●───── ๑۩۩๑ ─────●

အတိတ်ဆိုတာ ပြီးပြီ။ ထပ်မလာတော့ဘူး။ ပြီးခဲ့တာကို အတိတ်လို့ ပြောပေမယ့်၊ အဟောင်းဟာ အသစ်အဖြစ် ထပ်ကျော့လာနိုင်တယ်။ ဒါကို သမိုင်းတစ်ပတ်လည်တယ်လို့ ပြောလိမ့်မယ်။ လူသစ်တွေက အမှားဟောင်းတွေ ကို ထပ်လုပ်ရင် ဒါကို သမိုင်းတစ်ပတ်လည်လို့ ပြောကြတယ်။ အဟောင်းကပဲ အသစ်နေရာကို ရောက်လာရင်၊ ဒါဟာ သမိုင်းသင်ခန်းစာ မကြေဘူးလို့ ပြောနိုင်တယ်။ အသိဉာဏ်မဲ့သူတွေဟာ သမိုင်းထဲကနေ သင်ခန်းစာ မယူ တတ်ကြဘူး။ တချို့လည်း သင်ခန်းစာမယူတတ်တာမဟုတ်ဘူး။ မယူဝံ့တာ။ မယူချင်တာလို့ ပြောရင် ပိုမှန်မယ်။ ကိုယ့်ကိုယ်ကို ရက်ရက်စက်စက် ရိုးရိုးသားသား ပြန်မဆင်ခြင်နိုင်ရင် အတိတ်က အရိပ်ကို ပြန် မမြင်နိုင်ပါ၊ ပြန် ကြည့်နိုင်စွမ်း မရှိပါ။ အရိပ်မည်းရှိခဲ့တဲ့ အတိတ်ကို ပြန် မကြည့်ချင်တာ ထုံးစံပဲ။ အတိတ်မှာ လုပ်ရပ်ကောင်း ဖြစ်ခဲ့ရင် အတိတ်ကို ခဏ ခဏ အောက်မေ့သတိရပြီး ခွန်အားပြန်ယူကြတယ် မဟုတ်လား။ ကျနော်တို့ အတိတ်က ဘာလဲ။ အတိတ်မှာ အရိပ်မည်းနဲ့လား – အတိတ်မှာ လုပ်ရပ်ကောင်းနဲ့လား။ 

———- (၁) ———-

၈၈ လူထုဒီမိုကရေစီလှုပ်ရှားမှုဟာ – မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကြီးကျယ်ခဲ့ပါတယ်။ ဘယ်လို ကြီးကျယ်ခဲ့သလဲ။ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ကိုယ်ကျိုးစွန့် ပေးဆပ်မှုတွေဟာ ကျနော်တို့ ဦးညွှတ်ရလောက်တဲ့အထိ ရဲရင့်ခဲ့တယ်၊ တည်ကြည်ခဲ့တယ်။ ထို့နောက် ထက်သန်သော တော်လှန်စိတ် ပြင်းထန်ခဲ့ကြတယ်။ တော်လှန်စိတ်နဲ့ အကန့် အသတ် မရှိပေမယ့် တော်လှန်ရေးခရီးမှာ အကန့်အသတ်တွေနဲ့ ကြုံခဲ့ရပါတယ်။ တချို့သော အကန့်အသတ် တွေကို ရန်သူက ဖန်တီးတာ။ တချို့သော အကန့်အသတ်တွေကို ကျနော်တို့ ကိုယ်တိုင် ဖန်တီးတာ။ ကျနော်တို့မှာ ရွေးချယ်စရာ များများစားစား မရှိခဲ့ပါဘူး။ အထူးသဖြင့် မဟာဗျူဟာ ရွေးချယ်မှုမှာ – ကျနော်တို့ များများစားစား ရွေးချယ်ခွင့် မရှိခဲ့ပါဘူး။ အပိတ်အဆို့၊ အရံအတားနဲ့ အကာအဆီးတွေဟာ ဒင်းကြမ်းပြည့်နှက်နေခဲ့ပါတယ်။ 

