စာတွေ ဖတ်လာရင်း၊ စာဖတ်ခြင်းအယူအဆ တချို့ ကျနော် ရလာပါတယ်။ စာအုပ်တွေထဲကနေရသလို၊ လူတွေထဲကနေလည်း ရတယ်။ ကိုယ့်ဘာသာ ဖတ်ရင်း မှတ်ရင်း တွေးမိပြီး ရခဲ့တာတွေလည်း ရှိပါတယ်။ ကျနော့်အနေနဲ့ စာဖတ်ခြင်းဟာ စိတ်ပျော်မှုအတွက်လည်း ဖြစ်ဖို့ လိုသလို၊ ဘဝအရည်အသွေးအတွက်လည်း ဖြစ်ဖို့ လိုတယ်လို့ ခံယူပါတယ်။

စိတ်ပျော်မှုအတွက် အကျိုးဖြစ်ပေမယ့်၊ ဘဝအရည်အသွေးအတွက် အထောက်အပံ့ မဖြစ်ရင် စာဖတ်ခြင်းတန် ဖိုးဟာ မမြင့်နိုင်ဘူး။ စာဖတ်ခြင်းမှာ ရည်ရွယ်ချက် ထားမှ ရမယ်လို့ တွေးမိတယ်။ ရည်ရွယ်ချက် မထားဘဲ စိတ်လိုလက်ရ ဖတ်တာတွေ များလာရင် ခေါင်းထဲက အသိနဲ့ နှလုံးသားထဲက ခံစားချက်တွေဟာ ဖရိုဖရဲ၊ ဗြဲလရမ်းကြီး ဖြစ်နေလိမ့်မယ်။
စာဖတ်ခြင်းဟာ ဦးနှောက်အရည်အသွေးကို မြှင့်ပေးနိုင်ဖို့ လိုတယ်။ နှလုံးသားအရည်အသွေးကိုလည်း မြှင့်ပေး ဖို့ လိုတယ်။ အမြော်အမြင်ရှိရှိ တွေးခေါ် သိမြင်နိုင်ခြင်းဟာ ဦးနှောက်အရည်အသွေးဖြစ်ပါတယ်။ အနူးညံ့ဆုံး ခံစားနိုင်စွမ်းဟာ နှလုံးသားအရည်အသွေးဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ ဦးနှောက်နဲ့ နှလုံးသားကို အထောက် အကူပြုပြီး ကိုယ်ရည်ကိုယ်သွေးအတွက် အပံ့အပိုးဖြစ်စေတာ ကောင်းတယ်။

တူရွင်းတစ်လက်

လက်ထဲက ဘောပင်တစ်ချောင်း။ ဒါမှမဟုတ် လက်ထဲက ခဲတံတစ်ချောင်းဟာ စာအုပ်ထဲက ရွှေတို ရွှေစတွေကို ရှာဖွေတူးဆွဖို့အတွက် ပေါက်ပြားတစ်လက်ဖြစ်ပါတယ်။ ဂေါ်ပြားတစ်လက်ဖြစ်ပါတယ်။ တူရွင်းတစ်လက်ဖြစ် ပါတယ်။

လူဟာ စာဖတ်ရင် ရွေးဖတ်ရတယ်။ ကိုယ်ဘာကို လိုချင်တာလဲ။ ကိုယ် ဘာကို အလိုရှိတာလဲ။ ကိုယ်ဟာ ရွှေလိုချင်ရင် ရွှေရှိတဲ့ မြေကို ရှာရတယ်။ စာဖတ်သမားဟာ ဖတ်ရမယ့် စာအုပ်ကို ရွေးရတယ်။ တွေ့ကရ လျှောက်ဖတ်နေလို့ မရဘူး။ ဒီဘက်ခေတ်မှာ အပေါ့အသွမ်း၊ အလေအလွင့်တွေက ထွက်အားသာနေတယ်။ စာအုပ်တွေ့တိုင်း ဖတ်လို့ မရပါ။ စာအုပ်ကို ရွေးရမယ်။ ကိုယ့်လက်ထဲက ကိုင်ထားတဲ့ တူရွင်း ထိုးဆွရမယ့် မြေကို ရွေးရမယ်။ သစ်ပင်စိုက်ချင်တယ်ဆိုရင်လည်း မြေဆီဩဇာထက်သန်တဲ့ မြေကို ရွေးရသလို၊ စာဖတ် သမားဟာ စာအုပ်ကို ရွေးရတယ်။ စာရေးဆရာကို ရွေးရတယ်။

