ကလောင်သွားထက်ထက် လူငယ်စာရေးဆရာ တစ်ယောက်ရှိသည်။ ဆရာက မန္တလေးသား။ ဆရာ့အမည်ရင်းက အောင်ကိုကိုတိုး။ ဆရာ့ ကလောင် အမည်က ”မင်းသေ့” ဆရာမင်းသေ့ကို စသိတာကတော့ ”နိုင်ငံရေးဖတ်စာများ” စာအုပ်မှ ဖြစ်သည်။ တစ်ရက်၌ စာအုပ်ဆိုင် ရောက်တော့”နိုင်ငံရေးဖတ်စာများ” ဟူသော စာအုပ်ကို ကောက်ကိုင်မိသည်။ အဲ့ဒီမှာ သူနဲ့စပြီး မျက်လုံးချင်း ဆုံမိသည်။ သူဆိုသည်မှာ တခြားမဟုတ်။ စာရေးဆရာ ”မင်းသေ့” ပင် ဖြစ်သည်။ စာရေးဆရာ မင်းသေ့နှင့် လူချင်းတွေ့ပြီး မျက်လုံးချင်း ဆုံမိသည်မဟုတ်ပေ။ ”နိုင်ငံရေးဖတ်စာများ” စာအုပ်၏ မျက်နှာဖုံးတွင် ဆရာ့ပုံနှင့် ဒီဇိုင်းဖော်ထားသောကြောင့် ဆရာ့ မျက်လုံးနှင့် မျက်လုံးချင်းဆုံမိခြင်း ဖြစ်သည်။ ထိုနောက် ကျွန်တော်မှစ၍ မျက်လုံးချင်းလွှဲဖို့ ဆုံးဖြတ်လိုက်ပြီး စာအုပ်နောက်ကျောကို လှန်လိုက်သည်။


ကျောဘက်အဖုံးတွင် ဆရာ့၏ကိုယ်ရေးအချက်အလက်နှင့် ဆရာ့၏လက်ပိုက်ပြီး ပြုံးနေသောပုံထည့်ထားသည်။ ရှေ့ဖက်မျက်နှာဖုံးရှိ ဆရာ့အကြည့်သည် မာန်ရှိသည်။ နောက်မျက်နှာဖုံးရှိ ဆရာ့အပြုံးသည် ဟန်ရှိသည်။ ဆရာ့ကိုယ်ရေးအချက်အလက်ကို ဖတ်ကြည့်လိုက်သောအခါ ၁၉၉၁ ခုဖွား၊ ကျွန်တော့ထက် လေးလခန့်သာ ကြီးသူဖြစ်သောကြောင့် ပို၍ စိတ်ဝင်စားသွားသည်။ လူငယ်တစ်ယောက်က ရေးသော စာအုပ်က ”နိုင်ငံရေးဖတ်စာများ” ဆိုတော့ ဆရာ့နိုင်ငံရေးအတွေ့အကြုံက ဘာတွေလဲလို့တွေးရင်း ဆရာ့၏ ကိုယ်ရေးအချက်အလက်ကို ဆက်ဖတ်တော့ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အသိပညာမျှဝေရေး သင်တန်းများတွင် သင်တန်းနည်းပြဆရာ ဖြစ်နေသည်။ နိုင်ငံရေးမြှင့်တင်ရေး လုပ်ငန်းများတွင်လည်း သင်တန်းပေးခြင်းများလုပ်နေတော့ စာအုပ်အတွင်းပိုင်းကို လှန်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာသည်။


ကျွန်တော်သည် စာဖတ်သူဖြစ်သည့်အလျောက် မိမိအတွက် စာအုပ်ဝယ်ရာတွင် စာရေးဆရာအသစ်၏ စာအုပ်ကို ဝယ်ဖို့ရန်မှာ အင်မတန်စဉ်းစားပြီးမှ ဝယ်လေ့ရှိသည်။ ဆရာမင်းသေ့သည်လည်း ကျွန်တော်၏ စာရေးဆရာအသစ် ဖြစ်သောကြောင့် ဆရာ့စာအုပ်ကို သေချာလေ့လာကြည့်ဖြစ်သည်။ စာအုပ်အတွင်းကို လှန်ကြည့်လိုက်သောအခါ မာတိကာ၌ နိုင်ငံရေးနှင့် ပတ်သက်သော ဆောင်းပါးခေါင်းစဉ် ၄၂ပုဒ်ကို တွေ့ရသည်။ ခေါင်းစဉ်များကို ဖတ်ပြီးချိန်တွင် ထိုစာအုပ်ကို ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုစာအုပ်ကို အကြောင်းပြု၍ ဆရာမင်းသေ့နှင့် ရင်းနှီးခွင့်ဖို့ အစပြုခြင်း ဖြစ်သည်။


