ကျနော် မူလတန်းကျောင်းသားဘဝ။ (၃) တန်း (၄)တန်း အရွယ်လောက်တုန်းက မနက်ခင်းအချိန် အိမ်ရှေ့ ဘုန်းကြီး ရဟန်းတွေ ဆွမ်းခံကြွရင် ဆွမ်းထွက်ထွက်လောင်းခဲ့ရတယ်။ တခါတရံလည်း ဆွမ်းချည်းသပ်သပ်ပဲ လောင်းလှူနိုင်တယ်။ တခါတရံလည်း ဆွမ်းဟင်းခွက် လောင်းနိုင်တယ်။ နည်းနည်း အမေ့ဆီမှာ ငွေပိုငွေလျှံလေး နည်းနည်း ပိုတယ်လျှံတယ်ဆိုရင်၊ အမေက ဆွမ်းရော၊ ဟင်းရော နှစ်မျိုးလောင်းခိုင်းလေ့ ရှိတယ်။ မိသားစုရဲ့ ဝင်ငွေ အခြေအနေအပေါ်မှာ မူတည်ပြီးတော့၊ နေ့စဉ် ဆွမ်းခံကြွတဲ့ ဘုန်းကြီး ရဟန်းတွေကို လောင်းလှူလေ့ရှိတယ်။ ကျနော်တို့ မိသားစုက မောင်နှမတွေ များတော့ အသားဟင်း ငါးဟင်းရယ်လို့ များများ မလှူနိုင်ပါဘူး။ ဟင်းရွက် ကန်စွန်းကြော်တာတွေ အများဆုံးလှူဒါန်းလေ့ရှိပါတယ်။ သို့သော်လည်း ငယ်စဉ်တုန်းက အမှတ်ရရ ရှိနေတာက တော့၊ အိမ်ရှေ့မှာ ဆွမ်းလာရပ်တဲ့ ဘုန်းကြီး ရဟန်းကို “ကန်တော့ဆွမ်းပါ” လို့ ပြောရတာ ကျနော်တို့ မိသားစုက အတော် တွန့်ဆုတ်တယ်။ အခုအချိန်မှာ အမေမရှိတော့ပေမယ့်၊ ကျနော့် အစ်မဟာ အိမ်မှာ မရှိ ရှိတာကို လှူလေ့ ရှိတယ်။ ဒါဟာငယ်စဉ်ကတည်းက ကျနော်တို့ စွဲမြဲနေတဲ့ အကျင့်လို ဖြစ်နေတယ်။

သံဃဿ ဒေမ..လို့ ပြောခဲ့နော်

ငယ်ငယ်တုန်းက ကျနော် အိမ်မှုကိစ္စတွေ ဝိုင်းကူလုပ်နေရင်း၊ အိမ်ရှေ့မှာ ဘုန်းကြီး ရဟန်းတစ်ပါးပါးက ဆွမ်းရပ် တယ်ဆိုရင် မီးဖိုချောင်ထဲကနေ အမေက လှမ်းအော်တယ်။ “ဟဲ့ကောင်လေး… အိမ်ရှေ့မှာ ဘုန်းကြီးကြွလာတယ်၊ ဝတ်ခွက်ယူခဲ့ ဝတ်ခွက်ယူခဲ့” စသည်ဖြင့် ခိုင်းလေ့ ရှိတယ်။ တခါတရံလည်း ဆွမ်းပါ ယူသွားဟဲ့….၊ တစ်ဇွန်းလောင်း ခဲ့လို့ ပြောတယ်။ ဒီတော့ ကျနော်လည်း အမေခိုင်းတဲ့အတိုင်း လုပ်ရတယ်။ နောက်တော့ အမေက အဲသည်လို ဆွမ်းလောင်းခိုင်းရင်း ကျနော့်ကို တစ်ခု ထပ်ပြောတယ်။ “ဘုန်းကြီးကို လှူရင် ဒီအတိုင်း မလှူနဲ့နော်၊ ပါးစပ်ကနေ သံဃဿ ဒေမလို့ ပြောပြီး လှူခဲ့” တဲ့။ “သံဃဿ ဒေမ” ဆိုတာ ဘာလဲ ကျနော် မသိပါဘူး။

