တည်ဆောက်ရေးလို့ ပြောတဲ့နေရာမှာ၊ တွဲပြီး ပြောရမယ့်ကိစ္စရှိတယ်။ အဲဒါကတော့ ဖြိုဖျက်ရေးကိစ္စဖြစ်ပါ တယ်။ ရှင်းလင်းတဲ့မြေပေါ်မှာ၊ အဆောက်အအုံသစ်ကို ဆောက်လုပ်ဖို့အတွက်ဆိုရင် မြေရှင်းလင်းရေးကို လုပ်ရတယ်။ ဆောက်မယ့်နေရာမှာ၊ ဟောင်းနွမ်းပျက်စီးအိုမင်းနေတဲ့ အဆောက်အအုံပျက်ရှိနေရင်၊ အဲဒါကို တူးဖြိုဖျက်ပစ်ရတယ်။ အဟောင်းအပေါ်မှာ အသစ်ကို ဆောက်လို့ မရဘူး။ အဟောင်းအပေါ်မှာ အသစ်ထပ် ဆောက်လို့ မရဘူး။ ဆောက်ရင် အဆောက်အအုံသစ်ဟာ မပီပြင်ဘူး။ မခိုင်ခံ့ဘူး။ အရည်အသွေးလည်း မမှီဘူး။ ဖြစ်ကတတ်ဆန်း ဆောက်တာပဲဖြစ်မယ်။ စနစ်တကျ ဆောက်လုပ်တာ မဖြစ်ဘူး။ အဟောင်းကို ဖြိုဖို့ ဖျက်ဖို့ဟာ အသစ်တည်ဆောက်ရေးမလုပ်ရင်၊ အရင်ရှိထားရမယ့် အရာဖြစ်ပါတယ်။

ခေတ်စနစ်အသစ်ကို တည်ဆောက်ပုံဖော်တဲ့အခါမှာလည်း၊ အကျင့်ဆိုး၊ ဓလေ့ဆိုး၊ စရိုက်ဆိုး၊ အမွေဆိုးတွေကို တွန်းလှန်ဖြိုဖျက်ပစ်ဖို့ လိုသေးတယ်။ ဒါဟာ ကနဦးနိဒါန်းမှာ လုပ်ရမယ့်ကိစ္စ။ နိုင်ငံတည်ဆောက်ရေးမှာ၊ တည်ဆောက်ရေးသဘောတရားနဲ့ ဖြိုဖျက်ရေးသဘောတရားဟာ တွဲပြီးပါလာပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ၊ အင်စတီကျူးရှင်းအဟောင်းနေရာမှာ အင်စတီကျူးရှင်း အသစ်နဲ့ အစားထိုးတယ်ဆိုတဲ့အနက်ထွက်တယ်။ ဒါကို အင်စတီကျူရှင်နယ်လိုက်ဇေးရှင်းလို့လည်း ခေါ်တယ်။ ထပ်ပြီး တိတိကျကျပြောရရင်၊ အာဏာရှင်အင်စတီကျူးရှင်းကို ဒီမိုကရက်တစ်အင်စတီကျူးရှင်းနဲ့ အစားထိုး တာကို ဒီမိုကရေစီအသွင်ကူးပြောင်းရေဖြစ်စဉ်လို့ ခေါ်တယ်။ ဒီမိုကရက်တိုက်ဇေးရှင်းလို့လည်း ခေါ်လို့ရတယ်။

