ရှေးရှေးတုန်းက၊ အထုံဓလေ့ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျနော် ဆယ်ကျော်သက်ဘဝမှာပဲ စာဖတ်ဝါသနာထုံခဲ့ တယ်။ သာမန်ထက်လွန်ကဲစွာ ထုံခဲ့တယ်။ ဒါဟာ သဘာဝက ပေးတဲ့ ကံကောင်းခြင်း လက်ဆောင်လို့ တွေးမိပါ တယ်။ ကျနော်ဟာ စာဖတ်ဝါသနာ မပါခဲ့ရင် ဘယ်လောက်များ လူနုံလူအ တစ်ယောက်ဖြစ်လိမ့်မယ် မသိပါ ဘူး။
စာဖတ်အလေ့သာ မထုံခဲ့ရင်၊ ကျနော်ဟာ အခုဆိုရင် ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတစ်ယောက်ဖြစ်နေလောက်ပြီ။ စာဖတ်အလေ့က ကျနော့်ကို အချိန်ကို တန်ဖိုးထားတတ်အောင် သွေးထိုးပေးခဲ့တယ်။ စာဖတ်အလေ့နဲ့ အချိန် အပေါ် တန်ဖိုးထားခြင်းဟာ ဆက်စပ်နေတယ်။ ဆရာကြီး ဦးအောင်သင်းက ပြောတယ်။ ဘဝဆိုတာ ဘာလဲတဲ့။

အချိန်

ဘဝဆိုတာ အချိန်ဖြစ်ပါတယ်။ ဘဝဆိုတာကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ဆိုတာ ဘဝပဲတဲ့။ အချိန်ကို တန်ဖိုးထားတဲ့အကျင့် ရခဲ့လို့ ကျနော့်မှာ အခု ဘဝရှိနေတယ်။ ဘဝလို့ ပြောရင်လည်း သာမန်ထက် အနည်း ငယ် နှစ်လိုဖွယ်ဖြစ်တဲ့ဘဝကို ပိုင်ဆိုင်ထားတယ်။ အချိန်ကို တန်ဖိုးထားတတ်တဲ့အကျင့်ကြောင့်၊ ကျနော့်မှာ ပျင်းချိန်ဆိုတာ ရှားတယ်။ တစ်ခုမဟုတ် တစ်ခု လေ့လာချိန်ဖြစ်နေပါတယ်။ တစ်ခုခုကို ဖတ်မနေရရင်၊ တစ်ခု ခုကို ရေးနေပါတယ်။ တစ်ခုခုကို ရေးမနေရင် တစ်ယောက်ယောက်နဲ့ တွေ့ဆုံမေးမြန်းဆွေးနွေးနေပါတယ်။ ဒါမှ မဟုတ်ရင် ကျန်းမာရေးအတွက်သော်လည်းကောင်း၊ လူမှုဆက်ဆံရေးအတွက်သော်လည်းကောင်း၊ တစ်ခု မဟုတ် တစ်ခု လုပ်နေဖြစ်ပါတယ်။

တခါတရံလည်း တွေးမိတယ်။ ငါ့ကို စာဖတ်ဝါသနာပါအောင် တွန်းအားပေးခဲ့တဲ့အရာတွေကို ကျေးဇူးတင်လိုက် တာလို့။

စာဖတ်ဝါသနာကြောင့်ပဲ အချိန်ကို တန်ဖိုးထားတဲ့သူ ဖြစ်လာခဲ့တယ်။ တစ်ရက်၊ တစ်မနက်၊ တစ်နေ့၊ တစ်လ၊ ရက်သတ္တပတ်၊ တစ်နှစ် ဆိုတာကို တန်ဖိုးထားတတ်လာတယ်။ တစ်နေရာရာမှာ မှိန်းနေပြီး ခိုစီး ခိုကပ်လိုက်ဖို့ ဆိုတာကို ဆန့်ကျင်နိုင်ခဲ့တယ်။ အချိန် တစ်နှစ်ဆိုတာ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲအောင် ပုံဖော်နိုင်တဲ့ကာလ လို့ မြင်ခဲ့တယ်။ အဆင်ပြေနေတာပဲ။ တစ်နှစ်လောက် စောင့်လိုက်ပါအုံးမယ် ဆိုတဲ့ အတွေး မရှိခဲ့ဘူး။ ဒါ့ကြောင့် ပဲ တစ်နှစ်ပြီး တစ်နှစ် အလုပ်နဲ့အတွေ့အကြုံတွေကို တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲ ရှာကြံနိုင်ခဲ့တယ် ထင်ပါ တယ်။