ဒါ့ကြောင့် တခါကျတော့ ကျနော်က အမေ့ကို မေးတယ်။ “အမေ… သံဃဿ ဒေမ” ဆိုတာ ဘာလဲဗျ။ အမေက ပြောတယ်။ “သံဃာအား လှူဒါန်းပါ၏” လို့ ပြောတာတဲ့။ သံဃာကို ရည်မှတ်ပြီး လှူဒါန်းတာဖြစ်လို့ သံဃာ့အဖွဲ့ အစည်းကြီးတစ်ခုလုံးကို ရည်စူးတာကြောင့်၊ ပိုလို့ အကျိုးကြီးသတဲ့။ ဒီလောက်ပဲ နားလည်ခဲ့တယ်။ အမေလည်း ဒီလောက်ပဲ ပြောပြခဲ့တယ်။ တကယ်တော့ အမေက အဲဒါကို ဘယ်လို သိသလဲတော့ မသိပါ။ အမေက တောသူ။ (၄) တန်း အဆင့်လောက်ပဲ ကျောင်းနေခဲ့ရတယ်။ ဒါပေမယ့် သူ ဒါကို သိနေတယ်။ နောက်ပိုင်း ကျနော် စာရေးဆရာ ဖြစ်လာမှ ဒါကို စဉ်းစားမိတယ်။ အမေရဲ့ အသိဟာ မနိမ့်ပါ့လား… ဆိုတာ သတိထားမိခဲ့တယ်။

သံဃာ့အဖွဲ့အစည်းကြီး

ကျနော် လူငယ်ဆယ်ကျော်သက်ဘဝမှာ၊ ဓမ္မကထိကဆရာတော်​တွေ ဟောတဲ့ တရားတွေကို နားထောင်တော့၊ သံဃာဆိုတာ အပေါင်းအစုကို ပြောတာ၊ အစုအပေါင်းကို ညွှန်းတာလို့ ထပ်ပြီး နားလည်လာပြန်တယ်။ ဆိုလိုချင် တာကတော့ ဘုန်းကြီး၊ ရဟန်းဆိုတာကတော့ တစ်ဦးတစ်ယောက်သဘောကို ညွှန်းပြီး၊ သံဃာဆိုတာကတော့ ၎င်းအစုအဝေးကြီး၊ အပေါင်းအစုကြီး၊ ၎င်းအဖွဲ့အစည်းကြီးတစ်ခုလုံးကို ညွှန်းဆိုတာလို့ နားလည်ရတယ်။ ကျနော် သိပ် သဘောကျတဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ကျမ်းစာနဲ့ ထေရုပ္ပတ္တိတွေကို လေ့လာရတဲ့အခါမှာလည်း၊ ဆရာတော်ဟာ မဟာဂန္ဓာရုံကျောင်းတိုက်ကို ထူထောင်တဲ့နေရာမှာ ကျောင်းတိုက် အတွင်း ဆွမ်းလောင်းလှူသူတို့ကို “သံဃဿ ဒေမ” (သံဃာအား လှူဒါန်းပါ၏) လို့ ရွတ်ဆိုပြီး လှူခိုင်းလေ့ရှိတယ် ဆိုတာကို တွေ့ရတယ်။

