ဘသန်း(ဓမ္မိက) ဘာသာပြန်တဲ့ ယောနသံစင်ရော် ကို ဖတ်မိတယ်။ ကြိုက်တယ်။ စာအုပ်အညွှန်းတောင် ရေးဖြစ်တယ်။ ယောနသံစင်ရော်ကို ဖတ်ရင်း၊ ငါနဲ့အတော်တူပါ့လားလို့ တွေးမိတယ်။ တချို့အရာတွေဆို ထပ်တူထပ်မျှ။ ယောနသံကို ဖတ်တယ်။ ငါ့ကိုယ်ငါ ပြန်ကြည့်တယ်။ ယောနသံကို ကြည့်ရင်း ငါ့အကြောင်းကို ပြန်တွေးမိတယ်။ ပြန်မြင်မိတယ်။ ဒီလိုနဲ့ ငါ့ အကြောင်းငါရေးဖို့ ဖြစ်လာတယ်။

ငါဟာ ယောနသံ။
မင်းသေ့ရဲ့ ယောနသံ။
မင်းသေ့ရဲ့ ယောနသံကို ဖတ်ရင်း ကိုယ့်စိတ်ကို ကိုယ်ပြန်ဖတ်နိုင်ဖို့ လမ်းစ တစ်ခု ရမယ်လို့ ယူဆပါတယ်။
ယောနသံကို ကြိုက်လို့၊ စကားလုံးကို ယူလိုက်ပါတယ်။ ဒါကို ဘာသာပြန် စာရေးဆရာကြီး ဘသန်း(ဓမ္မိက) သိရင် နားလည်ခွင့်လွှတ်နိုင်မယ်လို့ ထင်ပါတယ်။
ကိုယ့်အကြောင်းကိုယ် ယောနသံလို့ ယူပြီး ကိုယ့်အကြောင်း ကိုယ်ရေးလိုက်တယ်။
ဖတ်ပျော်ကြမှာပါ။


မင်းသေ့
၈ ၊ ၁၀ ၊ ၂၀၁၈ ။
မန္တလေးမြို့။

• ငါဟာ အတောာင်တွေ ပေါက်ပြီး မွေးဖွားလာတယ်။ ငါတွေးကြည့်တယ်။ အတောင်တွေဟာ ဘာအတွက် ပေါက်လာတာလဲ။ အတောင်တွေဟာ ပျံသန်းဖို့ပေါ့။ အတောင်တွေ ရှိနေလျက် မပျံရင် ငါ ရှုံးတယ်။ ငါ မရှုံးချင်ဘူး။ ဒါ့ကြောင့် ငါ ပျံမယ်။ ငါ့ပျံသန်းမှုကို မတားဆီးနဲ့။ တားဆီးတဲ့ အရာမှန်သမျှ ကို ငါကျော်ဖြတ်ပစ်ခဲ့မယ်။ ကျော်ဖြတ်ပစ်နိုင်ဖို့၊ ငါ့ အတောင်တွေ သန်မာဖို့ လိုတယ်။

• ငါ့ရဲ့စွမ်းရည်တွေကို အဆုံးစွန်ထိ ငါ မြင်ချင်တယ်။ ငါ ဘယ်လောက် အမြန်နှုန်းနဲ့ ပျံသန်းနိုင်သလဲ ဆိုတာ ငါသိချင်တယ်။ ငါ ဘယ်လောက် မြင့်မြင့် ပျံနိုင်သလဲ ဆိုတာ ငါသိချင်တယ်။ ငါ့ရဲ့ အတောင်တွေ ဘယ်တော့လောက်မှ ညောင်းမှာလဲဆိုတာ သိချင်တယ်။ ငါ့ရဲ့သိချင်စိတ်က အင်မတန် ပြင်းပြနေတယ်။ ငါ့ရဲ့စိတ်ဇောဟာ ထက်သန်နေတယ်။ ငါ မသိတဲ့နယ်ပယ်တွေကို ပျံသန်းကြည့်ချင် တယ်။ ငါ နားမလည်သေးတဲ့ လေအဟုန်ရဲ့ သဘာဝကို လေ့လာချင်နေသေးတယ်။ ငါဟာ ပျံသန်းမှု ကို နှစ်ခြိုက်လွန်းလို့ စင်ရော်ဖြစ်လာတာပဲ။ ငါဖြစ်နေတဲ့ စင်ရော်ဘဝဟာ တခြားသူတွေရဲ့ စင်ရော်ဘဝ နဲ့မတူချင်ဘူး။ သူတို့နဲ့ မတူအောင် ငါ ရှင်သန်ချင်တယ်။ သူတို့နဲ့ မတူအောင် ငါ ပျံသန်းချင်တယ်။ ငါ့ရဲ့ အတောင်တွေ ဘယ်လောက် ကြံ့ခိုင်သလဲ ဆိုတာ ငါသိချင်တယ်။ ငါ့ကိုယ်ငါ သိဖို့ အတောင်တွေက သက်သေပြမယ် လို့ ယုံကြည်တယ်။ ငါ ဟာ လေကို စားရင်း အတောင်တွေ ခတ်ကြည့်ချင်တယ်။ ဒါဆို ရင် ဘယ်လိုဖြစ်လာနိုင်သလဲ။