  • ခေတ်ရဲ့ ကျယ်ပြန့်ခွင့်ရသလောက် လူးလွန့်လှုပ်ရှားကြရတယ်။ 
  • ကျနော်တို့ ဉာဏ်ကျက်စားနိုင်သလောက် တွေးခေါ်စဉ်းစားခဲ့ကြတယ်။ 
  • ကျနော်တို့ ဖြည့်ကျင့်ခဲ့သလောက် ကိုယ်ခံအားကောင်းခဲ့တယ်။ 

ဘာပဲပြောပြော ၈၈ သမိုင်းဟာ ဂုဏ်သိက္ခာရှိသော တော်လှန်ရေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ နာကျည်းချက် တွေ ရှိပေမယ့်၊ ကလှည့်စားတွေ မရှိခဲ့ပါဘူး။ ခွင့်လွှတ်နားလည်ပေးခြင်းတွေပဲ ရှိခဲ့ပါတယ်။ ကျနော်တို့မှာ ပေးဆပ်အနစ်နာခံမှုတွေ ရှိခဲ့ပေမယ့်၊ ပေးဆပ်ခဲ့မှုတွေအတွက် အကြွေးတောင်းသလို မတောင်းခဲ့ကြပါဘူး။ တိုးတိတ်စွာပဲ ရင်းနှီးမြှုပ်နှံရင်း အနာဂတ်သစ်ကို မျှော်နေခဲ့ကြသူတွေ ဖြစ်ပါတယ်။ လူထုတော်လှန်ရေးမှာ၊ ညစ်ထေးမှုတွေ မပါရင် ဂုဏ်ယူဖွယ်ရာ တော်လှန်ရေးပါ။ အောက်မေ့ဖွယ်ရာ တော်လှန်ရေးပါ။ ဦးညွတ်ဖွယ်ရာ တော်လှန်ရေးပါ။ 

အတိတ်ကို ပြန်ကြည့်ပြီး၊ 

  • ငါတို့ရှေ့က မျိုးဆက်ဟာ ဘယ်လောက် ရဲရင့်ခဲ့တာ၊ 
  • ဘယ်လောက် တည်ကြည်ခဲ့တာ၊ 
  • ဘယ်လောက် ဖြောင့်မတ်ခဲ့တာ၊ 
  • ဘယ်လောက် ဇွဲနပဲ ကြီးခဲ့တာ၊ 
  • ဘယ်လောက် သဘောထားကြီးခဲ့တာ၊ 
  • ဘယ်လောက် ခံနိုင်ရည် ရှိခဲ့တာ၊  
  • ဘယ်လောက် ဉာဏ်အမြော်အမြင်ရှိခဲ့တာ။ 

စတာတွေကို ပြန်ပြန်တွေးပြီး ဂုဏ်ယူရတာမျိုးဖြစ်ချင်တယ်။ သမိုင်းကို ပြန်ကြည့်တော့ ကျနော်တို့စိတ်လုံပါ တယ်။ ကျနော်တို့ရှေ့မျိုးဆက်က တာဝန်ကျေသင့်တာထက် ပိုလွန်ခဲ့တယ်။ အတိတ်က အမှားကို သင်ခန်းစာယူ ပြီး၊ ကောင်းမြတ်ခဲ့မှုတွေနဲ့ ရဲရင့်တည်ကြည်ခဲ့မှုတွေကိုတော့ အတုယူရပါလိမ့်မယ်။ ဒီနှစ်ခုဟာ ဒွန်တွဲပြီး ကြည့်မှ ပြည့်စုံပါလိမ့်မယ်။ သမိုင်းဆိုတာ အတိတ်ပဲ။ ကျန်ခဲ့ပြီလို့ ပြောနိုင်ပေမယ့် ပြန်သယ်ဆောင်ရမယ့် အစဉ်အလာ ကောင်းတွေ ရှိပါတယ်။ 

ပြီးစီးခဲ့တာကို ရှင်းလင်းပြတ်သားစွာ မကြည့်နိုင်ရင်၊ သွားရမယ့် အနာဂတ်ကိုလည်း မှုန်မှုန်ဝါးဝါးပဲ မြင်နေရပါ လိမ့်မယ်။ ကျနော်တို့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ကြည့်ကြ၊ မြင်ကြဖို့ ကောင်းပါတယ်။ ဒါဟာ မင်္ဂလာ ရှိပါတယ်။ 

