ကျနော်တို့ ငယ်ငယ်တုန်းက အတန်းကျောင်းဖတ်စာမှာ၊ ပညာသင်ခါ မရှက်ရာ…. ဆိုပြီး သင်ကြားခံရဖူးတာ မှတ်မိတယ်။ မနက်က ရုံးကိုလမ်းလျှောက်လာရင်း၊ ဘာမှန်းမသိ ဒီစကားလုံးက ခေါင်းထဲကို ဝင်လာတယ်။ ပညာသင်ခါ မရှက်ရာ။ ပညာသင်ခါ မရှက်ရာ…..။
ငယ်ရွယ်စဉ်မှာ ပညာရှာဆိုတော့၊ ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်မှာ ပညာသင်ဖို့ မရှက်ရဘူး…. ရှက်ရင် ပညာရသင့်သလောက် မရဘူးလို့ တွေးပြီး နှလုံးသွင်းမိတယ်။ အခုတော့ လူလည်း (၃၀) နားကပ်လာပြီ ဆိုတော့ စီးပွားရေးနဲ့ ငွေရေးကြေးရေးကိုလည်း ထည့်တွေးမိလာတယ်။ ဒီလိုတွေးမိပြီး၊ ဒီဆောင်းပါးကို ရေးဖြစ် တယ်။

မြန်မာပြည်မှာတော့၊ စီးပွားရှာတဲ့နေရာမှာ ရှက်တာကို မဟုတ်ဘူး၊ မျက်နှာပြောင်တိုက်တဲ့ လူတွေ ဒုနဲ့ဒေး ရှိပါ လိမ့်မယ်။ ကောင်းရောင်းကောင်းဝယ် စီးပွားရှာဖွေတဲ့သူတွေကတော့ ရှက်စရာ မလိုပါဘူး။ ရှက်ရမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ ဘဝရပ်တည်ရှင်သန်ရေးအတွက် ဖြစ်ခဲ့တဲ့ ပြဿနာ (၂) ရပ်ကို သွား တွေ့တယ်။

ပထမအခြေအနေ

မြန်မာတွေမှာ၊ အကျင့်ပျက်ခြစားတဲ့စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူတွေဟာ ကောင်းရောင်း ကောင်း ဝယ် လုပ်ကိုင် မစားသောက်ချင်တော့ဘူး။ အမြှီးကျက် အမြှီးစား၊ ခေါင်းကျက်ခေါင်းစားတွေ တောထလာတယ်။ ဖြတ်စား လှီးစားတွေ ပေါက်ပွားလာတယ်။ လုပ်ပိုင်ခွင့်ရှိသူကို လာဘ်ထိုးကပ်ဖားပြီးတော့၊ အကျိုးတူ ဝေစား မျှစားတွေ မွေးဖွားကြီးပြင်းလာတယ်။ အောက်ဆိုက်ရတာကို ဂုဏ်ယူတတ်တဲ့ တိုင်းပြည်ဖြစ်လာတယ်။


ရာထူးရာခံရှိတဲ့ သားတစ်ယောက်ကို ဖခင်ဖြစ်သူက လူကြားသူကြားထဲမှာ သူ့သားဟာ အောက်ဆိုက် ဘယ်လောက်ရကြောင်း ကြွားဝါပြီး ဂုဏ်ယူတတ်တဲ့တိုင်းပြည်မှာ ကျနော်တို့ နေထိုင်တယ်။ အဖေဟာ လုပ်ငန်း ခွင်ဝင်မယ့် သားကို အောက်ဆိုက်များများရတဲ့ ဌာနမှာ ဝင်ဖို့ ဆော်ဩတိုက်တွန်းတယ်။ ဦးလေး၊ အဒေါ်၊ ဦးကြီး၊ ဆရာသမား အဆက်အသွယ်နဲ့ အောက်ဆိုက်များများရတဲ့ ဌာနမှာ ရာထူးရာခံရဖို့ ကပ်ဖားယက်ဖားလုပ် တယ်။ ခွင်ကြီးကြီးရရင် ဖျောင်ပြီး၊ ရာထူးကြီးကြီးရရင် သူခိုးအကြီးစား ရာထူးကို ရတော့တာပဲ။ မဆလခေတ် ကတည်းက ဒီလိုခွင်များများဖန်လို့ရမယ့်နေရာကို စုပြုံတိုးကြတာ လူပေါင်း သိန်းနဲ့ချီ။ သန်းနဲ့ချီ။

