အုပ်ချုပ်ရေး အလုပ်က မလွယ်ပါ။ အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းလမ်းညွှန်ရတဲ့ အလုပ်က ပိုပြီး မလွယ် ပါ။ အုပ်ချုပ်ရေးအလုပ်ဆိုတာ သာမန်ဗဟုသုတရရုံ စာတိုပေစ လျှောက်ဖတ်ပြီး လုပ်လို့ရတဲ့ အလုပ်လည်း မဟုတ်ပါ။ စနစ်တကျ လေ့ကျင့်သင်ကြားထားပြီး အတွေ့အကြုံကနေတစ်ဆင့် ကျွမ်းကျင်တတ်မြောက်လာ တဲ့ အရာဖြစ်ပါတယ်။

အင်္ဂလိပ်ဟာ မြန်မာပြည်ကို ကိုလိုနီပြုခဲ့တယ်။ သို့ပေမယ့် ဗရမ်းဗတာ ကိုလိုနီပြုခဲ့တာ မဟုတ်ပါ။ ကိုလိုနီနယ် အဖြစ်ရောက်လာတဲ့ မြန်မာပြည်ကို နှစ် (၁၀၀) ကျော် ကိုလိုနီပြုနိုင်ခဲ့တာ တော်ရုံ မဟုတ်ဘူး။ အင်္ဂလိပ်က ဂုတ်သွေးစုပ်တယ်ဆိုရင်တောင်၊ စနစ်တကျ ဂုတ်သွေးစုပ်တတ်တယ်။ နိုင်ငံငယ်တွေဟာ ကိုလိုနီနယ်အပြုခံရ မှုကို ငြင်းပယ်လို့ မရနိုင်ဘူးလို့ပဲ ဆိုချင်ဆို။ ကိုလိုနီစနစ် ကမ္ဘာအနှံ့ပျံ့နှံ့ပြီး ဖြန့်ကျက်နိုင်တယ်ဆိုတာ အလကား ပဲတင်း မဟုတ်ပါဘူး။

စနစ်နဲ့ ပညာ မပါရင် နှစ်ပေါင်းများစွာ ကျွန်ပြုနိုင်ဖို့ ၊ လွှမ်းမိုးအုပ်ချုပ်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါ။ အထူးသဖြင့် လူတွေအပေါ်မှာ လွှမ်းမိုးအုပ်ချုပ်တယ်၊ ဂုတ်သွေးစုပ်တယ်ဆိုတာ တော်ရုံ ဉာဏ်မျိုးနဲ့ မရပါ။

ကျနော်တို့ဟာ အင်္ဂလိပ်ဆီကနေ အမွေကောင်းတွေကို မလက်ခံနိုင်ခဲ့ဘူး။ မရယူနိုင်ခဲ့ဘူး။ ကျနော်တို့ လူမျိုးမှာ တစ်ဖက်ပိတ်၊ တယူသန်အစွဲ အားကြီးတယ်။ ယုံကြည်မိရင် အရမ်းကာရော ပစ်ယုံတတ်တယ်။ သံသယရှိပြီး ရန်သူလို့ သဘောထားလိုက်ရင် တစ်သက်လုံး ပြန် မပေါင်းစည်းနိုင်တော့ဘူး။ တရားသေဝါဒ စွဲကိုင်မှု သိပ်အား ကြီးတယ်။
ပစ္စုပ္ပန် ပြဿနာတွေကို လေ့လာပြီး ကောင်းကောင်းနားလည်ရင် အနာဂတ်မှာ ဘာအတွက် ပြင်ဆင်ရမယ်ဆို တာ သိနိုင်တယ်။ အကြောင်းကတော့၊ အနာဂတ်အတွက် ကြိုပြင်ဖို့ ဖြစ်ပါတယ်။ မြန်မာပြည်အတွက်ကတော့ ပြင်ဆင်စရာတွေ အများကြီးဖြစ်ပါတယ်။

