ဝိဒူရသခင်ချစ်မောင် ပြောခဲ့ဖူးတဲ့ စကားကိုပဲ ဋီကာချဲ့ပြီး တွေးမိပါတယ်။ “စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီဘောင် ကျုံ့တယ်” ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒါကို အပြန်ပြန်အလှန်လှန် သဘောနက်ချဲ့ပြီး ကောက်ယူရင်၊ “ဒီမိုကရေစီ ဘောင်ကို ကျယ်အောင် ချဲ့မှ၊ စစ်ဘောင် ကျုံ့မယ်” ဆိုတာကို တွေ့ရပါတယ်။ လက်တွေ့အနေအထားအရ၊ စစ်ဘောင်ကျယ်လာတာကို ကြည့်ရင်၊ ကျနော်တို့ဟာ ဖြတ်သန်းခဲ့တဲ့ လတ်တလောအတိတ်ကာလမှာ ဒီမိုကရေစီ ဘောင်ကို ခိုင်အောင် မချဲ့နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ်လွင်နေပါတယ်။ အကယ်၍ ဒီမိုကရေစီဘောင်ကို ချဲ့ခဲ့ တယ်ဆိုရင်တောင် ကျနော်တို့တတွေဟာ တစ်ဖက်စောင်းနင်းဖြစ်ခဲ့သလား။ သို့တည်းမဟုတ် ကွက်ကြားချဲ့ထွင်ခဲ့ လေရော့သလား။ ဒါကို ကျနော် အထပ်ထပ်အခါခါ စဉ်းစားနေမိပါတယ်။

စစ်ဘောင်ကိစ္စ

နောက်ထပ် စဉ်းစားခန်းဖွင့်တာကတော့၊ စစ်ဘောင် ကိစ္စဖြစ်ပါတယ်။ စစ်ဘောင်ကို ချဲ့ချင်တဲ့သူတွေ ရှိပါတယ်။ သို့သော်လည်း တန့်အောင် မလုပ်ခဲ့နိုင်ခြင်းဟာ ကျနော်တို့ ညံ့ဖျင်းမှုလေလား။ သို့တည်းမဟုတ် သူတို့ရဲ့ အလိုလောဘလား ဆိုတာ သဲသဲကွဲကွဲ မသိရပါ။ ကျနော်ကတော့ အတွင်းကိုလည်း ကြည့်ရမယ်၊ အပြင်ကိုလည်း ကြည့်ဖို့ လိုတယ်လို့ ထင်ပါတယ်။ တစ်ဖက်တည်းနဲ့ မပြည့်စုံပါ။ အခု မြန်မာနိုင်ငံဟာ နိုင်ငံရေးပဋိပက္ခကနေ စစ်ရေးပဋိပက္ခကို လုံးဝ ကူးပြောင်းသွားပါပြီ။

နိုင်ငံရေးဘောင်

ဒီနေရာမှာ ဒီမိုကရေစီဘောင် အစား၊ နိုင်ငံရေးဘောင်လို့ အစားထိုးချင်ပါတယ်။ လက်ရှိ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ရေးပဋိပက္ခမှာ လက်နက်ကသာလျှင် နိုင်ငံရေးအဆုံးအဖြတ်ကို ပေးနိုင်တာ ဖြစ်တာမို့၊ လက်နက်သာလျှင် ဗဟို ဖြစ်နေပါတယ်။ ဒီတော့ စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဘောင် တဖြည်းဖြည်း ကျုံ့ဝင်လာတယ်လို့ ပြောနိုင်ပါတယ်။ စစ်ဘောင်ကျယ်လေလေ၊ နိုင်ငံရေးဘောင် ကျုံ့လေလေ ဖြစ်နေပါတယ်။ ဒီတော့ စစ်ရေးကို ဦးဆောင်တဲ့သူတွေ ဟာ ပိုပြီး အခရာကျလာတာတွေ့ရတယ်။ လူ့အဖွဲ့အစည်းကိုယ်၌ကလည်း စစ်ရေးကို ဦးဆောင်နိုင်သူတွေကို ပိုပြီး ဦးစားပေးလာကြပါတယ်။