ဆရာမင်းသေ့နှင့် စကားပြောတိုင်း နှစ်ယောက်သား ပြောဖြစ်သည့်အကြောင်းက စာအကြောင်း၊ လူများအကြောင်း၊ မိမိတို့အကြောင်းများ ဖြစ်သည်။ အယူအဆချင်း ဆွေးနွေးတိုင်း ပွင့်လင်းစွာ ပြောဆိုဖြစ်ကြသောကြောင့် ပို၍ ရင်းနှီးလာသည်။ ဆရာမင်းသေ့က ကျွန်တော်ကို စာရေးဖို့ တိုက်တွန်းသည်။ ကျွန်တော်က စာ မရေးဖြစ်သေး။ ကျွန်တော်လည်း ဆရာမင်းသေ့ကို စာတွေရေးဖို့ တောင်းဆိုသည်။ ဆရာက ရေးဖြစ်သည်။ ရေးဖြစ်တာမှ စာတွေ အများကြီးမှ အများကြီးကို ဆရာမင်းသေ့က ရေးနေသည်။ ကျွန်တော် မတောင်းဆိုလည်း ဆရာမင်းသေ့က စာဖတ် စာရေးနေရမှ ရှင်သန်နိုင်မည့် လူမျိုးဖြစ်သည်။ ဆရာမင်းသေ့က စာကို တစိုက်မတ်မတ် ရေးသည်။ ထို့အပြင် စာကို တစိုက်မတ်မတ် ဖတ်သူ ဖြစ်သည်။ ထို့ကြောင့် ဆရာနှင့် ကျွန်တော်တို့၏ ဖြစ်စဉ်ကို ကောက်ချက်ချလိုက်သည်။ ”ကျွန်တော်က စာမရေးသော စာဖတ်သူ” ဆရာမင်းသေ့က ”စာဖတ်သော စာရေးဆရာ” ဖြစ်သည်။

ကျွန်တော်သည် စာဖတ်သူဖြစ်သောကြောင့် စာမရေးတာ ပြသနာ မဟုတ်သော်လည်း စာရေးဆရာအနေနှင့်တော့ စာဖတ်ရမည်ဟု ယုံကြည်မိသည်။ ထိုကြောင့် ကျွန်တော်သည် စာဖတ်သော စာရေးဆရာများ၏ စာအုပ်များ ဖတ်ရသည်ကို ပို၍နှစ်သက်သည်။ ဤသို့ဖြင့် စာဖတ်သော လူငယ်စာရေးဆရာတစ်ယောက်ဖြစ်သည့် ဆရာမင်းသေ့၏ စာအုပ်များကို ဖတ်ရှု့ကြည့်ဖြစ်သည်။ ဆရာ၏ ပထမဆုံးစာအုပ်ဖြစ်သော ”မင်ခြစ်ကောက်ကြောင်းများ” ၊ ဒုတိယစာအုပ်ဖြစ်သော ”နိုင်ငံရေး ဖတ်စာများ” ၊ တတိယစာအုပ်ဖြစ်သော ”ဖတ်ညွှန်းများ”၊ စတုတ္ထစာအုပ် ဖြစ်သော ”နွယ်” စသည့် ဆရာ၏ ထွက်ပြီးသမျှ စာအုပ်တို့ကို ဖတ်ရှု့ ထုံကူးကြည့်ခြင်းဖြင့် ဆရာမင်းသေ့၏ ခံယူချက်တို့ကို သူ့စာအုပ်များတွင် တွေ့နိုင်သည်။ လူငယ်တစ်ယောက်ပီပီ လုပ်ချင်စိတ်ပြင်းပြသူ ၊ ဆန်းစစ် စူးစမ်းလိုသူ ၊ ခွကျကျ ကလော်တတ်သူ၊ အမြင်ကို အထင်နဲ့မရေးဘဲ ဆင်ခြင်ပြီးမှ ရေးသူ ၊ ရသသဘော အဖွဲ့အနွဲ့ကို ရေးရာတွင် စကားလုံးတို့ကို အသက်ဝင်နေအောင် အသုံးပြုတတ်သောကြောင့် စကားလုံးတို့၏ ဥယျာဉ်မှူးလို့ပင် တင်စားလိုက်ချင်သည်။


