ဒီနေ့ခေတ် လူငယ်စာရေးချင်သူတွေကို ခပ်များများတွေ့လာရတယ်။ ဒါ့ကြောင့် ကိုယ် သိနားလည်ထားသမျှကို ဝေငှချင်လို့ ဒီစာကို ရေးဖြစ်တယ်။

စာရေးဖို့အတွက်ဆိုရင် အရေးကြီးတဲ့အချက်တွေ ရှိတယ်။ ဝါသနာထုံသူ၊ ရူးသွပ်သူအတွက်ကတော့ ထူးထွေ ပြီး ပြောနေစရာ အကြောင်း မရှိပါ။ သူ့ဘာသာသူ ရှာဖွေဆည်းပူးလေ့လာရင်းနဲ့ သူ့အလိုလိုနားလည်သွား တတ်တာမို့ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အထုံမပါနိုင်ပါ။ ဆန္ဒအလျောက်သာ ရှိပြီး တဖြည်းဖြည်းချင်း တိုးလုပ်သွားလေ့ရှိပါတယ်။ ဒါ့ကြောင့် နည်းနားအားဖြင့် စဉ်းစားစရာ ရလို့ ရငြားဆိုပြီး ဒီစာတွေ ရေးမယ်လို့ စိတ်ကူးမိပါတယ်။

နံပါတ် (၁) ဝေါဟာရကြွယ်ဝဖို့ ။

ဝေါဟာရကြွယ်ဝဖို့ ဖြစ်ပါတယ်။ ဝေါဟာရကြွယ်ဝတယ်ဆိုတာ၊ စာရေးသူတစ်ယောက်အဖို့ အားသာချက်တစ်ခု ပါပဲ။ လူအများမျက်စိနဲ့ကိုက်အောင် ချင့်ပြီး ချဲ့ပြီးရေးရတာဖြစ်ခြင်းကြောင့်၊ စကားလုံး သုံးစွဲပုံဟာ အရေးကြီး တယ်။ စကားလုံး သုံးစွဲပုံဟာ ဝေါဟာရဘယ်လောက်ကြွယ်ကြွယ်ဝဝ ရှိထားသလဲဆိုတဲ့အချက်အပေါ်မှာ မူ တည်နေတယ်။ ဝေါဟာရကြွယ်ဝတယ်ဆိုတာ စကားလုံးတွေ၊ အဓိကအသုံးအနှုန်းတွေကို ကျက်မှတ်ထားတာ မဟုတ်ဘူး။ စကားလုံး ဝေါဟာရတွေရဲ့ အနက်သဘောနဲ့ အတွင်းသဘောကို နက်နက်နဲနဲ နားလည်ထားတာ။ ဂဃနဏသိနားလည်ထားတာ။ ရေရေလည်လည် သဘောပေါက်ထားတာ။ လုံးစေ့ပတ်စေ့ သိမြင်ထားတာ ဖြစ် ပါတယ်။

စာရေးတဲ့သူဆိုတာ စကားလုံးတွေနဲ့ မြူးတူးကခုန်ရတဲ့ သတ္တဝါဖြစ်ပါတယ်။ ဒါ့ကြောင့် စကားလုံးတွေနဲ့ အထာ ကို သိရပါတယ်။ စကားလုံးတွေရဲ့ အနက်ကို နားလည်ရပါတယ်။ အသုံးအနှုန်းတွေရဲ့ ကာလ/ဒေသ/ပယောဂ ကို နားလည်ထားရပါတယ်။ ဒါတွေကို နားလည်ခြင်းဟာ အရေးကြီးတယ်။ ဒါတွေကို နားလည်အောင်လုပ်တယ် ဆိုတာလည်း တကူးတက လုပ်နေစရာ မလိုပါဘူး။ စာတွေကို စုံစုံစေ့စေ့ ဖတ်လာတာများလာရင် အလိုလို သိ လာတယ်။ စာတွေကို များများစားစား ဖတ်လာရင် အလိုလို သိလာတယ်။ စာတွေကို နက်နက်နဲနဲ အာရုံစိုက်ပြီး ဖတ်လာရင် အလိုလိုသိလာပါတယ်။ ဒါ့ကြောင့် ဝေါဟာရတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖို့ဆိုတာဟာ အရေး ကြီးတဲ့ကိစ္စဖြစ်တယ်။

ဝေါဟာရကြွယ်ကြွယ်သုံးတတ်တဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ဖတ်ရာမှာ မပျင်းရဘူး။ အဓိက ဝေါဟာရ တွေစုထားတဲ့ အဘိဓာန်လို စာအုပ်မျိုးတွေကို အမြဲတမ်း စုဆောင်းပြီး ဖတ်ရှုနေဖို့ လိုတယ်။ စာအုပ်စင်ပေါ်မှာ၊ စားပွဲပေါ်က လက်လှမ်းမှီရာ လက်တစ်ကမ်းမှာ အမြဲတမ်း ထားထားဖို့ လိုအပ်ပါတယ်။

စာရေးဆရာဆိုတာဟာ လူထုအတွက် စာရေးရတာဖြစ်ပါတယ်။
• လူထုဟာ စရိုက်မျိုးစုံရှိတယ်။
• လူထုဟာ အတွေ့အကြုံပေါင်းစုံရှိတယ်။
• လူထုဟာ ဖြတ်သန်းမှုပေါင်းစုံရှိတယ်။
• လူထုဟာ အမူအကျင့်ပေါင်းစုံရှိတယ်။
• လူထုဟာ အတွေးအခေါ်၊ အယူအဆပေါင်းစုံ ရှိတယ်။

လူထုထဲက လူများများကို နားလည်အောင် ရေးသားဖြန့် ချိဖို့အတွက်ဆိုရင် လူထုရဲ့စိတ်နေစရိုက်ကို နားလည်ရတယ်။ လူထုရဲ့ သဘောမနောကို အကဲခတ်နိုင်ရတယ်။
သီတဂူဆရာတော်ကြီး ဟောဖူးတဲ့တရားတစ်ပုဒ်မှာ စာချိုး တစ်ခုဟောဖူးပါတယ်။ “စကားကျယ် နားငယ် မဆန့်ဘူး။ စကားငယ် နားကျယ် မနှံ့ဘူး…” ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ စကားပြောတဲ့နေရာမှာ၊ ကိုယ့်စကားကို နားထောင်နဲ့လူရဲ့ နားနဲ့ ကိုက်အောင် ပြောတတ်ဖို့ လိုပါတယ်။ ကိုယ့်စကား နားထောင်နေတဲ့လူက နားငယ်ရင် စကားကိုချုံ့ပြီးတော့ ပြော။ ကိုယ့်စကားကို နားထောင်မယ့်လူက နားကျယ်နေရင် စကားကို နားကျယ်ကျယ်နဲ့ ကိုက်အောင် ပြောဖို့ လိုပါတယ်။

