မှာ /

||| မွေးဖွားခြင်း အထိမ်းအမှတ် ||||

အသက် (၃၀) ပြည့်ပြီ။ ခရီးကြမ်းကိုလည်း ဖြတ်သန်းခဲ့ရပြီးပြီ။ ရှေ့ဆက် ကြုံတွေ့ရမယ့် ခလုတ်ကသင်းတွေက လည်း ရှိသေးတယ်။ လောလောဆယ် အနှောက်အယှက်တွေကလည်း ကြုံနေရဆဲပဲ။ ကောင်းသောလမ်းကို လျှောက်သူအဖို့၊ ဖြောင့်တယ်ဆိုတာ မရှိပါဘူး။ ကွေ့ကောက်ကောက်နဲ့ အခုအခံ၊ အတားအဆီး၊ ပြဿနာတွေ ရှိနေမှာပါပဲ။ ဘာပဲ ပြောပြော လျှောက်သင့်တာကို လျှောက်၊ ဖောက်သင့်တာကို ဖောက်ရမှာပဲ။

ဟိုးအရင်က လျှောက်ခဲ့ဖူးတယ်ဆိုတဲ့ လမ်းက ကာလ အပိုင်းအခြား တစ်ခုမျှသာ။ အတိတ်နဲ့ အဆက်ပြတ်ခဲ့ပြီ။ အနာဂတ်က အရှည်ကြီး။ အနာဂတ်က အတိတ်ထက် ပိုအရေးကြီးတယ်။ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း (၃၀) မှာ၊ လူလားမြောက်ခဲ့ပြီလား လို့ အကြိမ်ကြိမ် မေးခွန်းထုတ်မိတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ရှိသင့်တဲ့ ဖွံ့ဖြိုးမှု ရှိခဲ့ရဲ့လား။ သက်ကြီးပုများ ဖြစ်နေသလား။

အသက် (၃၀) ဟာ၊ အသက် (၃၀) နဲ့ ထိုက်တန်တဲ့ ဉာဏ်ရည်မျိုး ဖွံ့ဖြိုးသင့်ပြီ မဟုတ်လား။ အသက် အပိုင်း အခြား အရဆိုရင်၊ လေ့လာချိန် သင်ယူချိန် တစ်စုံတစ်ရာ ရှိခဲ့ပြီးပြီ။ ကိုယ်စွမ်းကိုယ်စ ပြည့်ပြည့် လက်တွေ့လုပ် ကိုင်ရမယ့် အရွယ်ကို ရောက်လာပြီ။ လက်တွေ့လည်း လုပ်နေရတယ်။ ကိုယ် မကြုံဖူးတာတွေကို ကြုံရတဲ့ အခါ မှာ ကိုယ်ဘယ်လို တုံ့ပြန်သလဲ ဆိုတာ အရေးကြီးလာပြီ။


ကိုယ့် အထက်က ဘိုးအေကြီးတွေ ရှိတယ်။ သူတို့က အားမကိုးထိုက်တော့။ အားကိုးလို့လည်း မရတော့။ အားကိုးစရာ အစွမ်းအစလည်း လုံလုံလောက်လောက် မရှိတော့။ ခေတ်စနစ်ရဲ့ တိုးတက်မှုနဲ့ ပြောင်းလဲမှုကို သူတို့ လိုက်မနိုင်တော့ဘူး။ အားလုံးက ကိုယ့်လက်ထဲမှာ။ ကိုယ်ကလည်း ကိုယ်တစ်ယောက်တည်း လုပ်လို့ မရဘူး။ ကိုယ်နဲ့ထပ်တူ စွမ်းသူတွေနဲ့ ပူးပေါင်း လုပ်ရမယ်။ ကိုယ်က အရာရာမှာ မချွန်နိုင်ဘူးလေ။