စာဖတ်စမှာ၊ တွေ့ကရ စာကို ဖတ်ရင် ကောင်းပေမယ့် စာဖတ်သက်ရင့်လာတာနဲ့ အမျှ စာအုပ်ကို ရွေးရတယ်။ စာရေးသူကို ရွေးရတယ်။ ကိုယ်ဖတ်မယ့်အကြောင်းအရာကို ရွေးရတယ်။ စာဖတ်သက်ရင့်လေလေ စာအုပ်ကို ပိုပြီး ရွေးရလေလေ၊ စာရေးဆရာကို ပိုပြီး ရွေးရလေလေဖြစ်ပါတယ်။

ရွှေရှိတဲ့ မြေပေါ် ရောက်ရင်လည်း လက်ထဲက တူရွင်းကို ကိုင်ထားလို့ မရပါ။ လက်ထဲက ပေါက်ပြားကို ကိုင် ထားလို့ မရပါ။ မြေပေါ်မှာ ထိုးဆွရတယ်။ တူးယူ နှိုက်ထုတ်ရတယ်။ တချို့ ရွှေစ ရွှေနတွေဟာ အပေါ်ယံ တူးဆွနေလို့ မရဘူး။ နက်နက် နှိုက်ပြီး တူးမှ ရသလို၊ တချို့စာအုပ်တွေဆီက အဖိုးတန်ရွှေစတွေကို အပေါ်ယံ တူးဆွ ကြည့်လို့ မရနိုင်ဘူး။ နက်နက် နှိုက်ပြီး တူးနိုင်မှ ကောင်းမယ်။

အကယ်၍ တူးရင်း ဆွရင်း ထိုးရင်း ကော်ရင်း ရွှေပါတဲ့ မြေ၊ စိန်ဖြစ်နိုင်တဲ့ ကျောက် စသည်ဖြင့် တွေ့ရင် ကိုင်ကြည့်ရတယ်။ ပွတ်သပ်ကိုင်တွယ်ကြည့်ရတယ်။ လေ့လာစူးစမ်းကြည့်ရတယ်။ အမှုမဲ့ အမှတ်မဲ့ နေနေလို့ မရဘူး။ ကိုယ့်ဉာဏ်ရဲ့အတိုင်းအဆကို လိုက်ပြီးတော့ ကိုယ်ဟာ ဘယ်အရာက ရွှေဖြစ်ကြောင်း၊ ဘယ်အရာက စိန်ဖြစ်ကြောင်း သိနားလည်နိုင်တယ်။ ကိုယ့်အသိနုပ်နေသေးရင်တော့ ရွှေစ ရွှေနနဲ့ စိန်ရိုင်းတွေကို ကျော်သွား မိနေအုံးမယ်။

စာဖတ်သမား အလုပ်

ဒီတော့ စာဖတ်သမား အလုပ်ဟာ (၃) လုပ်ဖြစ်ပါတယ်။ စာအုပ်ကို ရွေးရတဲ့အလုပ်နဲ့ စာရေးဆရာကို ရွေးရတဲ့ အလုပ်၊ အကြောင်းအရာကို ရွေးရတဲ့ အလုပ်ဟာ နံပါတ် တစ် အလုပ်ဖြစ်ပါတယ်။ နောက် နံပါတ် နှစ် အလုပ် ကတော့ လက်ထဲက ဘောပင်၊ ဒါမှ မဟုတ် လက်ထဲက ခဲတံကို တူရွင်းတစ်လက်လို အသုံးချပြီး ကိုယ့်အတွက် အသုံးဝင်တာတွေကို တူးဆွရှာဖွေဖို့ ဖြစ်ပါတယ်။ နောက်ဆုံး နံပါတ် သုံး အလုပ်ကတော့ ကိုယ့်အတွက် အဖိုး တန်လို့ ယူဆရတဲ့ ဝါကျတွေ၊ စကားလုံးတွေ၊ စာပိုဒ်တွေကို သေချာ ကိုင်တွယ် ပွတ်သပ်ကြည့်ပြီး နက်နက်နဲနဲ စူးစမ်းကြည့်ဖို့ ဖြစ်ပါတယ်။

