မြန်မာ့ပညာရေးသမိုင်းစဉ် ဆန်းစစ်ချက်

မြန်မာပြည်ရဲ့ပညာရေးသမိုင်းစဉ်ကို လက်လှမ်းမှီသမျှတို့ထိ ချင်ပါတယ်။

ပညာရေးအစ ဘုန်းကြီးကျောင်းက

မြန်မာပြည်ရဲ့ပညာရေးကို ကြည့်ရင်၊ ဘုန်းကြီးကျောင်းက စတာတွေ့ရပါတယ်။ “ကျောင်း” ဆိုတဲ့ အသုံးအနှုန်း ကို ကြည့်ရင် သိသာနိုင်ပါတယ်။ ရှေးရှေးဘုရင်လျောင်းလျာ၊ မင်းညီမင်းသားတွေ အားလုံးဟာ ဘုန်းကြီး ကျောင်းထွက်တွေဖြစ်ကြပါတယ်။ အားလုံးနီးပါးဟာ ပညာရေးဆိုတာကို ထိတွေ့ဖို့ ဘုန်းကြီးတွေကို အားကိုးရ တယ်။ သံဃာတွေကို အားကိုးရတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး

ဘုန်းကြီးကျောင်းကို အခြေပြုပြီး ဆက်နွှယ်သွားတဲ့နယ်ပယ်တွေ ရှိပါတယ်။ ဘုန်းကြီးသံဃာဆိုတာ ဘာသာ ရေးနယ်က ဖြစ်ပါတယ်။ ဘာသာရေးနယ်က ဦးစီးဦးဆောင် ဘုန်းကြီးသံဃာတွေဆီက ပညာရေးကို ရရှိခဲ့တဲ့ ဘုရင်တွေဟာ သူတို့အုပ်ချုပ်မင်းလုပ်ရာတိုင်းပြည်မှာ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ အာဏာစက်ကို ထူထောင်ပါ တယ်။ ဒီနည်းဟာ ရာဇပုလ္လင်ကို ခိုင်မြဲစေသော အကြောင်းတရားလည်းဖြစ်ခဲ့တယ်။ အကြောင်းကတော့၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဘာသာရေးအပေါ်မှာ စွဲမြဲတဲ့ ယုံကြည်မှုရှိလို့ဖြစ် ဘုရင်ဟာ ဘာသာရေးနဲ့ သူ့ရဲ့ ရာဇပုလ္လင်ခိုင်မြဲအောင် လုပ်သလို၊ ဘာသာရေးနည်းအားဖြင့် သူ့ရဲ့တရားဝင်မှုကို ထူထောင်တာလည်းရှိပါ တယ်။ စစ်ရေးနည်းဟာ အာဏာကို အမာနည်းနဲ့ ထူထောင်တာဖြစ်ပြီး၊ ဘာသာရေးကို အသုံးချတာဟာ အပျော့နည်းနဲ့ အာဏာကို ခိုင်မြဲအောင်လုပ်တာဖြစ်ပါတယ်။

ဒီတော့ ဘုန်းကြီးကျောင်းထွက် ဘုရင်တွေဟာ ဘာသာရေးနဲ့ ဆက်နွှယ်နေတာဟာ ထူးသောအကြောင်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ဘာသာရေးဟာ ဆက်နွှယ်နေတယ်။ ယခင်ကလည်း ဆက်နွှယ်နေတယ်။ အခုလည်း အပြန်အလှန် ဆက်နွှယ်မှီတည်ပြီး တည်ရှိနေတဲ့အရာတွေ ဖြစ်နေဆဲဖြစ်တယ်။