နောက်ထပ် အရေးကြီးတာက၊ ကိုယ့်မျိုးဆက်။ ကိုယ့်အောက်က မျိုးဆက်။ ကိုယ်က ဘာကို ချန်ထားခဲ့မှာလဲ။ သူတို့မှာ ဘာစွမ်းရည်တွေ ရှိသလဲ။ သူတို့ရဲ့ အစွမ်းအစတွေကို လက်တွေ့ အကောင်အထည်ဖော်ခွင့်ရဖို့၊ ကိုယ့်မှာလည်း တာဝန်ရှိလာပြီ မဟုတ်လား။ ထားတော့။ ဒါတွေက သူများကိစ္စဆိုရင်။ ကိုယ့်ကိစ္စ ကိုယ် ထပ်ကြည့်ပြီး ပြောကြရအောင်။
ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ဖိနှိပ်မှုဒဏ်ကို အလူးလူး အလှိမ့်လှိမ့်ခံရတာကြောင့် ပညာကောင်းကောင်း မသင်နိုင်ခဲ့ဘူး။ စာကောင်းကောင်းဖတ်ချိန် မရခဲ့ဘူး။ ဖိနှိပ်ခြင်း၊ ညည်းဆဲခြင်းဒဏ်တွေ ကို အကြိမ်ကြိမ်ခံခဲ့ရတယ်။ ထောင်ထဲကိုလည်း ဝင်လိုက် ထွက်လိုက်။ ကိုယ့်မျိုးဆက်သစ်အတွက်တောင် ကိုယ် ကောင်းကောင်း စောင့်ရှောက်ပေးဖို့ ခက်ခဲခဲ့တဲ့ အခြေအနေ။

ဒါပေမယ့် ကိစ္စ မရှိ။ ယုံကြည်မှု၊ စွဲမြဲမှု၊ တစိုက်မတ်မတ် ရှိမှုနဲ့ အနစ်နာခံမှုကြောင့် အခု နေရာတစ်ခုကို ရောက်လာပြီ။ လက်ထဲမှာ လုပ်ပိုင်ခွင့် အသင့်အတင့် ရှိလာပြီ။ လုပ်ပိုင်ခွင့်များများ ရှိလာပြီဆိုရင်လည်း ပြောလို့ ရလာတယ်။ လုပ်ပိုင်ခွင့်ဆိုတာ ကိုယ်ကိုယ်တိုင် ချဲ့ထွင် သုံးစွဲရမယ့်အရာ မဟုတ်လား။

တစ်ခု ပြောစရာ ရှိတာက၊ နှစ်ပေါင်း (၃၀) တစ်လျှောက်လုံးမှာ နည်းနာအရ မှားခဲ့တာတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် ကိုယ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နေထိုင်တဲ့ ကိုယ့် နိုင်ငံကို မယုတ်မာခဲ့ဖူးဆိုတာ သေချာတယ်။ ဒါ့ကြောင့် လူအများရဲ့ ယုံကြည်မှုကို ရခဲ့တယ်။ ရနေတယ်။ ဒါ့ကြောင့်လည်း ဒီနေရာကို အသက် (၃၀) မှာ ရခဲ့တယ်။ ဒါကို နောက်ကျတယ်လို့လည်း ဆိုချင် ဆိုလို့ ရတယ်။ အတော်အသင့်ပဲလို့ ထင်ချင်လည်း ထင်မယ်။ စောတယ်လို့တော့ မပြောနိုင်တာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရထားတဲ့ ထိုင်ခုံ၊ နေရာအတွက် လုံလောက်တဲ့ အောက်သက်ကျေမှု ရှိထားပြီ ဆိုတာ လူအများက သိတယ်။

