• ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် မွေးဖွား။
• ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်။
• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ။
• ရန်ကုန်တက္ကသိုလ် ကျောင်းထွက်။
• ဗကသ ကျောင်းသားခေါင်းဆောင်။
• သပိတ်ခေါင်းဆောင်။
• နိုင်ငံရေးသမား။
• ပြည်သူ့ပါတီခေါင်းဆောင်။
• လစ်ဘရယ်အမျိုးသားရေးဝါဒီ။
• မျိုးချစ်။
• နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ။
• အစွန်းများကို ရောကျိုပေါင်းစပ်နိုင်သောသူ။
• တော်လှန်ရေးသမား ဖြစ်သလို ဆင်ခြင်တုံတရားဖြင့် သဘောထားပျော့ပြောင်းသူ
• သတိကြီးသော ပြုပြင်ရေးသမား။
• တည်ဆောက်ရေးအမြင်ရှိသော တော်လှန်ရေးသမား။
• မဟာဗျူဟာကို ချည်းကပ်နိုင်သည့် ပညာတတ်။
• ခံစားချက်များကို ကွပ်ကဲသော နိုင်ငံရေးသမား။
• ကမ္ဘာကြည့်ကြည့်ရန် ဆော်ဩသူ။
• နိုင်ငံရေး အောက်သက်ကျေမှု ကို တန်ဖိုးထားသူ။
• စေ့စပ်ညှိနှိုင်းရေးသမားဖြစ်သည့်တိုင် ယုံကြည်ချက်၌ စွဲမြဲသူ။
• သမိုင်းကို စွဲမြဲသူဖြစ်သည့်တိုင် အတိတ်၏ အကျဉ်းသား အဖြစ်မခံသူ။
• ပူးပေါင်းလိုစိတ်ထက်သန်သော တစ်ကောင်တည်း ခြသေ့ၤ။

