အရင်းခံဓလေ့ဆိုး နှင့် ဗြူရိုကရက်ယန္တရား

(အပေါ်ယံရွှေမှုံကြဲ အထဲက နောက်ချေးခံ ပြဿနာ)

မြန်မာပြည်ရဲ့ အခြေခံရင်းမြစ်အကျဆုံးပြဿနာဟာ နိုင်ငံရေးပြဿနာ မဟုတ်ပါဘူး။ နိုင်ငံရေးထက် ပိုပြီး အရင်းကျတဲ့ ပြဿနာရှိပါတယ်။ အဲဒါကတော့ အခြေခံလူ့ပြဿနာဖြစ်ပါတယ်။ လူမှုရေးပြဿနာဖြစ်ပါတယ်။ လူမှုရေးပြဿနာနဲ့ လူ့ပြဿနာဟာ နိုင်ငံရေးထက် ပိုပြီး အခြေခံကျတဲ့ပြဿနာတွေဖြစ်နေပါတယ်။
နိုင်ငံရေးပြဿနာဟာ မရှိဘူး၊ မဟုတ်ဘူးလို့ ငြင်းဆိုနေတာ မဟုတ်ပါဘူး။ နိုင်ငံရေးထက် ပိုပြီး အရင်းခံကျတဲ့ ပြဿနာဖြစ်တယ်ဆိုတာကို ပြောတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးပြဿနာလိုလို၊ အသွင်ဆောင်ယူနေတဲ့ လူ့ပြဿနာတစ်ခုရှိပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ အကြီးမားဆုံးကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ အဲဒါကတော့၊ ဗြူရိုကရေ စီယန္တရားထဲမှာတွေ့နေရတဲ့ လူ့ပြဿနာဖြစ်ပါတယ်။ လူကနေ တစ်ဆင့် ဖြစ်လာတဲ့ လူ့ပြဿနာဖြစ်ပါတယ်။ ဗြူရိုကရေစီထဲမှာ နှစ်မြုပ်တိမ်ငုပ်နေတဲ့ စွဲမြဲနေတဲ့လူမှုဓလေ့ဆိုးတွေ ရှိနေပါတယ်။ ကြမ်းကြမ်းတမ်းတမ်း တူးပြီး ကလှော်ထုတ်ပစ်ဖို့ ခက်လောက်အောင် စွဲမြဲနေတဲ့ လူမှုအကျင့်စရိုက်တွေ တွေ့နေရပါတယ်။
စနစ်တစ်ခုကို အသက်ဝင်အောင် တည်ဆောက်ဖို့ ခက်တယ်။ စနစ်သစ်ကို တည်ဆောက်ရာမှာ၊ ရှိပြီးသား ကျင့်ထုံးဟောင်းနဲ့ စွဲနေတဲ့စရိုက်ဟောင်းကို ချေချွတ်ဖို့က သိပ်ခက်ပါတယ်။ အာဏာစက်နဲ့ စနစ်သစ်ကို ပြဌာန်း စီရင်နိုင်သော်ငြားလည်း လိုလိုလားလား အသက်ဝင်ပြီး ပြည်သူကို ကောင်းကျိုးပြုတတ်တဲ့ စရိုက်စွဲမြဲဖို့ ခက်ခဲ တတ်ပါတယ်။ ဒါဟာ လက်ရှိ နိုင်ငံရေးပြဿနာတွေထက် ပိုပြီး အရင်းခံကျတဲ့ လူမှုစရိုက်ပြဿနာ၊ အခြေခံ လူ့ပြဿနာတစ်ခုဖြစ်ပါတယ်။

စက္ကူပြင်ပေါ်မှာ မတွေ့ရ

လူတွေထဲ တိုးဝင်ကြည့်ရင်၊ လူ့အဖွဲ့အစည်းထဲ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လေလေ မြန်မာပြည်မှာ သိပ်ကို ဆိုးရွား တဲ့ လူမှုရေးပြဿနာတွေ ရှိနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ မြန်မာပြည်မှာ သိပ်အန္တရာယ်ကြီးတဲ့ လူ့ပြဿနာတွေ ကြုံနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါတွေကို ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေပေါ်က ရေးသားချက်တွေကိုပဲ ကြည့်ပြီး မသိနိုင်ပါဘူး။ လုံးဝ မသိနိုင်ပါဘူး။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းတွေ၊ စာအုပ်တွေ၊ စာတမ်းတွေထဲမှာ ဒါတွေကို နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် များများစားစားတွေ့ရမှာ မဟုတ်ပါ ဘူး။

