လူများ
အမူအကျင့်များ
အယူအဆများနှင့်
ချဉ်းကပ်ခံယူမှုများ

သင့်နော်

သမိုင်းကြောင်းတစ်လျောက် ပါဝင် စီးမျောခဲ့ကြ သည့် ကိစ္စပေါင်း အသင်္ချေ အနန္တရှိသည့်အနက် လူ့ယဉ်ကျေးမှု ဖြစ်ထွန်းပြီးပါမှ သမိုင်းတင်ခဲ့ကြရ သည် ဖြစ်၏။

စကြဝဠာ၏ သမိုင်း။ နေစကြာဝဠာ၏သမိုင်း။ ကမ္ဘာမြေကြီး၏သမိုင်း။ ပြီးမှ လူ့သမိုင်း။ လေးဘက်တွား ဘဝမှ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နိုင်သည်အထိ ဆင့်ကဲဖြစ်စဉ်၏ အံ့မခန်းထွန်းကားမှုများမှ တဆင့် လက်ညှိုး ညွှန်ရာ ရေဖြစ်စေသည် အထိ လူ့စွမ်းအားက အနှစ်တစ်သန်းဟူသော အချိန်ကာလကို ဖြတ်သန်းလွန်မြောက် ခဲ့ပြီဖြစ်သည်။ စကြာဝဠာ အနန္တကို ချဉ်းကပ်ရန် ကနဦးကြိုးပမ်းမှုများ၏ အားတက်ဖွယ်ရာများကို စတင် တွေ့ရှိချိန်မှာပင် လူတို့သည် အချင်းချင်း သတ်ဖြတ် ညှင်းဆဲ အနိုင်ကျင့် ယုတ်မာဆဲ ဖြစ်၏.

ဂူအောင်း လူသားမှသည် အီလက်ထရွန်နစ် လူသားဘဝသို့ ဖြစ်ထွန်းလာသည့်တိုင် လူသည် ကံစိတ်ဥတုနှင့် အာဟာရတို့ကြောင့်သာ ရှင်သန်ခွင့်ရကြရသည် ဖြစ်သည်။ ဝူးဝူးဝါးဝါးဘဝမှ စကားပြောနိုင်သည်အထိ၊ ခြေပြလက်ပြမှ အတိအကျ ညွှန်းဆိုလာနိုင် သည်အထိ၊ ကျောက်သားနံရံထက်၌ တောင်ခြစ်မြောက်ခြစ်ဘဝ မှ Touch Sceen ကို တို့ရုံထိရုံမျှဖြင့် ဝေဝေဆာဆာ ရုပ်လုံးဖော်နိုင်သည်အထိ လူ့ယဉ်ကျေးမှုဖြစ်စဉ်က မယုံနိုင်လောက်အောင် အစွမ်းထက်ခဲ့ပြီ ဖြစ်၏။

မည်သို့ပင် ဖြစ်စေ လူသည် ထီးထီးကြီးနေ၍ မရ။ No Man is an Island. ။ အသိုက်အဝန်းနှင့်၊ ဝန်းကျင် ဂေဟနှင့်သာ ကြီးပြင်းမြဲ ဖြစ်လေရာ၊ မူလကပင် လောဘ ဒေါသနှင့် မောဟတို့က ပူးတွဲပါလာသည်ဖြစ်၍ တခါတရံ၌ လူက ပတ်ဝန်းကျင်ကို ပြုပြင်ပေးခဲ့သည် များ ရှိသလို ရံဖန်ရံခါ၌လည်း ပတ်ဝန်းကျင်က လူကို ပြောင်းလဲပြုပြင်ခဲ့ပေသည်။ တံငါနားနီး တံငါ ဟု ဆိုကြ သည်။ ရွှေပင်နားတော့ ရွှေကျေးဟု ဆိုကြသည်။