ပြီးခဲ့တဲ့ (၅) နှစ်လောက်ကို ငဲ့စောင်းကြည့်ရင်၊ အဲသည့်တုန်းက ကျနော့်အသိနဲ့ အတွေ့အကြုံ၊ အမြင်ခံယူချက် တွေဟာ အခုနဲ့ လားလားမှ မတူတော့ဘူး။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကို ငဲ့စောင်းကြည့်ရင် အဲသည့်တုန်းက အသိနဲ့ အခု ကျနော့်ရဲ့အသိအမြင်၊ အတွေ့အကြုံ၊ ဘဝခံယူချက်တွေဟာ လုံးလုံးကွာခြားသွားပြီ။ အကြောင်း ကတော့ စာဖတ်ဝါသနာထုံခဲ့ခြင်း အကျိုးကြောင့်လို့ ထင်ပါတယ်။

လွတ်လပ်မှု

စာဖတ်ဝါသနာကြောင့် နောက်ထပ် အကျိုးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်ထိ ကျနော်ဟာ ကျနော် လုပ်ချင် တာကိုပဲ လုပ်နေပါတယ်။ လက်ရှိ ကျနော် လုပ်နေတဲ့ စာရေးခြင်းအလုပ်၊ စာသင်ခြင်းအလုပ်၊ စာဖတ်ခြင်း အလုပ်၊ သုတေသနအလုပ်နဲ့ နိုင်ငံရေးအလုပ်တွေဟာ ကျနော် လိုလိုချင်ချင် လုပ်ခဲ့တဲ့အလုပ်တွေ ဖြစ်ပါတယ်။ ဒီလို ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို အခုအချိန်ထိ လွတ်လွတ်လပ်လပ် လုပ်နေခွင့်ရနေပါတယ်။ ဒီအလုပ်တွေ ကို လွတ်လွတ်လပ်လပ် လုပ်နေရင်းပဲ၊ ကျနော့်ဝင်ငွေနဲ့ ကျနော် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်တယ်။ ကျနော် ဘွဲ့ရပြီးချိန်က စလို့၊ ကျနော့် မိသားစုအပေါ် ကျနော်မမှီခိုတော့ဘူး။ ကျနော် ရှာတဲ့ငွေနဲ့ ကျနော့်ဘာ သာ ရပ်တည်တယ်။ နေထိုင်တယ်။ ဝယ်ခြမ်းတယ်။ စားသောက်တယ်။ စုဆောင်းတယ်။

စာဖတ်ခြင်းအလေ့ဟာ ကျနော့်ကို ငွေကြေးအရ အမှီအခိုကင်းအောင် လုပ်ပေးခဲ့တယ်။ အလုပ်အကိုင်အရ အမှီအခိုကင်းအောင် လုပ်ပေးခဲ့တယ်။ ပညာရေးအရ အမှီအခိုကင်းအောင် လုပ်ပေးခဲ့တယ်။ ခံစားချက်အရ အမှီအခိုကင်းအောင် လုပ်ပေးခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာအရ အမှီအခိုကင်းအောင် လုပ်ပေးခဲ့တယ်။ ဒါဟာ စာဖတ် ခြင်း အလေ့ကနေ ကျနော်ရတဲ့အကျိုးကျေးဇူးလို့ ထင်ပါတယ်။