မြန်မာပြည်ရဲ့တကယ့်ပြဿနာတွေကို နားလည်ဖို့ဆိုရင်၊ ပုံနှိပ်စက္ကူနဲ့ စခရင်ထက်က ဖော်ပြချက်တွေနဲ့တင် လမ်းဆုံးနေလို့ မရဘူး။ ဒါတွေက အပေါ်ယံဖြစ်စဉ်တွေကိုသာ ပုံဖော်နိုင်တယ်။ တကယ့်မူလရင်းမြစ်ပြဿနာ ကို နားလည်ဖို့ ဆိုရင် လူတွေထဲ တိုးဝင်ကြည့်မှဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာလည်း လူတွေထဲ တိုးဝင်ဖို့ ဆိုရင် ဘယ်လိုလူတွေထဲ တိုးဝင်ရမလဲ ဆိုတာပြဿနာဖြစ်ပါတယ်။

ပုံမှားရိုက်

ကျနော်တို့လို သာမန်လူတစ်ယောက်အနေနဲ့ အစစ်အမှန်ဖြစ်စဉ်၊ ဖြစ်ရပ်တွေကို နားလည်ဖို့ မိတ်ကပ်မတို့ထား တဲ့ တကယ့်နေရာတွေကို သွားရောက်စူးစမ်းဖို့အတွက် လွယ်ကူပါတယ်။ သို့ပေမယ့် မူဝါဒဆုံးဖြတ်မှုအာဏာကို လက်တွေ့ကိုင်ထားနိုင်တဲ့ ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တွေ အတွက်တော့ မလွယ်ကူပါဘူး။ မလွယ်ကူပါဘူး။ အထူးသဖြင့် နိုင်ငံရေးအာဏာနဲ့ ရာထူူးထိုင်ခုံ တစ်ခုခုအပေါ် ထိုင်ထားပြီးရင် ပိုပြီး မလွယ်ကူပါဘူး။ အပေါ်ယံ ဖြစ်စဉ်တွေကို နားလည်နေရုံနဲ့ မရဘူး။ အတွင်းပိုင်းမှာ အတွင်းလှိုက်လို့ ဖြစ်နေတဲ့ အကြောင်းတရားတွေကို ထဲထဲဝင်ဝင် နားလည်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေဟာ အာဏာရလာပြီးရင် ၊ သူတို့အသံကိုပဲ သူတို့ ပြန်ကြားနေရတဲ့ နေရာထိုင်ခင်းမှာ နေထိုင်ရပါတော့တယ်။ ဒီလိုနဲ့ တကယ့်ပြဿနာအရင်းအမြစ်တွေနဲ့ သွေဖီသွားကြတယ်။ အာဏာရခေါင်း ဆောင်နဘေးမှာလည်း မင်းလိုလိုက်၊ မင်းကြိုက်ဆောင်ပြီး မိတ်ကပ်ရိုက် တို့ဖတ်ပုတ်ပြီးတော့ ပေါက္ခရဝဿဝန်း ကျင်တွေနဲ့ သိုင်းဝိုင်းကာရံထားလိုက်ကြတယ်။ ဒါက ရေရှည်မှာ တကယ့်အန္တရာယ်ဖြစ်ပါတယ်။

မှန်ပါ့ဘုရားသမားများ

တရုတ်က ကွန်မြူနစ်ခေါင်းဆောင်တွေ၊ ဆိုဗီယက်ခေါင်းဆောင်ကြီးတွေအပါအဝင် အနောက်နိုင်ငံတွေ့ ထိပ်သီး ခေါင်းဆောင်တွေဟာ ထိပ်ပိုင်းနေရာကို ရောက်သွားရင် အမြဲတမ်းလိုလို သည်လိုကြုံတွေ့ကြရတယ်။ ဒါကို မငြင်းဖျက်နိုင်ရင် မကောင်းဘူး။ အန္တရာယ်ရှိတယ်။ တကယ့်လက်တွေ့နဲ့ ဝေးသွားပြီး စိတ်ကူးတည့်ရာ ကောင်းနိုးရာရာ ဆုံးဖြတ်ချက်တွေ ချက်တွေ ချပြီး တိုင်းပြည်ကို အုပ်ချုပ်ကြတယ်။ အရှိတရားရဲ့ တကယ့်ဖြစ် စဉ်တွေကို နားလည်နိုင်ဖို့ သိပ်ခက်သွားကြတယ်။