စာရေးတယ်ဆိုတာလည်း စကားပြောခြင်းတစ်မျိုးပါပဲ။ စာရေးတယ်ဆိုတာ လက်နဲ့ စကားပြောတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရေးတဲ့စာနဲ့ ကိုယ့်စာကို ဖတ်ဖို့ ရည်ရွယ်တဲ့လူရဲ့ အတိုင်းအဆကို ခန့်မှန်းဖို့ လိုပါတယ်။ လူတွေရဲ့သဘောက စရိုက်အစုံ၊ ဖြတ်သန်းမှုအစုံ၊ အတွေ့အကြုံအစုံ၊ အယူအဆဓာတ်ခံ အစုံရှိတတ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သရွေ့ ရေးတဲ့စာပါစကားလုံး/ဝေါဟာရတင်ပြချက်တွေနဲ့ ဖတ်သူရဲ့ ဉာဏ်မျက်စိဟာ ကိုက်ညီဖို့ လိုတယ်။ ဒီ့အတွက် ဖတ်သူရဲ့စရိုက်နဲ့ ကိုက်တဲ့အရေးအသား အသုံးအနှုန်းကို ရေးနိုင်ဖို့အတွက် စကားလုံး/ဝေါဟာရကြွယ်ဝခြင်းဟာ အထူးအရေးကြီးတယ်။ ကိုယ့်မှာ စကားလုံး/ ဝေါဟာရရွေးချယ် များများ မရှိရင်၊ ဝေါဟာရအသုံးအနှုန်းမှာ ချို့တဲ့မယ်။ အကန့်အသတ်ဖြစ်နေမယ်။ ဒီလိုဆိုရင် ဖတ်သူရဲ့စရိုက်နဲ့ ကိုက်တဲ့ စာကို ရေးနိုင်ဖို့ ခက်လိမ့်မယ်။ ဒါ့ကြောင့် စာရေးမယ့်သူဟာ စကားလုံး၊ ဝေါဟာရကြွယ်ဝဖို့ လိုတယ်။

စာရေးဆရာဟာ အမြဲတမ်းလိုလို observation လုပ်နေရတဲ့သူဖြစ်ပါတယ်။ စကားလုံးတွေကို သုံးနှုန်းတဲ့နေရာ မှာလည်း အကြောင်းအရာနဲ့ ကိုက်ညီအောင် သုံးနှုန်းတတ်ခြင်းဟာ ပညာဖြစ်တယ်။ သဘာဖြစ်တယ်။ ဒါကို နားလည်ဖို့ သင့်တယ်။

မြန်မာစာနဲ့ မြန်မာစကားဟာ ဘာသာဗေဒသဘောအရ ဝေါဟာရအင်မတန်ကြွယ်ဝတဲ့ ဘာသာစကားမျိုးဖြစ်ပါ တယ်။ မွေးစားတဲ့စကားလုံးတွေ အများအပြား ရှိသလို၊ အပ်စပ်အောင် မွေးယူထားတဲ့စကားလုံးတွေလည်း အများကြီးရှိပါတယ်။ ထွင်ထားတဲ့စကားလုံးတွေရှိသလို၊ နဂိုမူလကတည်းက သုံးနှုန်းတဲ့ စကားလုံးတွေလည်း ရှိတယ်။ ရပ်သုံးရွာသုံးတွေလည်း ရှိသလို၊ ပညာရပ်ဆိုင်ရာ အသုံးတွေလည်း ရှိတယ်။

• စကားလုံးတွေကို နားလည်ခြင်း၊
• ဆိုရိုးတွေကို နားလည်ခြင်းနဲ့
• ပါဠိဝေါဟာရတွေကို နှံ့စပ်ခြင်းဆိုတာတွေဟာ သိပ်အရေးကြီးတယ်။
• ဒါတွေကို နားလည်အောင် လုပ်ဖို့ လိုတယ်။

နံပါတ် (၂) ပါဠိဝေါဟာရတွေကို နှံ့စပ်ဖို့။

မြန်မာစာပေဟာ ဗုဒ္ဓစာပေရဲ့ ကျေးဇူးမကင်းပါဘူး။ ထိုနည်းလည်းကောင်းပဲ ပါဠိစာပေရဲ့ ကျေးဇူးဟာ မြန်မာ စာပေမှာ အများကြီးကျေးဇူးပြုထားပါတယ်။ မြန်မာတွေဟာ နေ့စဉ်လိုလို ပါဠိအသုံးအနှုန်းတွေကို နေ့စဉ်ဘဝ မှာ သုံးနှုန်းကြပါတယ်။ တချို့သောစကားလုံးတွေဟာ ပါဠိစကားလုံးဖြစ်ပေမယ့်၊ ပါဠိလို့ လူတော်တော်များများ က မယူဆကြတော့လောက်အောင် မြန်မာစကားလုံးလိုဖြစ်နေပါပြီ။ မြန်မာစာပေ၊ မြန်မာစကားဖြစ်ထွန်းပေါ် ပေါက်လာတာဟာလည်း ပါဠိစာပေရဲ့ ကျေးဇူးပြုထောက်ပံ့မှုတွေ အများကြီးပါပါတယ်။ ဒါ့ကြောင့် ဘယ် လောက်ပဲ ခေတ်မီဟာ ဆန်းသစ်နေတယ်ပြောပြော၊ မော်ဒန်ဒန်ဒန်တွေ၊ ပို့စ်မော်ဒန်ဒန်ဒန်တွေ ဘယ်လောက်ပဲ ဆိုဆို၊ စာရေးချင်သူ၊ စာရေးမယ့်သူဟာ ပါဠိဝေါဟာရတွေကို တတ်နိုင်သရွေ့ ဂဃနဏ နှံ့နှံ့စပ်စပ် လေ့လာ တတ်သိထားဖို့ဟာ သိပ်အရေးကြီးတယ်။