စာတွေ ဖတ်ရင်း ရလာတဲ့ ဒဿနရှိတယ်။ စာတွေ ဖတ်ရင်း ရလာတဲ့ ယုံကြည်မှုတွေ ရှိပါတယ်။

လေ့လာသင်ယူမှု

စာတွေ ဖတ်ရင်း ရတာတဲ့ နောက်ထပ် အမူအကျင့်နဲ့ စိတ်ဓာတ်တစ်ခုရှိပါတယ်။ အဲဒါကတော့ လေ့လာသင်ယူ ရေးပါ။ ဟိုးယခင်ကတော့၊ တစ်ခုခုကို တတ်မြောက်ချင်ရင် တက္ကသိုလ်ကိုသော်လည်းကောင်း၊ ဆရာ တစ်ယောက်ယောက်ကိုသော်လည်းကောင်း၊ သင်တန်းတစ်ခုခုတက်ပြီးတော့သော်လည်းကောင်း သင်ယူမှ တတ်မြောက်နိုင်တယ်လို့ ထင်ခဲ့ပါတယ်။ အတတ်ပညာနဲ့ပတ်သက်တဲ့ နယ်ပယ်တွေ၊ သိပ္ပံနည်းပညာနဲ့ပတ် သက်တဲ့နယ်ပယ်တွေမှာတော့ သင်ပေးမှ တတ်မြောက်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော် အာရုံကျတာက ဝိဇ္ဇာဘာသာရပ်တွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူမှုသိပ္ပံဘာသာရပ်တွေဖြစ်ပါတယ်။ နိုင်ငံရေးတို့၊ သမိုင်းတို့၊ ဘောဂဗေဒတို့၊ လူမှုဗေဒတို့၊ ဒဿနိကဗေဒတို့၊ စိတ်ပညာတို့၊ ဘာသာရေး… စတဲ့ ဘာသာရပ်တွေကို ကျနော် စိတ်ဝင်စားပါတယ်။

လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံကို စနစ်တကျ သင်ယူလေ့လာခွင့် အလွန်နည်းပါးခဲ့တဲ့ ကျနော့်မှာ စာဖတ်ဝါသနာအထုံ ရှိခဲ့တာ သိပ်ကံကောင်းတယ်။ ကျနော်ဟာ စာအုပ်တွေထဲကနေ လူမှုသိပ္ပံနယ်က ဘာသာရပ်တွေ၊ အကြောင်း အရာတွေကို လေ့လာဖြစ်ပါတယ်။ ကိုယ့်ဘာသာကို စာအုပ်တွေ ရှာကြံဖတ်ပြီး လေ့လာတာဖြစ်ပါတယ်။ ဒီလို လေ့လာတာဟာ အခုဆိုရင် (၁၂) နှစ်လောက်ရှိပါပြီ။ Self-study ဆိုတာ ကျနော့်အတွက် အားအကိုးရဆုံး လေ့လာသင်ယူမှု နည်းနာဖြစ်ခဲ့တယ်။ Self-learning ဟာ ကျနော့်အတွက် အားကိုးအားထားရာဖြစ်လာတယ်။
စာဖတ်ခြင်းဓလေ့ကနေ ကျနော်ဟာ ကိုယ့်ပညာကို ကိုယ့်ဘာသာ ရှာတတ်လာတယ်။ ဖွေတတ်လာတယ်။ စာအုပ်တွေ ဖတ်ရင်း၊ ဆွေးနွေးတိုင်ပင်မေးမြန်း ငြင်းခုန်တာတွေကို လုပ်ရင်း တဖြည်းဖြည်းနဲ့ လူမှုသိပ္ပံနယ်က ဘာသာရပ်တွေရဲ့ အခြေခံသဘောတရားတွေကို ကျနော် နားလည်လာတယ်။

