Academic Weekly Educational Journal
Vol.8, No.26
11.7.2019

မြန်မာ့လူ့အဖွဲ့အစည်းကို အမြဲတမ်းလိုလို သတိထားအကဲခတ်မိတယ်။ တို့ မြန်မာတွေကို ပျင်းတယ်လို့ ပြောကြတယ်။ ဒါဟာ အားလုံးမမှန်ကန်ဘူးလို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ တစ်နေကုန် ကုန်းရုန်းပြီး အလုပ်ကို သဲကြီးမဲကြီးလုပ်နေတဲ့ မြန်မာတွေကို တွေ့နေရလို့ဖြစ်ပါတယ်။ ပြီးတော့ သူများ အိပ်ချိန်မှာ မအိပ်နိုင်ဘဲ ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်နေကြတဲ့ လူတွေကိုလည်း တွေ့ရတယ်။ သူများနိုင်ငံမှာ အောက်ခြေအလုပ်ပဲ ဖြစ်ဖြစ်၊ တော်ရုံကျွမ်းကျင်လုပ်သားအဖြစ် ကြိုးစားပမ်းစား စွန့်စားထွက်ခွာပြီး အလုပ်လုပ်နေကြတဲ့လူတွေကိုလည်း တွေ့ရတယ်။ မနက်ခပ်စောစော၊ သူများတကာ အိပ်နေချိန်မှာ ဝီရိယကောင်းကောင်းနဲ့ တကုပ်ကုပ် အလုပ်လုပ်နေကြတဲ့လူ တော်တော် များများကိုလည်း တွေ့ရတယ်။ ခန္ဓာကိုယ် အင်္ဂါချို့ယွင်းပေမဲ့ သန်သန်မာမာတွေထက်တောင် စွမ်းသူတွေလည်း တွေ့နေရတာပဲ။ ဒီလိုလူမျိုးတွေဟာ မြန်မာထဲမှာ မရှားပါဘူး။ ပတ်ဝန်းကျင်မှာလည်း မရှား ပါဘူး။ တွေ့တန်သလောက် တွေ့နေရတာပါပဲ။

မြန်မာတွေထဲမှာ အီးရောအီးရောလုပ်နေတဲ့ ယောင်ဝါးတွေလည်း ရှိတာပဲ။ အလုပ်ကို အဖြစ်ပဲ လုပ်နေတဲ့လူတွေလည်း တွေ့နေရတာပဲ။ ခွင်ဖန်စားဖို့ ချောင်းနေတာတွေကိုလည်း တွေ့ရတာပဲ။ ကောင်း နိုးရာရာ ဟိုစပ်စပ်ဒီစပ်စပ် လုပ်နေကြတဲ့လူတွေကိုလည်း တွေ့ရတာပဲ။ ပုံမှန် သမားရိုးကျအတိုင်း လုပ်ငန်းခွင် နေ့စဉ်ဝင်နေတဲ့ လူတွေကိုလည်း တွေ့ရတာပဲ။ မိသားစုလုပ်စာကို မှီခိုကပ်ရပ်စားနေတဲ့ သန်သန် မာမာ ယောက်ျားကြီးတွေကိုလည်း တွေ့နိုင်တာပဲ။ ထိုက်တန်တဲ့အားထုတ်မှု မစိုက်ချင်လို့ တောင်းစားနေတဲ့ ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာတွေကိုလည်း တွေ့ရတာပဲ။ ခန္ဓာကိုယ် ဒုက်္ခိတဖြစ်တာကို အသားယူပြီး တောင်းရမ်းစားသောက်တဲ့ လူတွေကိုလည်း တွေ့ရတာပဲ။ အလုပ်ကို အချိန်ဆွဲ ဝေ့ဝိုက်ပြီး လုပ်တတ်တဲ့ လူအများစုကိုလည်း တွေ့နိုင်တာပဲ။