ဒါဟာ ဘာလဲဆိုတော့ လှူတဲ့တန်းနဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ဒါနပြုတဲ့နေရာမှာပဲ ဖြစ်ဖြစ် ဘုန်းကြီးရဟန်းကို လှူတဲ့ အခါမှာ “ပုဂ္ဂိုလ်” ကို မရည်ရွယ်ဘဲနဲ့ “အများ” ကို ရည်ရွယ်ပြီး လှူဒါန်းရမယ်ဆိုတာကိုနားလည်လိုက်ရတယ်။ ဒါမှ အကျိုးကြီးသလို၊ သာသနာရဲ့ အထောက်အပံ့ကောင်းလည်း ဖြစ်မယ်လို့ နားလည်ရတယ်။ တစ်ဦးတစ်ယောက်ကို ရည်စူးပြီးလှူဒါန်းတာထက် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် ရည်ရွယ်ပြီး လှူဒါန်းတာဟာ ပိုပြီး ကျေးဇူးကြီးတယ်လို့နားလည်တယ်။

သံဃိက ပစ္စည်း

ပညာရှိပညာတတ် ဆရာတော်ကြီးတွေဟာ သံဃိက ပစ္စည်းရယ်လို့ သတ်မှတ်ပြီး မပွန်းမရှ၊ မပျက်မစီး၊ မပျောက်မရှအောင် သုံးစွဲတော်မူတာကိုလည်း သတိထားမိတယ်။ လေ့လာမိ တယ်။ သံဃိက ပစ္စည်းဆိုတာ အများပိုင်ဖြစ်တယ်။ အများဆိုင်ဖြစ်တယ်။ သာသနာ တော်ကြီးထဲမှာ တည်ရှိနေတဲ့ ရဟန်းသံဃာအားလုံးနဲ့ ဆိုင်တဲ့အရာဖြစ်တယ်။ ဒီတော့ လှူဒါန်းသူကလည်း ပုဂ္ဂိုလ် ကို လှူဒါန်းတာ မဟုတ်ဘူး။ သံဃာ့အဖွဲ့အစည်းကြီးကို ရည်မှန်းပြီး လှူဒါန်းတာဖြစ်တယ်။ ဒါ့ကြောင့် အများပိုင် ပစ္စည်းကို သုံးစွဲတဲ့အခါ ကိုယ့်တစ်ကိုယ်ရည် သုံးစွဲသလိုမျိုး၊ လက်လွှတ်စပယ် သုံးလို့ မသင့်ပေဘူး။ စည်းကမ်း တကျ ရှိဖို့ လိုသလို၊ မပျက်မစီး မဆုံးရှုံးအောင်လည်း သတိထား သုံးစွဲရတယ်။

သံဃိက ပစ္စည်း မပျက်စီးရအောင်

ဝိနည်းသိက္ခာပုဒ်ကို အင်မတန်လေးစားလိုက်နာတဲ့ ဆရာတော်ကြီးတွေရဲ့ အမူအကျင့်တချို့ကို ကျနော် လေ့လာဖူး ပါတယ်။ ဆရာတော်ကြီးတွေဟာ သူတို့ သုံးစွဲတဲ့ ကုလားထိုင်၊ ထိုင်ခုံ၊ စားပွဲခုံစတာတွေရဲ့ ခြေထောက်တွေမှာ တောင် သင်္ကန်းအစုတ်တွေနဲ့ ပတ်ထားတာကို တွေ့ဖူးတယ်။ အကြောင်းကတော့ ထိုင်ခုံဖြစ်ဖြစ်၊ စားပွဲပဲ ဖြစ်ဖြစ် ဟိုရွှေ့ဒီရွှေ့လုပ်တဲ့အခါ ထိုင်ခုံနဲ့ စားပွဲခြေထောက်တွေက ကြမ်းပြင်ကို ပွတ်မိခြစ်မိတာတွေ ရှိရင် ကျောင်းတိုက်ရဲ့ ကြမ်းပြင်မှာ အစဉ်းရာတွေနဲ့ သံဃိကပစ္စည်းကို ဖျက်ဆီးသလို ဖြစ်မှာစိုးလို့ ဖြစ်ပါတယ်။ ဒီလောက်အထိတောင် အသေးစိတ် စိစစ် စောင့်ထိန်းတော်မူတာကို တွေ့ရတယ်။ ဒါဟာ သံဃာ့အဖွဲ့အစည်းအတွင်းမှာ၊ လိုက်နာကြတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။