သမိုင်းဆိုတာ ဘယ်လို၊ နိုင်ငံရေးဆိုတာ ဘယ်ကဲ့သို့။ ဘောဂဗေဒမှာ ဘယ်လို။ ဒဿနိကဗေဒမှာ မည်သို့ မည်ပုံ။ ဘာသာရေးရဲ့သဘော၊ သမိုင်းရဲ့အထာ။ ဘာတွေလဲလို့ ကျနော် ကွဲကွဲပြားပြား နားလည်လာတယ်။ ဂဃနဏ သိလာတယ်။ လိပ်ပတ်လည်အောင် လေ့ကျက်မိလာတယ်။ ဒီလိုနဲ့ ကျနော်ဟာ လူ့ပတ်ဝန်းကျင်မှာ ဗဟုသုတ မနည်းသောသူလို့ ယူဆသိမှတ်ပြုခံလာရတယ်။ ဒါပေမယ့် စာဖတ်ခြင်းဓလေ့ကနေပဲ ကျနော်ဟာ ဘာမှလောက်လောက်လားလား သိထားတာ မရှိသေးဘူး၊ ကမ္ဘာကြီးမှာ ရှိတဲ့အနည်းငယ်သော အသိတချို့ကို သာ နားလည်ထားခြင်းဖြစ်တယ်လို့ သတိရှိအောင် လုပ်ပေးခဲ့တယ်။ ဒါ့ကြောင့်ပဲ ဘဝင်မြင့်တဲ့ပိုးကို စာဖတ်ခြင်း ဓလေ့ကနေ ကျနော် သတ်ဖြတ်နိုင်ခဲ့တယ်။

စာရေးခြင်း

စာဖတ်ခြင်းအထုံဓလေ့ကြောင့် ကျနော်ဟာ စာတော်တော်များများ ရေးသားတတ်ခဲ့သူဖြစ်လာတယ်။ စာဖတ်ပါ များလာတဲ့အခါ၊ ကျနော့်စိတ်မှာ စာအလိုလိုရေးချင်စိတ်ပေါက်လာတယ်။ ကျနော် အင်မတန်ကြိုက်တဲ့စာတွေ ကို ဖတ်မိလာတဲ့အခါ၊ အဲသည်လို စာမျိုးတွေလို ကျနော် ရေးချင်စိတ်ပေါက်လာတယ်။ ကျနော် သိပ်သဘော ကျတဲ့ စာအုပ်တွေ ဖတ်မိတဲ့အခါ၊ အဲသည့်စာအုပ်တွေ ရေးတဲ့ စာရေးဆရာတွေလို စာရေးချင်စိတ်ပေါက်လာ တယ်။ စာရေးဆရာတွေ နားလည်သလို နားလည်ချင်လာတယ်။ စာရေးဆရာတွေ ချည်းကပ်သလို ချည်းကပ် နိုင်ချင်ခဲ့တယ်။ စာရေးဆရာတွေ သုံးနှုန်းဖွဲ့နွှဲ့သလို စကားလုံးတွေ တီထွင်ချင်စိတ်ပေါက်လာတယ်။ စာရေး ဆရာတွေကို အားကျခဲ့သလို၊ စာရေးဆရာ မဟုတ်တဲ့ စာရေးသူတွေရဲ့ တန်ဖိုးကိုလည်း ကျနော်သိလာရတယ်။ ဒီလိုနဲ့ စုတုပြု ဖို့ ကျနော် ကြိုးစားခဲ့တယ်။ ကျနော့် မှတ်စုစာအုပ်တွေထဲမှာ ကျနော် ကြိုက်တဲ့ စကားလုံးတွေနဲ့ စာပိုဒ်တွေကို ကြည့်ပြီး လက်ရေးလှလှနဲ့ စာမျက်နှာတွေပေါ် ကူးရေးခဲ့တာ နာရီပေါင်းများစွာ ကြာရှည်ခဲ့တယ်။

