ငယ်စဉ်ဘဝတုန်းက၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့ စကားကို ခဏ ခဏ ကြားခဲ့ရဖူးတယ်။ ဆက်ကျော်သက် ဘဝမှာ ကိုယ်တိုင် စာဂျပိုး စစ်စစ် ဖြစ်လာတယ်။ ဒီတော့ စာအုပ်တွေ လျှောက်ဖတ်တယ်။ ရတတ်သမျှ စာအုပ် စာစောင်က ကိုယ်နဲ့ လွတ်တာ မရှိသလောက်။ ဒီလိုနဲ့ ဖတ်ပါများလာရင်း စာအုပ်တွေ အကြောင်း နည်းနည်း သိလာတယ်။ လူ့အကြောင်း ပေါင်းမှသိ ဆိုတာ ရှိတယ် မဟုတ်လား။ စာအုပ်အကြောင်းလည်း ဖတ်ကြည့်မှ သိတယ်။ စာအုပ်အကြောင်းကတော့ တန်းမသိဘူး။ ဖတ်တာ ကြာမှ အထာကို သိလာတယ်။ စာအုပ်တွေ ကလည်း လူတွေလိုပဲ၊ ခဏ ဖတ်ရတဲ့စာအုပ်။ ကျော်ဖတ်ရတဲ့ စာအုပ်၊ မြန်မြန် ဖတ်ရတဲ့ စာအုပ်၊ တစ်ခါပဲ ဖတ်ရ တဲ့ စာအုပ်ဆိုတာ ရှိတယ်။ ဒါ့ကြောင့်လည်း ဖရန်စစ်ဘေကွန်က ပြောခဲ့တဲ့ စကားက သိပ်တွင်ကျယ်တယ် မဟုတ်လား။ တချို့စာအုပ်တွေက မြိုချဖို့။ တချို့စာအုပ်‌တွေက ညက်ညက်ဝါးဖို့။ တချို့ စာအုပ်တွေက မြည်းဖို့။ စသည်ဖြင့် ဆိုတယ်။ လူတွေမှာလည်း အမြဲတမ်း ပေါင်းသင့်ရမယ့်သူ ရှိတယ်။ စိတ်ပေါင်းကိုယ်ခွာ လုပ်ရတာ တွေ ရှိတယ်။ ကိုယ်ပေါင်းစိတ်ခွာတွေလည်း ရှိရတယ်။ အမျိုးမျိုးပေါ့။ 

ဘဝဒဿန စာအုပ်

စာအုပ်တွေမှာ ခဏ ခဏ ဖွင့် ဖတ်ရတဲ့ စာအုပ်တွေ ရှိတယ်။ ကျနော့်အတွက်တော့ ဘဝဒဿနနဲ့ ဆိုင်တဲ့ စာအုပ် တွေက ခဏ ခဏ ဖွင့်ဖတ်ရတာပဲ။ ကိုယ်က ဘဝကို ဒီအတိုင်း ပြစ်စလက်ခတ် ထားတာမျိုး မလုပ်ဘူး။ ကိုယ့်ဘဝ ကို တန်ဖိုးထားတယ်။ တန်ဖိုးထားလွန်းလို့ အတ္တကြီးသလိုတောင် ဖြစ်တယ်။ အတ္တကြီးတယ်လို့ ပြော ရင်လည်း ဝန်ခံပါတယ်။ ဟုတ်ပါတယ်။ 

ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားလို့၊ ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကိုလည်း တန်ဖိုးထားတယ်။ ကိုယ်နေတဲ့ လူ့အဖွဲ့ အစည်းကိုလည်း တန်ဖိုးထားတယ်။ ကိုယ်နေတဲ့ နိုင်ငံကိုလည်း တန်ဖိုးထားတယ်။ ကိုယ်နေတဲ့ လောကကြီးကို လည်း တန်ဖိုးထားတယ်။ ဘယ်အရာကို တန်ဖိုးထားတယ်ဆိုတာ- ကိုယ့်ဘဝ ဖြစ်လာတယ်တဲ့။ သိပ် သဘောကျ စရာကောင်းတယ်။ 

ကိုယ့်ဘဝကို တန်ဖိုးထားလို့ ကိုယ့်ကိုယ်ကို ပြီးကပစ် မနေဖြစ်ဘူး။ အထူးသဖြင့် ကိုယ့်စိတ်ကို အမြဲတမ်း ပြန်ပြန် ကြည့်တယ်။ ငါ့စိတ်က ဘာဖြစ်နေသလဲ၊ ဘယ်လိုဖြစ်နေသလဲဆိုတာ ခဏ ခဏ စောင့်ကြည့်တယ်။ ဘယ်လို အခြေအနေမျိုးမှာ ငါ့စိတ် ဘယ်လိုဖြစ်တတ်သလဲ၊ ဘယ်လို ပြောင်းလဲတတ်သလဲဆိုတာကို ခဏ ခဏ ကြည့်ဖြစ်တယ်။ ကြည့်ပြီး တည့်မတ်သင့်တာကို တည့်မတ်တယ်။ ဖြောင့်သင့်တာကို ဖြောင့်ဖို့ ကြိုးစားတယ်။ 