• စင်ရော် တစ်ကောင်ရဲ့ ဘဝဟာ စားရင်းပဲ မသေဆုံးသင့်ဘူး။ သူခတ်နေတဲ့ အတောင်တွေကို သူ ပြန်ကြည့်သင့်တယ်။ သူ့အတောင်ပံတွေဟာ သူများ အတောင်ပံတွေရဲ့ ဘာကွာသလဲ။ နှိုင်းယှဉ်သင့် တယ်။ နှိုင်းယှဉ်တယ်ဆိုတာ ယှဉ်ပြိုင်အနိုင်ယူဖို့ မဟုတ်ဘူး။ ကွဲပြားခြားနားချက်ကို သိဖို့။

• အချိန်တွေဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာတယ်။ ရံဖန်ရံခါ ကောင်းကင်မှာ လေငြိမ်တယ်။ တခါတရံ လည်း ခပ်ပြင်းပြင်း တိုက်ခတ်တယ်။ လေငြိမ်နေတဲ့ အချိန်မှာ ငါ ပျံကြည့်တယ်။ လေပြင်းထဲမှာ ငါပျံ ကြည့်တယ်။ ဘာကွာသလဲ။ ငါသိချင်တာ သဘာဝထဲက နိယာမ မဟုတ်ဘူးလား။

• ရေပြင်ဟာ ကြည်လင်လို့ နေတယ်။ ငါ ရေပေါ်ရှပ်ပြီး ပျံကြည့်တယ်။ ငါ ပျံတာကို ကြည့်ပြီး တခြား စင်ရော်တွေက လှောင်ပြောင်တယ်။ အစကတော့ ငါ ရှက်တယ်။ ငါ သိမ်ငယ်မိတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတဲ့အခါမှာ ငါ မရှက်တော့ဘူး။ ငါ မသိမ်ငယ်တော့ဘူး။ ငါဟာ ငါ့အလုပ်ကို ငါ လုပ်နေတာပဲ။ လုပ်ချင်တဲ့ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေသူဟာ ကံထူးသူ မဟုတ်ဘူး လား။

• ငါ့ လုပ်ရပ်တွေကို ခြိမ်းခြောက်နေတဲ့ အရာတွေ ရှိတယ်။ ဒါတွေတော်တော်များများဟာ စကားလုံးတွေ ဖြစ်နေတယ်။ စကားလုံးတွေဟာ လေထဲကနေ လာတယ်။ ငါ့ကို ခြိမ်းခြောက်စေနိုင်တဲ့ အရာတွေက လေတွေလား။ ငါကိုယ်တိုင် လေထဲမှာ ပျံကြည့်ချင်တယ်။ ကောင်းကင်ယံကို ထိုးတက်ပြီး ပျံအောင် လုပ်နိုင်တာ လေကြောင့် မဟုတ်ဘူးလား။ ငါဟာ လေတွေကို နင်းပြီး တက်နိုင်ရမှာပေါ့။

• အမြင့်ပျံအတောင်ပံတွေဟာ ဘယ်လိုမျိုးလဲ။ ငါသိချင်လိုက်တာ။ ငါ့အတောင်တွေကို ငါပြန်ကြည့်တယ်။ ငါမမြင်နိုင်သေးတဲ့စွမ်းအားတွေ အတောင်မှာ ရှိသလား။ အမြင့်ပျံနိုင်တဲ့ စွမ်းရည်ဟာ အတောင်ပံတွေ မှာ ရှိတာလား။ သို့တည်းမဟုတ် အတောင်တွေကို ခတ်နိုင်တဲ့ စိတ်မှာ ရှိတာလား။