သူပျက် – ကိုယ်ပျက်

ဒီနေ့ခေတ်မှာတော့ ဒကာ၊ ဒကာမတွေဘက်ကလည်း ချို့ယွင်း။ ဘုန်းကြီးတွေဘက်ကလည်း ချို့ယွင်းတာတွေကို တွေ့ရတယ်။ အထူးသဖြင့် လှူဒါန်းမှု ပြုတဲ့နေရာမှာ၊ အလှူအတန်းတွေ များပြားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်စွဲနဲ့ လှူဒါန်းတာတွေကို ခပ်များများတွေ့နေရတယ်။ ဘုန်းကြီးတွေဘက်ကလည်း သံဃာကို လှူဒါန်းတယ်ဆိုတာထက် မိမိကို လှူဒါန်းအောင် ဆွဲဆောင်တာတွေ၊ လောကွပ်လုပ်တာတွေ၊ နိမိတ်ပြဟောပြောတာတွေကို ခပ်များများ လုပ်လာကြတယ်။ လူတွေကလည်း ကိုယ်နဲ့ ခင်မင်တဲ့ ဘယ်ဘုန်းကြီးကိုမှ လှူချင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ သံဃာကို ရည်မှတ်ပြီးတော့ လှူဒါန်းတာ မဖြစ်တော့ဘူး။ ဒီတော့ ဘယ်လောက် အကုန်အကျများ တဲ့ လှူဒါန်းမှု ဖြစ်နေပါစေ … အကျိုးကြီးသင့်သလောက် မကြီးတော့ဘူး။

လက်တွေ့ မျက်မြင်မှာတော့ သာသနာ တော်အတွက် လှူဒါန်းတာပါပဲ။ တကယ် ဆန်းစစ်ကြည့်လိုက်ရင်တော့၊ လှူတဲ့ဒကာ၊ ဒကာမဟာ သံဃာကို လှူ တယ်ဆိုတာထက် “လူ” ကို လှူတာ ဖြစ်နေတယ်။ “ပုဂ္ဂိုလ်”ကို လှူတာ ဖြစ်နေတယ်။ အလှူခံပုဂ္ဂိုလ်ကလည်း၊ “ငါ့ကို လှူမှ အလှူဒါနမြောက်တယ်” ဆိုတာမျိုး ပုံဖမ်းလာတယ်။ “ငါ့ကို လှူတာ ငါ့ ပိုင်တယ်၊ ငါဆိုင်တယ်” ဆိုတာမျိုးဖြစ်လာတယ်။ တကယ်တော့ ဘယ်သို့ပဲ လှူသည်ဖြစ်စေ၊ ငါ မပိုင်ပါ၊ ငါ မဆိုင်ပါ။ သံဃာထုတစ်ရပ်လုံးနဲ့ သာ ဆိုင်တာ၊ ပိုင်တာ ဖြစ်ပါတယ်။

ငါ ငါ ငါ

“ငါ့ကို လှူတာ ငါ့ ပိုင်တယ်၊ ငါဆိုင်တယ်” ဆိုတာမျိုးတွေဖြစ်လာပြီး နောက်ပိုင်း ဘုန်းကြီးအသိုင်းအဝန်းမှာ ကျောင်းလုတာတွေ မကြာခဏ ကြားရတယ်။ ငါ့ကျောင်း၊ သူ့ကျောင်းဖြစ်လာတယ်။ ငါ့ဒကာ၊ သူ့ဒကာဆိုတာတွေ ဖြစ်လာတယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ သံဃာ့အဖွဲ့အစည်းထဲမှာ ညီညီညွတ်ညွတ် အပေါင်းအစုနဲ့ စုစုစည်းစည်း တစ်သားတည်း ကျင့်ကြံရမယ့် ပုဂ္ဂိုလ်တွေဟာ အတ္တတွေနဲ့ ငါ၊ ငါ့ဟာ ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဒီလိုမျိုးဖြစ်အောင်လည်း ဒကာ၊ ဒကာမတွေက ငါ့ ဘုန်းကြီးကို ငါ လှူတာ၊ ငါ့ ဘုန်းကြီးနဲ့သာ ဆိုင်တာ၊ ငါ့ဘုန်းကြီးသာ ပိုင်တယ် ဆိုတဲ့ အယူအဆတွေနဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်တာတွေ ဖြစ်လာတယ်။

