စာညွှန်း/

အဂတိလိုက်စားမှု (အကြောင်း၊ အကျိုးနှင့် ကုထုံးများ) ၊ ကျော်ဝင်း
မူရင်း – Corruption: Causes, Consequences and Curse by U Myint

စာအုပ္အညႊန္း
Audio Book

မူရင်းစာတမ်းရှင်က ဦးမြင့်။ မြန်မာပြည် စီးပွားရေးပညာရှင်ထဲက ရှားရှားပါးပါး တစ်ယောက်။ ဆရာကြီးက အသက်ကြီးပြီ။ ဒီစာတမ်းကို ရေးခဲ့တာလည်း ကြာပြီ။ ဘာသာပြန်ကိုက အတော်ကြာခဲ့ပြီ။ ဒါပေမယ့် ၂၀၁၃ ကျမှ ပြည်သူတွေဖတ်ဖို့ ပုံနှိပ်စာအုပ်အနေနဲ့ လူထုကြားထဲ ထွက်ပေါ်လာတယ်။ ဒါပေမယ့် ဒါကို လူတော်တော် များများ သိရဲ့လား မသိ။ ဖတ်ကြသူတွေတော့ ရှိမယ်။ သည့်နောက်ပိုင်း စာအုပ်ဆိုင်တွေမှာ ဒီစာအုပ်ကို ပြန် မတွေ့ရတော့ဘူး။ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေက စာအုပ်ဆိုင်တွေမှာတောင် ခပ်ရှားရှား ဖြစ်လာတယ်။

ဒါပေမယ့် မြန်မာပြည်က သမ္မတ ဦးဝင်းမြင့်တက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စက ထိပ်တက်လာတယ်။ သမ္မတကိုယ်တိုင်ကလည်း ဖိဖိစီးစီး လုပ်နေတယ်လို့ မြင်နေရတယ်။ FDA ညွှန်ချုပ် ကိစ္စ၊ ပြင်ဦးလွင် ထွေ/အုပ် ကိစ္စ နဲ့ အခု ရန်ကုန်တိုင်း ဥပေဒချုပ်ကိစ္စ….။ စသဖြင့် ငါးကြီးကြီးကြော်နေတာကို တွေ့ရ တယ်။

တိုင်းပြည်အတွက် ဦးဝင်းမြင့် လုပ်နေတာတွေကို ကြည့်ပြီး သဘောကျမိတယ်။ တစ်ဖက်မှာလည်း မဖတ်ဖြစ် တော့တာ သိပ်ကြာနေတဲ့ ဦးမြင့်ရဲ့ စာတမ်းကို သတိရတယ်။ မူရင်းက အင်္ဂလိပ်လို။ ခေါင်းစဉ်က Corruption: Causes, Consequences and Cures တဲ့။ ဆရာ ကျော်ဝင်းက ဘာသာပြန်တယ်။ စာအုပ်က စာတမ်းဆိုတော့ ခပ်ပါးပါး။ သို့ပေမယ့် အနှစ်အသားတွေက ခပ်များများ။

ပညာရှင်တစ်ယောက်ရေးတာကို မူရင်း အာဘော်မပျက်အောင် ဘာသာပြန်နိုင်စွမ်းရှိတဲ့ ဆရာကျော်ဝင်းရဲ့ လက်ရာ။ မူရင်းရော၊ ဘာသာပြန်ချက်ရောက ဘာမှ ပြောစရာ မရှိ။ နတ္ထိ။
စာတမ်းရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေး။ “ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ အဂတိ လိုက်စားမှုပြဿနာကို ထည့်သွင်းစဉ်းစားဖို့”။