ဒါကတော့ စာဖတ်သမားရဲ့ လုပ်ရမယ့် အလုပ် (၃) လုပ်ဖြစ်ပါတယ်။

ဖြစ်နိုင်ချေ

ဖြစ်နိုင်ချေ ရှိတာက စာတွေ ဖတ်ရင်း စာပေါ့စာသွမ်းတွေ ဖတ်လာမိခြင်းပါပဲ။ ထိုနည်းလည်းကောင်းပဲ ရွှီးထား တဲ့ စာ၊ လုံးချထားတဲ့စာ၊ ဖောချထားတဲ့စာ၊ ရောကြိတ်ထားတဲ့စာတွေကို ဖတ်လာရတတ်တယ်။ ရွှေသမားဟာ ရွှေကိုအရှာကျွမ်းကျင်သလို တကယ့်စာဖတ်သမားဟာ စာဖတ်သက်ရင့်လာတာနဲ့အမျှ စာအုပ်ကို ရွေးတတ်ပါ တယ်။ စာရေးဆရာကို ရွေးတတ်ပါတယ်။ စာရေးသူကို ရွေးတတ်ပါတယ်။

ကိုယ်ဟာ ဘာကို သိနားလည်ချင်တာလဲ ဆိုတာကို ကောင်းကောင်းသိပါတယ်။ ကိုယ်ဟာ ဘာကို ခံစားချင် တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါပေမယ့် တခါတခါမှာ ရွေးချယ်မှုတွေ လွဲတတ်တယ်။ ရွေးချယ်မှုတွေ မှားတတ်တယ်။
စာဖတ်စ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို မရတော့တာ သိပ်အရေးမကြီးပါဘူး။ သို့သော် စာရေးသူ၊ ဒါမှမဟုတ် စာရေးဆရာဟာ ဝါရင့် စာဖတ်သမားရဲ့ ယုံကြည်မှုမဲ့တာကို ရလိုက်ရင် သိပ်ကို အန္တရာယ်ကြီးပါတယ်။ လူတစ်ယောက်ဟာ လူမိုက်ကဲ့ရဲ့ခြင်းအတွက် ဘာမှ မဖြစ်ပေမယ့် ပညာရှိသူတော်ကောင်းကဲ့ရဲ့ရင် သံသရာမှာ အမည်းစက်အဖြစ် စွဲကျန်နေပါတယ်။

ဖတ်နေဖို့

စာဆိုတာ ဖတ်ပြီးသွားဖို့ မဟုတ်ပါဘူး။ ဖတ်နေဖို့ ဖြစ်ပါတယ်။ လူတော်တော်များများဟာ ဒီစာအုပ် ငါဖတ်ပြီး သွားပြီလို့ လူကြားထဲမှာ ကြွားလုံးထုတ်တတ်ပါတယ်။ တကယ်တော့ စာဆိုတာ ဖတ်ပြီးသွားဖို့ ထက် ဖတ်နေဖို့ သာ လိုပါတယ်။ စာအုပ်တစ်အုပ်ကို ပြီးစီးခြင်း မပြီးစီးခြင်းဟာ ဝတ္ထုစာအုပ်တွေကလွဲလို့ သိပ်အရေးမကြီးလှပါ ဘူး။

အတွေးအခေါ် စာအုပ်တွေဟာ ဘယ်တော့မှ ဖတ်ပြီးသွားတဲ့ စာအုပ်တွေ မဟုတ်ပါဘူး။ စိတ်ဓာတ်မြင့်တင်ရေး စာအုပ်တွေဟာ ဘယ်တော့မှ ဖတ်ပြီးသွားတဲ့ စာအုပ်တွေ မဟုတ်ပါဘူး။ သဘောတရားတွေ၊ သီအိုရီတွေကို ရေးသားထားတဲ့ စာအုပ်တွေဟာ ဘယ်တော့မှ ဖတ်ပြီးသွားတဲ့ စာအုပ်တွေ မဟုတ်ပါဘူး။ အယူအဆတွေ၊ အမြင်တွေ၊ သဘောထားတွေ၊ ရှု့ထောင့်အမြင်တွေနဲ့ ချည်းကပ်ထားတဲ့ စာအုပ်တွေဟာ ဘယ်တော့မှ ဖတ်ပြီး သွားတဲ့ စာအုပ်တွေ မဟုတ်ပါဘူး။ သမိုင်းဖြစ်ရပ်တွေ၊ ဂန္တဝင်စာပေတွေဟာ ဘယ်တော့မှ ဖတ်ပြီးသွားမယ့် စာအုပ်တွေ မဟုတ်ပါဘူး။ ကဗျာတွေ၊ ရသတွေ စတဲ့ စာအုပ်တွေဟာ ဖတ်လို့ ပြီးစီးသွားတဲ့ အမျိုး မဟုတ်ပါ ဘူး။