သံဃာဆိုတာ အများကို ကိုယ်စားပြုတယ်

တကယ်တော့ သံဃာဆိုတာ တစ်ဦးတစ်ယောက် တစ်ပါးကို ကိုယ်စားပြုညွှန်းဆိုတာမဟုတ်ဘူးလို့ လူတွေကလည်း နားမလည်ဘူး။ ဘုန်းကြီးတွေကလည်း မသိချင်ယောင်ဆောင်နေတယ်။ ဒကာ၊ ဒကာမတွေ ဒီလို ဖြစ်နေတာကို ဘုန်းကြီးတွေကလည်း အမှန်ကို မသွန်သင်ဘဲနဲ့ မှိန်းနေကြတာများတယ်။ ဒါဟာ သာသနာတော် ပျက်ဆီးကြောင်းတွေထဲက အကြောင်းရင်းတစ်ခုလို့ ထင်တယ်။

တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ နားလည်ထားတာက ဗုဒ္ဓဘာသာမှာ ပုဂ္ဂိုလ်ကို ကိုးကွယ်တာထက် အကျင့်သီလကို ကိုးကွယ်တာ ဖြစ်ရမယ်လို့ နားလည်လက်ခံထားကြတယ်။ ဒီဘုန်းကြီးက ကိုယ်နဲ့ ခင်မင်လို့ ပိုလှူတယ်ဆိုတာဟာ သံဃာကို လှူဒါန်းတယ်လို့ မမည်ဘူး။

ဘုန်းကြီးကလည်း…

  • တခြားထက် ကိုယ့်ကို ပိုလှူအောင် ဆွယ်တရားဟောတာ၊
  • နိမိတ်ပြဟောပြောတာ၊
  • လောကွပ်လုပ်တာ၊
  • ဆရာရင်း ဒကာရင်းဟန် ပေါက်အောင် အတင်းလုံးတာ၊

စတာတွေကို ခပ်များများတွေ့လာရပါတယ်။

ဒါတွေဟာ လူတွေ လုပ်လေ့လုပ်ထ ရှိတဲ့ အပြုအမူတွေဖြစ်လို့ ဘုန်းကြီးရဟန်းနဲ့ မသင့်တော်တဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။ ဒါကို သတိထား အပ်တယ်။ ဒကာ၊ ဒကာမတွေဘက်၊ လူတွေ ဘက်ကလည်း ဒါက ငါ့တို့ ဆရာတော်၊ ဒါက ငါတို့ ဦးဇင်း၊ ဒါက ငါတို့ ကိုယ်တော်…. ဆိုပြီး လူကို စွဲနေတာများတယ်။ ဒီလို အစွဲနဲ့ လှူမှတော့ ဘယ်လိုလုပ် အကျိုးကြီးသင့်သလောက် ကြီးပါတော့မလဲ။ ဒီလိုစိတ်နဲ့ လှူရင်လည်း ဒါဟာ လူကို ပေးတာပဲ ဖြစ်တယ်။ သံဃာကို လှူဒါန်းတာ မဟုတ်လို့ ၊ အကျိုး ကြီးမယ်လို့ မထင်ပါဘူး။

မင်းသေ့

နံနက် ၁း၅၆

၁၇၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ဆောင်းပါးရှည်များ စုစည်းမှု (PDF Free Download)
Next post အရေးတော်ပုံနှင့် အရေးတော်ပုံတပ်သား