ဉာဉ်ဆိုးတွေဖျောက်

ကျနော်တို့ နိုင်ငံက နိုင်ငံတည်ဆောက်ရေးကို လုပ်နေရတယ်။ တစ်ဖက်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကို တွန်းနေရတယ်။ တည်ဆောက်ရေးလို့ ပြောတဲ့ နေရာမှာ ဖွံ့ဖြိုးရေး ဆိုတာ ပါလာတယ်။ ဒီမိုကရေစီလို့ ပြောတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု ဆိုတာ ပါလာတယ်။
အာဏာရှင်ခေတ်မှာ လုပ်ချင်ရာ လုပ်တယ်။ ကောင်းနိုးရာရာ ထင်တာကို လုပ်တယ်။ လူပေါ်မူတည်ပြီး လုပ်တယ်။ ဒီမိုကရေစီလမ်းစဉ်ကျတော့ အဲသည်လို မဟုတ်ဘူး။ စည်းနဲ့ ဘောင်နဲ့ လုပ်ရတယ်။ မူနဲ့ စနစ်နဲ့ လုပ် ရတယ်။ ခိုးကြောင်ခိုးဝှက် မဟုတ်ဘူး။ လက်သင့်ရာ စားတော်ခေါ် မဟုတ်ဘူး။ ပွင့်လင်းမြင်သာစွာ လုပ်ရ တယ်။ စည်းကမ်းအတိုင်း လုပ်ရတယ်။ မူအတိုင်း လုပ်ရတယ်။

လူအုပ်ချုပ်တဲ့ စနစ်ကနေ၊ မူအုပ်ချုပ်တဲ့ စနစ်ကို အသွင်းပြောင်းတဲ့နေရာမှာ မူလ ကျင့်ထုံးဟောင်းတွေရဲ့ ခုခံမှု ကြုံရတယ်။ ဒါကတော့ အာဏာရှင်စနစ်တိုင်းလိုလိုမှာ ကြုံရတဲ့ အဖြစ်။ မြန်မာပြည်ရဲက မူလကျင့်ထုံးဟောင်း တွေထဲမှာ အဆိုးရွားဆုံးက ခြစားတာ၊ လာဘ်စားတာ။


ကြားပေါက်…တဲ့

မြန်မာပြည်ရဲ့ အနေအထားက ဘယ်လိုဖြစ်နေတာလဲ ဆိုတော့ “ကြားပေါက်” ရတာကို ဂုဏ်ယူနေတတ်တဲ့ အလေ့ စွဲမြဲနေတာ။ ခိုးတာကို၊ ဝှက်တာကို ရှက်ရကောင်းမှန်းကို မသိတာ။ အဆိုးဆုံးက ခိုးလို့ဝှက်လို့ ရတဲ့ ကြားပေါက်ဆိုတာကို ဂုဏ်ယူပြီး အဟုတ်ထင်နေတာ။
ဒီလို အကျင့်မျိုး ရှိတဲ့ နိုင်ငံက မမွဲလို့ ဘယ်နိုင်ငံ မွဲမလဲ။

ဖော်သောက်ဖို့က ကိုယ့်တာဝန်

ပညာရှင်ဆိုတာ အကြောင်းကို ပြတယ်။ အကျိုးကို ပြတယ်။ အကြောင်းနဲ့ အကျိုးကို ပြပြီးရင် ကုထုံးပေးတယ်။ ဆေးညွှန်းပေးတယ်။ ဖော်စပ်ပြီး သောက်ဖို့ကတော့ ကာယကံရှင်ရဲ့ တာဝန်။ ဆေးခါးကြီးကို ဇွတ်အတင်းတိုက် လို့ မျက်နှာမဲ့၊ မျက်စောင်းထိုး ခံရတဲ့ ပညာရှင်တွေ ရှိနေတယ်။ ဘယ်လိုပဲ ရှိရှိ ပညာရှင်ကတော့ ပညာရှင်အလုပ် ကို ဆက်လုပ်နေမှာလို့ ယုံကြည်ပါတယ်။

ငါးသလောက်တွေ

မြန်မာပြည်က အကျိုးအမြတ် ရလို့ သိပ်ကောင်းတယ်။ ခိုးလို့ဝှက်လို့ ကောင်းတဲ့ ကျောက်စိမ်းတွင်းကြီး ရှိတယ်။ ပေါင်းစားပင်းစားဖို့ ရွှေတောကြီးတွေ၊ ကျွန်းတောကြီးတွေ ရှိတယ်။ ပေါက္ခရဝဿ အခွင့်အရေးတွေ ပေးပြီး၊ ကိုယ်ကျိုးစီးပွားကို ချဲ့ထွင်လို့ ရတယ်။ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရသူ နဘေးမှာ ကပ်စား၊ မှီးစားရတာ ကောင်း တယ်။