မဆလခေတ်မှာတော့၊ သမဝါယမတို့၊ ကုန်သွယ်ရေးတို့က ခေတ်ကောင်းကိုး။ ခေတ်ကောင်းဆိုတာ ခိုးလို့ ကောင်းတဲ့ခေတ်ကောင်းလို့ ဆိုလိုတာဖြစ်တယ်။ ခေတ်ကောင်းမှာ၊ ကိုယ်လည်းလိုက်ကောင်းချင်တဲ့လူတွေက ဒုနဲ့ဒေး။ ဒါ့ကြောင့် မဆလ ခေတ်တစ်လျှောက်လုံးမှာ၊ အနေအစားချောင်ချင်ရင် အစိုးရဝန်ထမ်းသာလုပ်…. ဆိုတဲ့အမြင်ကြီးစိုးလာတယ်။ ဒီအမြင်ကြောင့်လည်း သားသမီးတွေကို မိဘတွေက ဘယ်နေရာမှာပဲ ရရ အစိုးရ အလုပ်ဝင်တိုးဖို့ လော်ဆော်ကြတော့တာပဲ။ အစိုးရဝန်ထမ်းဖြစ်ရင် အနေချောင်မယ်၊ အစားချောင်မယ်။ မဆလ ခေတ် တစ်လျှောက်လုံးမှာ အနေအစားချောင်ချင်ရင် အစိုးရဝန်ထမ်းအလုပ် ဝင်တိုးဆိုတဲ့ လော့ဂျစ်က လူ့အဖွဲ့ အစည်းအပေါ်မှာ သိုင်းလို့ ဝိုင်းလို့ ကြီးစိုးခဲ့တယ်။ အောက်ဆိုက်ရတယ်ဆိုတာ တရားမဝင်ရတဲ့ ငွေရလမ်း ကြောင်းလေ။ ဒါကို ရှက်ရကောင်းမှန်း မသိတဲ့ တိုင်းပြည်မှာ ကျနော်တို့ နေထိုင်တယ်။

ဒုတိယအခြေအနေ

နောက် မဆလခေတ် ကုန်သွားတော့၊ စစ်အစိုးရခေတ် ရောက်လာပြန်တယ်။ အစိုးရဌာနတွေကို စစ်ယူနီဖောင်း ချွတ်တွေနဲ့ ထိန်းလိုက် အုပ်လိုက်တော့၊ စစ်ယူနီးဖောင်းချွတ်တွေလည်း ဩဇာတက်ကုန်ကြတယ်။ ဒီတော့ ၈၈ နှောင်းပိုင်းကာလ ဆယ်စုနှစ် (၂) ခုအကြားဖြစ်လာတဲ့ ရေစီးကတော့ စစ်ဗိုလ်ကြီးဖြစ်ရေးပဲ။ ကာတွန်းတွေက တောင် ဆွဲကြတယ်။ ကလေးလေးတစ်ယောက်က၊ သူ့အဖေဖြစ်သူကို မေးတယ်။ “အဖေ… သူဌေးကြီးဖြစ်ချင် ရင် သားကြီးလာရင် ဘယ်တက္ကသိုလ်တက်ရမလဲ…” တဲ့။ အဖေဖြစ်သူက ပြောမယ်။ “စစ်တက္ကသိုလ်သာ သွား… ငါ့သားရေ” တဲ့။ စစ်အစိုးရခေတ်ဟာ စစ်ဗိုလ်တွေ ခေတ်ကောင်းတဲ့ခေတ်ကို ရောက်ခဲ့တယ်။