ဒီတော့ လူ့အဖွဲ့အစည်းတိုင်းမှာ ကြိုးစားသူ၊ ခိုကပ်သူ အမျိုးမျိုး ရှိနေကြတာပဲ။ အနည်း-အများသာ ကွာကြတာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ မြန်မာ့လူ့အဖွဲ့အစည်းမှာ လုံ့လရှိသူ၊ အလုပ်လုပ်ချင်စိတ်ရှိသူ၊ အလုပ်ကို ကြိုးစားပမ်းစားလုပ်တဲ့လူက သာမန်အောက် မလျော့ဘူးလို့ မြင်တယ်။ သာမန်အောက် မလျော့ဘူး။ သာမန်ထက်တောင် ပိုနေတယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်ကြီးပွားဖို့၊ နိုင်ငံကြီးပွားဖို့ ပြည် သူလူထုတွေထဲမှာ လုပ်ချင်စိတ် ကိုင်ချင်စိတ်၊ ကြိုးစားချင်စိတ်၊ လုံ့လထုတ်ချင်စိတ်၊ ချွေးထွက်ရမှာမတွန့်တဲ့ ပြည်သူတွေဟာ အထိုက်အလျောက်ရှိတယ်။ တအားကြီး များများစားစား မဟုတ်ရင်တောင်၊ ရှိသင့်ရှိထိုက်တဲ့ အနေအထားမှာ ရှိနေတယ်။ သာမန်အောက်တော့ မလျော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါဟာ ကျွန်တော် ဖြတ်သန်း ထိတွေ့မိသလောက် တွေ့ရှိထားချက်လို့ ပြောရင်ရနိုင်ပါတယ်။

ဒါပေမဲ့…။


ဒါပေမဲ့ရဲ့နောက်မှာ အကြောင်းပြချက်တွေ အများကြီးလာပါတော့မယ်။ အကြောင်းပြချက်ဆိုတာထက် အကြောင်းရင်းတွေလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဖြစ်နိုင်ခြေ ရှိ-မရှိကို စဉ်းစားချင့်ချိန်စေချင်ပါတယ်။

ဉာဏ်နဲ့ယှဉ်တဲ့ ဝီရိယ

မြန်မာတို့ရဲ့ ယုံကြည်မှုအမြင်မှာ ကံ၊ ဉာဏ်၊ ဝီရိယဆိုတာ ရှိပါတယ်။ ဗုဒ္ဓဇာတ် နိပါတ်တွေမှာလည်း ဟောထားတဲ့ သာဓကတွေ ရှိထားပြီးသားပါ။ ငါးသုံးကောင် ဥပမာတို့ဆိုတာကို တော်တော်များများ ကြားဖူးမယ် ထင်ပါတယ်။ ကံအရာကို မပြောလိုပါ။ ဆုပ်ကိုင်ပြလို့၊ သက်သေပြ ကောင်းလို့ ရကောင်းတဲ့အရာမဟုတ်လို့ပါ။ ဉာဏ်ကိစ္စနဲ့ ဝီရိယကိစ္စကို ပြောချင်ပါတယ်။

မြန်မာတွေဟာ ပင်ကိုဗီဇအရ ဉာဏ်ရည်အရာမှာ နိမ့်တဲ့လူမျိုး မဟုတ်ပါဘူး။ ဉာဏ်ရည်ဉာဏ်သွေးနိမ့်တဲ့ လူမျိုးမဟုတ်ကြောင်း သက်သေပြစရာ၊ သာဓကတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာ့ထိပ်တန်း အဆင့်မှာရှိနေတဲ့ မြန်မာတွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အခုလည်း ရှိတန်သလောက်ရှိပါတယ်။ ဒီတော့ ဖတ်မှတ်လေ့လာအားကောင်းကြရင် မြန်မာတွေဟာ ပင်ကိုဗီဇအရ ဉာဏ်အရာမှာ အားနည်းချက်မရှိဘူးဆိုတာကို လက်ခံရပါလိမ့်မယ်။ နောက်တစ်ခုက ဝီရိယကိစ္စပါ။

မြန်မာတွေဟာ ဝီရိယအရာမှာလည်း မညံ့ပါဘူး။ ကိုယ့်နံဘေး၊ ပတ်ဝန်းကျင်မှာ ကို လေ့လာအကဲခတ်ကြည့်လို့ရပါတယ်။ နေ့စဉ်လိုလို တကုပ်ကုပ်၊ ကြိုးစားရုန်းကန် အားထုတ်နေတဲ့ လူတွေဟာ နည်းတယ်လို့ ပြောလို့မရပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ မြန်မာတွေဟာ မကြီးပွားကြတာလဲ။ တော်တော်များများက ဆင်းရဲတွင်း နက်နေကြတာလဲ။

