(နှလုံးသွင်းတရားများ)

ကျွန်တော့် အလုပ် ၃ လုပ်ရှိသည်။
• စာဖတ်တာ
• စာသင်တာ နဲ့
• စာရေးတာ…

ကျွန်တော့် စာသင်သက် ၄ နှစ် ထဲရောက်လာပြီ။ တစ်သက်လုံး ကျောင်းစာတွေ သင်ခဲ့သည့် ဆရာများနှင့် နှိုင်းယှဉ်လျှင်၊ ကျွန်တော့် စာသင်သက်က တကယ်တော့ ဘာမှ မဟုတ်။ ဝါ နုလွန်းလှသည်။ အမှန်တကယ်မှာ၊ ကျွန်တော် စာသင်ကြားဖို့ ရည်ရွယ်ချက်မရှိ။ သို့သော် ကျွန်တော့်စိတ်က၊ ပညာအပေါ်ခုံမင် ရူးသွပ်မှုက ထက်သန်လွန်းလှသည်။ ပညာဆိုတာ ဘာလဲဆိုတာကို ဂဃနဏ သိအောင်၊ ကြိုးစားရင်း ပညာဖြန့်သည့် အလုပ်ကို လုပ်ချင်လာသည်။

သင်ကြားခြင်းအနုပညာ

ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောသည်။ “အသိသစ်ပေးစရာ မရှိရင်၊ စာအုပ်သစ် မရေးနဲ့…” တဲ့။ ကျွန်တော်ကလည်း ထိုနည်းတူစွာ ခံယူမိသည်။ “အသိသစ်၊ အမြင်သစ်၊ နည်းနာသစ် ပေးစရာမရှိရင် စာမသင်နဲ့” ဟူ၍။ တကယ်တော့ ကျွန်တော့်မှာ၊ ကျောင်းဆရာစိတ်စစ်စစ် ပါးလျလှသည်။ သို့ပေသည့်၊ ကျောက်သင်ပုန်းရှေ့ မြေဖြူကိုင်လိုက်လျှင်ပင်၊ ကျွန်တော့်မှာ ကျောင်းဆရာစိတ် အပြည့်အဝရလိုက်သည်ဟု ခံစားလိုက်ရသည်။ သင်္ကန်းကို ကိုယ်ပေါ်ဝတ်ရုံလိုက်သည်နှင့် ရဟန်းသံဃာစိတ် အလိုလိုဖြစ်တည်လာခြင်း သကဲ့သို့ပင်။


ကျွန်တော် စာသင်လျှင်၊ စာရေးလျှင် အမြဲ အသစ်အသစ် ပေးနိုင်အောင် အားထုတ်တတ်သည်။ ရံဖန်ရံခါ စာသင်သားများက ကျွန်တော့်သင်ကြားချက်များကို ကောင်းချီးဩဘာပေးသည့်တိုင်၊ ကျွန်တော်ကိုယ်တိုင် မိမိ၏ သင်ကြားမှုကို အားမလိုအားမရ ဖြစ်သည့် အကြိမ်ပေါင်းက မြောက်မြားစွာ။ ကျွန်တော် အကောင်းဆုံး အားထုတ်ခဲ့သလား၊ အားမထုတ်ခဲ့သလားဆိုတာကို ကျွန်တော်ကိုယ်တိုင် အသိဆုံးဖြစ်သည်။ ဒီလိုနှင့် ကျောင်းဆရာ အလုပ်ကို ကျွန်တော် ရိုးသားဖို့ ကြိုးစားခဲ့သည်။

သင်ကြားရေး အလုပ်က ကျွန်တော့်ကို အမြဲရင်ခုန်စေခဲ့သည်။ ရင်ခုန်လှုပ်ရှားရတာကိုလည်း ကျွန်တော်ကိုယ် တိုင် နှစ်ခြိုက်သည်။ သမာရိုးကျ သင်ကြားမှုက ဖောက်ထွက်နိုင်အောင်၊ သမာရိုးကျ ချည်းကပ်လေ့လာမှု ဘောင်မှ လွတ်အောင် ကျွန်တော်ကြိုးစားခဲ့သည်။ ယခုထိလည်း ကြိုးစားနေဆဲဖြစ်သည်။ တစ်သက်လုံး အရိုးစွဲ လာသည့်၊ ထင်မထားသော အကျင့်များက၊ ဒု နှင့် ဒေး။