အာဂုံနည်း

နောက်တစ်ခုက ဘုန်းကြီးကျောင်း ပညာရေးမှာ သုံးတဲ့နည်း။
ကျနော့်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ “အာဂုံရမှ အာဂလူ” ဆိုတဲ့ ယူဆချက်ဖြစ်တယ်။ အကြောင်းကတော့၊ ဘုန်းကြီးသံဃာတွေက စတယ်လို့ ယူဆလို့ရပါတယ်။ သံဃာတွေဟာ ဗုဒ္ဓပိဋကတ်တော်တွေကို နှုတ်အားဖြင့် လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့သူတွေဖြစ်တယ်။ ပေ၊ ပုရပိုက်တွေ ပေါ်လာတဲ့အခါမှာ သင်္ဂါယနာတင်က ရတဲ့ အတည်ပြုချက်နဲ့ ပေထံ အက္ခရာတင်တယ်။ ပြီးတော့ ကျောက်ထက်အက္ခရာတင်တဲ့အဆင့်ကို ရောက်လာ တယ်။

ဗုဒ္ဓအဆုံးအမတော်တွေဟာ ဘယ်လိုပဲ ခေတ်ပေါ်နည်းနဲ့ ခိုင်မြဲအောင် အက္ခရာရေးထိုး၊ ဖြန့်ချိသယ်ဆောင်လာ တယ်လို့ပဲ ပြောပြော ဘုန်းကြီးသံဃာတွေမှာ ရှေးအစဉ်အဆက်ကတည်းက နှစ်ပေါင်း ၂၅၀၀ ကျော်က ကျင့်သုံး လာတဲ့ နှုတ်တက်အာဂုံရွတ်ခြင်းဓလေ့ကို မစွန့်လွှတ်ပါ။ ဒီတော့ မြန်မာပြည်ပညာရေးရဲ့ အဦးအစဟာ ဘုန်းကြီးကျောင်းပညာရေးဖြစ်ခဲ့တယ်။ ဘုရင်တွေ ကိုယ်တိုင်ဟာ ပညာရေးအတွက် ဘုန်းကြီးကျောင်းကို အားကိုးရတယ်။ သာမန်ပြည်သူလူထုဟာလည်း ဘုန်းကြီးကျောင်းကို အားကိုးရတယ်။ ဘုန်းကြီးကျောင်းဟာ မြန်မာ့ပညာရေးရဲ့ အဦးအစဖြစ်တယ်။ ဒါ့ကြောင့် ဘုန်းကြီး၊ သံဃာတွေ အစဉ်အဆက်ကျင့်သုံးတဲ့ နှုတ်တက် အာဂုံရွတ်ဆိုခြင်းဓလေ့ဟာ မြန်မာ့ပညာရေးမှာ ကူးဆက်လာတယ်။

အမွေကောင်းမရ

မြန်မာပြည်ဟာ သူ့ကျွန်လက်အောက်ကို ရောက်ခဲ့တယ်။ အင်္ဂလိပ်ဗြိတိသျှဟာ သူ့ရဲ့ ကိုလိုနီယန္တရားလည်ဖို့ အတွက် အင်္ဂလိပ်စိတ်ပေါက်နေတဲ့ တိုင်းရင်းသားတွေကို မွေးမြူတယ်။ ပညာရေးနည်းအားဖြင့် မွေးမြူတယ်။ မြန်မာတွေဟာ အင်္ဂလိပ်ကိုလိုနီရဲ့ အမွေတချို့ကို ရလိုက်တယ်။ ဒါပေမယ့် အပြည့်အဝကို မယူနိုင်ခဲ့ဘူး။ အကြောင်းကတော့ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ လူမှုဓလေ့ကြောင့်ဖြစ်တယ်။

ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ခံယူချက်ရှိတယ်။

ဗုဒ္ဓဟောကြားထားတဲ့ဓမ္မတွေကို မပြင်ဆင်ရ၊ မဖြည့်စွက်ရ။ အသစ်မထည့်ရ။ မူရင်းအတိုင်း လက်ခံကျင့်သုံးခြင်း ဖြစ်တယ်။ ဒါက ထေရဝါဒဗုဒ္ဓဘာသာရဲ့ မူဖြစ်တယ်။ ဒါ့ကြောင့် မြန်မာပြည်ရဲ့ဗုဒ္ဓဘာသာကို ကြည့်ရင် ဂေါတမ ဗုဒ္ဓဟောတဲ့ အဆုံးအမကို တိုက်ရိုက်ယူတာတွေ့ရတယ်။ တိဗက်တို့၊ တရုတ်တို့၊ ကိုရီးယား၊ ဂျပန်တို့၊ ထိုင်းတို့ လို ပြင်ဆင်တာ ဖြည့်စွက်တာ မလုပ်ဘူး။ localize လုပ်တာလည်း မရှိဘူး။ အရင်းမူလအတိုင်းကို တိုက်ရိုက်ယူ တာဖြစ်တယ်။ ဒါပေမယ့် အဌကထာဆရာတွေရဲ့ ဖြည့်စွက်ချက်တွေ စွက်ဝင်နေတာကို သတိမထားမိဘူး။ သတိထားမိတဲ့ ဘုန်းတော်ကြီးတွေကလည်း ဗုဒ္ဓအဟောနဲ့ ညီရင် လက်ခံထိုက်တယ်လို့ ယူဆပြီး လက်ခံထား ကြတယ်။ ထားတော့။

ဆိုလိုချင်တာက ထေရဝါဒရဲ့ နည်းစဉ်ဖြစ်တဲ့ မပြင်ရ၊ မဆင်ရ၊ မဖြည့်ရ၊ မစွက်ရ၊ အသစ်မထည့်ရ….ဆိုတဲ့မူဟာ ပညာရေးထဲကို မူအားဖြင့် ရောက်လာတယ်။ ခေတ်တွေ ပြောင်းလဲလာပြီး လောကီပညာရပ်တွေ အသစ်ပွား၊ ပေါ်ပေါက်လာပေမယ့် မြန်မာ့ပညာရေးဟာ ပြဌာန်းစာအုပ်ပါ အကြောင်းအရာတွေကို တိုက်ရိုက်ရွတ်ဆိုကျက် မှတ်ခြင်း အလေ့အထကို ကျင့်သုံးနေဆဲဖြစ်တယ်။

ကိုလိုနီပညာရေးဟာ ကိုလိုနီစနစ်ကို မောင်းနှင်မယ့် ယန္တရားအတွက် ဗြူရိုကရက် မွေးမြူခြင်းဖြစ်တယ်။ ပညာတတ်မွေးမြူခြင်းဖြစ်တယ်။ အင်္ဂလိပ်စိတ်ပေါက်တဲ့ တိုင်းရင်းသားကို မွေးထုတ်ခြင်းဖြစ်တယ်။ ဒီလူတွေကို ကိုလိုနီယန္တရားရဲ့ ခွေးသွားစိတ်တွေ အဖြစ် အသုံးချဖို့ ဖြစ်တယ်။ သို့ပေမယ့် အင်္ဂလိပ်ရဲ့ ကိုလိုနီပညာရေးဟာ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြင်းစိစစ်စဉ်းစားခြင်းကို သင်ပေးနိုင်တယ်။ တစ်ဖက်မှာ အင်္ဂလိပ်သစ္စာခံစေတဲ့ ဝါဒဖြန့်ချိရေးသင်ကြားချက်တွေ ရှိပေမယ့်၊ ကိုလိုနီပညာရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက မပေးနိုင်တဲ့ ခေတ်သစ်အသိအမြင်တွေကို ပေးစွမ်းနိုင်ခဲ့တယ်။ ဒါ့အပြင် ဉာဏ်နဲ့စဉ်းစား ဆင်ခြင်တဲ့ နည်းကို ပေးနိုင်ခဲ့တယ်။
ဒါပေမယ့် မြန်မာတွေဟာ အခုထက်ထိ ပညာရေးမှာ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း ဆိုတဲ့ critical thinking ကို အလေ့အထအဖြစ် စွဲမြဲမနေတာတွေ့ရတယ်။ ထိုနည်းလည်းကောင်းပဲ အကြောင်းအရာအဖြစ်အပျက်တွေကို ဆင်ခြင်တုံတရားနဲ့ ယုတ္တိကျကျ ယထာဘူတကျကျ စဉ်းစားတာကို ဦးစားပေးတဲ့အလေ့အထ အားနည်းနေတာ တွေ့ရတယ်။

