မြန်မာပြည်တိုးတက်ရေးအတွက်၊

ယောင်ဝါးတွေ

အလိုမရှိဘူး။

ဘယ်အဆင့်လဲ…
• မနောကံအဆင့်လား
• ဝစီကံ အဆင့်ပဲလား
• ကာယကံမြောက် အဆင့်ထိရောက်သလား….

မြန်မာပြည်ရဲ့ တိုးတက်မှုက ပညာရေးနဲ့ ဆိုင်တယ်။ စာအုပ်စာပေတွေနဲ့ ဆိုင်တယ်။ စာအုပ်စာပေနဲ့ ဆက်စပ်နေတဲ့ နေရာဌာနတွေ ဖွံ့ဖြိုးခြင်းနဲ့သက်ဆိုင်တယ်။ တိုးတက်မှုလို့ ပြောတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ဆိုတာ ရှိတယ်။ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ဆိုင်တယ်။

ပညာရေးဟာ စိတ်ပိုင်းဆိုင်တာ တိုးတက်မှုအတွက် အထောက်အကူပြုတယ်။ ပညာရေးဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် ကျေးဇူးပြုတယ်။ ပညာရေးဟာ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် ပံ့ပိုးတယ်။ ပညာရေးလို့ ပြောရင် စာအုပ်၊ စာပေ ဖတ်ရှုခြင်း၊ လေ့လာခြင်း ဆိုတာတွေ ပါလာတယ်။ စာအုပ်စာပေကို အခြေပြုတဲ့ ပညာရေးစနစ် ဖြစ်ရဲ့လား။

စာအုပ် စာပေတွေ၊ ပညာရေးတွေဟာ ဝေဖန်စိစစ်ပိုင်းခြားစဉ်းစားခြင်းကို ဘယ်လောက် အားပေးသလဲ။ ပညာရေးဟာ စာအုပ်စာပေ လေ့လာဖတ်ရှုခြင်းကို အားပြု မထားဘူး။ စာအုပ်စာပေတွေကလည်း ဝေဖန်ပိုင်းခြားခြင်းကို အားပေးတာ မဟုတ်ဘူး…. ဆိုရင်။ ကျနော်တို့ နိုင်ငံရဲ့ တိုးတက်မှုကို မျှော်လင့်လို့မရဘူး။

စစ်တမ်းတွေထွက်လာဖို့လို

တစ်ဖက်မှာလည်း စာအုပ်စာပေကို ထုတ်လုပ်နေသူ၊ ရေးသားနေသူ၊ ဖြန့်ချိနေသူ၊ ဝန်ဆောင်မှု ပေးနေသူတွေ ကို လေ့လာကြည့်ရမယ်။ စာအုပ်စာပေ ဖတ်ရှုမှုအပေါ် ပညာရေးအသိုင်းအဝိုင်းက ဆရာ/ ဆရာမတွေက ဘယ်လို သဘောထားသလဲ ဆိုတာ သိအောင် လုပ်သင့်တယ်။ သုတေသနသမားတွေက ဒါကို စစ်တမ်းတွေ တောင်ကောက်သင့်တယ်။

တက္ကသိုလ်မှာ၊ အခြေခံကျောင်းမှာ သင်ကြားရေးတာဝန်ယူနေတဲ့ဆရာ / ဆရာမတွေဟာ ကိုယ့်ကျောင်းသား ရဲ့ စာအုပ်စာပေ ဖတ်ရှုမှုအပေါ် အမြင်သဘောထား စစ်တမ်း ဆိုတာတွေ ထွက်ပေါ်လာဖို့ ကောင်းတယ်။ ဒါဆို ရင် အဖြေဘယ်လို ထွက်လာမလဲ။ တော်တော်များများက အနုတ်လက္ခဏာဆောင်တဲ့ သဘောထားတွေပဲ ထွက်လာမယ် ထင်တယ်။ ထိုနည်းလည်းကောင်း… လုပ်ရမှာတွေက မိဘတွေကိုလည်း အလားတူစစ်တမ်း ကောက်သင့်တယ်။ ကျနော်တို့ လူ့အသိုင်းအဝိုင်းဟာ စာပေဖတ်ရှုမှုအပေါ် သဘောထား အမှန်ရှိမထားဘူး။ တော်တော်များများ မိဘတွေ၊ ဆရာတွေက ပြင်ပစာပေ ဖတ်ရှုမှုကို အကောင်းလက္ခဏာဖြစ်တယ်လို့ ကောင်းကောင်းသဘောပေါက်တဲ့သူ အနည်းစုပဲ ရှိမယ် ထင်တယ်။

