စစ်တမ်းဝေဖန်ချက် ။

၂၀၂၀ အောက်တိုဘာလမှာ၊ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းကနေ စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ စစ်တမ်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားအမြင်စစ်တမ်းဖြစ်ပါတယ်။ ဗမာအများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ကောက်ခံထားတဲ့ စစ်တမ်းတစ်စောင်ဖြစ်ပါတယ်။ စစ်တမ်း တို့ရဲ့ သဘာဝအရ အကန့်အသတ်တွေ ရှိနေတတ်ပါတယ်။ ထိုနည်းလည်းကောင်း၊ နည်းနာအားဖြင့်၊ လူ့အရင်း အမြစ်အားဖြင့်၊ ဒေသအားဖြင့်၊ နမူနာကောက်ယူတဲ့ စနစ်အားဖြင့် ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့ပေမယ့် လူ့စိတ်ထဲမှာ ထင်ကြေး၊ မြင်ကြေးအားဖြင့် မှတ်ယူမှန်းဆတာထက်စာရင် အချက်အလက်အပေါ်မှာ အခြေခံတဲ့ စစ်တမ်းတွေ၊ သုတေသနတွေ့ရှိချက်တွေဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ ထိုနည်း လည်းကောင်း၊ မူဝါဒကို ဆုပ်ကိုင်ချမှတ်တဲ့ နိုင်ငံရေးသမားတွေအတွက် ကောင်းစွာသော စဉ်းစားချက်တွေ ရနိုင်ပါတယ်။ မူဝါဒအတွက် ပြဿနာရင်းမြစ်ကို ရှာဖွေတဲ့နေရာမှာလည်း ကောင်းစွာသော အထောက်အပံ့ ရနိုင်ပါတယ်။ ဒီတော့ အချက်အလက်အပေါ်အခြေခံတဲ့ သုတေသနစစ်တမ်းတွေဟာ အားနည်းချက်တွေ ရှိနေ သည့်တိုင်၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွက် အဟောသိကံမဖြစ်ဘူးလို့ ယူဆပါတယ်။

အာဏာရှင်ခေတ်က၊ နိုင်ငံဦးဆောင်သူတွေဟာ သူတို့စိတ်ထဲကောင်းနိုးရာရာ ထင်တာတွေကို ပြုမူတတ်ကြပါ တယ်။ နိုင်ငံကို တည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေးကို လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် ကောင်းနိုးရာရာ ဆိုတဲ့ အသိအကန့်အသတ်ထဲမှာပဲ စဉ်းစားပြီး မူဝါဒတွေကို ဆုံးဖြတ်လေ့ရှိပါတယ်။ ဒေသဖွံ့ဖြိုးကို လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ နိုင်ငံတည်ဆောက်ရေး မဟာဗျူဟာ မူဝါဒကို ချမှတ်စဉ်းစားတဲ့နေရာမှာပဲဖြစ်ဖြစ်၊ အချက်အလက်ကို အခြေမပြုဘဲ ဖတ်ထားမှတ်ထားမိသလောက်၊ အသိအတွေး ဖြန့်ကျက်နိုင်သလောက် ကောင်းနိုးရာရာဖြစ်နိုင်ချေကို ထင်ရာ လုပ်တတ်ကြပါတယ်။ ဒ့ါကြောင့်လည်း မြန်မာပြည်ဟာ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အာဏာရှင်ဓလေ့နဲ့ နှစ်ပေါင်း ၅၀ နီးပါး အစီအမံပြုခံရသည့်တိုင်၊ အခြေခံ ဒေသဖွံ့ဖြိုးရေး ကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ ဥပမာပြယူဆချက်ဖြစ်ပါတယ်။ အချက်အလက်အပေါ်မှာ အခြေပြုတဲ့ မူဝါဒရှုမြင်ချက်တွေဟာ နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာကို ဆိုလိုရင်းဖြစ်ပါတယ်။