စာရေးသူအချင်းချင်းယှဉ်ရင်၊ ပါဠိဝေါဟာရတွေကို နှံ့နှံ့စပ်စပ် နားလည်ထားသူဟာ တစ်ပန်းသာတယ်။ ဒါ့ ကြောင့် စကားလုံးတွေရဲ့ ပါဝါကို စုဖို့အတွက် ပါဠိသက်ဝေါဟာရအဘိဓာန်လို စာအုပ်မျိုးတွေ ရှာဖတ်ဖို့ လို တယ်။ နေ့စဉ်အသုံးအနှုန်းတွေထဲမှာ ဘယ်လိုစကားလုံးတွေဟာ ပါဠိဝေါဟာရကနေ ဆင်းသက်သလဲဆိုတာ သတိထားကြည့်ရမယ်။ ဘုန်းတော်ကြီးတွေ၊ ဆရာတော်တွေ ဟောကြားထဲတရားဓမ္မတွေထဲကနေ လူအများ နားထဲ စွဲနေတဲ့ ပါဠိဝေါဟာရတွေကို ကိုယ့်ရဲ့စာပေအလုပ်မှာ ယူငင်အသုံးချနိုင်အောင် ကြိုးစားရမယ်။ ဝေါဟာရစုစည်းချက်တွေ၊ အဘိဓာန်တွေနဲ့ အနက်ဖွင့်ဆိုချက် စာအုပ်တွေ တွေ့တိုင်း သည်းသည်းလှုပ်အောင် ချင်ခြင်းတက်တတ်တဲ့ အမူအကျင့်မျိုး ရှိနေရင် အကောင်းဆုံးပဲ။

ပါဠိဝေါဟာရတွေကို လူအထင်ကြီးစေချင်လို့၊ အတောင့်လိုက်ကြီး ပစ်သွင်း သုံးစွဲဖို့ မလိုပါဘူး။ အဲသည်လို လုပ် ရင်လည်း စာကြွားဖြစ်ရာကြတယ်။ ဒါ့ကြောင့် ဒါမျိုးကို ရှောင်ရမယ်။ တချို့သော စကားလုံးတွေဟာ ကြားဖူး သလိုလို ရှိပေမယ့်၊ သေချာ နားလည်မနေတာတွေ ရှိတယ်။ ဒီလိုစကားလုံးမျိုးတွေကို ဖြည်သင့်ရင် ဖြည်။ ဖြန့် သင့်ရင် ဖြန့်၊ ချဲ့သင့်ရင် ချဲ့။ ထပ်ရှင်းသင့်ရင် ထပ်ရှင်းတာတွေ လုပ်ဖို့ လိုတယ်။ ကိုယ်ရေးတဲ့စာမှာ ပါဠိစကား လုံးတွေကို ထောက်မနေဘဲ၊ တောင့်မနေဘဲ ရိုးရိုးလေးနဲ့ ဟာမိုနီဖြစ်စွာ သုံးစွဲသွားနိုင်ခြင်းဟာ ပညာဖြစ်တယ်။ သဘာဖြစ်တယ်။ ဒါကို နားလည်ဖို့ လိုတယ်။

စကားလုံးတွေကို စီရင်တဲ့သူဟာ စကားလုံးတွေကို ကောင်းကောင်း ကိုင်တွယ်စီရင်နိုင်ရပါတယ်။ ဒီလိုလုပ်နိုင် ဖို့အတွက် စကားလုံးဝေါဟာရတွေရဲ့ အနက်သဘောကို ကောင်းကောင်း နားလည်ရတယ်။ အတွင်းသဘောထိ နှိုက်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

• စာရေးဆရာဆိုတာ လူထုကို ရှေ့ဆောင်သူဖြစ်ပါတယ်။
• လူထုနောက်လိုက် မဟုတ်ဘူး။
• လူထုရဲ့ နောက်မှီးဆွဲလည်း မဟုတ်ဘူး။
• ဒါ့ကြောင့် စကားလုံးဝေါဟာရသုံးနှုန်းမှုမှာ လူထုကို ရှေ့ဆောင်ပြဖို့ လိုတယ်။

အသိဉာဏ်ပညာဆိုတာ စကားလုံးဝေါဟာရတွေနဲ့ သယ်ယူဆောင်ကြဉ်းပြီးတော့ ဖြန့်ချိထုတ်လုပ်ရတာဖြစ်တာ ကြောင့် ဉာဏ်ပညာအတွက် စကားလုံးတွေဟာ အရေးကြီးပါတယ်။ စကားလုံးတွေကို ပိုင်နိုင်ဖို့ လိုတယ်။ မြန်မာစကားလုံးမှာ ပါဠိသက်ဝေါဟာရတွေကနေ မွေးယူထားတဲ့ စကားလုံးတွေ အများကြီး ရှိတယ်။ အင်္ဂလိပ် စကားလုံးကနေ မွေးစားထားတာတွေ အများကြီးရှိတယ်။ အိန္ဒိယက လာတဲ့ သက္ကတတို့ ၊ ဟိန္ဒူတို့ကနေဆင်း သက်ပြီး သုံးနှုန်းကြတဲ့စကားလုံး၊ အမည်နာမတွေလည်း ရှိတာပဲ။ စာရေးဆရာဟာ ဘာသာဗေဒပညာရှင် တစ်ယောက်လို တတ်သိနားလည်စရာ မလိုပေမယ့်၊ ဘာသာဗေဒမှာ ဝေါဟာရတွေရဲ့ သဘောကို ခြုံငုံနား လည်ထားဖို့တော့ လိုတယ်။ ကိုယ်ရေးသားတင်ပြတဲ့ စာပေရဲ့ ဆင်းသက်လာပုံနဲ့ ဖြတ်သန်းမှုကို ယေဘုယျ သဘောတော့နားလည်ထားဖို့ လိုပါတယ်။ ဒါဟာ စာရေးဆရာတစ်ယောက် သိကို သိထားရမယ့် အကြောင်းရပ် တွေ ဖြစ်ပါတယ်။