ပေါင်းစားလို့ ကောင်းတဲ့ ငါးသလောက်တွေလည်း တစ်ပုံကြီး။ ဒီတော့ မြန်မာပြည်မှာ အခွင့်အရေးလက် တစ်ဆုပ်ကို ကိုင်ပြီး မြှင်းစားပင်းစားတဲ့ လူတွေကလည်း ဒုနဲ့ ဒေး။ မရေမတွက်နိုင်လောက်အောင်ကို များပြားလှ တယ်။ နေရာဌာနတိုင်းလိုလိုမှာ ရှိနေတယ်။ ခွင်ကောင်းတဲ့ နေရာတွေ၊ ရပေါက်ရလမ်း ထူပြောတဲ့ နေရာတွေမှာ သူခိုးကြီးဖြစ်ချင်သူတွေ စုပြုံလို့ တိုးနေတယ်။

နယ်စပ် ကုန်သွယ်ရေးစခန်းတွေ၊ အခွန်ဌာနတွေ၊ မှတ်ပုံတင်ဌာနတွေ၊ လိုင်စဉ်ကိစ္စ၊ ပါမစ်ကိစ္စ၊ လုပ်ပိုင်ခွင့်အထွေထွေကို အုပ်စီးထားတဲ့ ထွေ/အုပ်တွေ။ မြန်မာတွေ ကြည့်လိုက်ရင် ခွင်ကောင်းကောင်းကို ရဖို့ပဲ ချောင်းနေကြတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ လုပ်ကိုင်မယ် စားသောက်မယ် ဆိုတာ မရှိဘူး။ အချောင်ရဖို့၊ အချောင်နှိုက်ဖို့လောက်သာ ချောင်းနေကြတယ်။
ဒီလို လူတွေ ထူပြောနေတဲ့ လူ့အသိုင်းအဝိုင်းမှာ…. ဘယ်မှာလဲ ဖွံ့ဖြိုးရေး။ ဘယ်မှာလဲ တိုးတက်ရေး။

သူခိုးကြီးများ ဖွံ့ဖြိုးရေးနဲ့ သူဝှက်ကြီးများ တိုးတက်ရေးသာ ဖြစ်နေကြတယ်။ အခုလည်း ကြည့်။ ဖမ်းရမယ့် သူကို ဖမ်းလိုက်ပြီ။ သူလို လူတွေ တစ်ပုံကြီးလို့ ဆိုချင်ပါတယ်။ ပညာရှင် ဦးမြင့်ဟာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်တဲ့ ကုထုံးတွေကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြပြီးသားပါ။

အဂတိ

အဂတိလို့ ပြောရင် (၄) မျိုး ရှိတယ်။ ဒါက မြန်မာမှာ။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ…. စသည်ဖြင့်။ လူတွေဟာ လောဘကြောင့်လည်း ဘက်လိုက်တတ်တယ်။ ဒေါသကြောင့်လည်း ဘက်လိုက်တတ်တယ်။ တစ်ခုခုကို ကြောက်လို့လည်း ဘက်လိုက်တတ်တယ်။ မသိလို့လည်း ဘက်လိုက်တတ်တယ်။

ဒါပေမယ့် ဆရာကြီး ဦးမြင့်က ဒါတွေကို မပြော။ ပညာရှင်ပီသစွာ ရေးတယ်။ စာတမ်းမှာ အဂတိလိုက်စားမှု ဆိုတာကို အခုလို အဓိပ္ပာယ်ဖွင့်တယ်။ “အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူနှင့်ဆိုင်သော ရုံးဌာနများ ကို ပုဂ္ဂလိက အကျိုးအမြတ်အတွက် အသုံးပြုခြင်း” ဟု ဆိုတယ်။