အချက်အလက်အားဖြင့်

မန္တလေးအခြေစိုက်၊ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းက ထုတ်ပြန်တဲ့ ၂၀၂၀ အကြို မဲပေးခြင်းအလေ့ အထနဲ့ သဘောထားအမြင်စစ်တမ်းပါ တွေ့ရှိချက်အချို့ကနေ ကောက်နုတ်ဖော်ပြချင်ပါတယ်။ ဒီအထဲမှာ၊ လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုရေချိန်ကို မေးမြန်းတိုင်းတာထားတဲ့တွေ့ရှိချက် အချို့တွေ့ရပါတယ်။ စစ်တမ်းပါ ဖော်ပြချက်အရ၊ နိုင်ငံရေးကို အလွန်စိတ်ဝင်စားတယ်လို့ ဖြေဆိုတဲ့သူက ၁၀ % ကျော်ပါတယ်။ အလွန်အမင်း မဟုတ်ပေမယ့်၊ နိုင်ငံရေးကို စိတ်ဝင်စားမှုရှိပါတယ်လို့ ဖြေဆိုတဲ့သူက ၄၀ % ကျော်ရှိပါတယ်။ နိုင်ငံရေး စိတ်ဝင်စားမှုကို မဖြေဆိုလိုသူ၊ ကြားနေလိုသူ၊ စိတ်မဝင်စားဘူး…ဟု ဖြေဆိုသူက ၄၂ % ကျော်ရှိတာတွေ့ရပါ တယ်။ နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားသူ၊ ပါဝင်ပတ်သတ်လိုစိတ် မရှိသူ၊ နိုင်ငံရေးကနေ ဝေးဝေးနေလိုသူက တော့၊ ၅ % ကျော်ရှိတာတွေ့ရပါတယ်။

ရုံးပြင်ကန္နားနှင့် ဝေးဝေးနေလိုသော

ဒီစစ်တမ်းပါ အချက်အလက်များအရ၊ ဗမာအများစုအတွင်းမှာ ဖြစ်တည်နေတဲ့ နိုင်ငံရေးစိတ်ဝင်စားမှုရေချိန်ကို အကဲခတ်နိုင်ပါတယ်။ သမိုင်းဆရာ ဒေါက်တာမောင်မောင်ကြီးရဲ့ ယူဆချက်အရ၊ “ဗမာတွေဟာ နိုင်ငံရေးကနေ ဝေးဝေးနေလိုတဲ့ဓလေ့ရှိတယ်” လို့ သူ့ရဲ့ ဗမာ့နိုင်ငံရေးတန်ဖိုးကျမ်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ တစ်ဖက်မှာလည်း မင်းရေး၊ ရာဇရေးကို ကြောက်ရွံ့တာက တစ်ကြောင်း၊ ရွံမုန်းတာက တစ်ကြောင်း၊ မပတ်သက်လိုသူ မဆက် နွှယ်လိုသူတွေဟာ ဗမာ့လူ့အဖွဲ့အစည်းထဲမှာ အမြောက်အမြားရှိနေခဲ့ပါတယ်။ ဒါဟာလည်း အတိတ်က ဖြတ်သန်းခဲ့တဲ့ ပဒေသရာဇ်သမိုင်းဖြတ်သန်းမှုနဲ့ ဆက်စပ်နေပါတယ်။

မင်း၊ ဘုရင်၊ အစိုးရတွေဟာ ပြည်သူကို ဖိနှိပ်လွန်းတာက တစ်ကြောင်း၊ ဘုရင်မင်းတွေရဲ့ အာဏာစက်ပြင်းထန် လွန်းတာက တစ်ကြောင်း၊ အချိန်မရွေး ဦးခေါင်းပြတ် ဇက်ပြုတ်သွားနိုင်တာကြောင့် “မင်းဆို ကွင်းရှောင်မယ်၊ ထမင်းတောင် မစားချင်ဘူးလေး” ဆိုတဲ့ စကားပုံတွေ ပေါ်ထွက်လာခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ဒါ့ကြောင့် ဗမာလူထုတွေဟာ ဖြစ်နိုင်ရင် နိုင်ငံရေးနဲ့ ဝေးဝေးနေလိုတဲ့စိတ်ဟာ ဗမာ့နိုင်ငံရေးဓလေ့ထဲမှာ ကိန်းဝပ်နေပါ တယ်။ ဒါကို apolitical trend ထဲမှာ ရောက်နေသေးတယ်ဆိုတာ ပြပါတယ်။