ခေတ်အဆက်ဆက်ဖြတ်သန်းလာတဲ့ အာဏာရှင်တော်လှန်ရေးသမိုင်းကို ကြည့်ရင်၊ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ တခမ်းတနား ဖော်ပြရမယ့်ကိစ္စဖြစ်တယ်။ ကျောင်းသားတွေ ဦးဆောင်တဲ့ တော်လှန်ရေး လှုပ်ရှားမှုအမြောက်အမြားဟာ အတိတ်သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ရတယ်။ ပစ္စုပ္ပန်ကာလမှာလည်း ကျောင်း သားတွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍဟာ အရေးကြီးနေဆဲဖြစ်တယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေထဲမှာ ၊ မင်းကိုနိုင်နဲ့ ကိုကိုကြီး တို့ဟာ ပူးတွဲပြောရမယ့် လူပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ကိုကိုကြီးဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ အာဏာရှင် ဖြုတ်ချရေးမှာ ထောင်သွင်းအကျဉ်းကျခံရတဲ့အထိ ဖိနှိပ်ခံခဲ့ရသူဖြစ်ပါတယ်။ စစ်အစိုးရဟာ လူထုအုံကြွမှုကို တပ်ဦးကနေ ဦးဆောင်မှုပေးတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပစ်မှတ်ထားတယ်။ အဲသည့်အထဲမှာ ကိုကိုကြီးဟာ ထိပ်ဆုံးစာရင်းမှာ ပါခဲ့သူဖြစ်တယ်။ နှစ်ရှည်လများ ထောင်ချခံရအပြီး နိုင်ငံရေးအကျဉ်းသား အဖြစ် ၂၀၁၂ ခုနှစ်မှာ လွတ်မြောက်လာခဲ့တယ်။ ကိုကိုကြီးရဲ့ နိုင်ငံရေးစိတ်ဇောတွေဟာ မပျောက်ပျယ်ခဲ့ပါဘူး။ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သလို၊ အသွင်ကူးပြောင်းရေးကာလမှာ တည်ဆောက်ရေးအတွက် ဆက်လက် ပေးဆပ်ဖို့ ကိုကိုကြီး ဆုံးဖြတ်ခဲ့ပါတယ်။ တည်ဆောက်ရေးဟာ တော်လှန်ရေးထက် ပို သိမ်မွေ့ကြောင်း ကိုကိုကြီးက နားလည်ပါတယ်။ တော်လှန်ရေးထက် တည်ဆောက်ရေးက ပိုပြီး စိတ်ရှည်ရမယ်ဆိုတာကိုလည်း ကိုကိုကြီး နားလည်ခဲ့ပါတယ်။ ဒါ့ကြောင့် ပိုထိရောက်တဲ့ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီ အင်စတီကျူးရှင်း အကူးအပြောင်းအတွက် အာဏာနိုင်ငံရေး ပလက်ဖောင်းကို နင်းဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းအနေနဲ့ တည်ရှိနေခြင်းထက် ပါတီခေါင်းဆောင်အဖြစ် ပြောင်းလဲခြင်းက နိုင်ငံရေးအရ ပိုအထိုးနှက်ခံရမယ်ဆိုတာလည်း ကိုကိုကြီး နားလည်ခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုကြီးဟာ တော်လှန်ရေးနဲ့ တည်ဆောက်ရေးအတွက် ထက်သန်တဲ့ စိတ်ဇော စောခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား ဘဝမှာပဲ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ကြုံခဲ့တယ်။ ထို့နောက် ထောင်သွင်းအကျဉ်းချခံရတယ်။ ထောင်ကနေ လွတ်လာတယ်။ ထပ်ပြီး ထောင်ချခံရတယ်။ ဒီလိုနဲ့ ထောင်ထဲမှာ ကိုကိုကြီး အချိန်တွေ ကြာသွားတယ်။ အသွင် ကူးပြောင်းရေးကာလမှာ ထောင်က လွတ်လပ်လာတော့၊ ကိုကိုကြီးဟာ အားတွေ လျော့နေခဲ့တာ မဟုတ်ဘူး။ ပိုပြီး စိတ်ဇောထက်သန်ခဲ့တာကိုတွေ့ရတယ်။ ကိုကိုကြီးဟာ မင်းကိုနိုင်လို အနုပညာသမားတော့ မဟုတ်ဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးသမားဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း real politics မှာ ဆက်လျှောက်ဖို့ သူ့ကိုယ်သူ မြုပ်နှံခဲ့တယ်။ ၂၀၁၀ နောက်ပိုင်း real politics ဆိုတာ ရွေးကောက်ပွဲ နိုင်ငံရေးဖြစ်လာပါတယ်။ ရွေးကောက်ပွဲ နိုင်ငံရေးမှာ ပါဝင်ရင်း ကိုကိုကြီးဟာ သူ့ရဲ့ နိုင်ငံရေးကျေးဇူးပြုမှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။


နိုင်ငံရေးကိုယ်ကျင့်အရ လေးစားစရာတွေ ရှိနေပြီး သမိုင်းဖြတ်သန်းမှု ခိုင်ကြည်ခဲ့တဲ့ ကိုကိုကြီးကို ဒီမိုကရေစီ အရေးတော်ပုံခရီးအတွက် ရုပ်ပုံလွှာကဏ္ဍမှာ ထည့်သွင်းဖော်ပြဖို့ သင့်တယ်လို့ ယူဆပါတယ်။

၈၈၈၈ အရေးတော်ပုံ တိုက်ပွဲဝင် တပ်ဦးများ အပိုင်း။
ရေးသားနေဆဲ “မြန်မာ့နွေဦးစစ်တမ်း” စာအုပ်မှ /

မင်းသေ့
နိုဝင်ဘာ ၊ ၂၀၂၀။

Previous post ဗမာ့နိုင်ငံရေးဓလေ့စစ်တမ်း (၁)
Next post ▄ မင်းကိုနိုင် (၁၉၆၂ – )

One thought on “ကိုကိုကြီး (၁၉၆၁ – )

Comments are closed.