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့

မျိုးဆက်သစ်တို့ တိုးတက်ဖို့၊ နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့၊ ဖွံ့ဖြိုးစေဖို့ ဆိုသည့် စကားလုံးများသည် ဉာဉ့်နက်သန်းခေါင်တိုင်အောင် ကျွန်တော့်ကို စကားလုံးတစ္ဆေခြောက်ခံခဲ့ရသည်။ ဤသို့ကြုံတိုင်း၊ ကျွန်တော့် ကိုယ် ကျွန်တော် မညှာမတာ အမြဲမေးသည့် မေးခွန်းရှိသည်။ “သူများတကာကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေး နေတဲ့ မင်းက ဘယ်လောက် တိုးတက်နေလို့လဲ…” ဆိုသည့် မေးခွန်းဖြစ်သည်။ “မင်းက… ဘာတွေ၊ သိထား တတ်ထားလို့၊ သူများတကာကို သိအောင် တတ်အောင် လုပ်ပေးနေတာလဲ” ဆိုသည့် မေးခွန်းဖြစ်သည်။ “ကိုယ် ကိုယ်တိုင်တောင် ဖွံ့ဖြိုးတိုးတက်အောင်၊ တစ်နေ့ထက် တစ်နေ့ သိဖို့ တတ်ဖို့ အားထုတ်မနေဘဲ၊ သူများတကာ သိအောင် တတ်အောင် လုပ်ပေးနေပါသည်” ဟုဆိုသော သူများကို မြင်တိုင်း ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ ပြန်ကြည့်ဖို့ သတိရလိုက်သည်။ ငါရော… ဘယ်လဲ။ ဘာလဲ… ဆိုတာမျိုး။

တကယ်တော့၊ ကျွန်တော်ကိုယ်တိုင် ဘာမှမယ်မယ်ရရ မသိသေး။ မတတ်သေး။ သိချင်စိတ်၊ တတ်ချင်စိတ်နှင့် အမြဲလိုလို ဖတ်မှတ်လေ့လာဖြစ်နေအောင် တွန်းအားပေးနေဆဲ။ စာတွေထဲမှာ၊ ကျွန်တော့် စိတ်ကူးများကို လွတ်လပ်စွာ ကျက်စား၍ ရသည်။ လွတ်လပ်စွာ ကွန့်မြူးလို့ရသည်။ လွတ်လပ်စွာ ဖြန့်ကျက်နိုင်ခွင့်ရှိသည်။ ဤ အချက်ကပင်၊ ပညာအပေါ် ရူးသွပ်ခုံမင်ရသည့် အကြောင်းဖြစ်ဟန်တူသည်။ ဤအချက်ကြောင့်ပင်၊ ကျွန်တော် စာသင်ပေးသူ ဖြစ်နေသည်ဟု ယူဆသည်။

အမှန်တကယ်တော့ ကျွန်တော်တို့ ပညာဖြန့်နေခြင်းသည်၊ အရာအားလုံးကို သိပြီး တတ်ပြီး ဖြစ်၍ သင်ကြားမှု တာဝန်ကို ယူနေသည် မဟုတ်။ လေ့လာရင်း သင်ကြား။ သင်ကြားရင်း လေ့လာ သဘောဖြင့်၊ နှစ်ပါးသွားနေရ ခြင်းဖြစ်သည်။ အမြဲ သင်ကြားဖြန့်ချိနေသူများအဖို့၊ လေ့လာမှု ဆည်းပူးမှုကို ရပ်လိုက်လို့ မရ။ စဉ်ဆက်မပြတ်၊ တရပ်စပ်၊ တစိုက်မတ်မတ် တစ်ခုခုကို အမြဲ လေ့လာအားထုတ်နေမှ တော်ကာကျမည်။ အမှန်ဆိုရင်၊ ဓားသွေး ကျောက်ဖြစ်သွားမည်။ ကျွန်တော်တို့ မျိုးဆက်က တစ်ဆင့်ပြီး တစ်ဆင့် မြင့်လာရမယ် မဟုတ်လား။