အုပ်ချုပ်ရေးအတတ်

အင်္ဂလိပ်က ဗြူရိုကရေစီယန္တရားကို ထူထောင်ပြီး စနစ်တကျ အုပ်ချုပ်နိုင်ခဲ့လို့၊ ကိုလိုနီ သက်ဆိုးရှည်ခဲ့ပါတယ်။ မြန်မာတွေဟာ အင်္ဂလိပ်ဆီက ဗြူရိုကရက်တစ် အုပ်ချုပ်မှုနည်းနာတွေကို ရခဲ့ပါတယ်။ ကိုလိုနီခေတ်က မြန်မာ ပညာတတ်တွေထဲမှာ ဗြူရိုကရက်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ် ရေးကို နာကြည်းခဲ့လို့ ဖြစ်လိမ့်မယ်။ အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးစနစ် အမွေကောင်းတွေကို ဖျက်ပစ်ခဲ့တယ်။ စစ် အုပ်ချုပ်ရေး သက်တမ်း ရာစုနှစ်နီးပါး ရှည်ကြာခဲ့တဲ့ မြန်မာပြည်ဟာ စစ်အုပ်ချုပ်ရေးဓလေ့နဲ့ အသားသေနေပါ တယ်။

ကလကတ္တားတို့၊ လန်ဒန်တို့ကို ပိုပြီး အိုင်စီအက်စ်၊ ဘီစီအက်စ် အဖြစ် အုပ်ချုပ်ရေးအတတ်ကို စနစ်တကျသင် ကြားခြင်း ခံခဲ့ရတဲ့ ဗြူရိုကရက်တွေမှာ အဆိုးနဲ့ အကောင်း ဒွန်တွဲနေပါတယ်။ သို့ပေမယ့် လွတ်လပ်ရေးရအပြီး၊ “ဦးဗိုလ်သခင်” အကွဲအပြဲ အားကြီးလာတဲ့အခါမှာ ဗြူရိုကရက် (ပညာတတ်) တွေအတွက် နေရာ မရှိတော့ပါ။ နိုင်ငံရေးသမားနဲ့ လက်နက်ဝါဒီတို့သာ အာဏာအခင်းအကျင်းမှာ ခြေကျင်းလိမ်နေပါတယ်။ သည့်နောက်ပိုင်း၊ လက်နက်ဝါဒီတို့ လက်ထဲ နိုင်ငံရေးအာဏာကို နှစ်ပေါင်းများစွာ စီရင်ခြင်းခံခဲ့ရပြီးတဲ့နောက်၊ မြန်မာပြည်ရဲ့ ဗြူရိုကရေစီ ယန္တရားဟာ ပျက်ခြင်းမလှ ပျက်စီးခဲ့ပါတယ်။

အခု မြန်မာပြည်ရဲ့ အတွင်းပိုင်း ဒုက္ခရှိနေပါတယ်။ ပြည်သူဟာ နေ့စဉ် စားဝတ်နေရေး ကြပ်တည်းတဲ့ကိစ္စကို ခဏ အသာဘေးဖယ်ထားချင်ပါတယ်။ ဒီနေရာမှာတော့ အုပ်ချုပ်မှု ပြဿနာကို ပြောချင်ပါတယ်။

ဖောင်ကြီးအဆင့်

စစ်အစိုးလက်ထက်မှာ ၊ ဗြူရိုကရက်ဆိုတာကို ဖောင်ကြီးနဲ့ ဇီးပင်ကြီးလောက်နဲ့ မွေးမြူခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ဗြူရိုကရေစီဆိုတာ သာမန်ရွက်ကြမ်းရေကျို အဆင့်လောက်သာ ရှိနေပါတယ်။ သို့ပေမယ့် ဗြူရိုကရက်တွေဟာ ကိုယ်ကျိုးစီးပွားကို ချဲ့ထွင်တဲ့နေရာမှာတော့ လုပ်ထုံးလုပ်နည်းတွေကို ကျေလည်ကြတယ်။ စနစ်တစ်ခုကို ကောင်းကောင်း အသက်သွင်းပြီး နိုင်ငံတော် အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုကို လုပ်ဖို့ကျတော့ ဖာသိဖာသာပါပဲ လက်လွှတ်စပယ်ပါပဲ။

ဖောင်ကြီးကို သင်တန်းပို့ပြီး အုပ်ချုပ်ရေးအတတ်နဲ့ ဗြူရိုကရက်မွေးတယ်ဆိုကတည်းက မြန်မာပြည်ရဲ့ အဆင့် အတန်းကို သိနားလည်သင့်ပါတယ်။ ဖောင်ကြီးနဲ့ ဇီးပင်ကြီးတို့မှာ ဘယ်လို လေ့ကျင့်သင်ကြားမှုတွေ လုပ်သလဲ ဆိုတာကိုတော့ လက်တွေ့ကျောင်းဆင်းခဲ့ဖူးသူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဗဟုသုတဆိုတာကို တို့တိတို့တိ ရစေဖို့၊ စစ်ဓလေ့နဲ့ ယဉ်ပါးအောင် လုပ်ခဲ့တဲ့ သင်ကြားမှုတွေ ရှိခဲ့ပါတယ်။ ထိုနည်းလည်းကောင်းပဲ သည့်နောက် ပိုင်းမှာ နိုင်ငံခြားကျောင်းအတုနဲ့ ချိတ်ဆက်ပြီးတော့ အင်ထုခဲ့တဲ့ ကိစ္စတွေကလည်း ပြောမဆုံးပေါင် တော သုံးထောင်ပါပဲ။