တို့မြန်မာတွေဟာ ဉာဏ်ရည်အရ အရည်အသွေးနိမ့်တဲ့ လူမျိုးမဟုတ်ဘူး။ ထိုနည်းလည်းကောင်းပဲ ဝီရိယအရာမှာလည်း အားနည်းညံ့ဖျင်းတဲ့အဆင့်မှာ ရှိမနေပါဘူး။ ရှိသင့်တာထက် ပိုပြီးရှိတဲ့နေရာတွေတောင်ရှိတာ တွေ့ရပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့ တို့မြန်မာတွေဟာ မှေးမှေး မှိန်မှိန်၊ ခြိုးခြိုးခြံခြံ၊ ခြစ်ခြစ်ကုတ်ကုတ်နဲ့ မွဲမွဲတေတေ ရှင်သန်ရကြတာလဲ။ တို့မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဒီလိုအခြေအနေကို ကောင်းကောင်းလေ့လာ ဆန်းစစ်သင့်တယ် မဟုတ်လား။

ကျွန်တော့်ကောက်ချက်အရ တို့မြန်မာတွေဟာ ဉာဏ်နဲ့ယှဉ်တဲ့ ဝီရိယ မရှိလို့၊ ဉာဏ်နဲ့ယှဉ်တဲ့ ဝီရိယ အားနည်းလို့လို့ မြင်ပါတယ်။

ဉာဏ်ရှေ့သွားရှိပေမဲ့ ဝီရိယကနောက် က ကပ်မလိုက်ရင် တို့မြန်မာ့လူ့အဖွဲ့အစည်းဟာ မကြီးပွားနိုင်ဘူး။ မချမ်းသာနိုင်ဘူး။ လူမှုအဆင့်အတန်းမြင့်မားတဲ့ လူ့အသိုက်အဝန်းကို ရလာမှာမဟုတ်ဘူး။ ဝီရိယရှိပေမဲ့ ဉာဏ်နဲ့ယှဉ်တဲ့ ဝီရိယမဟုတ်ရင် မကြီးပွားနိုင်ဘူး။ မချမ်းသာနိုင်ဘူး။ အရည်အသွေးရှိတဲ့လူတန်းစားဖြစ်လာမှာ မဟုတ်ဘူး။ ဒီတော့ ဆန်းစစ်စရာ အချက်နှစ်ချက် ထွက်လာပါတယ်။

• ကိုယ့်လုပ်ရပ်တိုင်းက ဉာဏ်နဲ့ ယှဉ်တဲ့ လုံ့လစိုက်ထုတ်မှုတွေဖြစ်ရဲ့လား။
• ကိုယ့်ရဲ့အကြံကောင်း ဉာဏ်ကောင်းတွေနောက်မှာ လုံလောက်တဲ့ လုံ့လဝီရိယကို မြုပ်နှံရင်းနှီးထားရဲ့ လား…. ဆိုတာဖြစ်ပါတယ်။

ဗီဇနဲ့ ပတ်ဝန်းကျင်

ဉာဏ်နဲ့ ဝီရိယဟာ ဗီဇနဲ့ပိုပြီး သက်ဆိုင်ပါတယ်။ ဗီဇကိစ္စကို ဆန်းစစ်ပြီးတဲ့ နောက်မှာ ပတ်ဝန်းကျင်ကိစ္စကို ဆန်းစစ် ကြည့်ချင်ပါတယ်။ တို့မြန်မာတွေဟာ ပတ်ဝန်းကျင်ကောင်းကို ရခဲ့ရဲ့လား။ ပတ်ဝန်းကျင်ကောင်းကို ရနေသလား။ ပတ်ဝန်းကျင်ကောင်းလို့ပြောရင် အတိတ်နဲ့ ပစ္စုပ္ပန်ကို ခွဲခြားဆန်းစစ်ရပါလိမ့်မယ်။