နံပါတ် (၃) အဘိဓာန်တွေကို ရသမျှ စု။

အဘိဓာန်တွေ အမျိုးမျိုး ရှိပါတယ်။ စွယ်စုံကျမ်းဆိုတာဟာ အကောင်းဆုံးနဲ့ အကျယ်ပြန့်ဆုံးသော လောက အဘိဓာန်ကြီးပါပဲ။ ထိုနည်းလည်းကောင်း ပညာရပ်ဆိုင်ရာ အဘိဓာန်တွေ တော်တော်များများရှိတယ်။ ဘာသာ စကားအဘိဓာန်တွေလည်း အများကြီး ရှိတယ်။ အကြောင်းအရာအလိုက်၊ ကဏ္ဍအလိုက် အဘိဓာန်တွေလည်း အစုံစုံထွက်ပေါ်လာပြီးသားပါ။ မြန်မာပြည်မှာ၊ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို အစပြုခဲ့တာက မက္ခရာမင်းသား ကြီးဖြစ်ပါတယ်။ မင်းတုန်းမင်းရဲ့သားတော် မက္ခရာမင်းသားနဲ့ လွဲနိုင်ပါတယ်။ မင်းတုန်းမင်းရဲ့ သားတော် မက္ခရာမင်းသား မဟုတ်ပါဘူး။ အမရပူရ ပထမမြို့တည် ဗဒုံမင်းရဲ့ သားတော်ဖြစ်ပါတယ်။ အင်းဝဘုရင် ဘကြီးတော်ရဲ့ ဦးလေးတော်စပ်တဲ့သူဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၁၅၃ မှာဖွားပါတယ်။ (မင်းယုဝေ၊ ၁၉၆၅) မြန်မာစာပေသမိုင်းမှာ၊ မက္ခရာမင်းသား၊ ဦးထွန်းငြိမ်း၊ ဦးရွှေကြူးနဲ့ ဒေါက်တာဘဟန်တို့ဟာ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုကြတဲ့သူများမှာ ထင်ရှားပါတယ်။ ပါဠိသက်ဝေါဟာရအဘိဓာန်တွေလည်း ရှိလာပြီ။ ပါဠိ-မြန်မာ-အင်္ဂလိပ်အဘိဓာန်တွေလည်း ရှိလာပြီ။ ဝေါဟာရအဘိဓာန်အစုံစုံလည်း ရှိလာနေပြီးဖြစ်ပါတယ်။ ပါလီမန်ခေတ်မှာ ဝန်ကြီးချုပ် ဦးနုရဲ့ ကြီးမှူးဦးစီးမှုကြောင့် မြန်မာ့စွယ်စုံကျမ်း တစ်စောင်လည်း လောက် လောက်လားလား ပေါ်ထွက်ခဲ့ပြီးပြီ။ ဆိုင်ရာ ဆိုင်ရာ နယ်ပယ်တွေမှာလည်း ဆေးအဘိဓာန်၊ ပထဝီအဘိဓာန်၊ သမိုင်းအဘိဓာန်၊ နိုင်ငံရေးအဘိဓာန်၊ ဘောဂဗေဒအဘိဓာန်၊ ငွေကြေးဆိုင်ရာအဘိဓာန်၊ ပါဠိအဘိဓာန်၊ ဝေါဟာရအဘိဓာန်တွေနဲ့ မြန်မာအဘိဓာန်တွေ အမျိုးမျိုး ရှိထားပြီးဖြစ်ပါတယ်။

စာရေးမယ့်သူဟာ စကားလုံးဝေါဟာရတွေနဲ့ ကခုန်ရသူဖြစ်ပါတယ်။ ဒါ့ကြောင့် စကားလုံးဝေါဟာရကြွယ်ဝဖို့ အတွက် စာရေးဆရာအထွေထွေရေးတဲ့စာအုပ်တွေကို ဖတ်ဖို့ လိုသလို၊ အဘိဓာန်တွေကိုလည်း ဆောင်ထားရ တယ်။ အဘိဓာန်တွေကို နှုတ်တက်အာဂုံရွတ်ပြီး ကျက်စရာ မလိုပါဘူး။ ဒါပေမယ့် အဘိဓာန်တွေကို ချစ်တတ် တဲ့စိတ်ရှိဖို့တော့ လိုတယ်။ အဘိဓာန်တွေဟာ လိုရင်းအနက်အဓိပ္ပာယ်ကို ချက်ကျလက်ကျ ချက်ချင်းရှင်းလင်း ပေးနိုင်တာဖြစ်တာကြောင့် ဝေါဟာရအသုံးအနှုန်းမှာ အနက်အဓိပ္ပာယ် မလွဲစေဖို့ အဘိဓာန်ကို ကိုင်ရတယ်။ ဆိုလိုရင်း အနက်သဘော ထိထိမိမိသုံးနိုင်ဖို့အတွက် အဘိဓာန်တွေက ကျေးဇူးပြုတယ်။ စကားလုံးဝေါဟာရ ပါဝါ မြင့်မြင့်ရှိဖို့ လိုပါတယ်။ အဘိဓာန်တွေဟာ ဝေါဟာရဘဏ်တိုက်တွေဖြစ်ပါတယ်။

စာရေးမယ့်သူဟာ ဘယ်လို အဘိဓာန်မျိုးတွေ ပိုစုဆောင်းရမယ်ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာဖြစ်ပါ တယ်။ အင်္ဂလိပ် – မြန်မာ အဘိဓာန်တွေချည်း စုနေလို့တော့ မရပါ။ ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ အဘိဓာန်တွေကိုလည်း စုဆောင်းဖတ်ရှုဖို့ လိုပါတယ်။ ကိုယ်ဟာ ဘယ်လို ဘာသာရပ်မျိုး၊ ဘယ်လိုနယ်ပယ်မျိုး မှာ စာရေးသားမလဲဆိုတာ ကိုယ့်ဘာသာသိပါတယ်။ ကိုယ်လေ့လာတဲ့နယ်ပယ်၊ ကိုယ်လိုက်စားတဲ့ ပညာရပ်နဲ့ ပတ်သက်ပြီး အစုံစုံသော အဘိဓာန်တွေကို စုဆောင်းဖတ်ရှုခြင်းဟာ အရေးကြီးတယ်။ စာရေးသူဆိုတာ ဖြေဖျော်တဲ့အဆင့်နဲ့ ရပ်နေရမယ့်သူ မဟုတ်ပါဘူး။ လူထုကို အသိအားဖြင့် ရှေ့ဆောင်ပြီး အသိပညာ ထုတ် လုပ်ဖြန့်ချိတဲ့သူလည်းဖြစ်ရပါမယ်။ ဒါ့ကြောင့် စာရေးသူတစ်ယောက်၊ စာရေးဆရာတစ်ယောက် တတ်သိနား လည်ထားတဲ့ သဘောတရားနဲ့ အမြင်အယူအဆတွေဟာ အပေါ်ယံသက်သက် မဖြစ်ရဘူး။ ခပ်တိမ်တိမ် မဖြစ် ရဘူး။ ခပ်ရှပ်ရှပ်လေ့လာထားတာမျိုး မဖြစ်ရဘူး။ သေသေချာချာ၊ ရေရေရာရာ၊ ဂဃနဏ၊ ကျကျနန လေ့လာ သိနားလည်ထားတာမျိုးဖြစ်ရမယ်။ ဒီ့အတွက် ဝေါဟာရတွေရဲ့ အတွင်းသဘောထိ နှိုက်ထုတ်လေ့လာထားခြင်း ဟာ လိုကို လိုအပ်တယ်။

• တတ်ယောင်ကား သိနားလည်မှုမျိုးနဲ့ စာမရေးချင်စမ်းပါနဲ့။
• အပေါ်ယံအသိလေး တစ်လုံးနဲ့ စာမရေးချင်စမ်းပါနဲ့။
• ယောင်ဝါးဝါး အမြင်မျိုးနဲ့ စာမရေးချင်စမ်းပါနဲ့။