ဟိုးရှေးယခင် မင်းကောင်းမင်းမြတ်တွေဟာ တိုင်းပြည်ရဲ့ တကယ့်အခြေအနေတွေကို ထဲထဲဝင်ဝင်နားလည်ဖို့ မူလရုပ်ကို ဖျက်ပြီး “စနည်းနာ” ထွက်လေ့ရှိပါတယ်။ တိုင်းခမ်းလှည့်လည်တဲ့အခါမှာ မိတ်ကပ်ရိုက်ထားတဲ့ ဝန်းကျင်ကို တွေ့ရပါလိမ့်မယ်။ တို့ဖက်ရိုက်ပြီး အပြင်ပန်းလှအောင် ပြင်ထားတဲ့ မြင်ကွင်းကို တွေ့ရပါလိမ့် မယ်။ အပေါ်ယံ ရွှေမှုံကြဲ အထဲက နောက်ချေးခံထားတာကို နားလည်နိုင်ဖို့ ခက်ပါတယ်။

စစ်အစိုးရလက်ထက်မှာ၊ လူကြီးလာမယ်ဆိုမှ ထုံးသုတ် အမှိုက်လှဲ၊ ပန်းရိုးလာထိုးထားတဲ့ ဖြစ်ရပ်တွေကို အများကြီး တွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ခေါင်းဆောင်ကို လိမ်တာဖြစ်ပါတယ်။ ခေါင်းဆောင်လုပ်သူကလည်း ကျေကျေနပ်နပ် အလိမ်ခံတာဖြစ်ပါတယ်။ ဒီနည်းနဲ့တော့ တိုင်းပြည် တိုးတက်လာရိုး ထုံးစံ မရှိ။

တရုတ် ဥပမာ

တရုတ်ပြည်မှာ သမ္မတကျန်ဇီမင်း လက်ထက်။ ဝန်ကြီးချုပ် ကျူရုံကျီက ဗြူရိုကရက်တစ်ဌာနတွေကို ရှောင်တခင်ဝင်စစ်တာတွေ လုပ်တယ်လို့ ဖတ်ဖူးတယ်။ တရုတ်ပြည်တိုးတက်လာတာ သာမန်အကြောင်း မဟုတ်ပါဘူး။ ထူးခြားတဲ့အကြောင်းအရင်းရှိနေပါတယ်။ ဗဟိုဦးစီးချုပ်ကိုင်မှု ပြင်းထန်လွန်းတဲ့ တရုတ်ကွန်မြူ နစ်ပါတီ အုပ်ချုပ်မှုအောက်မှာ ဗြူရိုကရေစီကို သွက်လက်အောင် လုပ်ရတာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း တွေကို ပြုပြင်ပြောင်းလဲရတာဖြစ်ပါတယ်။ ကြိုးနီစနစ်များလွန်းတဲ့၊ တစ်သွေးတစ်သံ တစ်မိန့် စွဲမြဲနေတဲ့ ယန္တရားကို ဈေးကွက်နဲ့ လိုက်ဖက်အောင် ပြုပြင်ပြောင်းလဲရတာဖြစ်ပါတယ်။ မလုပ်၊ မရှုပ်၊ မပြုတ်နဲ့ အိပဲ့အိပဲ့ဖြစ် နေတဲ့ ယန္တရားကို ပြုပြင်ရတာဖြစ်ပါတယ်။ စားပွဲတွေ အဆင့်ဆင့်ဖြတ်နေရာကနေ တစ်စားတစ်လုံးထဲဖြတ်ရ တဲ့စနစ်ကို အသက်သွင်းရတာဖြစ်ပါတယ်။ ခြစားမှု၊ လာဘ်စားမှု၊ အဂတိမှုတွေ ပွထနေတဲ့ ယန္တရားကို ပြတ်ပြတ် သားသား ကိုင်တွယ်ရတာဖြစ်ပါတယ်။ အလုပ်မဖြစ်တဲ့ ယန္တရားကို အလုပ်လုပ်အောင် ပြုပြင်ပြောင်း လဲရတာဖြစ်ပါတယ်။