အသက် (၃၀) ဆိုတာ လူလားမြောက်တဲ့ အရွယ်။ တစ်စုံတစ်ရာ အတွေ့အကြုံနဲ့ အသိ၊ ပညာတို့ ရှိထားပြီးပြီ။ ဒါ့ကြောင့် တချို့နေရာတွေမှာ ကလေးဆန်ဆန်တွေ မဖြစ်သင့်တော့ဘူး။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်၊ ပြောတာ၊ လုပ်တာ၊ တွေးတာတွေက စမတ် (smart) ဖြစ်ရမယ်။ စိတ်ထဲက ကောင်းနိုးရာရာ ထင်တာတွေကို လုပ်မယ့်အစား သေချာ စဉ်းစားလုပ်သင့်ပြီ။ စကားလုံး ခပ်ကြီးကြီးနဲ့ ပြောရမယ်ဆိုရင် မဟာဗျူဟာကျကျ လုပ်သင့်ပြီ။

အလုပ်တစ်ခုကို အစီအစဉ်နဲ့ ကျကျနန ရေးဆွဲပြီး လုပ်တတ်သင့်နေပြီ။ တစ်ဖက်ကလည်း လေ့လာစရာ ရှိတာ လေ့လာ။ မလုပ်တတ်တာဆိုရင် ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ကောင်းမွန်တဲ့ ဆက်သွယ်မှုကွန်ယက်ကို ဖြန့် ထား။

ကိုယ့်အလုပ်ကို ကဖျက်ယဖျက် လုပ်နိုင်မယ့် သူတွေက ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေး။ ကိုယ့်အခုရနေတဲ့ နေရာကို၊ မနာလို၊ မရှုစိတ်နဲ့ ဖျက်လို့ဖျက်ဆီး လုပ်ချင်တဲ့သူတွေကလည်း အပုံအပင်။ အသိနဲ့ သတိကို ယှဉ်ပြီး အနာဂတ် ကို ရှေ့ဆက်သွားရမှာပဲ။

ကိုယ့်ကို ယုံကြည်ထားသူတွေ ဆက် ယုံကြည်နေဖို့။ ကိုယ့်ကို ထောက်ခံသူတွေ ဆက်လက် ထောက်ခံနေဖို့။ ကိုယ့်ကို ချစ်တဲ့သူတွေ ဆက် ချစ်နေဖို့ လိုတယ် မဟုတ်လား။ မိတ်ဆွေတွေ ထပ်တိုးပြီး မဖွဲ့နိုင်တောင်၊ ရန်သူတွေ မမွေးဖို့ လိုတယ် မဟုတ်လား။
အရွယ်ရောက်လာကြသူတွေ ဆိုတော့ ကိုယ်ကျိုးစီးပွားကလည်း ပိုပို ရှိလာတယ်။ လိုအပ်ချက်ကလည်း ပိုပိုများ လာတယ်။ အတ္တနဲ့ ပရ မျှမျှ လုပ်နိုင်ဖို့လည်း လိုတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်နိုင်ဖို့လည်း လိုလာပြီ။ ရှေ့လူတွေလို အမှီးကျက် အမှီးစား၊ ခေါင်းကျက်ခေါင်းစား ဆိုရင်လည်း သမိုင်းက ရိုင်းတော့မယ်။ ကိုယ့်ကိုယ် ကို တောင် ကိုယ် မကြည်ညိုချင်။