ဒီကြားထဲမှာ ထပ်ပြီး တွေ့ရတာကတော့ မြန်မာ့နွေဦးတော်လှန်ရေးအဝန်းအဝိုင်းထဲမှာ စစ်ရေးကဏ္ဍနဲ့ နိုင်ငံရေး ကဏ္ဍ အကြား သဘောသဘာဝ ကွဲပြားမှု ဖြစ်ပါတယ်။ တချို့သော နေရာတွေမှာကတော့ စစ်ရေးဦးဆောင်မှုနဲ့ နိုင်ငံရေးဦးဆောင်မှုကို မျှခြေကိုက်အောင် ညှိထားနိုင်လို့၊ သွက်လက်တဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေတာ တွေ့ရပါတယ်။ သို့သော် တချို့သောနေရာ အဝန်းအဝိုင်းမှာတော့ စစ်ရေးဦးဆောင်သူနဲ့ နိုင်ငံရေးဦးဆောင်သူတို့ အကြား ပုဂ္ဂိုလ်ရေးပဋိပက္ခတချို့ ရှိလာနေပါတယ်။ တကယ်တော့ ဒါဟာ မဖြစ်သင့်ပါ။

နောက်ခံတွန်းအား

လက်နက်ကိုင်လမ်းစဉ်မှာ လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်သူဟာ အခရာဖြစ်တာ မှန်ပေမယ့်၊ နိုင်ငံရေးအရ ဦးဆောင်နေသူကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ တော်လှန်ရေးရဲ့ နောက်ကွယ်က နောက်ခံတွန်းအားတွေကို သရုပ်ခွဲ စိစစ်ကြည့်စေချင်ပါတယ်။ နိုင်ငံရေးအရ နောက်ခံတွန်းအား မပါဝင်ဘဲ၊ စစ်ရေးလမ်းစဉ်ကို မလျှောက်နိုင်ပါဘူး။ ထိုနည်းလည်းကောင်း နိုင်ငံရေးအရ လှုံ့ဆော် ဦးဆောင်မှု မပါဝင်ဘဲ၊ စစ်ရေးအရ စုဖွဲ့မှု မလုပ်နိုင်ပါဘူး။ တော်လှန်ရေးကာလအတွင်းမှာ စစ်ရေးကဏ္ဍနဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍဟာ မိတ်ဖက်အနေနဲ့ လျှောက်လှမ်းရ မှာ ဖြစ်ပါတယ်။

တစ်ဖက်ကျိုး မဖြစ်သင့်

စစ်ရေးသာ ချွန်ထွက်ပြီးတော့ နိုင်ငံရေးအခန်းကဏ္ဍ မပါဝင်ရင် ဘယ်ခြေသာ ရှိပြီး ညာခြေ မရှိတဲ့ တစ်ဖက်ကျိုးနဲ့ တူပါလိမ့်မယ်။ နိုင်ငံရေးအရသာ ချွန်ထွက်နေပြီး စစ်ရေးအရ စုဖွဲ့လှုပ်ရှားမှု အင်အားမရှိရင် ညာခြေသာရှိပြီး ဘယ်ခြေမရှိတဲ့ တစ်ဖက်ကျိုးနဲ့ တူပါလိမ့်မယ်။ ဒီတော့ ခရီးမရောက်ပါ။ ခရီးမပေါက်ပါ။ ဒါကို နားလည်သဘော ပေါက်ပြီး ဘယ်ခြေနဲ့ ညာခြေ ဟန်ချက်ညီညီ လျှောက်လှမ်းရမယ်လို့ ထင်ပါတယ်။