အသိဉာဏ်ပညာဖွံ့ဖြိုးမှုနှင့် ဦးနှောက်ကြီးထွား မှုတို့ကြောင့် လူသည် အခြားသော သက်ရှိသတ္တဝါကြီး ငယ်တို့ထက် ခေါင်းတစ်လုံး ပို၍ မြင့်ခဲ့သည်။ သဘာဝ တရားကိုပင် အံတုနိုင်ရန် အမြဲတစေ ကြံစည်နေဆဲ ဖြစ်သည်။ လောကဓမ္မ သင်္ခါရကိုပင် တွန်းလှန်ရန် အားထုတ်နေဆဲဖြစ်သည်။ နေစကြာဝဠာအတွင်း၌ ကမ္ဘာဂြိုလ်တစ်ခုတည်း၌သာ သက်ရှိတို့ ရှင်သန်နေနိုင်သည် ဟု ဆိုစေကာမူ သက်ရှိအားလုံးတို့ထဲ၌ လူသာလျှင် အခရာဖြစ်လျက်ရှိသည် ဖြစ်၏။

လူ၏ကြံဆနိုင်စွမ်။ ဖန်တီးနိုင်စွမ်း။ တီထွင်နိုင် စွမ်းများမှာ နယ်ပယ်အသီးသီး၌ စဉ်ဆက်မပြတ် ဖြစ်ထွန်းနေ သည်ဖြစ်ရာ၊ အလုံးစုံ ပြီးပြည့်စုံသည့် လူ့ဘောင် လောကကြီး၌ ပဒေသာပင်ခေတ်သည် အသေအချာ ပင်ဖြစ်တော့အံ့ဟု ယုံကြည်ခံစားမှုမျိုးသည်လည်း မကြာ မကြာပေါ်လာခဲ့ပြန်သည် ဖြစ်၏။ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၊ လူအမျိုးမျိုးတို့သည် ရှစ်ပါးသော လောကဓံတို့ဖြင့် ကြုံကြိုက်ကြပြီးနောက် နယ်မြေများကို ပိုင်းခြားသတ်မှတ်ခြင်း။ စစ်မက်အင်္ဂါခင်းကျင်းခြင်း။ လူအချင်းချင်း ကျွန်ပြုခြင်း။ အသားအရောင် ခွဲခြားခြင်း။ ကျား/မ လိင်အင်္ဂါခွဲခြားခြင်း။ အစရှိသော အမှုကိစ္စများ ကို ဝတ္တရား မပြတ် ဆောင်ရွက်ကြခြင်းဖြင့် ရာစုနှစ်ပေါင်းမြောက်မြားစွာကို မမောတမ်း ဖြတ်သန်းခဲ့ကြသော ဟူ၏။

တစ်ကမ္ဘာ တစ်ရွာမှတ်ပါလို့ဟူသော ခေတ် သည် ၂၁ ရာစု၌ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည်။ နေမဝင် အင်ပါယာသည် ယနေ့ကာလ၌ နယ်စည်း မခြားပဲ ၃၆၀ ဒီဂရီ ပတ်လုံး အကြုံးဝင်လျက်ရှိနေပြီ ဖြစ်၏။ မြေကြောကို ရှုံ့နိုင်ခဲ့ပြီဖြစ်သည်။ ပထဝီဘာသာရပ်၏ အခြေခံအချက်အလက်များကို မဏ္ဍိုင်ထားကာ ကမ္ဘာသည်၎င်း၊ ကမ္ဘာသူ ကမ္ဘာသားတို့သည်၎င်း၊ မိဘဘိုး ဘေး ဘီဘင်တို့ စိတ်မျှပင် စိတ်မကူးခဲ့ကြသော ဖြစ်ရပ်များကို ထဲထဲဝင်ဝင် ရှိနေကြပြီ ဖြစ်သည်။ သမိုင်းကြောင်းလှခဲ့ကြသော တိုင်းပြည်နှင့် လူမျိုးတို့၏ အနာဂါတ်မှာ လှပြီးရင်း လှခဲ့ကြသော်ငြား၊ ဖိုးသုည ဦးနှောက်ပိုင်ရှင်တို့ စိုးမိုးချယ်လှယ်ထားသော တိုင်းနိုင်ငံ ပြည်ရွာများမှာမူ ယခုအချိန်အထိ နာလံမထူနိုင်ကြပေ။