အမျိုးသားကျောင်းကိစ္စ

အင်္ဂလိပ်ရဲ့ ကိုလိုနီပညာရေးကို အံတုတော်လှန်ဖို့ ဆိုပြီး၊ ပထမကျောင်းသားသပိတ်ကို အကြောင်းပြုပြီး အမျိုးသား ကျောင်းတွေ ပေါ်လာတယ်။ အမျိုးသားကျောင်းတွေ မပေါ်ခင်ကလည်း ဘုန်းကြီးကျောင်းပညာရေး မှာ အင်္ဂလိပ်ကိုလိုနီကြောင့် လောကဓာတ်ပညာရပ်တချို့ ပေါင်းထည့်သင်ကြားလာတာရှိခဲ့တယ်။ အမျိုးသား ကျောင်းတွေ ပေါ်လာတော့ လွတ်လပ်ရေးအတွက် တွန်းအားဖြစ်စေမယ့် ဝံသာနုစိတ်ဓာတ်ကို မွေးဖွားပေးနိုင်ခဲ့ တယ်။ သို့ပေမယ့် ပညာရေးအပေါ် မြင်တဲ့အမြင်ဟာ အမျိုးသားရေးအမြင်နဲ့ ကြည့်တာဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း ကိုလိုနီပညာရေးရဲ့ကောင်းကွက်တွေကို အမျိုးသားရေးအမြင်နဲ့ ငြင်းပယ် လိုက်တာတွေ ရှိတယ်။ အတော်များများရှိခဲ့တယ်။ ဒါ့ကြောင့်လည်း မြန်မာပြည်ရဲ့ပညာရေးဟာ အခုထက်ထိ “ပလူမွှေး ပလူတောင်အဆင့်” ကနေ တက်မလာနိုင်တာဖြစ်တယ်။

တိရိစ္ဆာနကထာ

ပညာရေးကို အမျိုးသားရေးအမြင်နဲ့ ချည်းကပ်ခဲ့တာကြောင့် မြန်မာပြည်မှာ သုတေသနဖြစ်ထွန်းခဲ့မှုဟာ သင်းသတ်ခံရတယ်။ ပြီးတော့ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးဟာ သင်းသတ်ခံရပြန်တယ်။ စစ်အစိုးရ လက်ထက်မှာ အင်္ဂလိပ်စာ မသင်ရ လို့ လုပ်ခဲ့တဲ့ အခြေအနေအထိဖြစ်ခဲ့တယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘုန်းကြီးတွေဟာ အင်္ဂလိပ်ဘာသာစကားကို “တိရိစ္ဆာနကထာ” လို့တောင် မှတ်ယူပြီး အင်္ဂလိပ်စာသင်ကြားသူ ကို ရှုတ်ချခဲ့တဲ့အထိဖြစ်တယ်။ ဒါ့ကြောင့်လည်း ကျနော်မြန်မာပြည်ဟာ အခုထိ ကမ္ဘာကြီးရဲ့နောက်မှာ ပြတ်ကျန်နေခဲ့တာဖြစ်တယ်။