မျက်စိရှေ့မှာ မကောင်းနိုင်လုပ်နေမှန်း သိလို့ ကိုယ်တိုင်က လက်ညှိုးထိုး ထောက်ပြ၊ ဝေဖန်ခဲ့ပြီးပြီ။ ကိုယ့်က လှည့်ကျတော့ ဘယ်လို လုပ်မှာလဲ။ ကိုယ်လည်း လက်ညှိုးထိုး မခံရအောင် ဘယ်သို့ ဘယ်ပုံ လုပ်မလဲဆိုတာ သတိချပ်စရာ။ ကိုယ့်ကိုယ်ကို လက်တို့ဖို့တော့ လိုတယ် မဟုတ်လား။
နောက်တစ်ခု ထပ်မေးစရာ လိုတာက…၊ ရှေ့ဆက် ဘယ်လို လျှောက်မှာလဲ ဆိုတာ။
အတိတ်က အနစ်နာခံခဲ့တာတွေကို တွေးပြီး ပီတိဖြစ်နေတာလည်း ပီတိဖြစ်တာပေါ့။ ရှေ့ဆက် လုပ်စရာတွေ လည်း လုပ်ရမှာပေါ့။ ကိုယ်ဟာ အသက်ရှိနေတုန်း ကိုယ့်နိုင်ငံ၊ ကိုယ့်ပတ်ဝန်းကျင်ကို ဘာပေးထားခဲ့မလဲ ဆိုတာ မေးနေမှ ကောင်းမယ်။ အခုရော ဘာတွေ ပေးထားနိုင်ခဲ့ပြီးပြီလဲ။ ကိုယ်ဟာ ပေးဆပ်ဖို့ မွေးဖွားလာတာ လား။ ရယူဖို့လား။ ဆုပ်ကိုင်ဖို့လား၊ ဖြန့်ဝေဖို့လား… ဆိုတာပေါ့။

အရေးကြီးတာကတော့၊ အသက်နံပါတ်နဲ့ ထိုက်တန်တဲ့ ရင့်ကျက်မှုနဲ့ အသိဉာဏ်ရှိမှုပါပဲ။ ရင့်ကျက်မှုနဲ့ အသိဉာဏ်ဆိုတာ ရှိမှလည်း လုပ်တဲ့ အလုပ်တွေက ပိုလို့ အောင်မြင်နိုင်တယ်။ အဲသည်လိုမှ မဟုတ်ရင် မလွယ်ပါဘူး။ ကိုယ့်ရဲ့ဖြတ်သန်းမှုက သူများတကာထက် ကြမ်းတမ်းခဲ့၊ များပြားခဲ့လို့ မာနထောင်လွှားဖို့တော့ မဟုတ်ပါဘူး။ အဲသည်လို စိတ်အခံဖြစ်လာရင် အပိတ်စိတ်ကို မွေးမြူသလို ဖြစ်သွားမယ်။ ပိတ်ထားတဲ့စိတ်ဟာ တိုးတက်ဖွံ့ဖြိုးဖို့ အသစ်အသစ်တွေကို ရှာဖွေလေ့လာဖို့ကို အသေသတ်ပစ်လိုက်တယ်။ ဒီလိုလူဟာ မတိုးတက် တော့ဘူး။ မအောင်မြင်တော့ဘူး။

ပိုပြီး စဉ်းစားရမယ့် အရာတစ်ခုက၊ အသက်နံပါတ်ထက် ပိုတဲ့ အရည်အချင်းပါ။ တချို့ အသက်ကြီးပြီး အချိန် မစီးဘူး။ ကိုယ့်အသက် နံပါတ်ဟာ (၃၀) ကိုတောင် ရောက်လာပြီ။ နံပါတ်ထက် ကျော်လွန်တဲ့ အရည်အသွေး မျိုးကို ကိုယ်က တည်ဆောက်နိုင်ရမှာပေါ့။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံကို ကောင်းအောင် တွန်းတင်ပေးချင်တဲ့သူက သူများတကာထက် ပုခုံးသား ပိုထူရမှာပေါ့။ သူများတကာထက် ပုခုံးသား ပိုမာရမှာပေါ့။ ကိုယ့်ပုခုံးသားက သူများတကာထက် ပိုမမာဘဲနဲ့ ဘယ်လိုလုပ် လူအများအပြားကို အထက်ကို ရောက်အောင် တွန်းတင်နိုင်မှာလဲ။ ထမ်းတင်နိုင်မှာလဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ကိုယ်ပြန်ကြည့်။
အရွယ်ရလာလေလေ၊ အရွယ်ကြီးရင့်လာတာနဲ့ အမျှ အလုပ်ပေါင်းစုံကို လုပ်ကိုင်လာရလေလေပါပဲ။ အတွေ့အကြုံအများအပြားလည်း ရလာလေလေပါပဲ။ အရွယ်က အားကိုးထိုက်လို့ လူအများရဲ့ အားကိုးခြင်းကို လည်း ခံရတယ်။ ကိုယ်က စိတ်ကောင်းရှိတယ်၊ တော်တယ်၊ အရိုးခံဖြစ်တယ်ဆိုရင် လူအများရဲ့မျှော်လင့်ခြင်း ကို ခံရတာပဲ။ ပိုပြီး ကိုယ့်အပေါ် မျှော်လင့်လေလေ ကိုယ်က ပိုကြိုးစားရလေလေ။