ဒီမှာလည်း စီးပွားရှာရေး၊ အနေအစားချောင်ရေးဟာ မဆလခေတ်လို အစိုးရဝန်ထမ်းဖြစ်ရေး မဟုတ်တော့ဘူး။ စစ်ဗိုလ်ကြီးဖြစ်ရေးပဲ။ ဒါပေမယ့် မဆလခေတ် လက်ကျန်တွေ့တော့ ကျန်သေးတယ်။ စစ်အစိုးရခေတ် အစိုးရ ဝန်ထမ်းအဖြစ် တိုးတဲ့ ဌာနတွေကတော့၊ မြေစာရင်းတို့၊ အခွန်တို့၊ ကုန်သွယ်ရေးတို့၊ ပို့ကုန်သွင်းကုန်တို့၊ လူဝင်မှု ကြီးကြပ်ရေးတို့၊ နယ်စပ်ရေးရာတို့၊ ရဲတို့၊ ကညနတို့၊ ဆောက်လုပ်ရေးတို့၊ မယကတို့ ဘာတို့ စုံလို့ စီလို့ တန်းစီနေတဲ့လူတွေ ဒုနဲ့ ဒေး။ ဒီနေရာမှာ သဘောမညီစရာတွေ ရှိကောင်းရှိမယ်။ အားလုံးကို ဝါးလုံးသိမ်းပြော တယ်ဆိုပြီး၊ မကျေမနပ်ဖြစ်အုံးမယ်။ တချို့သောသူတွေတော့ ရှိနိုင်ပါတယ်။ သိပ်ရိုးသားလွန်းတဲ့လူတွေကျ တော့လည်း၊ မွဲမွဲတေတေ ချို့ချို့တဲ့တဲ့နေကြရတာပါပဲ။ လိုသည်ထက် ပိုပြောင်ရောင်ရင်တော့၊ စီးပွားရှာရာ မျက်နှာပြောင်တိုက်ပါ…. ဆိုတဲ့ ထုံးနှလုံးမူလို့ပဲ ဖြစ်ဖို့များတယ်။

ပထမအချက်

ဒီအခြေအနေနှစ်ရပ်ကို ချုပ်လိုက်ရင် ဘာတွေ့သလဲဆိုတော့၊ မြန်မာတွေဟာ တရားမဝင် အောက်ဆိုက်ရတာ ကို သိပ်ဂုဏ်ယူတတ်တယ်။ ခွင်ကောင်းကောင်းကနေ၊ ဝင်ငွေ ရပေါက်ရလမ်းကောင်းရင် ဂုဏ်ယူတတ်တယ်။ တလွဲဆံပင်ကောင်းနေကြတယ်။ သမ္မာအာဇီဝ စီးပွားရှာရာကနေ ရတဲ့ငွေ မဟုတ်ဘဲနဲ့ တရားမဝင် အောက်ဆိုက်ကနေ ရတဲ့ ငွေနဲ့ ရာထူးအတွက် လူကြားသူကြားထဲ ဂုဏ်ယူပြီး ပြောတတ်တဲ့ တိုင်းပြည်မှာ ကျနော်တို့ နေထိုင်တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က…. ရာထူးရာခံရှိတဲ့သူ၊ လုပ်ပိုင်ခွင့် အာဏာပါဝါရှိတဲ့သူကို ကပ်ဖို့ယက်ဖို့ မရှက်တတ်တာ ဖြစ်တယ်။