ကျွန်တော်တို့ နောက်က မျိုးဆက် မြင့်စေဖို့၊ ကျွန်တော်တို့ ပုခုံးသားတွေကို သူတို့၏ ခြေနင်းတုံးများအဖြစ် ခုပေး၊ ခံပေးရမည်။ ကျွန်တော့်ပုခုံးကို မျိုးဆက်များအတွက် ခြေနင်းတုံး အဖြစ်ခံဖို့၊ ကြံ့ခိုင်မာကျောဖို့လည်း လေ့ကျင့်ရသည်။ ထုသားပေသားကျမှ၊ အလုပ်ဖြစ်မည် မဟုတ်လား။

ကျွန်တော်တို့ဟာ၊ ဆရာစား မချန်သင့်ဘူး။ ဆရာဆိုတာလည်း စားဖို့ မဟုတ်ဘူး လို့ ကျွန်တော်ခံယူသည်။ ဆရာ့ထက် တော်သော တပည့်၊ မိဘထက် တော်သော သားသမီး၊ ခေါင်းဆောင်ထက် တော်သော နောက်လိုက် ဖြစ်နေရမည်။

ကျွန်တော့် စာသင်မှု တစ်လျှောက်လုံးတွင်၊ စာသင်သားများထံမှ မေးခွန်းများကို အမြဲ စိန်ခေါ်နိုင်အောင် ကြိုးစားခဲ့သည်။ ကျွန်တော့်ကို စိန်ခေါ်နိုင်သော၊ အကြပ်ရိုက်စေသော မေးခွန်းများကို အမြဲလိုလားကြောင်း ပြသ ခဲ့သည်။ “ခင်ဗျားတို့ ညံ့ရင် ဆရာ ညံ့မယ်၊ ခင်ဗျားတို့ မညံ့ဖို့ လိုတယ်” လို့ ကျွန်တော် အမြဲပြောခဲ့သည်။ နောက် ဆုံး၊ ကျွန်တော့်သင်ကြားမှုများကိုပင် ခင်ဗျားတို့ သံသယရှိကြပါလို့ ပြောခဲ့သည် အထိ။

အမှန်တကယ်တော့၊ စာသင်သည့် အလုပ်မှာ ကျွန်တော့်အတွက် မုဆိုး စိုင်သင် ဖြစ်သည်။ ကျွန်တော် ခိုင်ခိုင် မာမာ ပိုင်ဆိုင်ထားတာဆို၍ ယုံကြည်ချက် တစ်ခုသာရှိသည်။ ဤယုံကြည်ချက်ဖြင့်ပင်၊ ကာလခရီးကြမ်း တော်တော်များများကို ဖြတ်ကျော်ခဲ့သည်။
ကျွန်တော့်စာသင်ကြားမှုက အဓိက နှစ်ပိုင်း။ နိုင်ငံရေးစာသင်သည်။ လူငယ်များအတွက် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးရေး ဘာသာရပ် တစ်ချို့သင်သည်။ ရံဖန်ရံခါ ဟောတာပြောတာလည်း လုပ်ခြင်းမှအပ ကျွန်တော့် အလုပ် က ရိုးရှင်းလှသည်။ ကျန်အချိန်မှာကို စာအုပ်များဖြင့် မျက်နှာအပ်ပြီး အချိန်ကုန်သည်။ ဒီ့နောက်ပိုင်း လူ့မျက်နှာ များကို ဖတ်သည့် အလုပ်ကိုပါ တိုး၍ လုပ်မိသည်။ လူတွေက၊ စာအုပ်များကဲ့သို့ပင် ကျွန်တော့်အတွက် လေ့လာ စရာ မကုန်နိုင်သည့် စာသိုက်ကြီးဖြစ်သည်။ စာအုပ်များက ဆန်းကျယ်သလို၊ လူများကလည်း ဆန်းကျယ်လှ သည်။ စာအုပ်ထဲ ခေါင်းတိုးပြီး စာသင်ခဲ့သည်။ နောက်တော့ လူတွေထဲ ခေါင်းတိုးပြီး စာသင်ခဲ့သည်။