အဲသည်လိုမှ မဟုတ်ဘဲ၊ ငါ့ကိုအားကိုးတယ်… ဆိုပြီး အထင်ကြီး၊ ဘဝလေဟပ်လို့ကတော့ စင်ပေါ်ဆိုတာ ကြာကြာမနေရပါ။ နောင်တချိန်ကျတော့ ဂျွမ်းပြန်ကျမှာပါပဲ။

“အားကိုးထိုက်မှ အားကိုးကြတာ မလား…”
“လေးစားထိုက်မှ လေးစားကြတာ မလား….”
“ယုံကြည်ထိုက်မှ ယုံကြည်ကြတာမလား…”
အရွယ်နဲ့ လိုက်အောင် အားကိုးထိုက်၊ ယုံကြည်ထိုက်၊ လေးစားထိုက်သူရဲ့ စိတ်ဟာ သန့်နေပါတယ်။ ကြည်နေ ပါတယ်။

ဒါ့ကြောင့် အရိုးခံစိတ်ရှိရင် ဘာကို မဆို ရဲရဲဝံ့ဝံ့ လုပ်ရဲ၊ ပြောရဲကြမှာပါပဲလို့ ယုံကြည်တယ်။ အရိုးခံစိတ်နဲ့ မျက်စိ ကိုဖွင့်၊ နားကိုစွင့်ပြီး ဘယ်အရာမဆို စူးစမ်းပြီးလေ့လာပြီး လုပ်ရင် အောင်မြင်နိုင်ပါတယ်။ အများလည်း အကျိုးဖြစ်ပါတယ်။ စေတနာများပြီး၊ လေ့လာအားထုတ်မှု နည်းရင် ပျက်စီးဆုံးရှုံးကြအုံးမှာပါပဲ။

ကလေး မှားရင် ခွင့်လွှတ်လို့ ရပါတယ်။ လူကြီးမှားရင် ခွင့်လွှတ်လို့ မရပါ။
မှားမှာ ကြောက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ လုပ်နေရင်လည်း ဘာမှ မလုပ်မဖြစ်ပါ။ ဒါ့ကြောင့် ကိုယ့်ဖြတ်သန်းမှု က ရခဲ့တဲ့ အတွေ့အကြုံ၊ အသိပညာနဲ့ မလုပ်ခင် အရင် စဉ်းစား။ စဉ်းစားပြီးပြီ ဆိုရင် အကောင်းဆုံး ဆုံးဖြတ် လိုက်ပြီး ရဲရဲဝံ့ဝံ့ လုပ်ရကိုင်ရမှာပဲ မဟုတ်လား။
အသက် (၃၀) အရွယ် လူကြီးတစ်ယောက်ဟာ အလုပ်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ လေးဖင့်ပြီး လုပ်နေတာတွေ မရှိသင့်တော့ပါဘူး။ ငယ်ရွယ်စဉ်ကထက် လူ့အကျိုးကို ပိုပြီး ပြုစွမ်းရတော့မှာ မဟုတ်လား။

မင်းသေ့
ည ၇ း ၃၇
၂၇ စက်တင်ဘာ ၂၀၁၈ ။

Previous post သူခိုးကြီး တိုက်ဖျက်ရေး
Next post ယောနသံ