ခွင်ကောင်းကောင်းရပြီး ရှင်သန်ရပ်တည်ရတာကို မရှက်တတ်ဘူး။ ရာထူးအာဏာပါဝါ ရှိတဲ့သူကို ကပ်ဖားယက် ဖား လုပ်တာကို မရှက်တတ်ဘူး။ လုပ်ပိုင်ခွင့်ရှိသူဆီကို လာဘ်ထိုးပြီး ဖြတ်စားလှီးစား၊ အမြှီးကျက် အမြှီးစား၊ ဝေစားမျှစား လုပ်ရတာကို မရှက်ဘူး။ ဒီလို ကပ်ယက်ပြီးတော့ စီးပွားရှာစား၊ ငွေရှာစားရတာကို မရှက်တတ်ဘူး။ ဒီလို မျက်နှာပြောင်တိုက်ပြီးတော့၊ ခရိုနီ၊ ခရိုဝါ၊ ခရိုပြာ၊ ခရိုစိမ်းဖြစ်လာတဲ့ စီးပွားရေးသမား၊ ပွဲစားအမည်ခံတွေ လည်း တစ်ပုံကြီး၊ တစ်မကြီး။ ဒါဟာ ဘာလဲဆိုတော့၊ သမ္မာအာဇီဝနဲ့ အသက်မွေးတာ မဟုတ်ဘူး။

• မကောင်းမှုလုပ်ရတာ မရှက်တတ်တဲ့စိတ်ဟာ မြန်မာတွေမှာ ရှိတယ်။
• မကောင်းမှု လုပ်နေတာကို မရှက်တဲ့စိတ် မြန်မာတွေမှာ ရှိတယ်။
• တစ်တက်စားလည်း ကြက်သွန်။
• နှစ်တက်စားလည်း ကြက်သွန်။
• ပေါက်တဲ့နှဖူးမထူးပါဘူး။
• သူများ မိုးခါးရေ သောက်တော့ လိုက်သောက်ရမှာပေါ့။
• သူနဲ့ ကိုယ်ဟာ အတူတူနဲ့ အနူနူချည်းပဲ။
• အူမတောင့်မှ သီလစောင့်ရမှာပေါ့။
• ရောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ ယိမ်းတတ် တိမ်းတတ်မှ အသက်ရှင်မယ်ဆိုတဲ့ အယူအဆမျိုးတွေ ဟာ မြန်မာပြည် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ၊ လူ့အဖွဲ့အစည်းဆီကို ပျံ့နှံ့စိမ့်ဝင် အမြစ်တွယ် လာပါတယ်။ ဒါတွေကို သတိထားမိတဲ့သူတွေဟာ လူအနည်းစုပဲ ရှိပါတယ်။

မြန်မာပြည်မှာ မကောင်းမှု လုပ်ရတာကို မရှက်တတ်တဲ့စိတ်၊ မကောင်းမှု လုပ်ရတာကို မကြောက်တတ်တဲ့စိတ် ရှိနေတယ်။ ဖြတ်စားလှီးစား၊ ဝေစားမျှစား၊ အမြှီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ၊ ကပ်ဖားယက်ဖားလုပ် ရတာကို မရှက်တတ်တဲ့စိတ်ရှိနေတယ်။
အနာဂတ်တိုင်းပြည်အတွက်၊ တိုင်းပြည်ရဲ့ ကိုယ်ကျင့်ဟာ သိပ်စိုးရိမ်စရာကောင်းလှတယ်။ ဒီလိုအကျင့်ဆိုးတွေ၊ ဉာဉ်ဆိုးတွေ သူတို့ သားသမီး မျိုးဆက်သစ် လူငယ်တွေဆီကို အမွေပေးနေရင် ဒုက္ခပဲလို့ တွေးမိတယ်။