ဒါ့ကြောင့်လည်း ဗမာတွေဟာ အစိုးရရုံးဌာနတွေနဲ့ မဖြစ်မနေ အခြေအနေမှ ဆက်ဆံသွားရောက်လေ့ရှိပါ တယ်။ သာမန်အချိန်မှာဆိုရင် တတ်နိုင်သမျှ အစိုးရရုံးဌာနတွေနဲ့ ကင်းကင်းရှင်းရှင်း၊ အဆက်အဆံ မရှိနေလို ကြပါတယ်။ ဒါ့ကြောင့် အတိတ်သမိုင်းမှာ ဖြစ်တည်ခဲ့တဲ့ တည်ဆဲအမြင်ဓလေ့တွေဟာ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပစ္စုပ္ပန်ကာလမှာလည်း လိုက်ပါနေဆဲဖြစ်တာတွေ့ရပါတယ်။

တော်လှန်အာခံလိုသော

ခေတ်စနစ်တွေ ဖြတ်သန်းမှုများလာခဲ့တဲ့အလျှောက် အဖိနှိပ်ခံအစိုးရတွေကြားထဲမှာ ရှင်သန်ခဲ့ရတဲ့ ပြည်သူတွေ ဟာ၊ အထွေထွေ မကျေနပ်မှုကြောင့် တော်လှန်လိုစိတ်လည်း သိပ်ပြင်းထန်ပါတယ်။ တော်လှန်ရေးဓလေ့ကဲတဲ့ အမူအကျင့်တွေကို ဗမာ့လူ့အဖွဲ့အစည်းထဲမှာတွေ့နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒေါက်တာမောင်မောင်ကြီးက ဗမာတွေဟာ တော်လှန်လိုစိတ်၊ အာခံလိုစိတ်အားကြီးတဲ့ဓလေ့စရိုက်ရှိတယ်လို့ သူ့ရဲ့သမိုင်းသုံးသပ်ချက်မှာ ထည့်သွင်းယူဆခဲ့ဟန်တူပါတယ်။ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံလာရတဲ့ ဗမာတွေရဲ့ တော်လှန်လိုစိတ်နဲ့ အာခံလိုစိတ်ဟာ ခေတ်ကာလအလျှောက် ပုံပြောင်းပေါင်းစပ်တည်ရှိလာဟန်ရှိပါတယ်။

အကြောင်းကတော့….၊ ဗမာတွေဟာ အစိုးရအဆက်ဆက်မှာ ဖိနှိပ်ချုပ်ချယ်ခြင်းကို နှစ်ပေါင်းများစွာ ခံလာကြရ တယ်။ မိမိတို့ရဲ့ ဘဝတွေကို ကောင်းစွာတည်ဆောက်စီရင်ခွင့် မရကြဘူး။ အမြဲတမ်း အကြောက်တရားနဲ့ လုံးထွေး အသက်ရှင်နေခဲ့ရတယ်။ မင်းစိုးရာဇာတွေကြောင့် ပျက်စီးခဲ့ရတဲ့ ဘဝတွေလည်း မြောက်မြားစွာရှိခဲ့ တယ်။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရဘဲ… အုပ်ချုပ်မင်းလုပ်သူရဲ့ မျက်နှာကို ကြည့်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ဘဝမှာ နေထိုင်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း မင်းစိုးရာဇာမှန်ရင် အာခံချင်တဲ့စိတ်၊ တော်လှန်ချင်တဲ့စိတ်ဟာ ဗမာတွေ စိတ်ထဲမှာ ကိန်းအောင်းနေခဲ့တယ်။ ဒါ့ကြောင့်လည်း ကိုယ့်အလှည့်ရောက် ရင် အပြတ်နှံမယ်ဆိုတဲ့စိတ်ဓာတ်မျိုး ဗမာတွေစိတ်ထဲမှာ ကိန်းအောင်နေပါတယ်။ “တူဖြစ်ခံ၊ ပေဖြစ်နှံ” ဆိုတဲ့ စကားပုံ။ ပျံလေတဲ့ငှက်ခါး နားခါမှသိမယ်…ဆိုတဲ့ စကားပုံ။ နေသေးသပ ချုံထဲက၊ ဂျိုသွေးသပ တမြမြ… ဆိုတဲ့ စကားပုံတွေဟာ တော်လှန်လိုတဲ့ အာခံလိုတဲ့ ဗမာတွေရဲ့စိတ်နေသဘောကို ညွှန်ပြနေပါတယ်။