လက်ရှိအစိုးရ အကြပ်

လက်ရှိ အစိုးရဟာ အကြပ်အတည်းပေါင်းများစွာကို ကြုံနေရပါတယ်။ ဘေးကျပ်နံကျပ်ဖြစ်ရတာတွေ ထောင် သောင်းချီ ရှိနေပါတယ်။ အထူးသဖြင့် အတွင်းလိုက်လို့ လောင်နေတဲ့ ကိစ္စရပ်ရှိတယ်။ အဲဒါကတော့ ဗြူရိုကရေ စီကိစ္စဖြစ်တယ်။ အုပ်ချုပ်ရေးကိစ္စဖြစ်တယ်။ မြေပွေးခါးပိုက်ပိုက်သလို ဖြစ်နေတဲ့ ဖြစ်ရပ်တွေက အတွင်းလှိုက် လို့ လောင်နေတယ်။ ဖွဲမီးလို ဖြစ်နေတယ်။ အတွင်းကြိတ်လောင်နေတဲ့ကိစ္စတွေ၊ ဖြစ်ရပ်တွေ အများကြီး ရှိနေ ပါတယ်။

လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဌာနဆိုင်ရာတွေနဲ့ လက်တွေ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကိုယ် စားလှယ်တွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးတွေဟာ ပြဿနာရဲ့အကြောင်းရင်းဖြစ် နေ ပါတယ်။ တစ်ဖက်မှာလည်း လုပ်ထုံးတွေဟာ သာမန်ကြည့်လိုက်ရင်၊ အကောင်းပကတိ ညီညွှတ်မျှတနေ သယောင်ဖြစ်ပေမယ့်၊ တကယ့်လက်တွေ့မှာ ဗြူရိုကရက်တွေရဲ့ စားခွင်ကြီးဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း အာဏာရထားသူ၊ အာဏာကိုင်ထားသူ၊ လုပ်ပိုင်ခွင့်ရထားသူတွေအတွက် အကျိုးစီးပွားခွင် ဖြစ်နေပါတယ်။

လုပ်ထုံးလုပ်နည်းတွေကို ထုံးလိုချေ၊ ရေလိုနှောက် ကျွမ်းကျင်တဲ့ ဗြူရိုကရက်ဟာ လုပ်ထုံးလုပ်နည်းဘောင် အတွင်းမှာ သူ့အကျိုးစီးပွားကို အခိုင်အမာ တည်ဆောက်ထားနိုင်ပါတယ်။ တခြား တစ်ဖက်မှာ လုပ်ထုံးလုပ် နည်းဟာ ခြစားတဲ့၊ လာဘ်စားတဲ့ဗြူရိုကရက်အတွက် အခိုင်အမာအကာအကွယ်ပေးထားနိုင်တဲ့ တံတိုင်းကြီး ဖြစ်နေပါတယ်။ ဒါဟာ လက်တွေ့ သပွတ်အူပြဿနာဖြစ်နေပါတယ်။
ဒီကြားထဲမှာ ပါးစပ်ပါရင် စားတတ်တယ်ဆိုတဲ့စရိုက်ကြောင့်၊ လုပ်ပိုင်ခွင့်ရလာတဲ့ နိုင်ငံရေးသမားဟာ ခြစားတဲ့ ဗြူရိုကရက်နဲ့ ပူးတုံခွာတုံရှိနေပါတယ်။ တစ်ဖက်မှာ ပြည်သူ့အကျိုးစီးပွားရှိသလို၊ တစ်ဖက်မှာ ကိုယ်ကျိုးစီးပွား ရှိနေပါတယ်။ တချို့ ပါးရည်နပ်ရည်ရှိတဲ့ နိုင်ငံရေးသမားဟာ ပါတီအကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွားကို ပူးပြီး တုပ်ချည်ထားပါတယ်။ ဒါဟာ အင်မတန် သိမ်မွေ့တဲ့ကိစ္စဖြစ်ပါတယ်။