ပြုပြင် စီရင် လို့ ရ – လုပ်ယူလို့ ရ

ဗုဒ္ဓအဟောကျမ်းမှာလည်း ပြုပြင်စီရင်လို့ ရတယ်ဆိုတဲ့ သဘောကို ပြောတယ်။ ဆိုလိုချင်တာက လုပ်ယူလို့ ရတယ်။ သစ်ခုတ်တဲ့သူတွေက သစ်ကို ဖြောင့်အောင် ရွေသလို၊ မုဆိုးကလည်း ဝါးကို မီးအပူပေးပြီး ဖြောင့်အောင် လုပ်ကာ မျှား လုပ်တယ်၊ လယ်သမားကလည်း လိုတဲ့ရေကို သွယ်ပြီးတော့ စိုက်ပျိုးတယ်။ သစ်ကို ရွေသကဲ့သို့၊ ဝါးကို မီးအပူပေးပြီး ဖြောင့်သကဲ့သို့၊ ရေကို လယ်ထဲ သွယ်ယူသကဲ့သို့…..၊ လူကလည်း ကိုယ့်အပြု အမူကို ပြုပြင်လို့ ရတယ်။ ကိုယ့်စိတ်ကို ပြုပြင် လို့ ရတယ်။ လူဟာ ကိုယ့်အပြောအဆိုကို ပြုပြင်လို့ ရတယ်။ ကိုယ့်စိတ်ထားကို ပြုပြင်လို့ ရတယ်။ ကိုယ့်အသိဉာဏ်ကို ပြုပြင်လို့ ရတယ်။ သင်္ခါရသဘောဆိုတာ ဘာမဆို ပျက်မှာချည်းပဲ မဟုတ်ဘူး။ ဘယ်အရာမဆို ပြောင်းလဲနိုင်တယ်ဆိုတဲ့သဘော။ ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ၊ ဆိုးတာကိုလည်း ကောင်းတာအဖြစ် ပြောင်းလဲယူလို့ရတယ်ဆိုတဲ့သဘော။ 

လူ့ကိုယ်ရည်ကိုယ်သွေးမှာ – ဖြည့်ကျင့်ပြီး ပြုပြင်လို့ ရတာတွေ အများကြီး ရှိပါတယ်။ သတိနဲ့ ဉာဏ်နဲ့ လေ့လာမှု နဲ့ တစိုက်မတ်မတ် ရှိမှုကတော့ အထူးလိုအပ်တာပေါ့။ ဆရာကောင်း သမားကောင်းလည်း လိုတယ်။ ကလျာဏ မိတ္တရှိဖို့လည်း လိုတယ်။ စာအုပ် တချို့ဟာ ခင်ဗျားအတွက် ကလျာဏမိတ္တ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တချို့ စာအုပ်တွေက မိတ်ဆွေကောင်းတွေလိုပဲ၊ ခဏ ခဏ ပေါင်းသင်းရတယ်။ ခဏ ခဏ ပြောဆို ဆွေးနွေးတာမျိုးနဲ့ တွေ့ထိရတယ်။ ကျနော့်အတွက်ကတော့ – ဆရာကြီး ဦးရွှေအောင်နဲ့ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) တို့ရဲ့ စာအုပ်တွေဟာ တကယ့် ကလျာဏ မိတ္တပါပဲ။ 

ကောင်းတယ်လို့ မပြော – ကောင်းဖို့ ကြိုးစားနေတာ 

ကိုယ့်ကိုယ်ကို တစ်နေ့ထက် တစ်နေ့ တစ်ရက်ထက် တစ်ရက် ပိုကောင်းတဲ့ အရည်အချင်းတွေ ရှိအောင် လုပ်နေတာကိုက လူ့လောကကြီးကို အကျိုးပြုသတဲ့။ ကျနော်ဟာ လူကောင်းတစ်ယောက်မဟုတ်ပါဘူး။ လူ ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့သူ သာ ဖြစ်ပါတယ်။ 

လောကကြီးတစ်ခုလုံးကောင်းဖို့၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကောင်းဖို့ ကျနော် မတတ်နိုင်ပါဘူး။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားတည်ဆောက်ခြင်းအားဖြင့် လူ့လောကကြီးကို အကျိုးပြုရာ ရောက်ပါတယ်။ ကိုယ့်စိတ်က ကိုယ်လုပ်စရာရှိတာကို လုပ်တဲ့နေရာမှာ စိတ်ကောင်းနဲ့ယှဉ်ပြီး လုပ်နေရုံပါပဲ။ အဲသည်လို လုပ်တဲ့နေရာမှာ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင်ဆိုပြီး ဉာဏ်ကို ပိုချဲ့မယ်၊ သတိကို ပိုတိုးမယ်၊ စေတနာကို မနေ့ကထက်တော့ မယုတ်လျော့စေရဘူး ဆိုတဲ့ စိတ် ဖြစ်ရမယ်လေ။ ဒါဆိုရင် ပိုကောင်းတဲ့ လူတွေ ပိုပိုတိုးလာပြီး ပိုကောင်းတဲ့ လူ့အသိုင်းအဝန်း ဖြစ်လာမှာပေါ့။ 

လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကောင်းမွန်ဖို့ ကိုယ်ကိုယ်တိုင်ကပဲ စတင်ရမယ်ဆိုတဲ့ အယူအဆကို ကိုင်ဆွဲကျင့်သုံး ခြင်းဟာ – ပိုကောင်းတဲ့ လူ့အသိုင်းအဝိုင်းဖြစ်တယ်လို့ သိသာထင်ရှားချင်မှ သိသာထင်ရှားမယ်။ သို့သော်လည်း အကျိုးယုတ်တဲ့သဘောတော့ လုံးဝ မရှိပါဘူး။ 

ကောင်းတဲ့အလုပ်တွေကို စိတ်သန့်သန့်နဲ့ စိတ်ဖြောင့်ဖြောင့်နဲ့ တစိုက်မတ်မတ် စဉ်ဆက်မပြတ် လုပ်နေဖို့ပဲ မဟုတ်လား။ ကောင်းတာ မကောင်းတာ အသာထား။ ကောင်းဖို့ ကြိုးစားနေတယ်ဆိုကတည်းက ကိုယ့်အတွက် အကျိုးဖြစ်နေပြီ။ လောကကြီးအတွက်လည်း အကျိုးဖြစ်နေပြီ။ 

ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုကတည်းက။ ကိုယ့်လူ့အဖွဲ့အစည်းကို ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ကြိုးစားနေတယ်ဆိုကတည်းက။ အကောင်းဘက်ကို ဦးတည်နေပါပြီ။ တကယ် လက်တွေ့ ကောင်းဖို့အတွက်ဆိုရင်တော့ – သတိနဲ့ အကန့်အသတ်ကို သိဖို့။ မိစ္ဆာဒိဋ္ဌိ ပူးကပ်မဝင်ဖို့ အရေးကြီးတာပေါ့။ 

ဆရာတော် ဦးဇောတိက စာအုပ်တွေ

ဒီလို လုပ်နိုင်ဖို့အတွက် ကိုယ့်ကို အမြဲတမ်း ဖေးမနေတာ စာအုပ်တွေ ဖြစ်ပါတယ်။ စာအုပ်တွေလို့ ပြောရင် ခြုံ ပြောသလိုဖြစ်နေမယ်။ ဆရာ‌တော် ဦးဇောတိကရဲ့ စာအုပ်တွေလို့ ပြောမယ်။ 

  • ကိုယ့်ကိုယ်ကို ဘဝင် မြင့်မသွားအောင် သတိပေး လက်တို့ ဇက်ပိုးသပ်ခိုင်းတယ်။ 
  • ကိုယ့်စိတ်ကို အလွန်အကျွံတွေ ဖြစ်မသွားအောင် ထိန်းပေးတယ်။ 
  • ကိုယ့်အတွေးတွေကို လွတ်လပ်အောင် လွတ်မြောက်စေတယ်။ 
  • ကိုယ့်အပြောအဆိုတွေကို ပိုသိမ်မွေ့အောင် လုပ်ပေးတယ်။ 
  • ကိုယ့်နှလုံးသားကို ပိုကျယ်ပြန့်အောင် လုပ်ပေးတယ်။ 
  • ကိုယ့်သဘောထားကို ကျယ်သထက် ကျယ်ပြန့်အောင် ကျေးဇူးပြုတယ်။ 
  • ကိုယ့်အသိဉာဏ်အရည်အသွေးကို ပိုမြင့်အောင် တွန်းအားပေးတယ်။ 
  • ကိုယ့်စိတ်ကို ပိုလွတ်လပ်အောင် လုပ်ပေးတယ်။ 
  • ကိုယ့်ဝန်းကျင်ကို ပိုကျယ်အောင် လမ်းပြတယ်။ 

ယနေ့ ကျနော် ဖြစ်တည်နေတဲ့ ကိုယ်ရည်ကိုယ်သွေးသည်ပင်လျှင်၊ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ စာအုပ်တွေက ရတဲ့ ကျေးဇူးတော်တွေပဲ ဖြစ်ပါတယ်။ 

မင်းသေ့ 

နံနက် ၄း၃၄ 

၂၈၊ ဇူလိုင်၊ ၂၀၂၂။

Previous post တို့တိုင်းပြည်တော့ ပျက်တော့မယ် ထင်တယ် 
Next post လက်နက်ကိုင်လမ်းစဉ်အပေါ်  ဒီ/ချုပ်ရဲ့ မူဝါဒက ဘာလဲ