အတိတ်


တို့မြန်မာတွေဟာ အတိတ်မှာ ဘယ်လိုခေတ်မျိုးကို ကြုံခဲ့တယ်ဆိုတာ သိထားပါလိမ့်မယ်။ ဒီလိုခေတ်မျိုးကို ဘယ်လိုကြုံခဲ့တယ်၊ ဘာကြောင့်ကြုံခဲ့ရသလဲဆိုတာကိုလည်း လေ့လာစေချင်ပါတယ်။ အစိုးရတွေ အဆက်ဆက်ပြောင်းတယ်၊ နိုင်ငံရေးစနစ်တွေ အဆက်ဆက်ပြောင်းတယ်၊ စီးပွားရေး အဆောက်အအုံဟာ နိုင်ငံရေးမူဝါဒတွေ အပေါ်မှာ အခြေခံတာဖြစ်လို့ စီးပွားရေး အခြေအနေဟာ နိုင်ငံရေးစနစ်တွေပြောင်းတိုင်း သူ့သဘောအလိုအတိုင်း လိုက်ပါ ပြောင်းလဲနေခဲ့တယ်။ သမိုင်းကို ခြေခြေ မြစ်မြစ် လေ့လာကြရင် ဒီအကြောင်းအရင်းတွေကို သိပြီးသားဖြစ်ပါလိမ့်မယ်။ အတိတ်က ဖြတ်သန်းလာတဲ့ သမိုင်းကိုကြည့်ပြီး ကောက်ချက်တစ်ခု ချချင်ပါတယ်။ တို့ မြန်မာရဲ့ အတိတ်သမိုင်းမှာ ကောင်းကောင်း မွန်မွန် လုပ်ကိုင်စားသောက်လို့ ကြီးပွားလာတဲ့ စီးပွားရေး ရေခံမြေခံ မရှိခဲ့ဘူး။ ဒါမှမဟုတ် ဒီလိုစီးပွားရေးရေခံမြေခံဟာ အင်မတန်နည်းပါးခဲ့တယ်လို့ ပြောချင်တယ်။ ဒါဟာ ဖြစ်နိုင်ခြေရှိ၊ မရှိ မိမိ ဘာသာ ဆန်းစစ်အဖြေထုတ်ကြဖို့ ဖြစ်ပါတယ်။

ပစ္စုပ္ပန်


ဒါဆိုရင် အခု ပစ္စုပ္ပန်ဆိုရင်ကော။ ပစ္စုပ္ပန်မှာတော့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ကြရင် ငတ်တော့ မငတ်ဘူး။ ဉာဏ်လေးယှဉ်ပြီး လုပ်ကိုင်ကြရင် တင့်တောင့်တင့်တယ် နေနိုင်စားနိုင်တဲ့ အဆင့်ကို ရောက်လာပြီ။ ဒီလိုအခင်း အကျင်းဟာ သိပ်နည်းပါးတဲ့အခြေအနေတော့ မဟုတ်ဘူး။ သို့ပေမဲ့ ကျိကျိတက် ကြီးပွားချမ်းသာဖို့ဆိုရင်တော့ ကောင်းရောင်းကောင်းဝယ်အဆင့်နဲ့ မဖြစ်နိုင်ဘူး။ လည်လည်ဝယ်ဝယ်လည်း ရှိမှ၊ ဖားတတ်ကပ်တတ်မှ၊ မကောင်းမှုလေးကိုလည်း မကြောက်တတ်မှ၊ လုပ်ရဲကိုင်ရဲ၊ လက်ရဲ ဇက်ရဲလေးလည်း ရှိမှ ကျိကျိတက် ကြီးပွား ချမ်းသာတဲ့အဆင့်ကို ရောက်နိုင်မယ်။ ရိုးသားကြိုးစားနေလို့ကတော့ ကံကောင်းရင် တင့်တောင့်တင့်တယ်တော့ နေရကောင်း နေရနိုင်တယ်။ တောက်တောက်ပြောင်ပြောင်၊ ပြိုးပြိုးပြက်ပြက် ကြီးပွားချမ်းသာတဲ့အဆင့်ကို မရောက်ရေးချ မရောက်။ ဒါကတော့ ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။

ကောက်ချက်ချကြည့်လိုက်ရင် တို့ မြန်မာတွေဟာ ဗီဇတော့ မညံ့ခဲ့ပေမဲ့ ပတ်ဝန်းကျင် ညံ့ကို ကြုံခဲ့ရတယ်။ ဒီလိုကြုံခဲ့တာက တစ်နှစ်၊ နှစ်နှစ် မဟုတ်ဘူး။ လေး-ငါး-ခြောက်နှစ်လည်းမကဘူး။ ဆယ် နှစ်-ဆယ့်ငါးနှစ်လည်း မဟုတ်ပြန်ဘူး။ နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါးအထိ ကြုံခဲ့ရတယ်။ ဒါဟာ မယုတ်မလွန် ပြောတာ ဖြစ်ပါတယ်။ ဒီထက်များနိုင်ပါတယ်။ ငြင်းချင်တဲ့လူ ငြင်းကြည့်စမ်းပါ။