အဟောင်း / အသစ်

အင်စတီကျူးရှင်းအဟောင်းမှာ ယန္တရားအဟောင်းအတိုင်း၊ သမားရိုးကျနည်းလမ်းအတိုင်း လှေကြီးထိုးရိုးရိုး နှစ်ပါးသွားနေတာတွေ ရှိတယ်။ ၂၀ ရာစုဟာ အိုင်ဒီယော်လိုဂျီခေတ်ဖြစ်ပေမယ့် ၂၁ ရာစုဟာ အိုင်ဒီယာခေတ် ဖြစ်လာပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ၊ မျက်နှာစာတွေ အများကြီး ရှိပါတယ်။ နိုင်ငံကို အကျိုးပြုခြင်းဆိုတာ နိုင်ငံရေးနယ်မှာတင် လုပ်လို့ ရတာ မဟုတ်ပါ။ နည်းပညာနဲ့လည်း နိုင်ငံတည်ဆောက်ရေးကို ကူနိုင်တယ်။ ကယ်နိုင်တယ်။ မ,စ နိုင်တယ်။ သိပ္ပံနဲ့လည်း နိုင်ငံတည်ဆောက်ရေးကို ကူလို့ရတယ်။ ဝိုင်းလို့ရတယ်၊ ဝန်းလို့ ရတယ်။ စာပေနဲ့လည်း နိုင်ငံတည်ဆောက်ရေးကို ကူလို့ရတယ်။ စာပေနဲ့ နိုင်ငံတည်ဆောက်ရေးကို လုပ်တာ ဟာ ကလောင်ကိုင်ပြီး လုပ်တာလို့ ဆိုတယ်။ ကလောင် မကိုင်ရင်လည်း မြေဖြူကိုင်ပြီး နိုင်ငံတည်ဆောက်ရေး ကို ကျေးဇူးပြုလို့ရတာပဲ။ ပါတီနိုင်ငံရေးတစ်ခုတည်းကသာ နိုင်ငံတည်ဆောက်ရေးကို လုပ်နိုင်တာမှ မဟုတ် တာ။ နိုင်ငံရေးလုပ်ပြီး နိုင်ငံကို ကျေးဇူးပြုတယ်ဆိုတာ ခေတ်နောက်ကျသွားပါပြီ။ နိုင်ငံရေး မလုပ်လည်း၊ နိုင်ငံ တည်ဆောက်ရေးမှာ လောက်လောက်လားလား ထမ်းနိုင်တဲ့ကိစ္စ ရေးရာတွေ အများကြီး ရှိလာပါပြီ။ နိုင်ငံရေး ဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ဖို့ ဖြစ်ပါတယ်။

တချို့တော့ ပြောတယ်။ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲခွဲခြားခြားပြောသေးတယ်။ အာဏာနိုင်ငံရေး တို့၊ ပညာနိုင်ငံရေးတို့ဆိုပြီး ခွဲခြမ်းစိတ်ဖြာလို့လည်း ရနိုင်သေးတယ်။ လက်နက်နိုင်ငံရေး၊ စားပွဲဝိုင်းနိုင်ငံရေး အစရှိသဖြင့် စုံလို့ စီလို့။ တော်လှန်ရေး၊ တည်ဆောက်ရေး။ ဖြိုဖျက်ရေး၊ ကူညီကယ်ဆယ်ရေး။ ကိုယ့်အလုပ်ကို ပီပီပြင်ပြင်လုပ်ရေး။

အများကိစ္စ

တိုင်းပြည်တည်ဆောက်ရေးဆိုတာ တစ်ဦးတစ်ယောက်တည်းကိစ္စ မဟုတ်ဘူး။ တစ်စုတစ်ဖွဲ့တည်းရဲ့ အမှုကိစ္စ လည်း မဟုတ်ဘူး။ လူတန်စားအလွှာတစ်ရပ်ကပဲ ထိုးထွက် ဦးဆောင်နေရမှာ မဟုတ်ဘူး။ တိုင်းပြည်တည် ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးဆိုတာ အများကိစ္စဖြစ်တယ်။ အများနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ လူ့အသိုင်း အဝိုင်းကြီးတစ်ခုလုံးနဲ့ ဆိုင်သလို၊ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ တစ်ဦးချင်းမှာလည်း တာဝန်ရှိတယ်။ တစ်စုချင်းတစ်ဖွဲ့ချင်းဆီမှာလည်း တာဝန်ရှိတယ်။ ကိုယ်စီကိုယ်စီမှာ ဆိုင်ရာ ဆိုင်ရာ အသီးသီး အသသ နယ်ပယ်အရပ်ရပ်က ထူးထူးချွန်ချွန် ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။

