တို့တိုင်းပြည်တော့ ပျက်တော့မယ် ထင်တယ် 

  • သတ္တဝါတို့ ဆင်းရဲခြင်း၏ မူရင်းအကြောင်းဖြစ်သော မနာလိုမှု “ဣဿာ” နှင့် ဝန်တိုမှု “မစ္ဆရိယ” ကိုသာ ပယ်ရှားနိုင်မည်ဆိုလျှင် ဤလောကသည် များစွာ နေချင့်စဖွယ်ကောင်းသော ဒေသမွန်တစ်ခု ဖြစ်ပေ လိမ့်မည်။ (ဦးရွှေအောင်၊ ဓမ္မပဒ ၊ အပ္ပမာဒဝဂ်၊ စာ ၃၆၉) 

နေ့စဉ် ကိုယ့်စိတ်ကို တတိတိ ထိုးနှက်နေတာ တစ်ခု ရှိတယ်။ စိုးရိမ်ချက်။ စိုးရိမ်ချက်။ “ငါတို့ တိုင်းပြည်တော့ ပျက်တော့မှာပဲ” ဆိုတဲ့စိတ်က တဖြည်းဖြည်း ပိုပိုတိုးလာတယ်။ 

  • ဣဿာ ၊ မစ္ဆရိယစိတ်တွေကြောင့် ငါတို့ တိုင်းပြည် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ အားလုံးဟာ အကန့်အသတ် မဲ့ကုန်ပြီ။ စည်းဘောင် မဲ့ ကုန်ပြီ။ ကျင့်ဝတ် မဲ့ကုန်ပြီ။ အထိန်းအကွပ် မဲ့ကုန်ပြီ။ 

ကိုယ့်ဘာသာ စိတ်ထဲ၊ ဒီစကားတွေ အထပ်ထပ် ပြောနေမိတယ်။ 

  • သံကို သံဖျက် သံချေးတက်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတက်။ ငါတို့ တိုင်းပြည်ဟာ ငါတို့ အချင်းချင်း ဖျက်ကြလို့ ပျက်ကြတော့မယ်….ဆိုတာ ခဏ ခဏ တွေးနေမိတယ်။ 

တွေးတယ်ဆိုတာထက် ဒီအတွေးတွေဟာ ကိုယ့်ခေါင်းထဲ ရောက်ရောက်လာတယ်လို့ ပြောရင် ပိုမှန်မယ် ထင်တယ်။ နောက်ထပ် အတွေးတွေက ဒေါင်ချာဆိုင်းပြီး ဝင်လာတယ်။ အဲသည့် အတွေးက အတော် သံသယဖြစ်စရာကောင်းတယ်။ ဘာ့ကြောင့် ငါ ဒီလို တွေးမိပါလိမ့်ဆိုတာ ခဏ ခဏ ပြန်မေးမိတယ်။ ဒါကို လူသိ ရှင်ကြား ထုတ်ပြောရင် နားရင်းအုပ်ခံရမှာ ကြိမ်းသေပဲ။ 

တော်လှန်ရေးအောင်ခဲ့ရင်တောင် 

  • ဒီတော်လှန်ရေးအောင်မယ်ဆိုရင်တောင် – ငါတို့ တိုင်းပြည် ဒီမိုကရေစီ ရပါ့မလား ဆိုတဲ့ စိတ်။ ဒီစိတ်က အတော် ဆိုးတယ်။ ဒီသံသယဟာ အတော် ဆိုးတယ်။ ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ဘူး။ ငါ ဘာ့ကြောင့် ဒါကို တွေးမိပါလိမ့်မယ်။ နောက်တစ်ခု ရှိသေးတယ်။ 
  • အခု ဖက်ဒရယ်ဆိုတာကို အတွင်တွင် ပြောနေတယ်။ ဒီတော်လှန်ရေးအောင်မယ်ဆိုရင် ဖက်ဒရယ်တော့ ရကောင်းရမယ်။ ဒီမိုကရေစီ ပါလာပါ့မလားဆိုတာ စိုးရိမ်တယ်။ မြန်မာပြည်ရဲ့ ဖက်ဒရယ်ဆိုတာ စစ်ဘုရင်တွေအကြား အာဏာခွဲထားတဲ့ အမျိုးသားပြည်ထောင်တွေများ ဖြစ်နေမလား။ 
  • ဖက်ဒရယ်ဖြစ်တာကြောင့် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်မှုတော့ ရမယ်။ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ရ ကြလိမ့်မယ်။ သို့သော်လည်း စစ်အုပ်စုကြီးတစ်ခုအောက်မှာ နေတာနဲ့ စစ်ဘုရင်လေးတွေအောက်မှာ နေတာ။ ဒါပဲ ကွာမယ် ထင်တယ်။ ပြည်သူလူထုကတော့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး၊ လူနည်းစု အခွင့်အရေး၊ လူတစ်ဦးချင်း လွတ်လပ်ခွင့်တွေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ တကယ်ရော ပြည့်ပြည့် ဝဝ ရကြပါ့မလားလို့ စိုးရိမ်တယ်။ တော်တော်ကြီးကို စိုးရိမ်တယ်။ 