• လေထဲကို ပျံနိုင်တာ လွတ်လပ်သတဲ့လား။ ငါကတော့ လေထဲမှာ ပျံပြီး မလွတ်လပ်သေးတဲ့ စင်ရော် တွေကို တွေ့နေရတယ်။ လူတွေကတော့ ထင်လိမ့်မယ်။ စင်ရော်တွေ လွတ်လွတ်လပ်လပ် ပျံသန်းနေ ကြတာပဲ…လို့။ ဒါပေမယ့် နေဝင်ရင် သူတို့တတွေရဲ့ အသိုက်အမြုံကို သူတို့တန်းတန်းမတ်မတ် ပျံကြ တာပဲ။ သူတို့ကို မလွတ်လပ်စေတာ အသိုက်အမြုံလား။

• နေ့တိုင်းလိုလို အကြိမ်ကြိမ် ငါဟာ ဘယ်သူလဲလို့ ရှာဖွေမိတယ်။ ကိုယ့်ကိုယ်ကို သိစွမ်းခြင်းဟာ အင်မတန်အရေးကြီးတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ ငါဟာ ပျောက်ဆုံးနေပြီ။ ငါ့ကိုယ်ငါ တွေ့တဲ့ အချိန်ဟာ အလင်းကို တွေ့တာပဲ။ ငါ့ကိုယ်ငါ ပျောက်ဆုံးချိန်ဟာ အမှောင်ပဲ။ ငါ့ ဘဝဟာ အမှောင်များ ပြီး အလင်းနည်းပါ့လား။ ငါ ဘယ်မှာလဲ။ ငါ ဘယ်လဲ။

• ပတ်ဝန်းကျင်ရဲ့ တွန်းအားကို ဖယ်ဖို့ ငါ တွန့်ဆုတ်နေတယ်။ ငါ ကိုယ်တိုင် မဝံ့မရဲဖြစ်နေတယ်။ ဒါဟာ ကျရှုံးခြင်းရဲ့ လက္ခဏာပဲ။ ဘယ်သူ့ကိုမှ မမှီခိုပဲ ရပ်တည်နိုင်မှုဟာ အင်မတန် တန်ဖိုးကြီးပါ့လား။

• စင်ရော်တစ်ကောင်ရဲ့ ပျံသန်းနှုန်းဟာ ဒီလောက်ပဲလား။ ငါ့ရဲ့ ပျံသန်းနှုန်းဟာ ဒီလောက်ပဲလား။ ဒီ့ထက် မပိုနိုင်ဘူးလား။ အဆုံးစွန်ဆုံး နှုန်းထားဟာ ဘယ်လောက်လဲ။ ဒါကို ပျံသန်းရင်းနဲ့သာ ငါ ရှာဖွေ နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။

• တစ်နေ့ တစ်နေ့ စားလိုက်၊ အိပ်လိုက်၊ အစာရှာလိုက်နဲ့ သမားရိုးကျ လမ်းကို လျှောက်ခဲ့တာ ကြာပြီ။ ခုဖြစ်နေတဲ့ ပစ္စုပ္ပန်မှာတော့ ဒီလမ်းကနေ ဖောက်ထွက်ကြည့်ရမှာပဲ။ ဒီအတိုင်း သေမသွားချင်ဘူးလေ။ တစ်ခုခုတော့ လုပ်ခဲ့ချင်တယ်။ တစ်ခုခုမှာ စွန့်စားခဲ့ချင်တယ်။ တစ်ခုခုမှာ အဆုံးစွန်ထိ ပေါက်မြောက်ခဲ့ ချင်တယ်။ ငါ့လေ့ကျင့်မှုဟာ လုံလောက်ရဲ့လား။

• ဖြစ်ခြင်း ပျက်ခြင်းတွေ ကြားမှာ ငါနေထိုင်တယ်။ ပျံသန်းခြင်းကို ရပ်နားလိုက်ရင် ဘာဖြစ်သွားမလဲ။ အစာစားရဖို့ ပျံသန်းရတာ ဘဝအတွက် တန်သလား။

• တခါတရံ ဖိစီးခြင်းတွေက ကောင်းတယ်။ သက်သောင့်သက်သာဖြစ်ခြင်းတွေက မကောင်းဘူး။ ဖိစီးခြင်း၊ ပူပန်ခြင်းတွေက တွန်းအားဖြစ်တယ်။ သက်သောင့်သက်သာဖြစ်ရင် ဖြေလျော့တာတွေ ရှိ သွားလို့ တွန်းအား မရှိတော့သလို။ ဒါ့ကြောင့် တစ်ခုခုကို အရဲစွန့်လုပ်ရမယ့်နေရမှာ ဖိစီးမှုတွေ ဖိသိပ် ထားတဲ့ အခြေအနေက၊ ဘာကိုမှ မကြောက်တမ်း စွတ်စွက်လုပ်ပစ်လိုက်ဖို့ သတ္တိမျိုးရတတ်တယ်။ သက်သောင့်သက်သာဖြစ်နေတာက အမြဲတမ်းဆိုရင် မကောင်းဘူး။ ဒါ့ကြောင့် တခါတရံ ဒုက္ခကို ငါ ကိုယ်တိုင် တကူးတက လိုက်ရှာတယ်။ ဒုက္ခက ဖိစီးမှုကို ဖန်တီးပေးတယ်လေ…။ အမြင့်ဆုံးကို ပျံနိုင်ဖို့ တစ်ခုခုက ငါ့ကို တွန်းပေးမှ ရမယ် ထင်တယ်…..။