တချို့သော စာအုပ်တွေဟာ အဘိဓာန်လို့ အမည်တပ်မထားပေမယ့်၊ အဘိဓာန်သဘောဆောင်ပါတယ်။ ဝေါဟာရရှင်းလင်းချက်စာအုပ်တွေ၊ အဓိကစကားလုံး (key terms) တွေကို စုစည်းထားတဲ့စာအုပ်တွေဟာ အဘိဓာန် သဘောမျိုးပါပဲ။ အင်္ဂလိပ်စာပေမှာတော့ ပညာရပ်အသီးသီး၊ နယ်ပယ်အသီးသီးမှာ အဘိဓာန်တွေ အစုံစုံရှိတယ်။ အမျိုးမျိုးရှိတယ်။ စုံစီနဖာရှိပြီးသားဖြစ်တယ်။ မြန်မာပြည်မှာတော့ နယ်ပယ်တချို့မှာ ရှိတယ်ဆိုရုံ မျှ ရှိပြီးတော့ တချို့သော နယ်ပယ်တွေမှာဆိုရင် ရွေးချယ်စရာများများ မရှိလောက်အောင် အဘိဓာန်ပြုစုမှုတွေ ချို့တဲ့တာ တွေ့ရပါတယ်။ ဘာသာစကားအတွက် ပြုစုထားတဲ့အဘိဓာန်တွေနဲ့ မလုံလောက်ပါဘူး။ ပညာရပ် ဆိုင်ရာအဘိဓာန်တွေ အမျိုးမျိုးလိုပါတယ်။ စာရေးဆရာဟာ အဘိဓာန်တွေရဲ့ အကျိုးကို သိနားလည်သူဖြစ်ရ မယ်။ ဖြစ်ဖို့ လိုတယ်။ အဘိဓာန်တွေဟာ စာပေနဲ့ ဘာသာစကားမှာ သိပ်အရေးပါတယ်။ သိပ်အရေးကြီးတယ်။ မျိုးဆက်အဆက်ဆက်ကို ကျေးဇူးပြုထောက်ပံ့တဲ့ ပျင်းစရာကောင်းတဲ့စာအုပ်မျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် တန်ဖိုးရှိတယ်။ အဘိဓာန်ကို ပြုစုတဲ့သူတွေရဲ့ စွမ်းပကားဟာ တန်ဖိုးမြင့်တယ်။ မြင့်မြတ်တယ်။ သူတို့ရဲ့ ကျေးဇူးပြုထောက်ပံ့မှုဟာ မသေးလှဘူး။

• အင်္ဂလိပ် – မြန်မာ အဘိဓာန်
• မြန်မာ – အင်္ဂလိပ် အဘိဓာန်
• ပါဠိ – မြန်မာ အဘိဓာန်
• ပါဠိ – အင်္ဂလိပ် – မြန်မာ အဘိဓာန်
• မြန်မာအဘိဓာန်
• ပါဠိသက်ဝေါဟာရအဘိဓာန်
• နိုင်ငံရေးအဘိဓာန်
• စီးပွားရေးအဘိဓာန်
• ပညာရေးအဘိဓာန်
• ဆေးအဘိဓာန်
• လူမှုပထဝီဝင် အဘိဓာန်
• စာပေအဘိဓာန်
• သမိုင်းအဘိဓာန်
• ဘူမိဗေဒအဘိဓာန်
• ပထဝီအဘိဓာန်
• နိုင်ငံတကာအဘိဓာန်
• ကမ္ဘာ့သမိုင်းအဘိဓာန်
• ကမ္ဘာလုံးစီးပွားရေးအဘိဓာန်
• ဘာသာစကားအဘိဓာန်

မြန်မာပြည်အတွက် အဘိဓာန်တွေ အမျိုးမျိုး လိုနေပါတယ်။ အဘိဓာန်တွေ ထူထူထဲထဲလည်း လိုတယ်။ ခပ်ပါးပါးတွေလည်း လိုတယ်။ အဘိဓာန်တွေဟာ ပညာရပ်ဆိုင်ရာကို ချည်းကပ်ဖို့အတွက် အကူအညီအပေးနိုင် ဆုံးဖြစ်ပါတယ်။ စာရေးမယ့်သူဟာ ခံစားချက်တွေကိုချည်း လူထုကို ဖြန့်ချိရမယ့်သူ မဟုတ်ပါ။ လူ့အဖွဲ့အစည်း ကို ကျေးဇူးပြုနိုင်တဲ့အသိအမြင်နဲ့ အတွေးအခေါ်တွေရအောင် ထုတ်လုပ်နေတဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် စာရေး ဆရာဟာ လူထုကို မဖြန့်ချိခင်၊ သူကိုယ်တိုင် လေ့လာတတ်သိပြီးမှ ရေးရပါတယ်။ တတ်ယောင်ကားတွေ စာရေးဆရာအလုပ်ကို လုပ်ရင် တိုင်းပြည် အောက်တန်းကျပါတယ်။ ယောင်ဝါးတွေ စာရေးဆရာလုပ်ရင် လူ့အဖွဲ့အစည်း အဆင့်အတန်းနိမ့်ပါတယ်။ စာရေးမယ့်သူဟာ ရသစာပေကို ရေးစေအုံးတော့၊ ဝတ္ထုထဲမှာ ပါဝင်မယ့် ဇာတ်ကွက်၊ ဇာတ်ကြောင်း၊ ဖြစ်ရပ်အတွက် နယ်ပယ်တစ်ခုခုကို ပမာပြုရေးဖွဲ့ရသည်ဖြစ်လေတော့၊ နှံ့နှံ့စပ်စပ်လေ့လာခြင်းဟာ လိုကို လိုအပ်ပါတယ်။ စာအုပ်ထဲမှာ ပညာရပ်အသုံးတွေကို ထည့်ပြီးရေးဖြစ်ချင်မှ ရေးဖြစ်မယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့အကြောင်းအရာနဲ့ ဆက်နွှယ်တဲ့ ပညာရပ်ကို ချည်းကပ်နိုင်ဖို့အတွက်တော့ ကျနသော လေ့လာမှု လိုပါတယ်။ အဘိဓာန်တွေဟာ စာရေးသူတစ်ယောက်အတွက် အကျိုး မယုတ်ဘူး။ အလကားမဖြစ်ဘူး။ အဟောသိကံမဖြစ်ဘူး။ အဘိဓာန်နဲ့ ဝေါဟာရစုစည်းမှုစာအုပ်တွေကို လေ့လာခြင်းဟာ စာရေးသူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့အချက်ဖြစ်ပါတယ်။