စာအုပ်စာပေကို ဝန်ဆောင်မှု ပေးနေတဲ့ အသိုင်းအဝိုင်းကို မြန်မာလူထုက အားပေးရဲ့လား။ အားပေးတယ်ဆို ရင် ဘယ်လိုပုံမျိုးနဲ့ အားပေးသလဲ။ သီတဂူဆရာတော်ကြီး မိန့်တာ ကြားဖူးတယ်။ ကရုဏာလို့ ပြောတဲ့နေရာမှာ ဝစီကံ ကရုဏာနဲ့ မလုံလောက်ဘူး။ မနောကံ ကရုဏာနဲ့ မလုံလောက်ဘူး။ ကာယကံမြောက် ကရုဏာ လိုတယ် လို့ ဆိုတယ်။

ဆန်းစစ်ကြည့်

ကျနော်တို့လည်း စာအုပ်စာပေနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအပေါ်မှာ လူမှုဓလေ့က ဘယ်လိုရှိ သလဲ။ စာအုပ်စာပေ ဖတ်ရှုတာကို အားပေးတယ်လို့ ပြောတဲ့ လူတွေကို စစ်တမ်းကောက်သင့်တယ် ထင်တယ်။ ဒါမှ မဟုတ်၊ သာမန် မဟုတ်တဲ့နည်းနဲ့ စနည်းနာသင့်တယ် ထင်တယ်။

စာအုပ်စာပေကို အားပေးတယ်လို့ ပြောတဲ့နေရာမှာ ဘယ်လို အားပေး၊ အားမြှောက်ပြုသလဲ ဆိုတာ နက်နက်နဲနဲ ဆန်းစစ်ကြည့်သင့်တယ်။ အားပေးတဲ့နေရာမှာ မနောကံ အဆင့်နဲ့တင် ရှိနေသလား။ ဝစီကံ အဆင့်ပဲ ရှိသလား။ ကိုယ်တိုင် ကာယကံမြောက် အားပေးအားမြောက် ပြုသလား ဆိုတာ သတိထားကြည့်သင့် တယ်။

ကျနော်တို့ မြန်မာတွေက ရွတ်တာဖတ်တာ သိပ်အားသာတယ်။ တော်တော်များများနေရာတွေမှာ နှုတ်ကနေ၊ ကောင်းတာပေါ့၊ လုပ်သင့်တာပေါ့ ဆိုတာတွေ ပြောတယ်။ ဒါပေမယ့် ကိုယ့်မိသားစု၊ ကိုယ်ပတ်ဝန်းကျင်မှာ ဒီလို အလုပ်မျိုး၊ ဒီလို ဓလေ့မျိုးတွေ့လာရင် အလွယ်တကူ လက်ခံရဲ့လား။ ကိုယ်တိုင်လည်း ကာယကံမြောက် အားပေးရဲ့လား။ ကိုယ်တိုင်ရော ပြုမူဖြစ်ရဲ့လားဆိုတာတွေ ကြည့်ရမယ်။

ဘယ်အဆင့်လဲ

ကျနော် မြင်မိတာက၊ ကျနော်တို့ မြန်မာ့လူမှုဓလေ့က ဝစီကံအဆင့်နဲ့ ရပ်နေတာ များတယ်။ အားပေးတယ် ဆိုတာလည်း ဝစီကံအဆင့်နဲ့ ရပ်နေတယ်။ ချီးမြှောက်တယ် ဆိုတာလည်း ဝစီကံ အဆင့်နဲ့ ရပ်နေတယ်။ ကိုယ့် လက်တံအဝန်းအဝိုင်းမှာ လုပ်လို့ ရနေတဲ့ ကိစ္စတွေကို ဖာသိဖာသာ နေနေကြတယ်။ ဒါဟာ အားပေးမှု အစစ် အမှန် မဟုတ်ဘူး။ အပေါ်ယံ အားပေးခြင်း သက်သက်သာ ဖြစ်တယ်။

မီးလောင်လို့ မီးဘေးသင့်လို့၊ ရေဘေးသင့်လို့၊ ငတ်ပြတ်ပြီး နေစရာ၊ စားစရာ မရှိတဲ့သူကို “သနားပါတယ်….၊ ငတ်မွတ်ခြင်းဘေးက ကင်းလွတ်ကြပါစေ…” လို့ ပါးစပ်က ရွတ်ပြီး မေတ္တာပို့နေရုံနဲ့ ငတ်တဲ့လူက အစာပြေမသွားပါဘူး။ စားစရာ မရှိတဲ့သူက စားစရာ ရမသွားဘူး။ ဒီတော့ ဒီနေရာမှာ ဝစီကံ အဆင့်နဲ့ ရပ်နေလို့ မရဘူး။ ကာယကံမြောက် လုပ်ရမယ်။ ကိုယ့်မှာ ရှိထားတဲ့အထဲက တစ်ဆုပ်၊ တစ်ဖဲ့ပေးလိုက်မှ ဟိုက စားစရာ ရသွားမယ်။ ဝတ်စရာ ရသွားမယ်။ ဆန်လေး တစ်ပြည်၊ ပုဆိုးလေး တစ်ထည် ပေးလိုက်မှ ဒုက္ခရောက်သူမှာ အကျိုးရှိတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာတွေက ဝစီကံ အဆင့်နဲ့ ရပ်နေတဲ့သူ များတယ်။

စာကြည့်တိုက်တွေ၊ စာအုပ်စာပေ ဖွံ့ဖြိုးခြင်းဆိုတာတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကျနော်တို့ မြန်မာ ပြည်ကို မြှင့်နိုင်မယ့် နည်းဟာ ပညာရေးက လွဲလို့ ဘာမှ မရှိဘူး။ တခြားနည်းလမ်းနဲ့ လုပ်လို့မရဘူး။ တခြား နည်းတွေကလည်း မျှော်လင့်လို့ မရဘူး။ ပညာသာလျှင် မြန်မာပြည်ကို ချီ,မ နိုင်မယ့် အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

ခင်ဗျားကရော… ???