ရှောင်ရှားမှု သုံးချက်

ကျွန်တော် စာသင်ကြားမှု ၄ နှစ်တာအတွင်း၊ မြို့နယ်ပေါင်း ၄၀ နီးပါးကို သွားခဲ့သည်။ ရောက်ခဲ့သည်။ အကြိမ်ရေ အားဖြင့်၊ ၆၀ ကျော် ၇၀ လောက် ရှိမည်ထင်သည်။ တံတွေး သုံးဂါလံလောက်တော့ ကုန်ပြီးသွားပြီ ဆိုသည့် သဘော။ ကျောင်းဆရာ သက်တမ်းအတွင်း ကျွန်တော် သတိထားရှောင်သည့် အလုပ် သုံးလုပ်ရှိ သည်။

နံပါတ် တစ် – ဩဝါဒ ပေးခြင်းကို ရှောင်သည်။
နံပါတ် နှစ် – ငါ ဆရာ ပဲ ဆိုတဲ့ စိတ်ကို ဖျောက်သည်။
နံပါတ် သုံး – ဓားသွေးကျောက် အဖြစ်မခံ။

“လောကမှာ အလွယ်ဆုံး အလုပ်က ဩဝါဒပေးတဲ့ အလုပ်ပဲ” တဲ့။ ကျွန်တော် အလွယ်ဆုံးအလုပ်ကို လုပ်နေခဲ့ သလား။ ကျွန်တော့် စာသင်မှုသက်တမ်း တစ်လျှောက်လုံး၊ ဩဝါဒပေးခြင်းကို သတိထားရှောင်သည်။ ဟိုလိုလုပ်ပါ့လား၊ ဒီလို လုပ်ပါ့လား၊ ငါလည်း မလုပ်တတ်ဘူး ဆိုသည့် အကျင့်မျိုးမဖြစ်အောင် ကျွန်တော် သတိ ထားပြောသည်။

“သူများတွေကို ဆရာလုပ်နေတဲ့သူက တပည့်ပြန်မဖြစ်ချင်တော့ဘူး” တဲ့။

ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတာနာဖူးသည်။ ကျွန်တော် ခရီးတွေထွက်ပြီး၊ စာသင်ရင်းဖြစ်ဖြစ် သူတို့ထံက တစ်စုံတစ်ခု သင်ယူနိုင်ခဲ့ဖို့ အမြဲ ကြိုးစားခဲ့သည်။ စာသင်နေရင်း၊ သူတို့၏ မေးခွန်းများ၊ ဆွေးနွေးချက်များ ထံမှ ကျွန်တော် သင်ယူနိုင်ခဲ့ သည်။ ဒေသတွင်းအခြေအနေ၊ ဒေသတွင်း လူနေမှုပုံစံများနှင့် ဓလေ့စရိုက်များ၊ သူတို့၏ အားသာချက်များ၊ စွမ်း ရည်များ၊ အားနည်းချက်များကို အမြဲလေ့လာစူးစမ်းခဲ့သည်။ ကျွန်တော်နှင့် ဆုံဖူးသည့်လူတော်တော်များများဆို ပိုသတိထားမိလိမ့်မည်။ ကျွန်တော် မေးခွန်းတွေ အများကြီးမေးတတ်သည်။ နောက်ပြီး မေးခွန်းတွေကို တရပ်စပ်မေးသည့် အကျင့်လည်းရှိသည်။