စာပေနယ်ပယ်ထဲတွင် နာမည်တစ်လုံးကို ပိုင်ဆိုင်ထားပြီးဖြစ်ကြသော စာရေးဆရာများထဲမှ ဆရာမင်းသေ့သည် စာဖတ်သော လူငယ်စာရေးဆရာ တစ်ယောက်ဖြစ်သည်။ ဆရာမင်းသေ့သည် ကျွန်တော့အား သူ၏ပဉ္စမမြောက်စာအုပ် ထုတ်ရာတွင် အမှာစာ ရေးပေးရန်အတွက် စာမူကြမ်းကို ကျွန်တော်ထံသို့ ပို့လာသည်။ စာမူကြမ်း နှင့်အတူ စာအုပ်အတွက် အမှာစာ ရေးရာတွင် ”စာဖတ်သူတစ်ယောက်၏ မှတ်ချက်ကို ပွင့်ပွင့်လင်းလင်း မြင်ရလိမ့်မည်ဟု ယုံကြည်ပါတယ်” ဟူသော ဆရာမင်းသေ့ ရေးသားထားသော စာကို ဖတ်၍ ကျွန်တော်အပေါ်တွင် တာဝန်တစ်ခု တိုးလာခဲ့သည်။ ဆရာမင်းသေ့၏ ”စာဖတ်သမားသို့” ဟူသော စာအုပ်မူကြမ်းကို သေချာဖတ်ပြီး စာဖတ်သူတစ်ယောက်အနေနှင့် အမှာစာ ရေးပေးရမည် ဖြစ်သောကြောင့် စာအုပ်ထဲမှ စာများ အနှစ်သာရ မပါရှိဘဲ စာရေးဆရာနှင့် ရင်းနှီးမှုကို အခြေခံပြီး ရေးလိုက်လျှင် စာအုပ်ကို ဝယ်ယူဖတ်ရှု့သူတိုအား အလေးမထားရာကျမည် ဖြစ်သည်။ ထိုကြောင့် စာအုပ်မူကြမ်း ဖတ်ချိန်က စပြီး စာရေးဆရာနှင့် ရင်းနှီးမှုကို ခပ်ခွာခွာထားကာ စာ၏ အနှစ်သာရကို ရအောင် ရှာဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။ တကယ့်လက်တွေ့ ဖတ်ရာတွင် ဆရာရေးသော စာ၏ အနှစ်သာရကို ရှာဖတ်စရာမလို။ ဖတ်လိုက်မိသော စကားလုံးတိုင်းက အနှစ်သာရနှင့် ပြည့်နေလေသည်။

ဆရာမင်းသေ့သည် “စာဖတ်သမားသို့” စာအုပ်ကို အပိုင်းလေးပိုင်း ခွဲရေးထားသည်ကို တွေ့ရသည်။
၁။ စာအကြောင်း
၂။ စာအုပ်အညွှန်း
၃။ ရုပ်ပုံလွှာ
၄။ ဒဿနစာ
စသည်တို့ကို တွေ့ရသည်။

၁။ စာအကြောင်း


စာအကြောင်းနှင့် ပတ်သက်၍ ခေါင်းစဉ်ခွဲများဖြင့် ဆရာမင်းသေ့သည် သူ၏ခံယူချက်အမြင်များကို ရေးသားထားသည်။ စာအကြောင်းဟု ဆိုရာတွင် စာကြည့်တိုက်အကြောင်း ၊ စာရေးသူ အကြောင်း၊ စာဖတ်သူအကြောင်း၊ စာဖတ်နည်း အကြောင်း၊ စာရေးချင်သူများ အကြောင်း၊ စာပေခံယူချက် အကြောင်း စသည့် သဘောမနောများကို အတောမသတ်နိုင်သော အတွေးများ ဂျစ်ကန်ကန် အရေးကလေးများဖြင့် တင်ပြရေးသားထားပုံမှာ စာရေးဆရာ တစ်ယောက်၏ စေတနာကြီးမားလှပုံကို အထင်းသား မြင်တွေ့ရသည်။