တချို့ဟာ နိုင်ငံရေးဦးဆောင်မှု အောက်မှာ၊ စစ်ရေးလှုပ်ရှားမှုတွေ ရောက်နေရမယ်လို့ ပြောပါတယ်။ သီအိုရီအရ မှန်ပါတယ်။ သဘောတရားရေးအရ မှန်ပါတယ်။ လက်တွေ့အခင်းအကျင်းကိုလည်း ပစ်ပယ်လို့ မရပါ။ လက်တွေ့ မှာတော့ စစ်ရေးနဲ့ နိုင်ငံရေးဟာ ဘယ်သူက ဘယ်သူ့အထက်မှာမှ အုပ်မိုးထားတာမျိုး မဟုတ်ဘဲနဲ့ division of power ကို ခွဲခြားကျင့်သုံးရမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးဦးဆောင်သူဟာ စစ်ရေးအုပ်စုကို ကိုယ့်ထိန်းချုပ် မှုအောက်မှာ ထားလိုတာဟာ တခါတရံ လက်တွေ့ မကျပါ။ တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေလို၊ ကိုယ်တိုင် လည်း လက်နက်ကိုင်ပြီး နိုင်ငံရေးကိုလည်း ဦးဆောင်နေသူတွေ ဖြစ်ရင်တော့ သဘောတစ်မျိုးဖြစ်ပါလိမ့်မယ်။

အပျက်ပျက်နှင့် နှာခေါင်းသွေး မထွက်စေလို

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာတော့၊ တချို့ဟာ နိုင်ငံရေးသက်သက် လှုပ်ရှားနေတာ ဖြစ်ပြီး၊ တချို့ကတော့ စစ်ရေးသက်သက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ အဲသည့်ထဲမှာ အနည်းငယ်ကတော့ စစ်ရေးနဲ့ နိုင်ငံရေးကို ပူးတွဲ ခေါင်းဆောင်နိုင်တာကို တွေ့ရပါတယ်။ ဒီနေရာမှာ သီးခြားစီ ဦးဆောင်နေသူတွေ အချင်းချင်း တိုးတိုက်မှု​ မဖြစ်စေဖို့ သတိချပ်သင့်တယ်လို့ ထင်ပါတယ်။

ဒီလို ကိစ္စရပ်မျိုးတွေဟာ သေးသေးမွှားမွှားလို့ ထင်ရပေမယ့်၊ အချိန်ကြာလာရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ကိန်းဆိုက်လာနိုင်တဲ့ အဖြစ်မျိုးတွေ ကြုံလာလေ့ရှိပါတယ်။ ဒီတော့ နွေဦးတော်လှန်ရေးမှာ စစ်ရေးအရ ဦးဆောင်နေသူတွေကလည်း နိုင်ငံရေးအမြင် (political sense) ကျယ်ဖို့၊ နိုင်ငံရေးအရ ဦးဆောင်နေသူတွေမှာလည်း စစ်ရေးအမြင်ရှိဖို့ လိုတယ်။ တော်လှန်ရေးကာလအတွင်းမှာပဲ ဖြစ်ဖြစ်၊ တော်လှန်ရေး လွန် ကာလမှာပဲ ဖြစ်ဖြစ် စစ်ရေးနဲ့ နိုင်ငံရေးဟာ ရန်သူတွေ မဖြစ်ရဘူး။ မိတ်ဖက်တွေသာ ဖြစ်နေရပါမယ်။

အရေးတော်ပုံတပ်သား

အင်အား မရှိတဲ့ အတွေးအခေါ်ဟာ လက်တွေ့ အသက်မဝင်နိုင်သလို၊ အတွေးအခေါ်မပါတဲ့ အင်အားကလည်း လူ့အဖွဲ့အစည်းကို အကျိုးသာ ယုတ်စေတယ်။ နှစ်ခုစလုံး ဘက်ညီညီ မျှထားနိုင်မှ ကောင်းပါလိမ့်မယ်။ 

တကယ့် ပြည်သူ့အရေးတော်ပုံတပ်သားဟာ စာလည်း ဖတ်ရမယ်၊ ဓားလည်း ထက်ရပါလိမ့်မယ်။ ထိုနည်းလည်း ကောင်း လွယ်ထားတဲ့အိတ်ထဲမှာ စာအုပ်လည်း ရှိသလို၊ သေနတ်လည်း ရှိရပါမယ်။ ဒါဟာ အရေးတော်ပုံတပ်သား ရဲ့ အင်္ဂါရပ် ဖြစ်နေရပါမယ်။

မင်းသေ့

နေ့လယ် ၂း၅၈

၁၆၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post သံဃဿ ဒေမ
Next post <strong>နိုင်ငံရေးပြဿနာနှင့် ကျောက်ချထားသောအမြင်</strong>