———- (၂) ———-

ဒီမိုကရေစီဟာ ပန်းတိုင် မဟုတ်ပါဘူး။ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ထဲကို ကျနော်တို့ တိုးဝင်မြှုပ်နှံလာတာ မျိုးဆက် ဘယ်နှဆက် ရှိနေပြီလဲ။ အချိန်ကာလ ဘယ်လောက် ကြာညောင်းပြီလဲ။ ကျနော်တို့ ဖြတ်သန်းခဲ့သလောက် ကျနော်တို့ အရာရောက် ခရီးပေါက်ရဲ့လား။ ရလဒ်နဲ့ပဲ တိုင်းတာပြီး ပစ္စုပ္ပန်တည့်တည့် ကြည့်ရမှာတွေ ရှိပါတယ်။ တစ်ခုသော အမှားကို နှစ်ခါ မမှားဖို့ လိုတယ်လို့ ယူဆပါတယ်။ 

  • ကျနော်တို့ မှားခဲ့တာတွေ ဘာတွေလဲ။ 
  • ကျနော်တို့ မှန်ခဲ့တာတွေ ဘာတွေလဲ။
  • ကျနော်တို့ သင်ခန်းစာယူစရာတွေက ဘာတွေလဲ၊ 
  • ကျနော်တို့ အတုယူစရာတွေက ဘာတွေလဲ၊ 
  • ကျနော်တို့ ကြုံရတဲ့ အဟောင်းက ဘာလဲ၊ 
  • ကျနော်တို့ ကြုံရတဲ့ အသစ်က ဘာလဲ၊ 
  • ကျနော်တို့ လုပ်ခဲ့ဖူးတာ ဘာလဲ၊ 
  • ကျနော်တို့ မလုပ်ရသေးတာ ဘာလဲ၊ 
  • ကျနော်တို့ ရခဲ့တဲ့ ရလဒ်က ဘာလဲ၊ 
  • ကျနော်တို့ မရသေးတဲ့ ရလဒ်က ဘာလဲ၊ 

နှိုင်းနှိုင်းချိန်ချိန် သုခမိန် အတွေးအခေါ်နဲ့ ရှေ့ဆက်ရမယ့် တော်လှန်ရေးရှိပါတယ်။ ရဲရဲရင့်ရင့် ရှေ့တိုးရမယ့် သူရဲကောင်းသတ္တိနဲ့ ဖြတ်သန်းမယ့်တော်လှန်ရေး ရှိပါတယ်။ မွန်မွန်မြတ်မြတ် ကြီးမြတ်မှုနဲ့ ကျင့်သုံးရမယ့် သူတော်ကောင်းတရားတွေလည်း ကျန်နေပါသေးတယ်။ အားလုံးဟာ မျှမျှတတ အခြေတကျ ဖြစ်မှ ကောင်းပါ လိမ့်မယ်။ 

  • အလွန်အကျွံတွေမှာ စည်းဘောင်ဆိုတာ မရှိဘူး။ 
  • အစွန်းရောက်တွေမှာ မူဘောင်ဆိုတာ မရှိဘူး။ 
  • နလပိန်းတုံးတွေဟာ အကန့်အသတ်ဆိုတာ မထားဘူး။ 
  • အပိန်အဖျင်းတွေမှာ ဆင်ခြင်တုံတရားဆိုတာ မရှိဘူး။ 
  • တဇောက်ကန်းတွေမှာ အထိန်းအကွပ်ဆိုတာ မရှိဘူး။ 
  • တစ်ဖက်ကန်းတွေမှာ အမြော်အမြင်ဆိုတာ မရှိဘူး။ 