ပတ်ဝန်းကျင်ညံ့ကို ကြုံခဲ့တယ်ဆိုတာ အတိတ်ကကိစ္စကို ပြောတာဖြစ်ပါတယ်။ အတိတ်က မကောင်းခဲ့လို့ အခုပစ္စုပ္ပန်ရော ကောင်းတဲ့ပတ်ဝန်းကျင်ကို ရနေပြီလားဆိုတော့ မရသေးပါဘူး။ နိုင်ငံရေးသိပ္ပံမှာ သီအိုရီတစ်ခု ရှိပါတယ်။ Path Dependency ဆိုတဲ့ သီအိုရီဖြစ်ပါတယ်။ ဒီသီအိုရီက ဘာကို ပြောသလဲဆိုရင် မူလလမ်းကြောင်းထဲက ခုန်မထွက်နိုင်ဘဲ မှီခိုကပ်ရပ်နေတာကို ခေါ်တာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဟာ အသစ်ကို ငြင်းဆန်တယ်။ အရင် ထုံးနည်းအဟောင်းတွေနဲ့ပဲ အသားကျနေလို့ ဒီလမ်းကိုပဲ ဆက်လျှောက် ချင်တယ်။ ဒီလမ်းဟာ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်တယ်။ သာသာယာယာဖြစ်တယ်။ အခု တို့မြန်မာ့လူ့အဖွဲ့အစည်းကြုံနေရတာကို ဒီသီအိုရီနဲ့ ချိန်ဆက်ကြည့်လို့ရပါတယ်။

နောက်သီအိုရီတစ်ခု ရှိပါသေးတယ်။ Historical Legacy ဖြစ်ပါတယ်။ အတိတ်ရဲ့အမွေဆိုးကို ဆက်ခံတာလို့ ခေါ်ပါတယ်။ လက်ဆင့်ကမ်းလိုက်တဲ့ မူတွေ၊ စနစ်တွေ၊ ကျင့်ထုံးတွေကို ဖောက်ထွက် ထိုးဖောက်နိုင်စွမ်းမရှိဘဲ အတိတ်ရဲ့အမှားတွေကို ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။ အမှားသံသရာလည်နေတာ ဖြစ်ပါတယ်။ အမှားကို အမှားမှန်းသိပေမဲ့လည်းပဲ လူ့ အဖွဲ့အစည်းကြီးတစ်ခုလုံးနီးပါး ဖြစ်နေတာတွေမို့၊ လူတစ်ဦးချင်းအနေနဲ့ မပြင်နိုင်၊ မဖောက်ထွက်နိုင်ဘဲ အမှားကို သိသိကြီးနဲ့လည်း လုပ်နေဖြစ်တယ်။ မသိလိုက် မသိဘာသာနဲ့လည်း လုပ်နေဖြစ်တယ်။ ကိုယ် လုပ်နေတာ အမှားလို့တောင် မသိကြတဲ့ အခြေအနေကို ရောက်နေပါတယ်။ အမှားဟာ အချိန်ကြာလာတော့ အမှန်ဖြစ်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီတော့ အခု ပစ္စုပ္ပန် ပတ်ဝန်းကျင်ဟာ ကောင်းသင့်သလောက် ကောင်းမလာဘူး။ အကြောင်းရင်းကို ဆန်းစစ်လိုက်ရင် အတိတ်ရဲ့အမွေဆိုးကို ဆက်ခံမိနေတာနဲ့ အသားကျနေတဲ့လမ်းကြောင်းမှာ မှီခိုကပ်ရပ်နေတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက်နှစ်ခုက ဆက်လက်ရှိနေရင် မြန်မာ့ လူ့အဖွဲ့အစည်းဟာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို မတည်ဆောက်နိုင်ဘူး။ မထူထောင်နိုင်ဘူး။ ဒီလို ပတ်ဝန်းကျင်ကောင်း ကို မထူထောင်နိုင်ရင် မြန်မာပြည်အနာဂတ်ဟာလည်း ဆက်လက်ပြီး မွဲမွဲတေတေ၊ ချို့ချို့ငဲ့ငဲ့ဖြစ်နေမှာပါပဲ။

အစိုးရအလုပ်


၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ နယူးယောက်မြို့၊ ဂျင်မီကာတာက သမ္မတရာ ထူးလက်ခံတဲ့ မိန့်ခွန်းမှာ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းတာဝန်ဟာ ဘာလဲဆိုတာကို ပြော တယ်။