မှတ်စုစာအုပ်ထဲမှာ ကျနော်သဘောကျတဲ့ စာပိုဒ်တွေကို ရေးကူးရင်းနဲ့ အဲသည့်စကားလုံးတွေက ကျနော့် အသွေးအသားနဲ့ ကျနော့်နှလုံးသားကို ထိုးဆွနေတယ်။ ကျနော့် ဦးနှောက်ကို မွေနှောက်နေတယ်။ ကျနော့် အသံရှုသံတွေကို မြန်စေခဲ့တယ်။ ဒီလိုကြောင့်ပဲ စာအုပ်တွေထဲမှာ နှစ်မြောစီးမျောရင်း ကျနော်ဟာ စာဝိပဿနာ စီးဖြန်းခဲ့တယ်။
စာတွေဖတ်ခြင်းကနေ ရတဲ့ သမာဓိ၊ စာတွေကနေ ရတဲ့ ပညာဟာ ကျနော့်ဘဝကို အကျိုးပြုခဲ့တယ်။ စာအုပ် တွေကို စနစ်တကျ ရေးသားပြုစု ဖွဲ့သီခဲ့တဲ့ စာရေးဆရာတွေ၊ စာရေးသူတွေကို ကျေးဇူးတင်ပါတယ်။ စာအုပ် တွေကို ဖတ်ချင့်စဖွယ်ဖြစ်အောင် လူထုလက်ထဲကို စီရင်ဖြန့်ချိခဲ့တဲ့ ထုတ်ဝေသူတွေ၊ ဖြန့်ချိရေးသမားတွေကို လည်းကျေးဇူးတင်ပါတယ်။ ဒီလူတွေကို ကျနော် မမြင်ဖူးပါဘူး။ ဟိုးနှစ်ပေါင်းများစွာက စာပေသမားတွေရဲ့ ကျေးဇူးပြုမှုနဲ့ ကျနော်တို့ဟာ စာအုပ်တွေကို အများကြီး ဖတ်နိုင်ခဲ့တယ်။ စာအုပ်တွေအပေါ်မှာ မွှေ့လျော်တဲ့ အမူအကျင့်ကို ရခဲ့တယ်။ စာဖတ်ခြင်းဓလေ့နဲ့ ကိုယ့်ဘဝကို ကိုယ်တည်ဆောက်နိုင်ခဲ့တယ်။ စာဖတ်ခြင်းကနေ ရတဲ့ အကျိုးနဲ့ စာပေအကျိုးဖြစ်ထွန်းအောင် ဆက်လက်ပြုစုရေးသားနိုင်ခဲ့တယ်။

ဘဝဒဿန

စာဖတ်ခြင်းဓလေ့ကနေပဲ ကျနော်ဟာ စိတ်ရဲ့ လွတ်လပ်ခြင်းကို ရှာဖွေဖို့ တွန်းအားဖြစ်ခဲ့တယ်။ ဘဝနေနည်း၊ စိတ်ထားနည်းနဲ့ ပြဿနာအခက်အခဲတွေအပေါ်မှာ နှလုံးသွင်းဆင်ခြင်နည်းတွေဟာ စာတွေထဲကနေ တစ်ဆင့် ကျနော် ရလာခဲ့တယ်။ မရသေးတဲ့ နည်းနာတွေကိုလည်း ဆက်လက် ဆည်းပူးဖို့ တွန်းအားဖြစ်စေခဲ့သလို၊ ရထားတဲ့ နည်းနာတွေကိုလည်း လက်တွေ့ကျင့်သုံးပြီး တကယ့်ဘဝမှာ အသက်ဝင်စေဖို့ တွန်းအားဖြစ်စေခဲ့ တယ်။ တစ်ဖက်မှာလည်း ….

• ရထားတဲ့အသိတွေကို ပြန်လည်ဆင်ခြင်ဖို့၊
• ဘာကိုမှ တရားသေ မမှတ်ဖို့၊
• သဘာဝ နိယာမကို နားလည်ဖို့၊
• ပညတ္တိနယ်နဲ့ ပရမတ်နယ်ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြားနားလည်ဖို့၊
• ချစ်တတ်တဲ့ လူတစ်ယောက်ဖြစ်ဖို့၊
• ဘဝရယ် သံသရာ ရယ်ဆိုတာကို ခန္ဓာသိနဲ့နားလည်ဖို့
ကျေးဇူးပြုစေခဲ့တယ်။

စာဖတ်ခြင်းဓလေ့ကို ကဖျက်ယဖျက် မလုပ်ခဲ့တဲ့ ကျနော့် ဆရာသမားတွေနဲ့ လူကြီးမိဘ မောင်နှမတွေကို ကျေးဇူးတင်လို့ မဆုံးပါ။

မင်းသေ့
ညနေ ၅ း ၄၂
၂၂ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post အရင်းခံဓလေ့ဆိုး နှင့် ဗြူရိုကရက်ယန္တရား
Next post စာဂျပိုးလေးများအတွက်