အဂတိလိုက်စားတယ်ဆိုတဲ့ အနက်အဓိပ္ပာယ်ရဲ့ အောက်မှာ လာဘ်ပေးလာဘ်ယူတာတွေ ပါတယ်။ ခြိမ်းခြောက်ငွေညစ်တာတွေ ပါတယ်။ လိမ်လည်တာ ပါတယ်။ အလွဲသုံးစားလုပ်တာပါတယ်။ ဆွေမျိုးကောင်း စားရေးအပြုအမူတွေ ပါတယ်။ လက်သင့်ရာ စားတော်ခေါ်တဲ့ အချက်တွေပါတယ်။ အများပိုင်ပစ္စည်းတွေကို ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် သုံးတာတွေ ပါတယ်။ လုပ်ပိုင်ခွင့်နဲ့ ဩဇာကို အသုံးချပြီး အကြံအဖန် လုပ်တာတွေ ပါတယ်။

ချောဆီ…တဲ့ ၊ နှာစေးကြသူတွေ…တဲ့

ခေတ်က တိုးတက်လာတယ်။ လာဘ်စားမှု၊ ခြစားမှုပုံစံတွေကလည်း ဆန်းသစ်လာတယ်။ ပညာအမြင်ကျဉ်းသူ အဖို့ မမြင်နိုင်တော့။ မမြင်သာတော့။ ကိုယ်ကျိုးစီးပွားကိုလည်း ချဲ့ထွင်တတ်တယ်။ အာဏာ၊ ဩဇာ လုပ်ပိုင်ခွင့် လည်း ရနေပြီ။ စည်းမျဉ်းမူဘောင်ကလည်း လျော့ရွဲနေပြီ။ ငွေ ရပေါက်ရလမ်းကလည်း ဖြူးနေပြီ၊ ဖြောင့်နေပြီ ဆိုရင်… သေချာပြီ။ ဒီလူ ဒီနေရာမှာ အဂတိလိုက်စားဖို့ အခွင့်အလမ်းအများဆုံး အခြေအနေမှာ ရောက်နေပြီ။
အကြောင်းအကျိုး ဆက်စပ်မှုနဲ့ ကုထုံးတွေ၊ နည်းနာတွေကို အမြော်အမြင်ရှိရှိဖော်ထုတ်ထားတယ်။ နိုင်ငံတကာ ဖြစ်စဉ်တွေကို သာဓက တင်တယ်။ ချောဆီထည့်တဲ့ နည်းတွေက ဘယ်လို၊ ဘယ်ကဲ့သို့။ နှာစေးနေတဲ့ ဝန်ထမ်း တွေဟာ ဘယ်လို၊ ဘာ့ကြောင့်… စသည်ဖြင့်။

တို့မြန်မာ့အဖြစ်သနစ်

သီအိုရီတွေ၊ သက်သေသာဓကတွေနဲ့ အလုပ်ဖြစ်ရေးကို ရှေးရှုထားတဲ့ စာတမ်းတွေဟာ အသုံးဝင်တယ်။ အသုံး ကျတယ်။ တန်ဖိုးဖြစ်လာဖို့ဆိုရင်တော့ လက်တွေ့ အကောင်အထည်ဖော်သူတွေ ရှိမှရမယ်။ မြန်မာပြည်မှာက သူခိုးကြီးတွေလည်း ရှိတယ်။ သူဝှက်ကြီးတွေလည်း ရှိတယ်။ ဆိုင်ရာ ဆိုင်ရာ အဆင့်လိုက် သူခိုးလတ်တွေ၊ သူခိုးလေးတွေလည်း အပုံအပင် ရှိလို့နေတယ်။

မြန်မာပြည်က ကင်ဆာရောဂါဖြစ်နေသူနဲ့ တူနေတယ်။ ရောဂါတွေ ထူပြောနေတာကို၊ နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်းဖြစ်နေတယ်။ သူခိုးတွေကလည်း ပေါတယ်။ အနူတွေကလည်း ပေါတယ်။ ဝဲစွဲ ညစ်ထေးနေတဲ့ စရိုက်တွေကလည်း စုံတယ်။