အိုင်းစတိုင်းလား၊ အယ်ဒီဆင်လား ပြောတာ ပြန်ကြားမိသည်။ “ဘဝမှာ၊ အဖြေတွေ အရံသင့်ရှိတာထက် မေးခွန်းတွေ ရှိထားတာ ပိုကောင်းတယ်” ဟူသည့် စကား။ ကျွန်တော့်မေးခွန်းတွေက၊ ကျွန်တော်အသိနယ်ကို ချဲ့နိုင်သော ကိရိယာများဟု ကျွန်တော် ယုံကြည်နေလျက်။

“ဆရာဆိုတဲ့ အမျိုးက၊ သူများတွေကို ထက်အောင်သွေးပေးပြီး ကိုယ်ကိုယ်တိုင်ကျတော့ တစ်နေ့တစ်ခြား၊ ဓားသွေးကျောက်လို ပါးပါး လိုက်လာတတ်တယ်” လို့ ဆိုသည်။ “အမှိုက်ထည့်ရင်၊ အမှိုက်ပဲ ထွက်တယ်” ဆို သည့် စကားရှိသည် မဟုတ်လား။ အမှိုက်ဆရာက၊ အမှိုက်တပည့်များကိုသာ မွေးထုတ်သည် မဟုတ်လား။ ဆရာများကိုယ်တိုင်က မထက်မြက်ဘဲ၊ ဖောက်မထွက်နိုင်ဘဲ၊ လောက်လောက်လားလား မရှိဘဲ၊ ဘယ်သူ့ကို လောက်လောက်လားလားဖြစ်အောင် စွမ်းနိုင်ပါ့မလား။ စဉ်ဆက်မပြတ်လေ့လာနေခြင်း၊ ဘဝတစ်လျှောက်လုံး လေ့လာနေခြင်းကပဲ သင်ကြားမှု၊ ဖြန့်ချိမှု အရည်အသွေး ကို မြင့်လာစေလိမ့်မည်။ တခါလာလည်း မဲပြာပုဆိုး အာဘော်ဖြင့် စာမသင်အပ်။


တကယ်တော့၊ ဆရာဆိုသည့် အသုံးအနှုန်းကို ကျွန်တော် မသုံးလိုပါ။ ကိုယ့်ကိုယ်ကို အဲ့အဆင့်မှာရှိနေတယ် လို့လည်း မခံယူဖြစ်ပါ။ ဒါ့ကြောင့် ကျောင်းဆရာ ဟု ဖလှယ်သုံးနှုန်းမိပါသည်။ ကျောင်းဆရာအလုပ်ကို လုပ်ရင်း၊ သင်ကြားမှု၊ သင်ယူမှု၊ လေ့လာမှု၊ ဖြန့်ချိမှု အကြောင်းများကို အတွေးနယ်ချဲ့မိသည်။

စာသင်ကြားသူ၊ စာသင်ယူသူ၊ ပညာ၊ စာပေ နှင့် နည်းနာမျှဝေခြင်းသဘောများကို မှန်းဆမိသည်။
ကျွန်တော်တို့ဟာ ပညာစုခြင်း အလုပ်ကိုသာမက၊ ပညာဖြန့်ခြင်းအလုပ်ကိုလည်း လုပ်ကြရမည်။ ပညာဖြန့်ခြင်း အလုပ်ဖြင့်လည်း တင်းတိမ်မနေအပ်။ အသစ်အသစ်သော အသိပညာများကို ထုတ်လုပ်ကုန်ကြအံ့။

ပညာအသစ်များကို မထုတ်လုပ်နိုင်လျှင်၊ လူ့အသိုင်းအဝိုင်းသည် ယခင်၊ ယခု ထူး,ခြားနားမည် မဟုတ်။ တစ်ဆင့်မြင့်သော ခြေလှမ်းသို့ မြေဖြူကိုင်သော၊ လက်များရှင်က စသင့်သည်ဟု ယုံကြည်ပါသည်။

မင်းသေ့
နေ့လည် ၁ း ၃၃
၈ / မေလ/ ၂၀၁၇

Previous post စာအုပ်များနှင့် ၁၀ နှစ်တာ
Next post စကားလုံးတစ္ဆေခြောက်ခြင်း