ရုပ် / နာမ်

နိုင်ငံတည်ဆောက်ရေးမှာ ရုပ်ပိုင်းနဲ့ နာမ်ပိုင်းဆိုပြီး ခွဲကြည့်လို့ရတယ်။ ရုပ်ပိုင်းဟာ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် ဖွံ့ဖြိုးပြီး လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ရှင်သန်စားသောက်ပြီး ဘဝကို လွတ်လပ်စွာ နေနိုင်ဖို့ ဖြစ်တယ်။ နာမ် ပိုင်းကတော့ ကိုယ်ကျင့်ပိုင်း၊ ဂုဏ်သိက္ခာပိုင်း၊ ယဉ်ကျေးမှုစရိုက်လက္ခဏာပိုင်းဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နိုင်ငံ တည်ဆောက်ရေးအတွက်၊ စီးပွားရေးဖွံ့ဖြိုးဖို့၊ နိုင်ငံ့ဝင်ငွေတိုးဖို့၊ နည်းပညာမြင့်မြင့်မားမားတွေ သုံးစွဲဖန်တီး ထုတ်လုပ်နိုင်ဖို့၊ လူနေမှုအဆင့်အတန်းမြင့်မားဖို့၊ လူ့အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့၊ လူလူသူသူ နေထိုင်စား သောက်သွားလာနိုင်ဖို့ ဆိုတာတွေ ပါဝင်တယ်။ နာမ်ပိုင်းဆိုင်ရာ နိုင်ငံတည်ဆောက်ရေးမှာတော့၊ သိမ်မွေ့တဲ့ အပိုင်းတွေ အများကြီးပါတယ်။ အထူးသဖြင့် တိုင်းပြည်အတွင်းက ပြည်သူတွေရဲ့ ကိုယ့်ကျင့်ဖွံ့ဖြိုးရေးနဲ့ လွတ်လပ်ပြီး တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတွေ၊ လူ့ဂုဏ်သိက္ခာရှိစွာ ကျင့်ကြံနေထိုင်ရှင်သန်နိုင်ရေးတွေ ပါဝင်တယ်။ ကိုယ်သန်ရာသန်ရာ အနုလက်ရာတွေကို တီထွင်ဖန်တီးပြီး လူ့ယဉ်ကျေးမှုအုတ်မြစ်ကို ကျေးဇူးပြု ဖို့ဖြစ်တယ်။ လူတစ်ဦးချင်းစီ လွတ်လပ်ခွင့် ရှိပြီး၊ လူ့အသိုင်းအဝိုင်း ဂုဏ်သိက္ခာမြင့်တဲ့ ယဉ်ကျေးမှုအဝန်းအဝိုင်း ကို တည်ဆောက်နိုင်ဖို့ ဖြစ်တယ်။

ကူနိုင် ကယ်နိုင်ဖို့

နိုင်ငံတည်ဆောက်ရေးမှာ လိုတာတွေ ရှိတယ်။ နယ်ပယ်အသီးသီးမှာ ထူးထူးချွန်ချွန်ပေါက်ပေါက်မြောက် မြောက်ဖြစ်တဲ့သူတွေ လိုတယ်။ ဒီ့အတွက် ကိုယ့်ဝါသနာမှာ ရူးသွပ်တဲ့လူတွေ လိုတယ်။ ရူးမှ ထူးတာ။ ထူးမှ ပေါက်မြောက်တာ။ ပေါက်မြောက်မှ၊ လောက်လောက်လားလား ကူနိုင် ကယ်နိုင်မှာ။ နိုင်ငံတည်ဆောက်ရေးမှာ၊ အာဏာမက်တဲ့လူတွေချည်းပဲများရင် တိုင်းပြည် ပျက်တာပဲ။ သူရဲကောင်းလုပ်ချင်တဲ့သူတွေများတဲ့ တိုင်းပြည် ဟာ ကံဆိုးတယ်။ ငါ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့သူတွေများနေမှာပဲ။ ဒီတော့ သိပ်အရေး ပါ၊ အရာရောက်ချင်လွန်းသူတွေ များတာ မကောင်းဘူး။ ကိုယ့်အလုပ်ကို ကိုယ် အကောင်းဆုံးနဲ့ ပီပီပြင်ပြင် ၊ စေတနာထည့်ပြီး လုပ်နေတဲ့လူတွေ များမှပဲ တိုင်းပြည် တည်ဆောက်ရေးက အောင်မြင်မယ်။ ပညာတတ်တွေ များများလိုတယ်။ မကျက်တကျက်ပေါင်မုန့်တွေလို၊ တတ်ယောက်ကားတွေ များစရာ မလိုဘူး။ နိုင်ငံတည် ဆောက်ရေးမှာ အနုပညာသမားတွေလည်း လိုတယ်။ ပညာရှင်တွေလည်းလိုတယ်။ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ အတော်အသင့်ရှိရင် ရပြီ။ သိပ်များများစားစား မလိုဘူး။ မြန်မာနိုင်ငံဟာ နေရာတကာ နိုင်ငံရေးက ဝင်ရှုပ်နေလို့၊ ပြဿနာတွေက များနေတာ။ နိုင်ငံရေးပယောဂဝင်နေတယ်၊ နိုင်ငံရေး အပ,မှီနေတယ်လို့တောင် ပြောလို့ရမယ်။ နိုင်ငံရေးသမားတွေများဖို့ထက်၊ ဆိုင်ရာဆိုင်ရာမှာ ပရော်ဖက်ရှင်နယ် ကျကျ တတ်ကျွမ်းတဲ့လူတွေများများလိုတယ်။ သူတို့တွေကသာ နိုင်ငံကို ချီ,မ နိုင်ကြမှာဖြစ်တယ်။