၂။ စာအုပ်အညွှန်း


ဆရာမင်းသေ့သည် စာဖတ်နာသော စာဂျပိုးတစ်ယောက်ဘဝမှ စာရေးဆရာဘဝကို အသွင်ကူးပြောင်းလာသူ ဖြစ်သည်။ ယခင်က စာမဖတ်ရရင် မနေနိုင်သူ အဖြစ်မှ စာမဖတ်ရ ၊ စာမရေးရရင် မနေနိုင်သော စာပေရူးသွပ်သူတစ်ယောက် ဖြစ်လာသည်။ ဆရာ၏ ပထမဆုံး ထွက်ရှိသော ”မင်ခြစ်ကောက်ကြောင်းများ” နှင့် တတိယစာအုပ်ဖြစ်သော ”ဖတ်ညွှန်းများ” စာအုပ်တို့သည် ဆရာဖတ်ဖူးသော စာအုပ်များထဲမှ ဆရာသဘောတွေ့သော စာအုပ်များကို ဖတ်ညွှန်းအဖြစ် ရေးထားကာ စာစဖတ်မည့် သူများအတွက် မည်သည့်စာအုပ်ကို ဖတ်ရမှန်း မသိသူများအတွက် အလွန်အဖိုးတန်သကဲ့သို့ စာဂျပိုးများ၊ စာဖတ်ဝါသနာထုံသူတို့အတွက် စာဖတ်သူအချင်းချင်း ထုံကူးလို့အင်မတန်ကောင်းသော စာအုပ်များ ဖြစ်သည်။


ယခုစာအုပ်ထဲတွင်လည်း စာအုပ်ဖတ်ညွှန်းများကို ထည့်သွင်းရေးသားထားသည်။ ဆရာညွှန်းဆို ရေးသားထားသော စာအုပ်များသည် လူငယ်လူရွယ်များ၊ စာဖတ်ဝါသနာ ထုံသူများ၊ စာရေးချင်သူများ ဖတ်မှတ်သင့်သည့်အပြင် လူကြီးများပါ ဖတ်၍ ထုံကူးနိုင်သောကြောင့် အင်မတန်မှ အဖိုးထိုက်လှပေသည်။ ဆရာသည် စာအုပ်ဖတ်ညွှန်းရေးသားရာတွင် စံသတ်မှတ်ချက်များနှင့် ရေးသူဖြစ်သည်။ စာတစ်အုပ်ကို ဖတ်ပြီး သူ့စိတ်တွင် ထင်ကျန်နေမှ၊ စာအုပ်မှာ ဆင်ခြင်သုံးသပ်စရာ နှင့် ရသတစ်ခုခု ပါနေမှသာ သူ့အမြင်၊ သူ့အရေးများဖြင့် အချက်ကျကျ ရေးလေ့ရှိသည်ကို တွေ့ရသည်။


၃. ရုပ်ပုံလွှာ


ဒဂုန်တာရာ၏ ရုပ်ပုံလွှာကို ဖတ်ဖူးချိန်မှစပြီး ရုပ်ပုံလွှာတွေအကြောင်း ရေးချင်မိသည်ဟု စိတ်တွင် ချင်ခြင်းတက်ဖူးသော ဆရာမင်းသေ့သည် ယခုအချိန်တွင်မူ သူ့စိတ်တွင် အာသိသဖြစ်၍ ချင်ခြင်းတက်နေသော ရုပ်ပုံလွှာများအကြောင်း စီကာစဉ်ကာ သရုပ်ဖော်ထားသည်ကို ယခုစာအုပ်ထဲတွင် ဖတ်ရသည်။ ဆရာ့စိတ်တွင် ချင်ခြင်းတက်ပြီး သရုပ်ဖော် ချယ်မှုန်းထားသော ရုံပုံလွှာပိုင်ရှင်များသည် စာပေနယ်နှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ဖြစ်သည်။ ဆရာသည် ရုပ်ပုံလွှာများကို သရုပ်ဖော်ရာတွင် ရှု့ထောင့်ပေါင်းစုံမှ နေ၍ သူဆင်ခြင်မိသမျှကို သရုပ်ဖော်ရေးသားသူဖြစ်သည်။ ဆရာကျင်လည်ရာ စာပေဝန်းကျင်နှင့် နိုင်ငံရေးနယ်ပယ်မှ ဆရာ့၏ စိတ်အာရုံတွင် လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်များ အကြောင်းကို ဖတ်ရှု့ရသဖြင့် စာဖတ်သူအနေဖြင့် ထုံကူးစရာ၊ သိမြင် ဆင်ခြင်စရာတွေနှင့် အလွန်အကျိုးများပေမည်။