ပညာကို အားပေးတယ်၊ စာကြည့်တိုက်တွေကို အားပေးတယ်၊ စာအုပ်စာပေ ဖတ်ရှုခြင်းကို လိုလားတယ်ဆိုတာ တွေက လက်တွေ့ ကာယကံမြောက် အုံလိုက်ကျင်းလိုက်ဖြစ်နေရဲ့လား။ ကျနော်တို့ မိသားစု၊ ကျနော်တို့ ပတ်ဝန်းကျင်၊ ကျနေ်ာတို့ ရပ်ကွက်၊ ကျနော်တို့ကျောင်း၊ ကျနော်တို့ အလုပ်၊ ကျနော်တို့ အသိုင်းအဝန်းမှာ သေချာ ဆန်းစစ်ကြည့်ပါအုံး။

အဖြေက ကျနော်တို့ ထင်ထားတာနဲ့ ပြောင်းပြီးထွက်လာဖို့ သေချာပါတယ်။ တော်တော်များများက အားပေး အားမြှောက်ပြုရကောင်းမှန်းမသိဘူး။ တချို့က အားပေးတယ်။ သို့ပေမယ့် သာမန်ပါပဲ။ တချို့ကလည်း ဝစီကံ အဆင့်လောက်နဲ့ပဲ အားပေးတယ်၊ အားမြှောက်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ ကာယကံမြောက် အားပေးတယ် လို့ ပြောတဲ့နေရာမှာလည်း လူကပ်တွေက ပြောအုံးမယ်။ “တွေ့လား… ကာယကံမြောက်၊ လက်ခုပ်တီးတယ်လေ… ဒါဟာ ကာယကံမြောက်… ပေါ့” ဆိုတာ ပြောအုံးမယ်။ ကျနော်တို့ လူ့အသိုင်းအဝိုင်း အတွက် ဒီလို လောက်လောက်လားလား မရှိသူတွေ မလိုအပ်ပါဘူး။

မိဘတွေ၊ ဆရာတွေ၊ ခေါင်းဆောင်တွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ အစ်ကိုတွေ၊ အစ်မတွေကို မေးခွန်းထုတ်ရမယ်။ ကျနော်တို့ဟာ ကိုယ့်သားသမီး၊ ကိုယ့်ကျောင်းသား၊ ကိုယ့်တပည့်၊ ကိုယ့်လက်အောက်က လူ၊ ကိုယ့်တူ၊ ကိုယ်သား၊ ကိုယ့်ညီ၊ ကိုယ့်မောင်နှမတွေရဲ့ စာအုပ်စာပေ လေ့လာဖတ်ရှုမှုကို ဘယ်လောက် အဆင့်ထိ အားပေး အားမြှောက်လုပ်သလဲ ဆိုတာကို မညှာမတာ မေးရမယ်။ ကိုယ့်ဘာသာ ရက်ရက်စက်စက် ရိုးသားစွာနဲ့ မေးခွန်းထုတ်ရမယ်။

စာအုပ်စာပေချစ်တယ်ဆိုတာ တကယ်လား…
ဘယ်အဆင့်လဲ…
• မနောကံအဆင့်လား
• ဝစီကံ အဆင့်ပဲလား
• ကာယကံမြောက် အဆင့်ထိရောက်သလား….

ဒါကို ဘယ်လို အချက်တွေနဲ့ သက်သေပြမှာလဲ။ ကိုယ်ပြတဲ့၊ ကိုယ်သုံးတဲ့အချက်အလက်ကတော့ ခိုင်ရမယ်။ သာမန် အိရောအိရော၊ အိပဲ့အိပဲ့ နဲ့ ယောင်ဝါး၊ ရောချလို့ မရဘူး။ လုံးမချနဲ့၊ လှိမ့်မချနဲ့။ ရောမချနဲ့။

မြန်မာပြည်တိုးတက်ရေးအတွက်၊ ယောင်ဝါးတွေကို အလိုမရှိဘူး။

မင်းသေ့
နေ့လည် ၃း ၀၂
၃၀ ၊ အောက်တိုဘာ ၂၀၁၈ ။

Previous post ပရော်ဖက်ရှင်နယ်သမားအတွက် ပေတံလေးချောင်း
Next post ရသစာ