အင်္ဂလိပ်ရဲ့ကောင်းမွေကို ကောင်းကောင်းရယူနိုင်တဲ့ စင်္ကာပူလိုနိုင်ငံမျိုးဟာ ရှေ့ကို ကျော်တက်သွားတယ်။ ကျနော်တို့ဟာ ၁၉၉၀ နောက်ပိုင်းမှ အင်္ဂလိပ်စာကို သဲကြီးမဲကြီး ပြန်သင်ကြရတဲ့အခြေအနေကို ရောက်ရတယ်။ ဒါ့ကြောင့် ကျပ်ကျပ်တည်းတည်းနဲ့ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်မှ အင်္ဂလိပ်စာကို ပိုပြီး လွတ်လွတ်လပ်လပ် လေ့လာခွင့်ရခဲ့တယ်။ ဒါတောင် အကန့်အသတ်နဲ့သာဖြစ်တယ်။ အခု မြန်မာပြည်ပညာရေး ဟာ အင်္ဂလိပ်စာကို ကုန်းရုန်းသင်ကြားနေရတယ်။ တော်တော်နဲ့ အဆက်မမိနိုင်လောက်အောင် ပြတ်ကျန်နေခဲ့ တယ်။


နောက်တစ်ခုက အနောက်တိုင်းမှာ လစ်ဘရယ်ပညာရေးဖြစ်ထွန်းပေမယ့် မြန်မာပြည်ဟာ အခုအချိန်အထိ နှုတ်တိုက် အလွတ်ကျက်စနစ်ကို မပယ်ရှားနိုင်သေးပါ။ မိဘတွေဟာ ကလေးတစ်ယောက်ယောက် နှုတ်က စာတွေကဗျာတွေ အလွတ်ရွတ်ပြနိုင်ရင် တော်လိုက်တာလို့ ချီးကျူးနေတုန်း၊ ချီးမြှောက်နေတုန်းဖြစ်ပါတယ်။ အိမ်က ကိုယ့်သားသမီးက ညမှာ စာကျက်သံကြားရမှ ကြိုးစားအားထုတ်သူလို့ ယူဆနေကြသေးတယ်။ တခါတရံ “ဟဲ့ကလေး…. စာကျက်သံမကြားရပါ့လား၊ အသံတိတ်နေတယ်…. ဘာလုပ်နေတာလဲ” လို့ ဟန့်တာတွေ့နေရသေးတယ်။ ကိုယ့်သားသမီးရဲ့ နှုတ်မှာ စာအုပ်ထဲက စာကို ကြက်တူရွေးလို တတွတ်တွတ် ရွတ်နိုင်မှ တော်သူထူးချွန်သူဖြစ်တယ်လို့ အနက်ကောက်နေကြသေးတယ်။

ပြီးတော့…. ပိဋကတ်သုံးပုံ အာဂုံရွတ်နိုင်တဲ့ ရဟန်းသံဃာကိုမှ သာသနာ့အာဇာနည်လို့ သတ်မှတ်နေကြပါသေးတယ်။ ပိဋကတ်သုံးပုံ အာဂုံမရွတ်နိုင်ပေမယ့် သာသနာ့အာဇာနည်ဂုဏ်နဲ့ သာသနာရေးကြိုးပမ်းချက်တွေကို လုပ်နိုင်တဲ့ ဘုန်းကြီးသံဃာတွေလည်း တန်ဖိုးရှိကြောင်း မေ့နေကြတယ်။ ကျောင်းစာကို အလွတ်မကျက်နိုင်လို့ စာမေးပွဲကျတဲ့ ကလေးတွေကို လူညံ့တွေအဖြစ် မိဘတွေရော၊ ဆရာတွေရော သတ်မှတ်ပစ်လိုက်ကြတယ်။ ရက်စက်လိုက်ကြတာ…..။ စာကို မလွတ်မရတဲ့ကလေးတွေမှာ တခြားအဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေ ရှိနေသေးတာကို သူတို့ ပေလျာလကန်ပြုလိုက်ကြတယ်။ လျစ်လျှူရှုလိုက် ကြတယ်။ ကလေးတွေရဲ့ ဘဝဟာ အဟောသိကံ။