““အစိုးရတစ်ရပ်ရဲ့ ရိုးရှင်းတဲ့တာဝန် ဝတ္တရားရှိပါတယ်။ ဒါကတော့ အစိုးရတစ်ရပ်ဟာ ပြည်သူတွေကို ကောင်းတာလုပ်ဖို့ လွယ်အောင် လုပ်ပေးထားရမယ်။ မကောင်းတာလုပ်ဖို့ ခက်အောင်လုပ်ပေးထားဖို့ ဖြစ်တယ်””

ဝန်းကျင်လို့ပြောလိုက်ရင် နိုင်ငံရေးဝန်းကျင်၊ စီးပွားရေးဝန်းကျင်၊ ပညာရေးဝန်းကျင်၊ လူမှုရေးဝန်းကျင် စသဖြင့် အမျိုးမျိုးခွဲလို့ ရနိုင်ပါတယ်။ နိုင်ငံရေးဝန်းကျင်ကောင်းရင် အစိုးရကောင်းကို ရတယ်။ စီးပွားရေးဝန်းကျင်ကောင်းရင် ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ လူနေမှုအဆင့်အတန်း မြင့်မြင့် နေထိုင်စားသောက်နိုင်တယ်။ ပညာရေးဝန်းကျင်ကောင်းရင် ပဋိပက္ခတွေ နည်းမယ်၊ ဆင်ခြင်တုံတရားမြင့်မယ်၊ ဘ၀ တန်ဖိုး၊ ဘဝအဓိပ္ပာယ်ဆိုတာတွေကို ရှာဖွေနိုင်မယ်၊ ဝါသနာကို လုပ်နိုင်မယ်၊ အလုပ်ကို စမတ်ကျကျလုပ်နိုင်မယ်။ လူမှုရေးဝန်းကျင်ကောင်းရင် ဂုဏ်သိက္ခာရှိတဲ့၊ အတုယူစံပြထိုက်ဖွယ်ရှိတဲ့ အမူအကျင့်တွေကို လူမှုအသိုင်းအဝိုင်းထဲမှာ တွေ့ရနိုင်တယ်။ ပတ်ဝန်းကျင်ဟာ နေပျော်တယ်။ လုံခြုံတယ်၊ နှစ်လိုဖွယ်ရှိတယ်။ နေချင့်စဖွယ်ဖြစ်တယ်။ သာသာယာယာရှိတယ်။

တို့နိုင်ငံကို ကြည့်လိုက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးရာ ကိစ္စအ၀၀တွေမှာ ကောင်းကောင်း ကန်းကန်း မဖြစ်ကြတာများတယ်။ ပတ်ဝန်းကျင်ကောင်းကို အစိုးရတစ်ရပ်က ပြုပြင်စီရင်သလို လူ့အဖွဲ့အစည်းကိုယ်တိုင်ကလည်း ပြဋ္ဌာန်းတယ်။ တစ်ဦးချင်းရဲ့ခံယူချက်တွေ၊ အမြင်တွေ၊ အပြုအမူတွေဟာလည်း အရေးကြီးပြန်ရော။ စနစ်ကောင်းကို စီမံပေးဖို့ အစိုးရမှာ တာဝန်ရှိသလို တစ်ဦး ချင်းမှာလည်း ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံး ချွန်သနေဖို့ လုပ်နေရမယ်။ တစ်ဦးချင်းမကောင်းရင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး မကောင်းနိုင်ဘူး။


သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါ တယ်။ အတိတ်ဆိုတာ သင်ခန်းစာယူဖို့သာ ဖြစ်ပါတယ်။ အတိတ်ဟာ ပြီးပြီးသားကိစ္စ ဖြစ်ပါတယ်။ သမိုင်းဟာ ပြီးပြီးသားကိစ္စ ဖြစ်ပါတယ်။ မပြီးသေးတာက အနာဂတ်ဖြစ်ပါတယ်။ မပြီးသေးတာက ပစ္စုပ္ပန်ဖြစ်ပါတယ်။ ပစ္စုပ္ပန် မြန်မာ့လူ့အဖွဲ့အစည်း ရဲ့အပြုအမူတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို စီရင်ပြဋ္ဌာန်းတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

မင်းသေ့

Previous post အမျိုးသားရေး တိမ်းညွှတ်ချက်
Next post သက်ရှိ ရီဗျူး (သို့) ကိုကိုကြီး