———- (၃) ———-

ခေတ်တွေ ပြောင်းလာခဲ့ပြီ။ အချိန်တွေ ကြာညောင်းလာခဲ့ပြီ။ ဖြတ်သန်းမှုတွေလည်း များပြား စုံလင်လှပြီ။ မျက်စိပွင့် နားပွင့် ဖြစ်တာတွေလည်း ကြုံခဲ့ပြီ။ နှလုံးသားတွေလည်း ပွင့်လင်း လွတ်လပ်လာကြပြီ။ အတိတ်မှာ ဂုဏ်ဒြပ်‌တွေ ရှိသလို၊ ပစ္စုပ္ပန်မှာလည်း ဂုဏ်ဒြပ်တွေ ရှိရလိမ့်မပေါ့။ အနာဂတ်ဆိုတာ အလင်းနဲ့။ အနာဂတ်ဆို တာလည်း ဂုဏ်ဒြပ်နဲ့ ။ 

  • ငါတို့ဟာ အလွန်အကျွံတွေ မဟုတ်ပါဘူး။ 
  • ငါတို့မှာ စည်းနဲ့ ဘောင်နဲ့ ရှိပါတယ်။ 
  • ငါတို့ဟာ အစွန်းရောက်တွေ မဟုတ်ဘူး။ 
  • ငါတို့မှာ မူနဲ့ စံနဲ့ ရှိပါတယ်။ 
  • ငါတို့ဟာ နလပိန်းတုံးတွေ မဟုတ်ဘူး။ 
  • ငါတို့ဟာ အကန့်အသတ်ကို သိပါတယ်။ 
  • ငါတို့ဟာ အပိန်အဖျင်းတွေ မဟုတ်ဘူး။ 
  • ငါတို့မှာ ဆင်ခြင်တုံတရား ရှိပါတယ်။ 
  • ငါတို့ဟာ တဇောက်ကန်းတွေ မဟုတ်ဘူး။ 
  • ငါတို့မှာ သတိတရား ရှိပါတယ်၊ အထိန်းအကွပ် ရှိပါတယ်။ 
  • ငါတို့ဟာ တစ်ဖက်ကန်းတွေ မဟုတ်ဘူး။ 
  • ငါတို့ဟာ ဘက်ပေါင်းစုံကို ရှုမြင်နိုင်စွမ်း ရှိပါတယ်။ 

ငါတို့ ရှေ့က အတိတ်ကလည်း မသေးသိမ်ခဲ့ဖူး၊ မညံ့ဖျင်းခဲ့ဘူး၊ မယုတ်မာခဲ့ဘူး။ အခုကြည့်… အတိတ်ကို တဖွဖွ ပြောရင်း ငါတို့ မျိုးဆက်သစ်ကို သွန်သင်နေလိုက်တာ၊ လက်ဆင့်ကမ်းနေလိုက်တာပဲ ကြည့်။ အခု ပစ္စုပ္ပန်က လည်း နောင်တချိန်မှာ အတိတ် ဖြစ်လာခဲ့မယ်။ အခု ငါတို့ အနာဂတ်ဟာ ငါတို့ ပစ္စုပ္ပန်ပေါ့။ အဲသည့်အခါ ၊ ငါတို့ဟာ – အစွန်းရောက်တွေ မဟုတ်ကြောင်း၊ ငါတို့ဟာ နလပိန်းတုံးတွေ မဟုတ်ကြောင်း၊ ငါတို့ဟာ အပိန်အဖျင်းတွေ မဟုတ်ကြောင်း၊ ငါတို့ဟာ တဇောက်ကန်းတွေ မဟုတ်ကြောင်း၊ ငါတို့ဟာ တစ်ဖက်ပိတ်တွေ မဟုတ်ကြောင်း…..။ ငါ့တို့ သားသမီးမြေးမြစ်တွေ တူ တူမတွေနဲ့ ငါတို့ မျိုးဆက်သစ်တွေက ငါ့တို့ အကြောင်း တဖွဖွ ဂုဏ်ယူပြီး ပြောစမှတ်တွင်ရလောက်အောင် ငါတို့ ကျင့်ဆောင်ခဲ့ကြရလိမ့်မယ်လို့ ငါ ယုံကြည်လက်ခံထား တယ်။ 

မင်းသေ့ 

နံနက် ၃း၁၀ 

၆ ၊ ဩဂုတ်၊ ၂၀၂၂။ 

Previous post ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား
Next post ဆရာ – ဒကာ စီမံချက်ဖြင့် သိမ်းသွင်းခံလိုက်ရသော ဘုန်းကြီးများ