နံပါတ် (၄) သုတေသန ဓာတ်ခံ ရှိဖို့။

စာရေးတဲ့သူဆိုတာ ရေးသားခြင်းအားဖြင့် အနုပညာနဲ့ ပေါင်းစပ်ပြီး လူထုကို အသိဉာဏ်၊ အတွေးအခေါ်နဲ့ ကိုယ်ကျင့်အရာမှာ ရှေ့ဆောင်ရတဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် စာရေးတဲ့သူဟာ ရေးသားတင်ပြချက်မှာ စနစ် တကျ ရှိရတယ်။ ရေးသားမှုမှာ စနစ်တကျရှိဖို့အတွက်၊ လေ့လာမှု/ဆည်းပူးမှုမှာ စနစ်တကျရှိဖို့ လိုတယ်။ လေ့လာမှုဟာ ရမ်းသမ်းမှန်းသမ်းမဖြစ်ရဘူး။ တိကျခိုင်မာဖို့ လိုသလို၊ အထောက်အထားအားဖြင့် ရေရာသေချာ ဖို့ လိုတယ်။ အချက်အလက်တွေထဲက အမှန်ရှာတတ်ဖို့ လိုပါတယ်။ အသိအဆိပ်ခပ်တဲ့စာမျိုးတွေ မရေးမိဖို့၊ တတ်နိုင်သရွေ့ ဘက်အစွဲကင်းကင်းနဲ့ လေ့လာနိုင်မှသာ စာပေစံဟာမြင့်ပါလိမ့်မယ်။

စာရေးတဲ့သူဟာ သုတေသနဓာတ်ရှိဖို့ လိုတယ်။ မရှိရင်လည်း မွေးဖို့ လိုတယ်။ သုတေသနဆိုတာ တကယ့် ပညာရှင်တစ်ယောက်လို တိတိကျကျကြီး လုပ်နေဖို့ ပြောတာ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကို လေ့လာစူးစမ်းတဲ့ အခါမှာ သုတေသနသဘောမျိုးနဲ့ ချည်းကပ်လေ့လာဖို့ ဖြစ်ပါတယ်။ သုတေသနဆိုတာ လေ့လာနည်းတစ်ခုဖြစ် ပါတယ်။ ဘယ်လို လေ့လာနည်းလည်းဆိုတော့၊ စနစ်ကျတဲ့ လေ့လာနည်း။ အထောက်အထားခိုင်ခိုင်မာမာ ရှာ ဖွေတတ်တဲ့ လေ့လာနည်း။ သဘောအယူကောက်ချက်ကို ဖြစ်ရပ်မှန်နဲ့ နီးစပ်နိုင်သမျှ နီးစပ်အောင် လေ့ လာရှာကြံနည်းဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ တိမ်မြုပ်နေတာတွေကို ဖော်ထုတ်တာ။ ဖုံးကွယ်နေတာ တွေကို ဖော်ပေးတာ။ မရှိသေးတာတွေကို အထောက်အထားခိုင်ခိုင်မာမာပြပြီး သဘောတရားအသစ်ဖော်ထုတ် တာတွေဖြစ်ပါတယ်။ အမှန်ကို ချည်းကပ်တဲ့နည်းလမ်းမှာ ဘက်အစွဲလည်း ကင်းရတယ်။ အချက်အလက်နဲ့ အထောက်အထားအပေါ်မှာလည်း အခြေပြုရတယ်။ သီအိုရီတစ်ခုတည်ဆောက်ပြီးတော့ နှဲ့ကြည့်ရတယ်။ ထောက်ကြည့်ရတယ်။ ဘယ်လောက်ခံမခံဆိုတာကို စမ်းသပ်ရတယ်။ လေ့လာဆန်းစစ်မှုကို စနစ်တကျလုပ်ပြီး တော့၊ အရှိတရားကို စစ်ထုတ်ယူငင်ခြင်းဖြစ်ပါတယ်။ ဒီလိုရလာတဲ့ အဖြစ်အပျက်၊ အချက်အလက်နဲ့ သဘော တရားတွေကို လူတွေကို ဖြန့်ချိခြင်းဖြစ်ပါတယ်။ အသိပညာစက်ဝန်းကို ထပ်ပြီးချဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပညာထုထည်ဟာ ကြီးလာပြီးကျယ်လာပါတယ်။ စာရေးဆရာဟာ ဒီအလုပ်ကို လုပ်တဲ့သူဖြစ်ပါတယ်။

စာရေးဆရာဟာ ရသကို ရေးတဲ့သူဖြစ်စေအုံးတော့၊ သူရေးသားတဲ့ ဝတ္ထုနဲ့ စာမှာ သုတေသနနည်းကို သုံးပြီး လေ့လာဆန်းစစ်တာမျိုး လုပ်ပြီးမှ အနုပညာမြောက်စွာ ဖန်တီးရင် သူ့စာဟာ တန်ဖိုးမြင့်ပါတယ်။ ဟဲမင်းဝေး ဟာ ပင်လယ်ပြာနဲ့ တံငါအို ဝတ္ထုကို ရေးဖို့အတွက်၊ သူကိုယ်တိုင် ပင်လယ်ပြင်မှာ နှစ်ကာလတစ်ခုအထိ တံငါသည်အလုပ်ကို လက်တွေ့ ကျင်လည်လုပ်ကိုင်ပြီး လေ့လာတယ်လို့ မှတ်သားရပါတယ်။ ဒါဟာ ဘာလဲဆို ရင် ၊ စာရေးဆရာတစ်ယောက်ဟာ ဒဿနနဲ့ ရသပါတဲ့ ဂန္တဝင်ဝတ္ထုကို ဖန်တီးဖို့အတွက် တကယ့်လောကထဲ မှာ လက်တွေ့သုတေသနကွင်းဆင်းပြီး ဘဝကိုပါ နှစ်မြုပ်လိုက်ပြီး လေ့လာတယ်လို့ ပြောလို့ ရပါတယ်။ ဂေါ်ဂီ ဟာ သူစာတွေ မရေးခင်ကတည်းက၊ ဆိုဗီယက်ရုရှားတစ်ခွင် ပြဲပြဲစင်အောင် ပြည်သူလူထုထဲမှာ ထုသား ပေသားကျအောင် ကျင်လည်ပြီး ဒီကရတဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေနဲ့ ဝတ္ထုတွေ၊ စာပေတွေကို ဖန်တီး ဖြစ်တယ်လို့ ဆရာမြသန်းတင့်ရေးတဲ့ ဂေါ်ဂီရဲ့ အတ္ထုပ္ပတ္တိမှာ ဖတ်ဖူးပါတယ်။ ဂန္တဝင်စာရေးဆရာတွေဟာ တကယ်လောကထဲက အဖြစ်မှန်တွေထဲမှာ လက်တွေ့ကျင်လည်ဖြတ်သန်းလေ့လာစူးစမ်းပြီးမှ၊ စာပေအနုပညာ ကို ဖန်တီးတဲ့အခါ၊ တကယ့်ဂန္တဝင်တွေဖြစ်လာတော့တာပါပဲ။ စာရေးဆရာတစ်ယောက်အဖို့၊ လူတွေထဲမှာ လက်တွေ့ ကျင်လည်ဖြတ်သန်းပြီး ဖြစ်ရပ်မှန်တွေအကြားမှာ ရှင်သန်တာဟာ အကောင်းဆုံး သုတေသနနည်း ကို သုံးခြင်းပဲဖြစ်ပါတယ်။ ဒါဟာ တကယ့်သုတေသနဖြစ်ပါတယ်။