တို့အချင်းချင်း ဖျက်လို့ ပျက်ကြပြီ

ဣဿာ ၊ မစ္ဆရိယစိတ်တွေဟာ သိပ်ကြောက်စရာ ကောင်းတာပဲ။ တို့တိုင်းပြည်ကို တို့အချင်းချင်း ဖျက်လို့ပဲ ပျက် ကြမှာ။ တို့တိုင်းပြည်ကို တရုတ်ကလည်း မဖျက်နိုင်ဘူး။ ကုလားကလည်း မဖျက်နိုင်ဘူး။ အမေရိကန် မျက်နှာဖြူ တွေကလည်း မဖျက်နိုင်ဘူး။ တို့အချင်းချင်း ဖျက်လို့ ပျက်ကုန်ကြမှာ။ အခုလည်း တတိတိနဲ့ ပျက်ယွင်းကုန်ပြီ။ အင်္ဂလိပ် နှစ်တစ်ရာကျော် ကျွန်ပြုခဲ့တုန်းက အခု တို့အချင်းချင်း ဖျက်ကြသလောက် ပျက်မယ်လို့ မထင်ပါ။ အခုကတော့ အတော်ဆိုးဆိုးရွားရွားတွေ ထပ်ပြီး လာလိမ့်မယ်လို့ ထင်တယ်။ 

  • ငါတို့ဟာ တည်တည်ငြိမ်ငြိမ် မရှိရင်၊ ငါတို့ဟာ ဂယောက်ဂယက်တွေ ဖြစ်နေရင်၊ ငါတို့ဟာ အရူးချီးပန်း လျှောက် လုပ်နေရင်၊ ငါတို့ဟာ ငါ့တို့ ခံစားချက်တွေကို ပြန်လည် တည့်မတ်နိုင်စွမ်း မရှိရင်၊ ငါတို့ရဲ့ စိတ်ရူးပေါက်မှုတွေဟာ တဖြည်းဖြည်း ငါတို့ကို ပြန် ဒုက္ခပေးလာတော့မယ်။ 
  • မစားရတဲ့ အမဲ – သဲနဲ့ ပက်ဆိုတာ တကယ့် ငါတို့မှ အစစ်။ ငါတို့ တိုင်းပြည်ကို အပြင်က ဖျက်တာထက် အတွင်းက အချင်းချင်း ဖျက်တာက အထိခိုက်ဆုံးပဲ။ အခုတော့ ဒီလိုဖြစ်နေပြီ။ အလွန်အကျွံတွေ ဖြစ်ကုန်ကြပြီ။ 

ဆရာကြီး ဦးရွှေအောင်ရဲ့ ဓမ္မပဒ ၊ အပ္ပမာဒဝဂ် ထဲမှာ အခုလိုလေး ဖတ်ရတယ်။ 

  • မနာလိုမှု “ဣဿာ” သည် စီးပွားရေးနယ်ပယ်၌ သာမက အုပ်ချုပ်ရေးနယ်ပယ်၌လည်း ရှိ၏။ ပညာရေး နယ်ပယ်၌လည်း ရှိ၏။ မည်သူ ရာထူးတက်သွားပြီဆိုလျှင် နားကြားပြင်းကတ်၏။ မည်သူ ရာထူးကျ သွားပြီဆိုမှ နားဝင်ချို၏။ မည်သူ စာအသင်အပြ ကောင်းသည်၊ အရေးအသားကောင်းသည်ဟု ကျော်ကြားလာလျှင်လည်း နားကြားပြင်းကတ်သည်ပင် ဖြစ်၏။ (စာ  ၃၆၈) 
  • မိတ်ဆွေ အရင်းအချာပင် ဖြစ်စေကာမူ စိတ်ထဲကတော့ မကျေနပ်။ ပြိုင်ဆိုင်မှု “ပလာသ” သဘောအရ၊ မိမိသည်သာလျှင် ရာထူးကြီးကြီး ရလို၏။ မိမိသည်သာလျှင် တော်သည်၊ တတ်သည်ဟု ကျော်ကြားလို၏။ ဤသည်မှာ မိမိကိုယ်ကို အခိုင်အမာ ပြုခြင်းဖြစ်၏။ အခိုင်အမာ ပြုခြင်းကို “ထမ္ဘ” ဟု ဆို၏။ (စာ  ၃၆၈) 
  • ပုထုဇဉ်တို့သည် နှုတ်က ဘုရားလောင်းစကားကို ပြောကြသော်လည်း စိတ်က ဒေဝဒတ် အကြံကို ကြံကြ၏။ စီးပွားရေးနယ်ပယ်၌လည်း ပေးထိုက်သော ခွဲတမ်းကို မပေးဘဲ မိမိက လက်ဝါးကြီးအုပ်ထား ၏။ ခေါင်းပုံဖြတ်၏။ အုပ်ချုပ်ရေးနယ်ပယ်၌လည်း ပေးသင့်သော ရာထူးနှင့် အာဏာကို မပေးဘဲ မိမိက ချုပ်ကိုင်ထား၏။ ပညာရေးနယ်ပယ်၌လည်း အခြေအနေမှန်များကို လွတ်လွတ်လပ်လပ် တင်ပြခွင့်၊ ဆွေးနွေးခွင့် မပေးဘဲ ဖုံးဖိထား၏။ ဤသည်မှာ ဝန်တိုခြင်း “မစ္ဆရိယ” ဖြစ်၏။ (စာ ၃၆၈ – ၉) 

မင်းသေ့ 

နေ့လယ် ၂း၃၉ 

၂၈ ၊ ဇူလိုင်၊ ၂၀၂၂။

Previous post တရားသေသမား နှင့် မုချဝါဒီ
Next post ကလျာဏမိတ္တ စာအုပ်