အကျိုးစီးပွားခွင်

အာဏာအခင်းအကျင်း ပြောင်းလာတာနဲ့အမျှ၊ အကျိုးစီးပွားခွင်တွေရဲ့ ပုံစံဟာ ပြောင်းလဲလာတယ်။ ဒါကို ဗြူရိုကရက်တွေဟာ ကောင်းကောင်းနားလည်ပါတယ်။ ဒါကပဲ နေ့စဉ် အစိုးရယန္တရားရဲ့ ကင်ဆာဆဲလ်ဖြစ်နေ ပါတယ်။

တိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကို သိပ်လွယ်ကူပါတယ်လို့ ယူဆထားတဲ့သူတွေ၊ အာဏာရမှု ရှည်ကြာလာတာနဲ့ အမျှ မြန်မာပြည်ဟာ ဖွတ်သထက် ညစ်လာပါလိမ့်မယ်။ ပြည်သူက ပညာမတတ်သလို၊ နိုင်ငံရေးသမားက လည်း ပညာမဲ့နေပြန်ရင် ပိုလို့ ဆိုးနိုင်ပါတယ်။
နိုင်ငံကို အုပ်ချုပ်မယ့်သူတွေ၊ တိုင်းပြည်ကို စီမံခန့်ခွဲမယ့်သူတွေ၊ ပြည်သူ့ရဲ့အကျိုးစီးပွားကို ကိုယ်စားပြုမယ့် သူတွေဟာ ပညာနုပ်နည်းလို့ မရဘူး။ လက်ရှိ အသွင်ကူးပြောင်းရေးဟာ အုပ်ချုပ်မှုအသွင်ပြောင်းရေးကာလမှာ ရောက်နေပါတယ်။ ဗဟိုဦးစီးချုပ်ကိုင်မှု စနစ်မှာ အသားသေနေတဲ့ မြန်မာအုပ်ချုပ်ရေးဓလေ့ဟာ ခိုင်မြဲနေ တယ်။ စွဲမြဲနေတယ်။ လက်ရှိ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးအစိုးရဟာ ဗြူရိုကရေစီရဲ့ ကြိုးနီစနစ်မှာ တုပ်မိနေတယ်။ သူတို့ကိုယ်တိုင် ကြိုးနီစနစ်ကို တစ်ဖက်က လက်ခံထားသလို၊ တစ်ဖက်မှာလည်း ဗြူရိုကရက် ရဲ့ လုပ်ထုံးတွေမှာ ပိတ်မိနေပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းမူဘောင်တွေမှာ ယုတ္တိအမှားတွေ ရှိနေ တယ်။ လိုသလို လက်တစ်လုံးခြား လှည့်ယူ လိမ်ညာ လာဘ်စားနိုင်တဲ့ကျင့်ထုံး ထဲမှာ ပိတ်မိနေတယ်။

လက်ရဲဇက်ရဲ မရှိ

လက်ရှိအစိုးရဟာ လုပ်ထုံးလုပ်နည်းတွေကို တော်လှန်ရေးသဘောဆောင်တဲ့ပုံစံနဲ့ မဖျက်သိမ်းရဲဘူး။ ဘောင်ထဲ မှာပဲ လုပ်နေတယ်။ ဘောင်ဆိုတာကိုက လက်ရှိမြန်မာပြည်သူကို လည်ပင်းကြိုးကွင်း တင်းနေအောင် လုပ်တဲ့ အနေအထားဖြစ်နေတယ်။ တစ်ဖက်မှာလည်း အစိုးရလုပ်ပိုင်ခွင့်ကို မလျော့ရဲဘူး။ ဗြူရိုကရေစီကို regulator role မှာပဲ ထားဖို့ မစီမံနိုင်ဘူး။ ဒါ့ကြောင့်ပဲ အုပ်ချုပ်ရေးအာဏာကိုင်ထားတဲ့ ဗြူရိုကရေစီနဲ့ ဘတ်ဂျက် အလုံး အရင်း ကိုင်သုံးရတဲ့ ဌာနဆိုင်ရာတွေရဲ့ စားခွင်တွေကို တရားဝင်မှု ပြုပေးသလိုဖြစ်နေတယ်။ ဒါကို လက်ရှိ အာဏာရပါတီ ထိပ်ပိုင်းက ခေါင်းဆောင်တွေ နားမလည်သလို၊ အောက်ခြေမှာ နားလည်တဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေ ရှိနေရင်တောင် တစ်ခွင်တစ်ပြင်လုံးကို ပြုပြင်ပြောင်းလဲဖို့ မတတ်နိုင် ပါဘူး။ ဒါကတော့ လက်တွေ့ ကိစ္စဖြစ်ပါတယ်။ လက်တွေ့ ဖြစ်နေတာဖြစ်ပါတယ်။