၄. ဒဿနစာ


အတွေးအခေါ်ပိုင်းနှင့် ပတ်သက်၍ ယခုစာအုပ်ထဲတွင် အပိုင်းတစ်ပိုင်းအဖြစ် ထည့်ရေးထားပြီး ပညာရပ်ဆိုင်ရာ အယူအဆများကို ထိမိစွာ တွေးခေါ်ပြထားပုံမှာ မြန်မာ့အနာဂါတ်ပညာရေးအတွက် သတိပြုဆင်ခြင်စရာ ဖြစ်သည်။ လူသားတစ်ယောက်သည် အသက်ရှင်နေသရွေ့ တွေးခေါ်နေရမည် ဖြစ်သည်။ အတွေးအခေါ်သည် လူသားတစ်ယောက်အတွက် အလွန်အရေးကြီးသည်။ ဆရာ့၏ ဒဿနအမြင်များသည် ဆရာဖတ်ခဲ့ မှတ်ခဲ့ဖူးသော စာအုပ်များထဲမှ ၎င်း၊ ဆရာကိုယ်တိုင် တိုးဝင် ကျင်လည်ခဲ့ဖူးသော လူများဆီမှ ၎င်း၊ ဆရာ ရှင်သန်ရာ လူ့ဘောင်နယ်ပယ်မှ ဆင်ခြင်သုံးသပ်မိသော ဒဿနများကို ရှင်းလင်းသုံးသပ်ချက်များနှင့် ရေးသားဖော်ပြထားသောကြောင့် စာဖတ်သူတို့အနေဖြင့် ဆရာ့အရေးအသားများ၊ အတွေးအခေါ်များ အပေါ်တွင် မိမိကိုယ်ပိုင်အမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး လူ့မနော လောကသဘောတို့ကို ဆင်ခြင် ထုံကူးခွင့် ရလိမ့်မည်။


ထို့ကြောင့် ဆရာမင်းသေ့၏ အထက်ပါအကြောင်းအရာများ အရေးအသားများဖြင့် ရေးသားချယ်မှုန်းထားသော ယခု ”စာဖတ်သမားသို့” စာအုပ်သည် စာဖတ်သူများအတွက် တန်ဖိုးရှိလှသော စာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ရာ ငွေ၊ အချိန်နှင့် အင်အားတို့ကို ရင်းနှီးရသည်။ မိမိရင်းနှီးလိုက်သော အရာသည် မိမိအတွက် ဘာမှမရလိုက်ပါက အဓိပ္ပါယ်ကင်းမဲ့သော လုပ်ဆောင်မှု့ကို လုပ်ကိုင်မိခြင်းနှင့် တူပေသည်။ ယခု ”စာဖတ်သမားသို့” စာအုပ်သည် စာဖတ်သူများ ရင်းလိုက်ရသော ငွေ၊ အချိန်နှင့် အင်အားစိုက်ထုတ်မှု့တို့ထက် ပိုလွန်သော အကျိုးရလဒ်တစ်ခု ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် စာပေလောကအတွက် တစ်ထောင့်တစ်နေရာမှ အသုံးဝင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း…နှင့် စာဖတ်သော စာရေးဆရာ ဆရာမင်းသေ့၏ စာဖတ်သမားသို့ စာအုပ်၌ စာဖတ်သူတစ်ယောက်အနေဖြင့် အမှာစာ ရေးခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း…..။

လေးစားလျက်…
ရဲလွင်မိုး
၂၀.၃.၂၀၁၉

Previous post သင့်နော်အမှာစာ
Next post ကိုယ်ချစ်တဲ့အလုပ်