သင်းသတ်ခံရခြင်းတွေ

မြန်မာပြည်ပညာရေးမှာ ဝေဖန်ပိုင်းခြားစိစစ်စဉ်းစားတဲ့ (critical thinking) လည်း မဖြစ်ထွန်းဘူး။ ကြောင်းကျိုး ဆင်ခြင်ဉာဏ်ဖြစ်တဲ့ (logical / rational) လည်းမဖြစ်ထွန်းဘူး။ ကမ္ဘာ့ပညာရပ်အသီးသီးကို လေ့လာနိုင်တဲ့ အင်္ဂလိပ်ဘာသာစကားကိုလည်း တတ်မြောက်အောင် လေ့ကျင့်သင်ကြားမပေးနိုင်ကြဘူး။ ဘာသာစကားကို အမျိုးသားရေးအမြင်နဲ့ ကြည့်တဲ့အခါမှာ စပြီးမှားတော့တာပဲ။ ထိုနည်းလည်းကောင်းပဲ ဘာသာစကားကို ဆက်သွယ်ရေးကိရိယာအဖြစ် မမြင်ဘူး။ မကြည့်ဘူး။ ကျွန်စာလို့ ယူဆတယ်။ တိရိစ္ဆာနကထာလို့ ယူဆတယ်။ အခု ကိုယ်မှားတာ ကိုယ်သိလို့ အခုခေတ် မြန်မာတွေကိုယ်တိုင် တိရိစ္ဆာနကထာလို့ သတ်မှတ်ခဲ့တဲ့ အင်္ဂလိပ်စာ ကို ကုန်းရုန်းပြီး တရွတ်တိုက် လေ့ကျင့်သင်ကြားပြီး အမှီလိုက်နေရတယ်။

တို့ဗမာအစည်းအရုံးရဲ့ကြွေးကြော်သံဖြစ်တဲ့ “ဗမာပြည်သည်၊ တို့ပြည်။ ဗမာစာသည် တို့စာ။ ဗမာစကားသည်၊ တို့စကား၊ တို့ပြည်ကို ချစ်ပါ။ တို့စာကို မြတ်နိုးပါ။ တို့စကားကို လေးစားပါ…။” ဆိုတာ ရှိခဲ့တယ်။ ဒီကြွေးကြော် သံဟာ နိုင်ငံရေးအရ အောင်မြင်ခဲ့တယ်။ အကြောင်းကတော့ ဝံသာနုစိတ်ဓာတ်ကို နိုးဆွပြီး အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးရအောင် လုပ်နိုင်ခဲ့လို့ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မြန်မာတို့ရဲ့ တယူသန်ဓလေ့အတိုင်း အဆိုးဘက်ကို သက်ရောက်မှုရှိခဲ့တယ်။ အင်္ဂလိပ်စာကို ကျွန်စာလို့ ခံယူပြီး၊ အင်္ဂလိပ် ဘာသာစကားကို တိရိစ္ဆာနကထာလို့ ယူဆပြီး အင်္ဂလိပ်စာကို ပစ်ပယ်ခြင်းဖြစ်တယ်။ ငြင်းပယ်ခြင်းဖြစ်တယ်။ ဒါက မြန်မာပြည် ပညာရေးကို သတ်လိုက်တဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ဖြစ်တယ်။ ဦးနေဝင်း အစိုးရ တက်လာတော့ တစ်နိုင်ငံလုံးကို တံခါးပိတ်ပြီး ဖိနှိပ်လိုက်ခြင်းကလည်း အကြောင်းတွေထဲက တစ်ခုဖြစ်တယ်။