၂၀၁၁ နောက်ပိုင်း ဖြေလျော့ရေးလုပ်ငန်းစဉ်တွေ စတင်ပြီးကာလတွေမှာ၊ အမြဲတမ်း အငုံ့စိတ်နဲ့ မြိုသိပ်ထားရတဲ့ နိုင်ငံရေးမကျေနပ်မှုတွေကို ဗမာပြည်သူတွေဟာ တဖြည်းဖြည်း ထုတ်ဖော်ပြသလာတာကို တွေ့ရပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ၊ အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ အတိုက်အခံလုပ်လာတဲ့ ဒီ/ချုပ်ပါတီ ကို အုံလိုက်ကျင်းလိုက် မဲပြုံပေးခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် လူထုဟာ သူတို့တော်လှန်ရေးစိတ်ဓာတ်ကို ပြသလိုက်ကြပါတယ်။ ထိုနည်းလည်းကောင်း ပွင့်လင်းလာတဲ့ ခေတ်အလျှောက် တော်လှန်အာခံချင်တဲ့စိတ်ဟာ နိုင်ငံရေးကိစ္စရပ်တွေအပေါ်မှာ စိတ်ဝင်စားခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း၊ နိုင်ငံရေးအစုအဖွဲ့တွေမှာ ဝင်ရောက်လှုပ်ရှားခြင်းအားဖြင့် ပုံပြောင်းတည်ရှိလာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း စစ်တမ်းပါ ဖော်ပြ ချက်မှာ၊ နိုင်ငံရေးကို အလွန်အမင်းစိတ်ဝင်စားသူနဲ့ စိတ်ဝင်စားမှုရှိသူရဲ့ ပေါင်းခြင်းရာခိုင်နှုန်းဟာ ၅၀ % ကျော် ရှိနေတာကိုတွေ့ရခြင်းဖြစ်ပါတယ်။ ဒီအချက်ကို နိုင်ငံရေးကဲသော…ဟု ယူဆလို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဗမာ့ လူထုတွေထဲမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူထုနဲ့ နိုင်ငံရေးကနေ ဝေးဝေးနေလိုတဲ့ လူထုရဲ့ အချိုးအစားဟာ မတိမ်းမယိမ်းရှိနေတယ်ဆိုတာ တွေ့ရပါတယ်။

အနှစ်ချုပ်

ဗမာအများစုနေထိုင်တဲ့ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသအတွင်းက တိုင်းဒေသကြီးတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ကောက်ခံရရှိတဲ့အချက်အလက်တွေဟာ၊ ဗမာလူထုရဲ့ နိုင်ငံရေးအပေါ်မှာ ထားတဲ့စိတ်နေဓလေ့ကို မှန်းဆနိုင်ပါလိမ့်မယ်။


ရှေ့ယခင်က ရှိခဲ့ဖူးတဲ့ တည်ဆဲနိုင်ငံရေးဓလေ့တွေနဲ့ ဖြတ်သန်းမှုအလိုက် ပုံပြောင်းဖြစ်တည်လာတဲ့ နိုင်ငံရေး ဓလေ့တွေဟာ အသွင်အပြင်အားဖြင့် အနည်းငယ် ပြောင်းလဲစေကာမူ၊ အနှစ်သာရအားဖြင့် မပြောင်းလဲတာကို တွေ့ရပါတယ်။ ဗမာတွေရဲ့ နိုင်ငံရေးဓလေ့တွေထဲမှာ နိုင်ငံရေးကနေ ခပ်ဝေးဝေးနေလိုစိတ်လည်းဖြစ်နေသေး သလို၊ နိုင်ငံရေးမှာလည်း အလွန်အမင်းပါဝင်ပတ်သက်လှုပ်ရှားချင်စိတ်က ယှဉ်တွဲဖြစ်တည်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ….. လူထုဟာ နိုင်ငံရေးအားဖြင့် နိုင်ငံတည်ဆောက်ရေးမှာ ကောင်းစွာ ပါဝင်လာနိုင်စေဖို့ သာ မျှော်လင့်ရပါကြောင်း…..

မင်းသေ့
ညနေ ၄ း ၂၁
၂၈၊ အောက်တိုဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ဗမာမျိုးချစ်
Next post ကိုကိုကြီး (၁၉၆၁ – )