ဒုတိယအချက်

မြန်မာတွေဟာ မရှက်သင့်တာကို ရှက်တယ်။ ရှက်သင့်တာကို မရှက်ဘူး။ ခေါင်းထဲ၊ ဦးနှောက်ထဲမှာ ဘယ်လို အရာက ရှက်ရမယ့်အရာ၊ ဘယ်လိုအရာက မရှက်ရမယ့် အရာဆိုတာကို ကောင်းကောင်းခွဲခြား နားမလည်ဘူး။ ဆင်ခြင်တုံတရား သိပ်နိမ့်တယ်။ မြန်မာတွေ နဂိုက ဒီလောက် မညံ့ပါဘူး။ အခုမှ ဘာ့ကြောင့် ဒီလောက် ညံ့နေ ကြရတာလဲ။ ဖျက်ဆီးခံရတဲ့စိတ်ဓာတ်တွေ၊ ဖျက်ဆီးခံလိုက်ရတဲ့ ပညာရေးအခြေခံကောင်းတွေ။ ဘယ်မှာလဲ။ ဘယ်ဆီမှာလဲ။

ပညာသင်ရမယ့်နေရာမှာ မရှက်ရဘူး။ သူများ ဥစ္စာ မခိုးဘူး၊ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက် တယ်။ တန်ရာတန်ကြေးနဲ့ ရောင်းရေးဝယ်တာကို လုပ်တယ်။ သမ္မာအာဇီဝနဲ့ ရှာဖွေစားသောက်တယ်။ လမ်း ဘေးမှာ ဈေးရောင်းရတယ်….. ၊ ဟင်းရွက်ကန်စွန်းခူးရောင်းရတယ်၊ မုန့်တီခေါက်ဆွဲ လုပ်ရောင်းရတယ်၊ တန် ရာ တန်ကြေး ပေးပြီး ဝယ်တယ်၊ ဝန်ဆောင်မှုကောင်းကောင်းပေးပြီး ထိုက်သင့်တဲ့ အမြတ်အစွန်းယူတယ်။ ပညာနဲ့ လုပ်စားတယ်။ ရာထူး မရှိဘူး။ အာဏာမရှိဘူး။ ပါဝါ မရှိဘူး။ ယူနီဖောင်းဝတ်မထားဘူး။ ကိုယ်ရတဲ့ ငွေဟာ သူများ မျက်ရည်ကျလို့ရတဲ့ ငွေ မဟုတ်ဘူး။ သူများ အိတ်ထောင်ထဲကငွေကို အလကား မလိုချင်ဘူး။ လုပ်အားကောင်းကောင်းပေးတယ်။ ဒါဟာ သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားသောက်တာပဲ။

သူများတကာကို မျက်နှာချိုသွေးပြီး ကပ်ဖားယက်ဖား လုပ်တာသာ ရှက်ရမယ့်အရာ။ သူများပစ္စည်းခိုးစားတာ၊ ဝှက်စားတာ၊ လုစားတာ မဟုတ်ရင် ရှက်စရာ မလိုဘူး။ သူများမျက်ရည်ကြီးငယ်ကျမှ ငွေရပြီး အသက်ရှင်သန် ရတဲ့ လူတွေဟာ သိပ်သနားစရာကောင်းပါတယ်။
မြန်မာတွေဟာ ဒီလိုကောင်းရာမွန်ရာတွေကို လုပ်ရပြီဆိုရင် အောက်ကျနောက်ကျဖြစ်တယ်လို့ ထင်တယ်။ ဒါတွေကို ရှက်တယ်။ ကောင်းတာ လုပ်တာကိုရှက်တတ်ပြီး မကောင်းတာ လုပ်တာကို မရှက်တတ်တာဟာ မြန်မာတွေမှာ ကိန်းအောင်းနေတယ်။ ဒီနေ့ခေတ် လူငယ်တချို့ကိုလည်း တွေ့နေရတယ်။ ကောင်းကောင်း မွန်မွန်နဲ့ အောက်ခြေတန်းအလုပ်တွေကို လုပ်ရမှာ ရှက်နေတယ်။ ကြောက်နေတယ်။ သမ္မာအာဇီဝနဲ့ လုပ်ကိုင် စားသောက်တာပဲ။ ဘာရှက်ရမှာတုန်း။

• ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ရတာကို အောက်ကျ နောက်ကျဖြစ်တယ်လို့ ထင်တဲ့ တိုင်းပြည်မှာ ကျနော်တို့ နေတယ်။
• ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စား သောက်ရတာကို ရှက်တတ်တဲ့ တိုင်းပြည်မှာ ကျနော်တို့ နေတယ်။

တောင်းပန်ပါ၏

မဆလခေတ် တစ်လျှောက်လုံးမှာ အစိုးရဝန်ထမ်း လုပ်လာပေမယ့်၊ ရိုးဖြောင့်စွာ နေထိုင်လို့ ချောင်ထိုးခံရပြီး ဘဝကို ချို့ချို့တဲ့တဲ့နဲ့ ကိုယ်ကျင့်ထိန်းသိမ်းသွားကြတဲ့ လူပုဂ္ဂိုလ်တွေ ရှိကြပါ၏။ ထိုသူများကို အလေး အမြတ်ပြုပါ၏။ စစ်အစိုးရခေတ်မှာ တပ်ထဲဝင်ပေမယ့်၊ ရိုးဖြောင့်စွာ နေထိုင်ပြီး စစ်သားကောင်း စစ်ဗိုလ်ကောင်း အဖြစ် အသက်မွေးသော တကယ့် good soldier များ အနည်းစု ရှိပါ၏။ ထိုသူများကို အလေးအမြတ်ပြုပါ၏။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း…. တတ်သိပညာ၊ နားလည်သည့် အသိတစ်စုံတစ်ရာဖြင့်၊ ကောင်းရောင်း ကောင်းဝယ် အသက်ရှင်နေထိုင်ရပ်တည်ပြီး မိသားစုကို ကျွေးမွေးပြုစုစောင့်ရှောက်သော လူပုဂ္ဂိုလ်များ ရှိပါ၏။ ၎င်းတို့ကို အလေးအမြတ်ပြုပါ၏။

မြန်မာတွေဟာ…..
• ရှက်သင့်ရှက်ထိုက်တာမှာ မရှက်ကြဘူး။
• မရှက်သင့်တဲ့နေရာမှာ ရှက်နေကြတယ်။

မြန်မာတွေဟာ…..
• ဘယ်အရာဟာ ရှက်စရာဖြစ်တယ်….
• ဘယ်အရာဟာ ရှက်စရာ မဟုတ်ဘူး….
ဆိုတာကို ကောင်းကောင်း ဝေဖန်ပိုင်းခြားခြင်း မပြုနိုင်တဲ့ ဉာဉ်ဆိုး၊ ဉာဏ်မဲ့ စရိုက် ကိန်းအောင်းနေတယ်။

ဒါဟာ တစ်ဦးချင်းနဲ့ ဆိုင်လား။ အများနဲ့ ဆိုင်လား။ အလေ့ စရိုက်တစ်ခုလိုဖြစ်လာပြီလား။ ဒါမှ မဟုတ် ….. ပုံသွင်းခံရတာလား။ ပုံဖျက်ခံရတာလား။ စနစ်တကျ ဖျက်ဆီးခံရတာလား။ ဖျက်တိုင်းရော ပျက်လို့ ရသလား။ နဂိုကတည်းက ပျက်ချင်ချင် စရိုက်တွေလား…..။ ဘယ်သူ ဘယ်ဝါဟာ အဓိကလဲ…..။ ကျနော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အမေမွေးတုန်းက အမွေပေးလိုက်တဲ့ ကိုယ့်ဦးနှောက်ကလေးကို မသုံးဘဲ အသစ်စက်စက်အတိုင်း အလှမထားပါနဲ့။ မြန်မာ့ဦးနှောက်တွေ သိပ်တန်ဖိုးကြီးမြင့်သွားမှာ စိုးလို့ပါ။

မင်းသေ့
နေ့လယ် ၃ း ၁၈
၃ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post နိုင်ငံတည်ဆောက်ရေး
Next post စာရေးချင်သူသို့ /