မြန်မာပြည် ဘယ်တော့ ကြီးပွားပါ့မလဲ၊ ပြောင်ရောင်ပါ့မလဲ…။ သက်ပြင်းချရင်း အသက်ကြီးရတော့မယ် ထင်ပါတယ်။

မျှော်လင့်လို့ရအုံးမှာလား

လက်ရဲဇက်ရဲ လုပ်ရဲတဲ့ ခေါင်းဆောင်လိုတယ်။ ဒီလိုခေါင်းဆောင်မျိုးကို အိုင်ဒီယာကောင်းကောင်းနဲ့ ချီ,မ ပေးမယ့်သူ ပါတယ်။ အာဏာနဲ့ အိုင်ဒီယာပေါင်းရင် ပိုပြီးကောင်းလာနိုင်တယ်။ အိုင်ဒီယာသက်သက်၊ အာဏာ သက်သက်ဟာ လူ့အသိုင်းအဝိုင်းကို မကောင်းစေနိုင်ဘူး။
ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးမှုဟာ အိုင်ဒီယာသဘော။ အာဏာစက် သက်ရောက်မှုဟာ နိုင်ငံကို စီမံအုပ်ချုပ်နိုင်မှု သဘော။ ဘယ်ဖွံ့ဖြိုးရေး ပေါ်လစီတွေ ဘယ်လောက်ကောင်းကောင်း ခြစားနေတဲ့ လူ့အဆောက်အအုံမှာ ပီပီပြင်ပြင် အကောင်အထည်ပေါ်မလာနိုင်ဘူး။

ခိုးစား၊ ဝှက်စား၊ ဖန်စား ရတာကို နှစ်ခြိုက်ပျော်မွှေ့နေသူတွေ လက်ထဲမှာ နိုင်ငံက ကောင်းလာနိုင်စရာ အကြောင်းမရှိဘူး။ ဆင်ခြေဆင်လက်တွေ ပေးပြီး၊ ကြောင်သူတော် ကြွက်သူခိုးလုပ်နေတဲ့ အရာရှိ လူ့အသိုင်း အဝိုင်းမှာ ကောင်းကျိုးတွေ ဖြစ်ထွန်းမလာနိုင်ဘူး။ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယားကားယားနဲ့ လူ့ အသိုင်းအဝိုင်းကို ဂုတ်သွေးစုပ်နေသူတွေအကြားမှာ နိုင်ငံက ပြောင်ပြောင်ရောင်ရောင် ရှိမှာ မဟုတ်ဘူး။


ပညာနဲ့ ယှဉ်တဲ့ အသိနဲ့ တွန်းတွန်းတိုက်တိုက်လုပ်တတ်တဲ့ အစိုးရပေါ်မလာသေးသရွေ့၊ အစိုးရဆိုတာ သူခိုးအကြီးစား၊ ဗြူရိုကရက်ဆိုတာ သူဝှက်အကြီးစား လို့ ပြည်သူတွေ မြင်နေကြမှာပဲ။ ဘာကိုမှ မငဲ့ကွက်ဘဲ ပြည်သူ့မျက်နှာကိုသာ ငဲ့ပြီး ကြည့်တတ်သူတွေက အိုင်ဒီယာကောင်းကောင်း၊ ပညာကောင်းကောင်းနဲ့ ပြင်ဆင် ထုတ်ပိုးထားတဲ့ ပေါ်လစီနည်းနာတွေကို ယူငင်သုံးစွဲရကောင်းမှန်း သိကြပါစေ။

မင်းသေ့
ည ၁၀ း ၂၅
၂၅ စက်တင်ဘာ ၂၀၁၈။

ဦးမြင့် – အဂတိလိုက်စားမှု (ကြောင်းကျိုး ၊ ကုထုံးများ)
Previous post ဖတ်ညွှန်းများ စာအုပ် မိတ်ဆက်ပွဲ မှတ်တမ်းဓာတ်ပုံများ
Next post ||| ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ |||