၂၀၁၈ ခုနှစ် ဧပြီလ ၃ ရက်နေ့ ထုတ် ၊
The Voice Daily သတင်းစာမှာ ဖော်ပြပါရှိပြီး ဆောင်းပါး ။

အမျိုးသားရေးဝါဒရဲ့ မူလတိမ်းညွှတ်ချက် ရှိတယ်။
ကိုယ့်ကြမ္မာကိုယ် ပြဌာန်းခွင့်နဲ့ ကိုယ့်အမှတ်သရုပ် ကိုယ် ထုဆစ်ခွင့်။
အမျိုးသားရေးဝါဒမှာ မျက်နှာစာတွေ နှစ်ခုရှိတယ်။ အမှောင်ဘက် အခြမ်းနဲ့၊ အလင်းဘက် အခြမ်း။ အမျိုးသားရေး ဆိုတာလည်း နေရာပေါင်းစုံကို မျက်နှာမူတယ်။ အမျိုးသားရေးဝါဒရဲ့ စုဆုံချက်ရှိတယ်။

အခြေခံ အယူအဆ

ဒါတွေကတော့၊
အမျိုးသားရေးအချုပ်အခြာအာဏာကို အထွဋ်အထိပ်ထားတာ။
အမျိုးသားအစိုးရ စစ်စစ်ကို လိုလားတာ။
တိကျပြတ်သားတဲ့ အမျိုးသားရေးနယ်နိမိတ် သတ်မှတ်ချင်တာ။
အမျိုးသားနိုင်ငံစစ်စစ်ကို ဦးတည်တာ။
သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုတွေကို ကျစ်ကျစ်လစ်လစ် စုစည်းထားတာ။

လက္ခဏာ နှစ်ရပ်

စုစည်းတယ်ဆိုတဲ့နေရာမှာ၊ လက္ခဏာ နှစ်ရပ်ရှိတယ်။
အပေါင်းလက္ခဏာ ဆောင်သော စုစည်းမှု နဲ့ အနုတ်လက္ခဏာဆောင်တဲ့ စုစည်းမှု။

အမျိုးသားရေးလှုပ်ရှားမှုတွေ၊ ကမ္ဘာအနှံ့ပေါ်လာတယ်။ ၂၁ ရာစုမှာ၊ အသွင်ပေါင်းစုံနဲ့ ပိုလိုတောင် များများ ပေါ်ပါလိမ့်မယ်။ အမျိုးသားရေးလှုပ်ရှားမှုတွေက၊ ပျံ့ကျဲနေတဲ့ အမျိုးသားရေး လက္ခဏာတွေကို စုစည်းဖို့ ဦး တည်တယ်။ အမျိုးချစ်စိတ်ကို နိုးကြွအောင် လှုံ့ဆော်ပေးတယ်။ ပွစာကြဲမှုကို စုစည်းပြီး အမျိုးသားရေး စိတ်ကို ပြန်လည် နိုးထစေတယ်။ ဝေးတစ်မြေက သွေးသားတွေကို နိုင်ငံရေးအရ အစေးကပ်အောင် ညှိတယ်။ လူမျိုးရေးအရ၊ ရိုင်းပင်းအောင် လုပ်တယ်။ သွေးက စကားပြောဖို့၊ မျက်နှာစာပေါင်းစုံက ချည်းကပ်ပြီး လုပ်တယ်။

အမျိုးသားရေး လှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်ကို ကြည့်ရင်၊ အပေါင်း သဘောလား၊ အနုတ်သဘောလားဆို တာကို သိနိုင်တယ်။ အပေါင်းသဘောကတော့၊ တိုးတက်လိုခြင်း နဲ့ စည်းလုံးညီညွတ်လိုခြင်းကို ပြတယ်။ အနုတ်သဘောကတော့၊ ရန်လိုခြင်း၊ တိုက်ခိုက်ထိုးနှက်ခြင်း၊ ခြေမှုန်းသုတ်သင်ရေးတို့ အထိ စဉ်းစားတယ်။

အပေါင်းသဘောက၊ အရှိတရားကို မငြင်းပယ်ဘူး။ လက်တွေ့ကျကျ စဉ်းစားတယ်။ သူ့စဉ်းစားချက်မှာ မူဘောင် ရှိတယ်။ စည်းလွတ်ဘောင်လွတ်ဖြစ်တာကို ထိန်းတယ်။ ဆင်ခြင်တုံတရားကို ဦးစားပေးတယ်။ လူမျိုး ပေါင်းစုံ တည်ရှိနေခြင်းကို နားလည်လက်ခံတယ်။ လူမျိုးကို အခြေပြုပြီးစဉ်းစားတယ် ဆိုတာထက်၊ နိုင်ငံ့နယ်နိ မိတ်အပေါ် အခြေပြုပြီး အမျိုးသားရေးဝါဒကို တည်ဆောက်တယ်။

အနုတ်သဘောက၊ အဲ့လို မဟုတ်ဘူး။ အပေါင်းသဘောနဲ့ ဆန့်ကျင်ဘက် ဖြစ်တာတွေ့ရတယ်။ တစ်ဖက်မှာ လည်း၊ အလွန်အကျွံ အစွန်းရောက် အယူအဆကို တွေ့ရတယ်။ အနုတ်လက္ခဏာဆောင်တဲ့ အမျိုးသားရေး စုစည်းမှု ဆိုတာ၊ နိုင်ငံ့နယ်နိမိတ်ဆိုတာထက် လူမျိုးကို အခြေပြုပြီး ကြည့်တယ်။ သွေးသားတော်စပ်မှု၊ ဗီဇသန့် စင်မှုဆိုတာတွေကို ဦးထိပ်ထားတယ်။ လူမျိုးရေး သန့်ရှင်းမှုအထိ စဉ်းစားတဲ့ စဉ်းစားချက်ဖြစ်တယ်။ ကြောင်း ကျိုးညီခြင်းကို ဦးစားမပေးဘူး။ စိတ်ကူးယဉ်ဆန်လွန်းတယ်။ စိတ်ခံစားချက်ကို အသားပေးပြီး၊ အမျိုးသားရေး စဉ်းစားချက်တွေကို လုပ်တယ်။ အမျိုးသားရေး လှုပ်ရှားမှုတွေကလည်း၊ မူဘောင် စည်းမျဉ်းဆိုတာကို မစဉ်းစား ဘူး။ လူမျိုးရေး ကျဉ်းမြောင်းတဲ့ အမြင်တွေကနေ ပေါက်ဖွားလာတဲ့ အနုတ်သဘောတွေ ဖြစ်တယ်။

မျိုးကွဲတွေ

အမျိုးသားရေးဝါဒ မျိုးကွဲတွေ ရှိတယ်။
• ယဉ်ကျေးမှုကို အခြေခံတဲ့ အမျိုးသားရေးဝါဒ
• လူမျိုးကို အခြေခံတဲ့ အမျိုးသားရေးဝါဒ
• နိုင်ငံသားကို အခြေခံတဲ့ အမျိုးသားရေးဝါဒ

စတာတွေ ဖြစ်ပါတယ်။
အမျိုးအစားအနေနဲ့၊ ထပ်ပြီး ခွဲလို့ ရသေးတယ်။
o လစ်ဘရယ်အမျိုးသားရေးဝါဒ
o ကွန်ဆာဗေးတစ် အမျိုးသားရေးဝါဒ
o နယ်ချဲ့အမျိုးသားရေးဝါဒ
o ကိုလိုနီဆန့်ကျန်ရေးအမျိုးသားရေးဝါဒ ဆိုပြီး ခွဲနိုင်သေးတယ်။

အမျိုးသားရေးကိုယ်ပိုင်ပြဌာန်းချက်

အမျိုးသားရေးဝါဒက ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ကြမ္မာကို ကိုယ်ဖန်တီးခွင့်ဆိုတာတွေ ကို အဓိက ထားစဉ်းစားတယ်။ အမျိုးသားအစိုးရတစ်ရပ်ဟာ၊ သီးခြားလွတ်လပ်တဲ့ အမျိုးသားနိုင်ငံကို လွတ် လပ်စွာ အုပ်ချုပ်မယ်။ အချုပ်အခြာအာဏာ ထိပါးခြင်းကို မည်သည့် နိုင်ငံတကာစံနှုန်းအရ ပြောလာသည် ဖြစ် စေ၊ ငြင်းပယ်တယ်။ တော်လှန်တယ်။ တိုင်းတပါးက လွှမ်းမိုးခြင်း၊ ချယ်လှယ်ခြင်းကို ခါးခါးသီးသီး မုန်းတီးတယ်။
နိုင်ငံခြားသား မုန်းတီးရေးဝါဒအထိ ဖြစ်သွားကြတယ်။

အမျိုးသားရေးဝါဒက….


အမျိုးသားရေး စရိုက်လက္ခဏာ၊ အမျိုးသားရေးအမှတ်သရုပ်၊ အမျိုးသားအကျိုးစီးပွား၊ အမျိုးသား လုံခြုံရေး ဆိုတာတွေကို အဓိက စဉ်းစားတယ်။ ကျူးကျော်စော်ကားမှုတွေကို လက်မခံဘူး။ အထောက်အပံ့၊ အကူအညီ အကယ်အဆယ်တွေကိုလည်း သံသယရှေ့ထားပြီး ကြည့်တယ်။ ပူးပေါင်းဆောင်ရွက်ခြင်းထက်၊ တစ်သီးတစ် သန့်နေထိုင်မှုကို လိုလားတယ်။ တံခါးပိတ်မူဝါဒတွေ ကျင့်သုံးတယ်ဆိုတာ ဒီအခြေခံအိုင်ဒီယာက လာတယ်။

အမှတ်သရုပ် ပျောက်ဆုံးခြင်း

အမျိုးသားရေးဝါဒ ရေပန်းစားလာရခြင်း အကြောင်းတရားတွေ ရှိတယ်။ အခြေခံကတော့၊ အမှတ်သရုပ် ပျောက် ဆုံးမှုက စတယ်။ identity loss လို့ ပြောလို့ရတယ်။ အမှတ်သရုပ် ပျောက်ဆုံးခြင်းကြောင့်၊ လူမျိုးစုတွေရဲ့ အမှတ်လက္ခဏာပျောက်ဆုံးလာတယ်။ ငါ ဘယ်သူလဲဆိုတာ ပြတ်ပြတ်သားသား မရှိတော့ဘူး။ ရောထွေးလာ တယ်။ ကိုယ့်အုပ်စုက သင်းကွဲလာတယ်လို့ ခံစားလာရတယ်။ အားနည်းလာတယ်။ အခြားလူမျိုးတွေအကြားမှာ မလုံမခြုံ ခံစားလာရတယ်။ နေရထိုင်ရတာ သက်သောင့်သက်သာ မရှိတော့ဘူး။ အဲ့တော့၊ ကြောက်စိတ်၊ စိုးရိမ် စိတ်က ကြီးလာတယ်။ များလာတယ်။ အဲ့ဒီအခါ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ စိတ် အားကြီးလာတယ်။ ရန်လိုစိတ် များလာတယ်။

အဲ့တော့၊ ကိုယ့်ရဲ့ မလုံခြုံမှုကို ကာကွယ်ဖို့
ကိုယ့်ရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်ကို ဖြေဖျောက်ဖို့၊
အုပ်စု သင်းကွဲခြင်းကို ပြန်လည်စုစည်းဖို့ နဲ့
ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် အမျိုးသားရေးဝါဒကို ပြန်လည်ဆွဲကိုင်လာတယ်။ အမျိုးသားရေးဝါဒဟာ၊ ဒီလို ရေခံမြေခံမျိုးဖြစ်နေတဲ့ အခြေအနေမှာ၊ အဖြေကောင်းဖြစ်လာတယ်။ အလွယ်တကူ ပျံ့နှံ့လွယ်တဲ့ လူပိန်းကြိုက်အယူအဆဖြစ်လာတယ်။

အမှတ်သရုပ်သဘော

မလုံမခြုံခံစားလာရတဲ့ လူ့အသိုင်းအဝိုင်းမှာ၊ အမှတ်သရုပ်ချင်း တိုးတိုက်မှုဖြစ်တာ သဘာဝဖြစ်တယ်။ ပါမောက္ခ ဟန်တင်တန်ကလည်း၊ သူ့ရဲ့ ယဉ်ကျေးမှုများတိုးတိုက်မိခြင်း ကျမ်းမှာ ပြောတာရှိတယ်။ ၂၁ ရာစုမှာ၊ အမှတ် သရုပ် တိုက်ပွဲတွေ ပြင်းထန်လာမယ်။ ၂၀ ရာစုမှာ ဖြစ်ခဲ့တဲ့ အိုင်ဒီယော်လိုဂျီတိုင်ပွဲဟာ၊ ၂၁ ရာစုမှာ ယဉ်ကျေးမှု ပဋိပက္ခစစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ ပဋိပက္ခတွေဟာ၊ ယဉ်ကျေးမှုအပေါ် အခြေခံပြီး ဖြစ်လာတယ်။ ယဉ်ကျေးမှု တွေဟာ၊ အုပ်စုကြီး (၈) စုအနေနဲ့ စုစည်းဖြစ်တည်နေတယ်။ ဟန်တင်တန်က သူ့ကျမ်းမှာ၊ ယဉ်ကျေးမှု အုပ်စု ကြီး (၈) ခုကို ခွဲပြတယ်။

(၁) အနောက်တိုင်း ယဉ်ကျေးမှု
(၂) ကွန်ဖြူးရှပ် ယဉ်ကျေးမှု၊
(၃) ဂျပန် ယဉ်ကျေးမှု၊
(၄) အစ္စလာမ် ယဉ်ကျေးမှု၊
(၅) ဟိန္ဒူ ယဉ်ကျေးမှု၊
(၆) အော်သိုဒေါ့ (ခ) ဆလဗ် ယဉ်ကျေးမှု၊
(၇) လက်တင် အမေရိကန် ယဉ်ကျေးမှု၊ နဲ့
(၈) အာဖရိက ယဉ်ကျေးမှု ဆိုပြီး အုပ်စု (၈) စု ခွဲပြတယ်။
ယဉ်ကျေးမှု တိုက်ပွဲဟာ၊ အမျိုးသားနိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ကျော်ပြီး၊ ဖြစ်လာတော့မယ် ဆိုတဲ့သဘော။

ယဉ်ကျေးမှု ပဋိပက္ခတွေဟာ၊ အမျိုးသားရေးဝါဒရဲ့ အမှတ်သရုပ်တွေ ဖြစ်တယ်။ အမျိုးသားရေးဝါဒီတို့က၊ ဂလိုဘယ်လိုက်ဇေးရှင်းကို ခေတ်သစ်ကိုလိုနီဝါဒလို့ မြင်တယ်။ ကိုလိုနီဝါဒဆိုတာ၊ ဟိုးယခင်ကလို စစ်တပ်ကြီး ဝင်လာချင်မှ ဝင်လာမယ်။ အမျိုးမျိုးသားနိုင်ငံတကာ နှုန်းစံတွေ ကိုင်ဆွဲပြီး၊ အချုပ်အခြာအာဏာကို ထိပါးလာ မယ်လို့ အမြဲ မြင်တယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးတို့၊ နိုင်ငံတကာ စာချုပ်ဆိုတာတွေကို အဆိုးမြင်တယ်။ ငြင်း ပယ်တယ်။ အမျိုးသားရေးဝါဒက၊ အပြင်ကို ချဲ့ပြီး ကြည့်တာထက် အတွင်းစွဲကြည့်တဲ့ ပမာဏက ပိုများတယ်။

အကျိုးစီးပွား ပဓာန

အနောက်ဇာတ်သွင်းမှု၊ အမေရိကန်ဇာတ်သွင်းမှုဆိုတာတွေက ပျံ့နှံ့လာတယ်။ အမေရိကဟာ၊ သမ္မတတွေ ဘယ်လို ပြောင်းပြောင်း မူလတိမ်းညွှတ်ချက်ဖြစ်တဲ့ ကိုယ်ကျိုးစီးပွား ပဓာန အယူအဆကို ဘယ်တော့မှ လက် သီးဆုပ် မဖြည်ဘူး။
“ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး…. ထာဝရ အကျိုးစီးပွားသာ ရှိတယ်” ဆိုတဲ့ အယူအဆကို လက်မလွှတ်ဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားကိုယ်တိုင်၊ ဒီအယူအဆကို ဖော်ထုတ်ပြောဆိုရေးသားခဲ့တာတွေက အထင်အရှားပဲ။


လက်တွေ့နိုင်ငံရေးမှာ၊ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးဆိုတာတွေက ဘယ်တော့မှ၊ တိမ်ကော သွားမှာ မဟုတ်ဘူး။ နိုင်ငံရေးစနစ်တွေ အမျိုးမျိုးကျင့်သုံးကောင်း ကျင့်သုံးကြမယ်။ ကိုယ့်နိုင်ငံရဲ့ ကိုယ်ကျိုး စီးပွားကိုတော့ နိုင်ငံတိုင်း ဆက်လက်ဆုပ်ကိုင်ကြမှာပါပဲ။

အစိုးရတစ်ရပ်ဟာ၊

  • နိုင်ငံတွင်းက လူမျိုးစုတွေရဲ့ အကျိုးစီးပွားကို မစီမံ မခန့်ခွဲတတ်ရင်၊
  • နိုင်ငံတကာမှာ တစ်နိုင်ငံချင်းရဲ့ အကျိုးစီးပွားတွေကို ရှင်းရှင်းလင်းလင်း မမြင်ရင်၊ ပဋိ့ပက္ခတွေ ထူပြောစွာနဲ့ နှစ်ပါးသွားနေရမယ်။

အမျိုးသားရေး အခြေခံက စ

အမျိုးသားရေးဝါဒဆိုတာ၊ နိုင်ငံအတွင်းက ပြည်သူတွေရဲ့ လူမျိုးရေး၊ နိုင်ငံရေး တိမ်းညွှတ်ချက်သာ ဖြစ်ပါတယ်။ ကိုယ့်လူမျိုးရဲ့ ဗီဇ၊ စရိုက်နဲ့ ဓလေ့အခံကို မြင်အောင်ကြည့်ပြီး၊ တိုင်းပြည်တည်ဆောက်ရေးကို လုပ်ရပါမယ်။ နိုင်ငံရေးဓလေ့၊ လူမှုဓလေ့တွေဟာ၊ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကိုယ်အခြေပြုတဲ့ နိုင်ငံရေးအယူအဆတွေ ဟာ၊ အနာဂတ်မှာ ဖြစ်တည်လာမယ့် နိုင်ငံရေးစနစ်နဲ့ ဘယ်လောက် အံဝင်ခွင်ကျဖြစ်မလဲဆိုတာ မေးခွန်းထုတ် ရမယ်။


မြန်မာပြည်လွတ်လပ်ရေးဟာ၊ အမျိုးသားရေးစိတ်အပေါ် အခြေခံပြီး ပေါက်ဖွားလာတာဖြစ်တယ်။ ဝိုင်အမ်ဘီ အေ၊ ဂျီစီဘီအေ နဲ့ တို့ဗမာအစည်းအရုံးတို့ဟာ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကနဦး အင်အားစုတွေ ဖြစ်တယ်။ ဒီအသင်းကြီးတွေ၊ အစည်းအရုံးတွေဟာ၊ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒကို အခြေခံပြီး တော်လှန်ရေးတွေ လုပ်ခဲ့တယ်။ နိုင်ငံလွတ်မြောက်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်က အခြေခံဖြစ်ခဲ့ တယ်။
မြန်မာလူထုမှာ၊ အမျိုးသားရေးစိတ်က မူလဗီဇမှာ ကိန်းဝပ်နေပြီးသားဖြစ်တယ်။ ဒီအသွေးအသားကို ဖယ်ထုတ် လို့ မရဘူး။ ကိုယ့်နိုင်ငံနဲ့သင့်တော်တဲ့ ဘယ်လိုအမျိုးသားရေးဝါဒကို တည်ဆောက်ကြမလဲဆိုတာကိုသာ စဉ်း စားရမှာ ဖြစ်ပါတယ်။

ယခု နိုင်ငံတည်ဆောက်ရေးမှာလည်း၊ မြန်မာပြည်ရဲ့ အမျိုးသားရေးဝါဒဟာ ဆင်ခြင်တုံတရားနဲ့ မယှဉ်တွဲရင်၊ အောင်မြင်နိုင်မယ် မထင်ပါဘူး။ ပဋိပက္ခတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ မသိရင်၊ တိုင်းပြည်တည် ဆောက်ရေးလည်း မအောင်မြင်နိုင်ဘူး။ ပုံပျက်ပြီး၊ ရန်လိုတဲ့ အမျိုးသားရေးဝါဒကို အလိုလို ထူထောင်ပြီးသား လည်း ဖြစ်သွားနိုင်တယ်။
အမျိုးသားရေးဝါဒဟာ လစ်ဘရယ် ဒီမိုကရေစီအတွက် ရန်ဖက်လည်း ဖြစ်နိုင်တယ်။ မိတ်ဘက် လည်း ဖြစ်နိုင် တယ်။ ရန်ဘက်၊ မိတ်ဘက် ဆိုတာကို ရွေးချယ်ရမှာက ၊ နိုင်ငံသားတွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ နိုင်ငံရေး ဓလေ့ဟာ သိမ်မွေ့ယဉ်ကျေးရင်၊ ဒီမိုကရေစီနဲ့ သင့်တော်တဲ့ အမျိုးသားရေးဝါဒကို တည်ဆောက်နိုင်မယ်။

မျက်ကန်းမျိုးချစ်ဝါဒကို ကိုင်ဆွဲလွန်းရင်၊ အမျိုးသားရေးဝါဒဟာ လစ်ဘရယ်ဒီမိုကရေစီအတွက် ရန်ဘက် ဖြစ် မယ်။
ကမ္ဘာကြည့်ကြည့်၊ မြန်မာကြည့်ကြည့်ပြီး၊ လစ်ဘရယ် အမျိုးသားရေးဝါဒကို တည်ဆောက်နိုင်ဖို့ တင်ပြလိုက်ရ ပါတယ်။

မင်းသေ့
ည ၇ း ၂၈
၂၈ ၊ မတ် ၊ ၂၀၁၈ ။

http://thevoicemyanmar.com/opinion/19431-amt

Previous post လူထု လို ၊ မလို
Next post တို့ . . . မြန်မာတွေ