တဲ့သူရဲ့ နှလုံးသားအရည်အသွေးဟာ သာမန်အဆင့် အတန်း မဟုတ်ဘူး…တဲ့။ ဟုတ်ရဲ့လား။

မှတ်ချက် – အဆိုပါ ဒဿနဂုရုဆရာကြီး အကြောင်းသိချင်လျှင် ကျွန်ုပ်အားမေးပါ။
တက္ကသိုလ်ကျောင်းသားငယ်ငယ်ဘဝမှာ နားထောင်မိတဲ့ ဂျေမီ၊ ကြက်ဖ နှင့် ရဲလေး တို့ သီချင်းနားထောင်ရင်း၊ ဤစာကို သံစဉ်ညှိပါသည်။

မင်းသေ့
၃ / မေလ/ ၂၀၁၇

Previous post အိန္ဒိယ မြန်မာ ဆက်ဆံရေး
Next post စာအုပ်များနှင့် ၁၀ နှစ်တာ