• အပျံတတ်တယ်ဆိုတာ ဗီဇသွေးထဲမှာ ရှိပြီးသားပါ။ ရှိထားတာကို ရှိနေပြီးသားအတိုင်းထားလိုက်တာ အင်မတန် သမားရိုးကျ ဆန်တယ်….။ သမားရိုးကျ ဘဝကို ငါ မလိုချင်ဘူးးး။ ဗီဇဓာတ်ထဲမှာ မတွေ့ နိုင်တဲ့ အပျံတတ်ခြင်းမျိုးက ဘယ်မှာလဲ… ဘာလဲ။

• ပျံသန်းခြင်းဆိုတာ အတောင်တွေက လာတာ မဟုတ်ဘူး။ စိတ်အာရုံက လာတာ။ စိတ်အာရုံက လေထဲမှာ ပျံလွင့်နေခြင်းက ထူးဆန်းတယ်။ အတောင်တွေနဲ့ လေဟုန်စီးတယ်ဆိုတာထက် အာရုံတွေ နဲ့ အဟုန်တစ်ခုကို ဖန်တီးတာကို ပိုလို့ အနုပညာမြောက်တယ်….။

• တွေ့ရှိမှုအသစ်တိုင်းဟာ လေ့ကျင့်ခြင်း၊ တစိုက်မတ်မတ် ရှာဖွေနေခြင်းက လာတယ်။ နေ့စဉ်လိုလို ငါ ပျံတယ်။ ဟိုးအရင်က ပျံသန်းခြင်းကို ငါ မရှာဖွေဘဲ ပျံတယ်။ အခုတော့ ပျံသန်းခြင်းကို မေးခွန်းတွေ အထပ်ထပ် ထုတ်ပြီး ငါပျံကြည့်တယ်။ ပျံသန်းခြင်းဟာ လေ့ကျင့်ခြင်းတစ်မျိုးဖြစ်လာပြီး၊ လေ့ကျင့်ခြင်း ကနေ ခြားနားနဲ့ စွမ်းအင်ကို ငါရလာတယ်….။ တခြားစင်ရော်တွေနဲ့ ငါဟာ တဖြည်းဖြည်း ဝေးကွာလာ တယ်။

• လွတ်မြောက်ခြင်းဟာ ပျံသန်းခြင်းမှာ ရှိတာလား… သို့တည်းမဟုတ် လေ့ကျင့်ခြင်းမှာ ရှိတာလား…. ကာလရှည်ကြာ ပျံသန်းခြင်းကို လုပ်လာတဲ့ စင်ရော်တွေဟာ ပျံသန်းခြင်း အတတ်ကို တတ်ပြီလား။ ပျံသန်းခြင်းအတတ်ကို တကယ်တတ်ရိုးမှန်ရင်၊ လွတ်မြောက်ခြင်းဆီကို ပျံသန်းနိုင်ရမှာပေါ့။

• မနက်ခင်းဝေရီဝေလင်းမှာ စောစောထတဲ့ စင်ရော်တွေ ရှိတယ်။ သူတို့က တခြားစင်ရော်တွေထက် ဝီရိယကောင်းကြတယ်။ ဒါပေမယ့် အဆုံးစွန်ဆုံး စွမ်းရည်ကို သူတို့ရခဲ့ပြီးပြီလား။ ဒါကို ရဖို့ လုံ့လက အခရာလား၊ ရှာဖွေခြင်းလား၊ လေ့ကျင့်ခြင်းလား….။

• နေ့စဉ်ဘဝဟာ ညစ်ထေးတယ်။ အသေးအမွှားတွေက မကုန်ဆုံးနိုင်ဘူး။ ဒီလိုနဲ့ မိုးကြီးချုပ်ရင် မူလ အသိုက်ကို ပြန်ရမှာပဲ။ အသိုက်ဆီ မပြန်ချင်ဘူး။ လွတ်မြောက်ရာက ဘယ်မှာလဲ။