• သုတေသနဆိုတာ ရမ်းသမ်းမှန်းသမ်း လျှောက်တွေးတာကို ခေါ်တာ မဟုတ်ပါဘူး။
• သုတေသနဆိုတာ အစဆွဲ မိတာနဲ့ ချက်ချင်း ကောက်ချက်ဆွဲလိုက်တာကို ခေါ်တာ မဟုတ်ပါဘူး။
• သုတေသနဆိုတာ ဟိုတစ်စ ဒီတစ်စ ဆွဲစုပြီး စပ်ထမီလုပ်လိုက်တာ မဟုတ်ပါဘူး။
• ဒါကို နားလည်ဖို့ လိုပါတယ်။

စာရေးသူတစ်ယောက်ဟာ စာပေထဲမှာ အချက်အလက်မှန်တွေကို အခြေခံရပါတယ်။ စိတ်ကူးယဉ်ဝတ္ထုရေးစေ အုံးတော့၊ ဘာကိုမှ ခြေခြေမြစ်မြစ် မလေ့လာဘဲ စိတ်ထဲရှိရာ လျှောက်ရေးလို့ မရပါဘူး။ လောကသဘောကို နားလည်အောင် လေ့လာစူးစမ်းရတာပါပဲ။ စာအုပ်တွေထဲကနေ လေ့လာလို့ ရတယ်။ တကယ့်လက်တွေ့ လူ့ ဘဝတွေထဲကနေ လေ့လာလို့ ရတယ်။ စာအုပ်တွေထဲကနေ လေ့လာတာကိုတော့ desk research လို့ ခေါ်လို့ ရတာပေါ့။ လူတွေထဲမှာ ခရီးတွေသွား၊ တောတောင်မြို့ရွာတွေထဲမှာ နေထိုင်၊ လူတွေကျင်လည်နေတဲ့ ဘဝထဲ မှာ ဖြတ်သန်းထိတွေ့ပြီး စူးစမ်းလေ့လာရင်တော့ field research လို့ ခေါ်လို့ ရမယ် ထင်တယ်။ လက်တွေ့ ကွင်းဆင်းပြီး လေ့လာတဲ့သုတေသနနည်းကို သုံးတယ်လို့ ဆိုလိုတယ်လို့ ပြောတာဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ မူဝါဒရေးရာ အစုအဖွဲ့တွေမှာ လုပ်တဲ့သုတေသနလို သုတေသနမေးခွန်းတွေထုတ်၊ အနုမာနမှန်းဆချက်တွေ ထုတ်၊ ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြီး လုပ်စရာတော့ မလိုပါဘူး။ စာရေးဆရာဟာ သုတေသနသဘောကို နားလည်ပြီး ကိုယ်ရေးသားမယ့် စာပေအတွက် အချက်အလက်အမှန်၊ အထောက်အထားအမှန်ကို ဘက်အစွဲ ကင်းကင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာစူးစမ်းဖို့ လိုတယ်လို့သာ ပြောလိုရင်းဖြစ်ပါတယ်။ စာရေးဆရာမ ဂျူး ဟာ သူ့ဝတ္ထုတွေရေးမယ်ဆိုရင် လက်တွေ့သုတေသနလုပ်ပြီး လေ့လာတယ်လို့ သိရတယ်။ ဒါ့ကြောင့်လည်း ဂျူးဝတ္ထုတွေဟာ စာပေတန်ဖိုး၊ ရသတန်ဖိုး၊ အနုပညာတန်ဖိုးမြင့်နေရတာကိုး။

နံပါတ် (၅) မှတ်စုထုတ်ဖို့။

စာရေးဆရာလုပ်မယ့်သူဟာ စာဖတ်အကျင့်စွဲစွဲမြဲမြဲ ဖြစ်နေကတည်းက၊ မှတ်စုထုတ်တတ်တဲ့အကျင့်ကို အသား သေအောင် လေ့ကျင့်ထားပြီးသားဖြစ်ဖို့ လိုတယ်။ ဒါဟာ သိပ်အရေးကြီးတယ်။ ရေးသားခြင်းဟာ၊ တိကျစေ တယ်။ ဖတ်ရှုခြင်းဟာ အရံသင့်ဖြစ်စေတယ်။ ဆွေးနွေးခြင်းဟာ ဆက်စပ်သိမြင်နားလည်မှုကို ရစေတယ်။ မှတ်စုထုတ်ပြီး စာဖတ်တယ်ဆိုတာ လေ့လာခြင်းရော၊ လေ့ကျင့်ခြင်းရော တွဲပြီး ပါသွားတဲ့ကိစ္စဖြစ်ပါတယ်။ စာ ဖတ်ရင် လူဟာ အပေါ်ယံဖတ်မိသွားတတ်တယ်။ စာကို စူးစူးစိုက်စိုက် မဖတ်မိဘဲ အပေါ်ယံရှပ်ဖတ်မိတာတွေ တွေ ဖြစ်လေ့ရှိတယ်။ သာမန် ဝါသနာအဆင့် စာဖတ်သူတစ်ယောက်တော့ စာကို အပေါ်ယံရှပ်ဖတ်ဖြစ်တာဟာ အပြစ် မဟုတ်ပါဘူး။ လူတိုင်းဖြစ်တတ်တာပါပဲ။ ဒါပေမယ့် လူအများတာကာကို စာပေနဲ့ ရသ/ သုတကို ဖြန့်ချိ ထုတ်လုပ်မယ်လို့ရည်ရွယ်ပြီး စာရေးဆရာဖြစ်အောင် ကြိုးစားနေတဲ့သူကတော့ မရဘူး။ အဲဒါ အပြစ်ပဲ။ ဒီလို လူမျိုးက စာကို အပေါ်ယံရှပ်ဖတ်ပြီး ပြီးစလွယ်လေ့လာတယ်ဆိုတာ ပြစ်မှုပဲ။ ဒါဟာ ပြစ်ဒဏ်မြောက်တယ်။ စာပေအပေါ်မှာလည်း သစ္စာမဲ့တယ်လို့ ခံယူတယ်။