အကယ်၍

အခု သိပ်မကြာခင် ၂၀၂၀ ရွေးကောက်ပွဲ လာတော့မယ်။ ပြီးစီးခဲ့တဲ့ အစိုးရ (၅) နှစ် သက်တမ်းအတွင်းမှာ၊ အုပ်ချုပ်ရေးသင်တန်းတက်ပြီး သကာလ ထူးထွေသော သင်ခန်းစာကို မယူနိုင်ခဲ့ရင်။ မြန်မာပြည်အတွက် နောင် လာမယ့် သက်တမ်းဟာ ပိုကံဆိုးပါလိမ့်မယ်။ ၂၀၂၀ မှာ အုံလိုက်ကျင်းလိုက် အနိုင်ရနိုင်ချေ ရှိနေသေးပါတယ်။ ကျေးလက်ဟာ မဲပေးမှုရာနှုန်းရဲ့ တကယ့်ပင်မဖြစ်ပါတယ်။ အောက်ခြေ၊ ရပ်/ကျေးအဆင့်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံမှတ်ပုံအပ်မှု မြင့်မားနေပါသေးတယ်။


အကယ်၍ ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအစိုးရကပဲ မဲရလဒ်ကို အနိုင်သိမ်းနိုင်ချေများနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲပြီးလို့ နောက်ထပ် အစိုးရသက်တမ်းသစ်အတွင်းမှာ ဗြူရိုကရေစီပြုပြင်ပြောင်းလဲမှုကို အကြီး အကျယ် မလုပ်နိုင်ရင်တော့ မြန်မာပြည်ဟာ ဒုံရင်းဒုံရင်း အတိုင်းသာဖြစ်နေပါလိမ့်မယ်။ ထူးခြားသော မျှော် လင့်ချက် မထားပါနဲ့။ မဖြစ်နိုင်ပါ။ လုံးဝ မဖြစ်နိုင်ပါ။

လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတာက အကျိုးစီးပွား ပဋိပက္ခဖြစ်ပါတယ်။ နေရာမျိုးစုံ၊ နယ်ပယ်မျိုးစုံမှာ အသွင် သဏ္ဍာန်မျိုးစုံနဲ့ဖြစ်နေပါတယ်။ အုပ်ချုပ်မှုယန္တရား ဖြစ်တဲ့ ဗြူရိုကရေစီယန္တရားတစ်ခုလုံးဟာ အထွေထွေသော အကျိုးစီးပွားပဋိပက္ခတွေရဲ့ ဗဟိုဖြစ်နေပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးသမားတွေနဲ့ ဗြူရိုကရက်တွေ အကြား အကျိုးစီးပွား ပဋိပက္ခဟာ ခြေကျင်းလိမ်နေပါတယ်။ အဲသည့်ကြားထဲမှာ လည်လည်ဝယ်ဝယ်ရှိတဲ့ စီးပွားရေးသမားဟာ အားနည်းချက်ကို ကိုင်ပြီး ခြယ်လှယ်လို့ ရနေဆဲဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာတော့၊ အကျိုးစီးပွားပဋိပက္ခ ပုံစံသစ်ပေါ်လာနေပါတယ်။ ဒါကို နားမလည်ရင်၊ မြန်မာပြည်သူတွေအတွက် ဂယ်ပေါက်ဆိုတာ မရှိတော့ပါ။ တဖြည်းဖြည်းနဲ့ ပြိုအိဆင်းလာပါလိမ့်မယ်။

တကယ့် ပညာတတ်နိုင်ငံရေးသမားတွေ အာဏာရနိုင်ကြပါစေ….။
ကိုယ်ကျင့်တရားမှာ ကိုယ်ခံအားမြင့်ပါစေ….

မင်းသေ့
ည ၉ း ၄၆
၁၉ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
မော်လမြိုင်။

Previous post မြန်မာ့ပညာရေးသမိုင်းစဉ် ဆန်းစစ်ချက်
Next post အရင်းခံဓလေ့ဆိုး နှင့် ဗြူရိုကရက်ယန္တရား