စာပေယဉ်ကျေးမှု အနုပညာ အစုအစုတို့ ဖွံ့ဖြိုးရေးကို လူတို့ အလေးဂရုပြုခဲ့ကြသည်။ တကမ္ဘာလုံး အတိုင်းအတာပါဝင်သည့် ပြတိုက်ကြီးများ ပြခန်းကြီးများကို ဂုဏ်ယူဝင့်ကြွားစွာ တည်ထားခဲ့ကြသည်။ အနုပညာတိုတိုထွာထွာမှသည် ဖွယ်ဖွယ်ရာရာအထိ၊ သမိုင်းဝင်ပစ္စည်း အတိုအစမှသည် ကျောက်တိုင် ကျောက်စိုက်ခဲများအထိ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဂီတ ရုပ်ရှင် သဘင် ပန်းချီ ပန်းပု အစုအစုတို့၏ တန်ဖိုးကို သတ်သတ်မှတ်မှတ် ခွဲခြား ပိုင်းဖြတ် သိုထား စောင့်ရှောက်ကြသည်။ ပြုစုသူ ရှာဖွေသူ မှတ်တမ်းတင်သူတို့က ဆိုင်ရာဆိုင်ရာ အလုပ်များဖြင့် ထိန်းသိမ်းကြ။ မှတ်တမ်းပြုကြ အရှည်တည်တံ့ရန် ဆောင်ရွက်ကြ။ လူပုဂ္ဂိုလ်တို့၏ လုံ့လ ဥဿဟဖြင့် သမိုင်းတို့သည် အချိန်ကာလကို ဖြတ်ကျော်ခိုင်ခန့်ခဲ့ကြ။

စာပေသည် လူ့ယဉ်ကျေးမှု၏ မူလဘူတဖြစ် သည်။ စာဖြင့် မှတ်တမ်းပြုကြ။ စာဖြင့် အခြေအနေအရပ်ရပ်ကို အတည်ပြုခဲ့ကြ။ သမိုင်းမတင်မီ ခေတ်က စာပေ မရှိခဲ့သည့်အလျောက် မှတ်တမ်းမှတ်ရာ အားနည်းခဲ့သည့်တိုင် သမိုင်းတင်ပြီး စာအရေးအသား ပေါ်ပေါက်ပြီး နောက် စာပေကိုသာ အလေးထား ချဉ်းကပ်ကြရသည်။ ဤသို့ဖြင့် စာပေသည် သမိုင်းရတနာသိုက်၏ ဝင်ပေါက် ဖြစ်လာသည်။ ကဗျာ လင်္ကာ တို့ဖြင့် ရေးသားကြရသည်မှ ပြည်သူ့စာပေ ဘဝသို့ ရောက်ရှိခဲ့သည်အထိ ရာစု နှစ်ပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ အများနှင့် တိုက်ရိုက် ထိတွေ့နိုင်သော စာပေအဖြစ်ကို ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ခွင့်ရခဲ့ကြပြီး ဖြစ်သည်။

စာရှိသော လူမျိုး၊ စာဖတ်သော လူမျိုး၊ စာတတ်သော လူမျိုးအဖြစ် မြန်မာတို့က ထည်ထည်ဝါဝါ ရပ်တည်ခဲ့ သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော်ခဲ့ပြီ ဖြစ်သည်။ ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် တို့ကို ဖြတ်ကျော်ကာ ဗြိတိသျှကိုလိုနီခေတ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ။ လွတ်လပ်ရေးရပြီး ၁၉ နှစ် ၁၀ မိုးကာလ။ အိမ်စောင့်အစိုးရခေတ်။ ပ.ထ.စ အစိုးရခေတ်။ လက်နက်ဖြင့် အာဏာသိမ်းယူသော တော်လှန်ရေး ကောင်စီခေတ်။ ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ချီတက်သော မ.ဆ.လ ခေတ်။ တစ်ပါတီတည်းသာ ရှိသော ၁၉၇၄ ဖွဲ့စည်းပုံခေတ်။ လူထုအုံကြွမှုဖြင့် ဒီမိုကရေစီတောင်း ဆိုသော ရှစ်လေးလုံးခေတ်။ ဗိုလ်ချုပ်စောမောင် ဦးဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ တာဝန်ယူသောခေတ်။ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်။ ၂၀၀၈ ခု ဖွဲ့စည်းပုံဖြင့် သမ္မတ ဖြစ်လာသော သ.စ.အ ခေတ်။ အစရှိသော ခေတ်များစွာကို မြန်မာပြည်သူလူထုက နည်းလမ်း အသွယ်သွယ် ဖြင့် ဖြတ်သန်းခဲ့ကြရသည်။