အကျိုးစီးပွား တိုက်ပွဲ

မြန်မာပြည်မှာ အကျိုးစီးပွား ပဋိပက္ခသိပ်ကြီးတယ်။ အကျိုးစီးပွား ပဋိပက္ခ၊ အကျိုးစီးပွားတိုက်ပွဲတွေကြောင့် နိုင်ငံရေးဒဏ်ရာတွေ ဆက်ပြီး ဆက်ပြီးရနေတယ်။ လူမျိုးစုအရေးကိစ္စတွေမှာလည်း၊ အကျိုးစီးပွား ပဋိပက္ခ သံသရာဟာ ဝဲလည်လိုက်နေတယ်။ လူတွေဟာ ကိုယ့်အလုပ်ကို ကိုယ်ပီပီပြင်ပြင် လုပ်သင့်နေပြီ။ ကုန်သည် က ကုန်ကူး။ ကျောင်းဆရာက စာသင်။ လယ်သမားက လယ်စိုက်။ စစ်သားက စစ်တိုက်။ စာရေးဆရာက စာရေး။ ပညာရှင်က သုတေသနလုပ်။ ဘုန်းကြီးသံဃာက ပရိယတ်၊ ပဋိပတ် လုပ်။ နိုင်ငံရေးသမားက နိုင်ငံရေး လုပ်။ ဝန်ကြီးက ဝန်ကြီးအလုပ်လုပ်။ သမ္မတက သမ္မတအလုပ်လုပ်။ ကိုယ့်အလုပ် ကိုယ်လုပ်။ နိုင်ငံတည် ဆောက်ရေးအတွက် လောက်လောက်လားလား လူတွေ လိုတယ်။ အပေါ်ယံ နှမ်းဖြူးတွေ၊ နောက်မှီးဆွဲတွေ မလိုဘူး။ ယောင်ဝါးတွေ မလိုဘူး။ တတ်ယောင်ကားတွေ မလိုဘူး။ အတို့အထောင်သမားတွေ မလိုဘူး။ လော်ဘီတွေ၊ ဆော်ဘီတွေ မလိုဘူး။

အကျင့်ဆိုး

နိုင်ငံတည်ဆောက်ရေးမှာ မြန်မာ့လူမှုစရိုက်တော်လှန်ရေးဟာ ကြီးကြီးကျယ်ကျယ်လိုအပ်နေပြီ။ ရှေးမြန်မာတွေ ရဲ့ အကျင့်စရိုက်နဲ့ အမူအကျင့်တွေဟာ နှစ်လိုဖွယ်ရှိသလောက်၊ အခုလက်ရှိမှာ ညစ်ထေးစုတ်ပျက်နေတဲ့ စရိုက်တွေ မြောက်မြားစွာ အမြစ်တွယ်လို့ စွဲနေတယ်။ ဒါကို လူတော်တော်များများဟာ အမှုမဲ့ အမှတ်မဲ့ပဲ နေနေ ကြတယ်။ ပညာတတ်တွေဟာ ရေငုံနှုတ်ပိတ်နေနေကြပြီး၊ အနုပညာသမားတွေဟာ ဖြေဖျော်ရေးလောက်မှာ သာ လမ်းဆုံးနေကြတယ်။ စာရေးဆရာတွေကလည်း လက်ခုပ်သံပဲ ချူနေပြီး၊ နိုင်ငံရေးသမားကတော့ အာဏာ ကိစ္စပဲ အိပ်မက်မက်နေတယ်။ စီးပွားရေးသမားက ဂွင်ကိုပဲ ရှာနေပြီး၊ စားဖားတွေကတော့ ကပ်မြှောင်ဖို့လောက် သာတွေးနေကြတယ်။ မီဒီယာနဲ့ အင်ဂျီအိုတွေဟာ ဒိုနာဘက်က ဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူတွေဟာ လက်ဝေခံ လက်တံတွေဖြစ်နေတယ်။