တရုတ်ရဲ့ပြုပြင်ပြောင်းလဲရေးဟာ တစ်ဆင့်ချင်း တဖြည်းဖြည်းပြောင်းလဲတဲ့ စဉ့်ကဲပြောင်းလဲမှုပုံစံဖြစ်ပေမယ့်၊ တော်လှန်သောအပြောင်းအလဲ သေးသေးလေးတွေကို အများကြီးလုပ်ခဲ့ရတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

လက်တွေ့မှာ ၊ ဈေးကွက်နဲ့ လိုက်မှီအောင် မပြင်နိုင်ရင် စီးပွားရေးက မတက်ဘူး။ စီးပွားရေး လုပ်လို့ မရဘူး။ နည်းပညာနဲ့လည်း ရင်ဘောင်တန်း မလုပ်နိုင်ဘူး။ တရုတ်ပြည်ဟာ တိုးတက်ချင်ရင် ဈေးကွက်ကို မွေးစားရမယ် ဆိုတာ နားလည်ပါတယ်။ ဒါကို ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က စပြီး နားလည်ခဲ့ပါတယ်။ ဒါကို ဆက်လက် အသက်သွင်းဖို့အတွက် လုပ်စရာရှိတာတွေ လုပ်ဖို့ လိုတယ်။ တိန့်ရှောင်ဖိန် နောက်မှာ ကျန်ဇီမင်းလက်ထဲ ရောက်လာတယ်။ ကျန်ဇီမင်းလက်ထက်မှာ တရုတ်ပြည်ဟာ စီးပွားရေးအရ အရှိန်ရလာပြီ။ ဒါပေမယ့် အရှိန် မသေအောင် လုပ်ဖို့ လိုတယ်။ ဒါ့ကြောင့် တင်းခံနေတဲ့ အထုံးတွေကို ခပ်သွက်သွက် ဖြည်ပစ်ရတယ်။ ဒီအလုပ် ကို လုပ်တဲ့သူက ဝန်ကြီးချုပ် ကျူရုံကျီဖြစ်ပါတယ်။ ကျူရုံကျီရဲ့ ဗြူရိုကရေစီ ယန္တရားပြုပြင်ပြောင်းလဲရေး အတွက် ကိုင်တွယ်တဲ့ပုံစံဟာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။

တရုတ်ကို ဥပမာယူပြီး ကြည့်လိုက်ရင်၊ တချို့သော အပြောင်းအလဲတွေဟာ ဒီမိုကရေစီနည်းနဲ့ အိပဲ့အိပဲ့ လုပ်နေလို့ မရဘူး။ ပညာရေး ဆွဲဆောင်စည်းရုံးဆိုတဲ့ နည်းနဲ့ သွားလို့ မရဘူး။ မြန်မြန်ဆန်ဆန် လုပ်နိုင်မှ၊ သွက်သွက်လက်လက် လုပ်နိုင်မှ ကောင်းလိမ့်မယ်။ လေးဖင့် အီလေးသွားလို့ မရဘူး။ လှုပ်လီလှုပ်လှဲ့နဲ့ လုပ်နေလို့ မရဘူး။ ကြုံသလို၊ ကြည့်ကျက်လုပ်နေလို့လည်း မရဘူး။

တချို့ကိစ္စတွေကို လက်ရဲဇက်ရဲနဲ့ ထိထိရောက်ရောက် ကိုင်တွယ်မှ ရမယ်။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်း လင်း လုပ်မှရမယ်။ လက်ရှိ မြန်မာပြည်အစိုးရရဲ့ “ပေါင်းစပ်ညှိနှိုင်းရေး” ဆိုတဲ့ မူနဲ့တော့ တစ်သက်လုံး အလုပ်ဖြစ်မယ်လို့ လုံးဝ မယူဆပါကြောင်း……။

မင်းသေ့
နေ့လယ် ၁၂ း ၀၁
၂၀ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
မော်လမြိုင်မြို့။

Previous post သပွတ် ဗြူ နဲ့ တရားဝင် စားခွင်
Next post ကျနော် စာသမား