မြန်မာပြည်မှာ အင်္ဂလိပ်စာရဲ့ တန်ဖိုးနဲ့ အင်္ဂလိပ်ရဲ့ပညာရေးတန်ဖိုးကို နားလည်တဲ့ ပညာတတ်တချို့ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးမှာလည်း ဦးဆောင်ခွင့် မရခဲ့ဘူး။ အမြော်အမြင်ရှိပြီးအင်္ဂလိပ်စာတတ်တဲ့ နိုင်ငံရေး သမားတွေကလည်း နိုင်ငံကို စီမံအုပ်ချုပ်ခွင့်မရခဲ့ဘူး။ ပြီးတော့ ကိုလိုနီခေတ်က ပညာတတ်တွေဖြစ်တဲ့ လူကြီးလူကောင်းတွေဟာ စာပေအားဖြင့်၊ ပညာရေးအားဖြင့်၊ အနုပညာအားဖြင့်၊ နိုင်ငံရေးအားဖြင့် နိုင်ငံကို ကျေးဇူးပြုခဲ့တယ်။ ဒါ့ကြောင့်လည်း အခုအဲဒီ့အသီးအပွင့်ကြောင့် နိုင်ငံဟာ ထူထူထောင်ထောင် ဖြစ်နေနိုင်တာ။ ဒါတောင် လူလူသူသူ မဟုတ်ဘူး။

ရှားရှားပါးပါးတွေ

အင်္ဂလိပ်စာကို ခိုးသင်ခဲ့ရတဲ့သူတွေ မြောက်မြားစွာ ရှိတယ်။ စာအုပ်စာပေကို ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတဲ့သူ တွေ ရှိတယ်။ ဒီလိုလူတွေကြောင့် အခု မြန်မာပြည်မှာ လူ့အရင်းအမြစ် တချို့ ကျန်နေနိုင်တာ။ ပြည်ပရောက် မြန်မာတွေထဲမှာလည်း မြန်မာပြည်ကို ပြန်အကျိုးပြုနိုင်တဲ့ အကြောင်းတွေ ရှိနေသေးတာ။ အမှန်တကယ်ဆိုရင် တော့ ကျနော်တို့ တိုင်းပြည်ဟာ မလွယ်ဘူး။ မြန်မာပြည်ဆိုတာ ကမ္ဘာမှာ တံတွေးခွက် ပက်လက်မောနေရမယ့် အဖြစ်။


အခုကြည့်လေ။ ကမ္ဘာမှာ မြန်မာပြည်ဟာ အဘိဓမ္မာနဲ့ ဝိပဿနာမှာ လက်မထောင်နေနိုင်တယ် မဟုတ်လား။ အဲဒီ့အကြောင်းတရားက ဘယ်က လာသလဲ။ အကြောင်းကတော့ ဘုန်းကြီးသံဃာတွေထဲမှာ အင်္ဂလိပ်စာကို ခိုးကြောင်ခိုးဝှက်သင်ယူပြီး ကမ္ဘာကို အဘိဓမ္မာနဲ့ ဝိပဿနာပြန့်အောင် ကြိုးပမ်းခဲ့ကြတဲ့ အမြော်အမြင်ရှိ ပညာတတ်သံဃာတွေကြောင့်သာဖြစ်တာကို သတိချပ်စေချင်တယ်။

ကျနော့်အနေနဲ့ အာဂုံရွတ်ဆိုခြင်းကို လုံးဝ ပစ်ပယ်တာ မဟုတ်ပါဘူး။ ရှင်မဟာရဌသာရရဲ့ သုစိပုဘာဝိလိသိဓာ ဆိုတာ ရှိတယ် မဟုတ်လား။ နှုတ်ဂုံအာဂုံရွတ်ခြင်းဟာ သင်ကြားရေးနည်း၊ သင်ယူလေ့လာနည်းရဲ့ နောက်ဆုံးမှာ ရှိနေပါတယ်။ ရှေ့ဆုံးမှာလည်း မဟုတ်ပါ။ အလယ်မှာလည်း မဟုတ်ပါ။ အရင်ဟာ အနောက် ၊ အနောက်ဟာ အရင် ဖြစ်နေတဲ့ မြန်မာ့ပညာရေးကတော့ လွတ်လမ်းမမြင်ရသေးပါ။ အားလုံးနားလည်နိုင်မယ် ထင်ပါတယ်။

မင်းသေ့
ည ၁၀ း ၁၄
၆ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
မြဝတီမြို့။

Previous post ဆင်ခြင်တုံတရားဝါဒ
Next post သပွတ် ဗြူ နဲ့ တရားဝင် စားခွင်