ဖွတ်သထက် ညစ်

မြန်မာပြည်ဟာ လွတ်လပ်ရေးရတာ နှစ်ပေါင်း (၇၀) ကျော်ပြီ။ သို့ပေမယ့် အခုထိ နိုင်ငံတည်ဆောက်ရေးကို ကောင်းကောင်း မသွားနိုင်သေးဘူး။ ပြည်တွင်းစစ်ဟာ ကြိုကြားစစ်ပုံစံနဲ့ သက်ဆိုးရှည်နေတယ်။ လူမှုစီးပွား ဘဝတွေဟာ နိုင်ရာစား၊ ကြီးနိုင်ငယ်ညင်း၊ မြေနိမ့်ရာလှံစိုက်၊ ကျောမွဲဟာ မွဲသထက်မွဲ၊ ဖွတ်ကျောပြာစု ဖြစ်နေ တဲ့ အခြေအနေဖြစ်နေတယ်။ မြန်မာပြည်မှာ မြေပေါသလောက်၊ အိမ်ပိုင်ယာပိုင်နဲ့ မနေရတဲ့ ဘဝတွေ မြောက်မြားစွာ ရှိနေတယ်။ မြန်မာပြည်မှာ စားနပ်ရိက္ခာရင်းမြစ်ပေါသလောက်၊ ဝဝလင်လင် အာဟာရပြည့်ပြည့် မစားရတဲ့ ဘဝတွေ မြောက်မြားစွာ ရှိတယ်။ မြန်မာပြည်မှာ သယံဇာတတွေ ထွက်သလောက်၊ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင်တွေ မြောက်မြားစွာ ရှိတယ်။ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားတွေ၊ တနပ်စားဉာဏ်သမားတွေလည်း မြောက်မြားစွာ ရှိနေတယ်။ စစ်ပွဲတွေဟာ အကျိုးစီးပွားတိုက်ပွဲတွေ ဖြစ်လာပြီး၊ သယံဇာတခွင်လုရာ နယ်မြေတွေဖြစ်လာတယ်။ နယ်စွန်နယ်ဖျားတောင်ပေါ်ဒေသတွေမှာတော့၊ စစ်ပြေးဒုက္ခ သည်တွေနဲ့ အပြည့်။ စားကောင်းခြင်း မစားရ။ အိပ်ကောင်းခြင်း မအိပ်ရ။ ပါးရိုက် နားရိုက်ခံပြီး ဈေးပေါလွန်းတဲ့ ဘဝတွေ မြောက်မြားစွာ ရှိနေတယ်။

ကိုယ့်အလုပ် ကိုယ်မလုပ်ကြ

မြန်မာပြည်မှာ စာရေးဆရာတွေ သိပ်များတယ်။ ဒါပေမယ့် ပြည်သူတွေ အကြား ဆင်ခြင်တုံတရား ပျက်သုဉ်း နေတယ်။ မြန်မာပြည်မှာ စစ်သားတွေ သိပ်ပေါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝက မလုံခြုံဘူး။ မြန်မာပြည်မှာ ဘုန်းကြီးတွေ သိပ်များတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ကိုယ်ကျင့်စာရိတ္တမှာ၊ အယုတ်ညံ့ဆုံး အပြုအမူတွေ တွေ့နေရတယ်။ မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေ သိပ်ပေါတယ်။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ် ရေးနဲ့ ဝန်ဆောင်မှုက ညစ်စုတ်ပတ်နေတယ်။ မြန်မာပြည်မှာ ရှေ့နေ ရှေ့ရပ်၊ တရားသူကြီးမင်းတွေလည်း သိပ် ပေါတယ်။ ဒါပေမယ့် ပြည်သူတွေမှာ တရားတွေ ပျက်သုဉ်းပြီး မတရားတွေ မင်းမူနေတယ်။ အနှစ်မရှိတဲ့ ကြက်ဆူပင်တွေကလည်း အများသား။ တိုင်းပြည်တည်ဆောက်ရေးဟာ မလွယ်ပါ။ ဆရာတော် သံဃာတော် ကြီးတွေက အာဏာစက်၊ ဓမ္မစက် ပေါင်းဖက်ပြီး ဘယ်လို ဘယ်ပုံ သွားကြမယ်လို့ ဘယ်လိုပင်ပြောပြော၊ ဟော ဟော…. ဟောရင်းသား ပျံလွန်တော်မူသွားကြတယ်။ မြန်မာပြည်ဟာ ဒုံရင်း၊ ဒုံရင်း။

နိုင်ငံတည်ဆောက်ရေးကိစ္စဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန် လုပ်နိုင်ကြမယ်မှန်း မသိပါ။ မြန်မာပြည် ဟာ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်နေတယ်။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးနေကြရတယ်။ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်ဖြစ်နေတယ်။ ပေးကား ပေး၏ မရ။ ကျွေးကား ကျွေး၏ မဝ။ ပြည်သူဟာ ကိုယ်နဲ့ တန်တဲ့ အစိုးရ ကို ရနေကြပါတယ်။

မင်းသေ့
နံနက် ဝ း ၂၂
၃ ၊ ဇူလိုင် ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post ◾ ပြုပြင်ပြောင်းလဲရေးကိစ္စ။
Next post တိုင်းပြည် ကိုယ်ကျင့်