ထိုထိုသော သမိုင်းကြောင်းများကို စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ဂီတဆရာ၊ ရုပ်ရှင်ဆရာတို့က မှတ်တမ်းတင်ကြသည်။ ရှေ့တခေါ် မျှော်ကြည့် နောက်တလံ ပြန်ကြည့်ကြရသည်။ ဘယ်သူတွေက ဘာတွေ လုပ်ခဲ့ပြီး ဘယ်သူတွေက ဘယ်လို ခံခဲ့ကြရသနည်း။ စာအုပ်တွေထဲမှာ တွေ့နိုင်သည်။ သမိုင်းနောက်ခံ ဝတ္ထုရှည်ကြီးတွေ၊ သမိုင်းအခြေခံ Docu-Drama ကြီးတွေ။ လုံးစေ့ပတ်စေ့ မဟုတ်သော်ငြား ပါးပါးလျားလျား ပါဝင်သည်။ ဝတ္ထု ကဗျာ မှတ်တမ်းစာများ။ ကဗျာ လင်္ကာ ဂီတများ၊ ရုပ်ရှင် ရုပ်မြင် ဇာတ်လမ်းတိုများ အမြောက်အမြား ဟိုမှသည်မှ ထွက်လာကြသည်။ တင်ဆက်မှု Performance အမျိုးမျိုးဖြင့် ပြန်လည် တင်ပြကြသည်။ အနုပညာရှင်အသီးသီးက လူတို့ ပုခုံးပေါ် သို့ ကျလာသော သမိုင်းဝန်ထုပ်ဝန်ပိုးများကို တာဝန်တစ်ရပ်ကဲ့သို့ ထမ်းရွက်ကြသည်။

မင်းသေ့က ယင်းတာဝန်အမျိုးမျိုးကို Review ရေးခြင်း။ Sketchiography ရေးခြင်း။ ဝေဖန်ပိုင်းခြားမှု ပြုခြင်း။ ထပ်ဆင့်တင်ပြဝေငှခြင်း။ လက်တို့သတိပေးခြင်း။ သွေးသစ်လောင်းခြင်း။ ခံစားမှုဖြင့် ခိုင်မာစေခြင်း။ အတွေ့အကြုံဖလှယ်ခြင်း။ ကိုယ်ထိလက်ရောက် ပို့ချညွှန်ပြခြင်း။ ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖော်ထုတ်ခြင်း။ လွယ်ကူချောမွေ့စွာပြီးမြောက် စေရန် အားပေးကူညီခြင်း။ အစရှိသည်တို့ဖြင့် ဆောင်ရွက်သည်။ အားရပါးရ ရှိလှသည်။ စာပေနှံ့စပ်မှု အခြေခံဖြင့် သူက သုံးသပ်သည်။

‘စာဖတ်သမားသို့’ အမည်တပ်ထားသော သူ၏ အားထုတ်မှုသည် သမိုင်းပေးတာဝန်တစ်ရပ်ကို လိုလိုလားလား ထမ်းဆောင်သည့် စာပေအကျိုးဆောင် လုပ်ရပ် ဖြစ်သည်။ ကျွမ်းကျင်ရာ လိမ္မာသော မင်းသေ့ ဟု ကင်ပွန်းတပ်လိုသည်။ ထို့ထက်ပို၍ နောက်တစ်ဆင့် တိုးရသည်ရှိသော် အာဂ မင်းသေ့ ဟူ၏။

သင့်နော်

၂၀၁၉ စက်တင်ဘာလ ထုတ် ။ မင်းသေ့၏ ပဉ္စမမြောက် စာအုပ်
Previous post ဒေါက်တာဇော်စိုး အမှာစာ
Next post စာဖတ်သမားသို့ အမှာစာ