လူတွေဟာ အလွတ်သဘောလေ့လာဖတ်ရှုတာရှိပေမယ့်၊ စာရေးမယ့်သူတစ်ယောက်ဟာ စာအုပ်တိုင်းကို အပေါ်ယံရှပ်ဖတ်လို့ မရဘူး။ သူဖတ်တဲ့အကြောင်းအရာတွေကို ဟိုတစ်စဒီတစ်စနဲ့ တစ်စွန်းတစ်စ သိရုံနဲ့ စာကို ရေးလို့ မရဘူး။ သေချာ ဂဃနဏ နားလည်ဖို့ လိုတယ်။ နောက်ပြီးတော့ အရေးအသားအားဖြင့် တော်ရုံထက် ပိုပြီး လေ့ကျင့်ထားနိုင်ရမယ်။ လူတစ်ယောက်ဟာ စာရေးဆရာဖြစ်ချင်စိတ်ရှိတယ်။ စာရေးဆရာဆိုရင်လည်း သာမန် မည်ကာမတ္တ၊ အမည်ခံ စာရေးဆရာသက်သက်လုပ်မယ်ဆိုရင်တော့ ကျနော့် တင်ပြချက်တွေကို ဖတ်ဖို့ မလိုပါဘူး။ ဒါတွေက အပိုဆာဒါးတွေပါ။ သာမန်စာရေးဆရာဖြစ်ချင်သူတွေအတွက်တော့ မလိုရေးချ၊ မလိုဘူး လို့ ပြောချင်ပါတယ်။ ဒါပေမယ့် သာမန်ထက် ပြောင်မြောက်ချင်တဲ့သူကတော့ လုပ်ရပ်အားဖြင့်၊ လေ့လာမှု အားဖြင့်၊ လေ့ကျင့်မှုအားဖြင့် သာမန်ဖြစ်လို့ကို မရဘူး။ သာမန်အဆင့်ထက် မြောက်မြားစွာ ကျော်လွန်မှ ကောင်းမယ်။ ဒါ့ကြောင့် ဒီလိုလူမျိုးဟာ စာဖတ်ရင်လည်း မှတ်စုထုတ်ပြီး ဖတ်တတ်တဲ့အကျင့်ကို အသားသေ အောင် မွေးဖို့ လိုတယ်။ ဒီနေရာမှာ အသားသေအောင်ဆိုတဲ့ စကားလုံးကို သုံးထားပါတယ်။ အသားသေတဲ့ အဆင့်အဆိုတာ သာမန်အဆင့် မဟုတ်ဘူး။ မလုပ်ရ မနေနိုင်တဲ့အဆင့်မျိုး။ သူ့ဘာသာသူ စိတ်က အလိုလို လုပ်ချင်နေပြီး၊ လက်တွေ့မှာလည်း အလိုလို လုပ်နေမိတတ်တာမျိုးကို အသားသေတယ်လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်အောင်ထိ လေ့ကျင့်ဖို့ လိုပါတယ်။

မှတ်စုထုတ်တာ၊ မျဉ်းတားတာ၊ ခရေပွင့်ပြတာ၊ ကွင်းစကွင်းပိတ်လုပ်တာ….. ဒါတွေဟာ စာကို နက်နက်နဲနဲ ဖတ်တဲ့နည်းပါပဲ။ လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင် (သို့မဟုတ်) ခဲတံဟာ စာအုပ်ထဲက ရွှေတွေ၊ စိန်တွေကို တူးတဲ့ တူရွင်းတစ်လက်ပါပဲ။ စာရေးဆရာလုပ်မယ့်သူရဲ့ လက်ထဲက ခဲတံနဲ့ ဘောပင်ဟာ ဂန္တဝင်မြောက် စာပေ ကို ဖန်တီးဖို့အတွက် တူတစ်ချောင်းလည်း ဟုတ်တယ်။ စို့တစ်လက်လည်း ဟုတ်တယ်။ တူရွင်းတစ်ချောင်း လည်း ဟုတ်တယ်။ ဆောက်တစ်လက်လည်း ဟုတ်တယ်။ ပေါင်းပြားတစ်လက်လည်း ဟုတ်တယ်။ ဓားတစ် ချောင်းလည်းဖြစ်နိုင်တယ်။ ဘယ်အရာကမှ အလကား မဟုတ်ပါဘူး။ ဘယ်အရာကိုမှ အမှုမဲ့ အမှတ်မဲ့ထားရမှာ မဟုတ်ပါဘူး။ စနစ်တကျ လေ့လာခြင်း၊ စနစ်တကျ ဆည်းပူးခြင်းနဲ့ စနစ်တကျ ရေးသားတင်ပြခြင်းဟာ သာမန် ထက် ပိုလွန်မယ့် လက္ခဏာတွေဖြစ်ပါတယ်။ မည်ကာမတ္တအဆင့်လောက်နဲ့ တင်းတိမ်မယ်ဆိုရင်တော့ ဒါတွေ လုပ်ဖို့ မလိုပါဘူး။ သာမန်လောက်သာ ကျေနပ်မယ်ဆိုရင်တော့ ၊ ဒီလောက် မလိုပါဘူး။ အဆုံးစွန်ဆုံးထိ ပေါက်မြောက်ချင်သူတွေအတွက်ကတော့ သာမန်အလေ့အကျင့်မျိုးတွေကို ငြင်းဖျက်ပစ်ဖို့ လိုတယ်။ deep reading ဆိုတာ လက်ထဲမှာ ခဲတံတစ်ချောင်း၊ ဘောပင်တစ်ချောင်းကိုင်ပြီး သေချာ စူးစူးစိုက်စိုက်ဖတ်ရှုတတ် တဲ့ အလေ့အကျင့်ကို ခေါ်တာဖြစ်ပါတယ်။ စာရေးမယ့်သူဟာ ဒီအမူအကျင့်တွေ အသားသေအောင် ရှိထားဖို့ လိုပါတယ်။

(နောက်ထပ် နံပါတ် ၆၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀) ကိုဆက်လက်ဖတ်ရှုပါ…….

မင်းသေ့

Previous post တိုင်းပြည် ကိုယ်ကျင့်
Next post စာရေးချင်သူသို့ / (၂)