• စင်ရော်တွေထဲမှာတော့ ရှိတယ်။ သူတို့နဲ့ မရောနှောချင်ဘူး။ သီးခြားဖြစ်မှုဆိုတာ ဘာလဲ။

• စင်ရော်တစ်ကောင်ရဲ့ဖြစ်တည်မှု ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ငါ အကြိမ်ကြိမ်မေးတယ်။ ဖြစ်တည်မှု၊ ဖြစ်တည်မှု။ ဒီစကားလုံးကို ငါ ရှာဖွေတယ်။ အတွေ့အကြုံထဲက တွေ့မလားလို့ မျှော်လင့်ခဲ့တယ်။ ဖြတ်သန်းမှုတွေက ဖြစ်တည်မှုကို ဖော်ပြတယ်ဆိုတာ ငါတွေ့လိုက်ရတယ်။ ဒါပေမယ့် ဒါဟာ အတိတ် ပဲ။ ပစ္စုပ္ပန် မဟုတ်ဘူး။ အနာဂတ် မဟုတ်ဘူး။ လက်ရှိ မဟုတ်ဘူး။ နောက်ဖြစ်လာမယ့်အရာ မဟုတ် ဘူး။ ဖြစ်ခဲ့တဲ့အရာလည်း မဟုတ်ဘူး။ ဒါဆို ဘာလဲ။ ဖြစ်တည်မှုကို ဘယ်လို သတ်မှတ်မှာလဲ။ ဖြစ်တည်မှုအကြောင်း စဉ်းစားရင်း အဖြေထွက်မလာဘဲ၊ မေးခွန်းတွေသာ ထွက်လာတယ်။

• ဖြတ်သန်းမှုနဲ့ ဖြစ်တည်မှုတဲ့။ ဒီနှစ်ခုဟာ ဘာကွာသလဲ။ ဖြစ်သန်းမှုတွေဟာ ဖြစ်တည်မှုကို ဖန်တီးစီရင် သလား။ ဖြစ်ချင်ဖြစ်မှာပေါ့။ ငါ အခု သိနေတာက အဖြေတွေ မဟုတ်ဘူး။ မေးခွန်းတွေပဲ။ မေးခွန်းတွေ ကပဲ ငါ့ဖြစ်တည်မှုကို ရုပ်လုံးပေါ်လာစေတယ်။ ဒါကို ငါ သိလိုက်တယ်။

• အချိန်က တဖြည်းဖြည်းနဲ့ ရှေ့တိုးလာနေပြီ။ ဘဝဆိုတာကို နောက်ဆုတ်လို့လည်း မရဘူး။ ပျံသန်းရင်း ရှာဖွေစားလိုက်။ အနားယူလိုက်။ လုယက်လိုက်။ အကဲခတ်လိုက်နဲ့ ဘဝရပ်တည်မှုအတွက် လုံ့လထုတ် ရတဲ့ အပြုအမူတွေ။ ဒါတွေကို ငါ ကြည့်မိတယ်။ စင်ရော်တိုင်းက အသက်ရှင်ရပ်တည်ဖို့ ပြုမှုနေကြတာ ပဲ။ အပြုအမူတွေက ရပ်တည်မှုအတွက်က လွဲလို့ တခြား မရှိနိုင်ဘူးလား။ ငါကရော….။ သူတို့အားလုံး နဲ့ အတူတူပဲလား။

• နေထွက်လာရင် ဒါဟာ နေ့ပဲ။ မှောင်မိုက်လာရင် ဒါဟာ ညပဲ။ နေ့နဲ့ ညကို အလင်း၊ အမှောင်နဲ့ပဲ ဆုံးဖြတ်တယ်။ အလင်းနဲ့ အမှောင်က တလှည့်စီဖြစ်နေတယ်။ အလင်းရှိတဲ့အချိန်မှာ လှုပ်ရှားတယ်။ အမှောင်ရှိတဲ့အချိန်မှာ ငြိမ်သက်တယ်။ ဒီလို စင်ရော်တွေ ရှိတယ်။ အမှောင်ရှိတဲ့အချိန်မှာ လှုပ်ရှားပြီး၊ အလင်းရှိတဲ့အချိန်မှာ ငြိမ်နေတဲ့ စင်ရော်တွေလည်း ရှိတာပဲ။ ဘာကွာခြားသလဲ။ လှိုင်းက ပုတ်လို့ လွင့်ခဲ့တဲ့ စင်ရော်တွေ ရှိသလား။ လှိုင်းက ဘာ့ကြောင့် ပုတ်ရသလဲ။

Previous post ||| ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ |||
Next post သုတေသနဓာတ်ခံ