ဒီတော့ စာအုပ်ဆိုတာ ဖတ်ပြီးသွားဖို့ထက် ဖတ်နေဖို့ သာ လိုပါတယ်။ ဘယ်စာအုပ်ကို ဖတ်နေတယ် ဆိုတာ ထက် စာကို ဘယ်လို ဖတ်နေတယ်ဆိုတာ ပိုအရေးကြီးပါတယ်။ စာကို ဘယ်လို ဖတ်နေတယ်ဆိုတာထက် စာကို ဘယ်စိတ်နဲ့ ဖတ်နေသလဲ ဆိုတာ ပိုအရေးကြီးပါတယ်။ စာကို ဘာစိတ်နဲ့ ဖတ်သလဲ၊ စာကို ဘာရည်ရွယ် ချက်နဲ့ ဖတ်သလဲ ဆိုတာတွေဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။

စာအုပ်အများကြီး မဖတ်နဲ့

လူတွေဟာ စာအုပ်အများကြီး ဖတ်ထားကြောင်း ဂုဏ်ယူဝင့်ကြွားနေတတ်ကြတယ်။ စာအုပ်တွေ အများကြီး စုစည်းထားတာကို လူမြင်ကွင်းမှာ တပြပြ လုပ်နေတတ်ကြတယ်။ စာအုပ်တွေ အများကြီး ဖတ်တာကောင်းပါ တယ်။ သို့ပေမယ့် အရေအတွက်ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးတာ ကောင်းတယ်။ စာအုပ်တွေ ဘယ်နှအုပ် ဖတ်ပြီးသွားပြီ၊ စာအုပ်တွေ ရာနဲ့ ချီ၊ ထောင်နဲ့ချီ ဖတ်ပြီးသွားပြီဆိုတာထက် စာတွေထဲက ကိုယ့်ဘဝ အတွက် ဘယ်လိုအရည်အသွေးကောင်းတွေကို တည်ဆောက်နိုင်သလဲ ဆိုတာ ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် ဘန်ဂျမင် ဖရန်ကလင်က “စာအုပ်အများကြီး မဖတ်နဲ့…၊ စာများများဖတ်” လို့ ပြောတာဖြစ်ပါတယ်။

စာများများဖတ်

စာအုပ်ဆိုတာ အရေအတွက်ဖြစ်ပါတယ်။ စာဆိုတာ အရေအတွက် မဟုတ်ပါဘူး။ စာကို တနည်းမဟုတ် တနည်း ထိတွေ့နေခြင်းဟာ အသွေးအသားထဲထိ စိမ့်ဝင်ပျံ့နှံ့ခြင်း နည်းဖြစ်ပါတယ်။

စာများများဖတ်ဖို့ လိုတယ်။ ဒါပေမယ့် စာအုပ်ကြီးသမား မဖြစ်ဖို့ လိုတယ်။ စာသမားတော်တော်များများဟာ ပိုပြီး နှစ်လိုဖွယ်ကောင်းတဲ့ လူဖြစ်လာရမှာ။ ဒါပေမယ့် စာသမားတော်တော်များများဟာ အသိလေး တစ်ဇွန်း၊ တစ်ဖဲ့ရလာရင် လေပွချင်ကြတယ်။ လေထချင်ကြတယ်။ လူတတ်ကြီး လုပ်ချင်ကြတယ်။ သမားစွမ်း သိပ်ပြချင် ကြတယ်။ ဒါဟာ လူ့ပတ်ဝန်းကျင်မှာ ချဉ်ဖတ်ကြီး ဖြစ်လာရခြင်း အကြောင်းရင်းဖြစ်ပါတယ်။
စာသမားဟာ စာတွေ ဖတ်လာရင်းသာ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နှစ်လိုဖွယ်ဖြစ်အောင် လုပ်ဆောင်နိုင်လာ ရမယ်။ ဒါမှမဟုတ်ဘဲ စာကို နဂိုကထက် ပိုဖတ်လာမိလို့၊ လူ့ချဉ်ဖတ်ကြီးဖြစ်ရတာ မတန်ပါဘူး။ မကောင်းပါ ဘူး။ စာကို ကိုယ့်ဘဝမှာ ပိုကောင်းတဲ့ အရည်အသွေးတွေ ရဖို့သာ သုံးဖို့ ကောင်းတယ်။ သမားစွမ်းပြဖို့၊ လူတတ်ကြီးလုပ်ဖို့ သုံးတာ မကောင်းပါဘူး။

စာသမားဟာ စာအုပ်ထဲလည်း ခေါင်းတိုးဖို့ လိုသလို၊ တကယ့်လောကထဲက လူတွေကြားထဲလည်း ခေါင်းတိုးပြီး ပိုကျယ်ပြန့်တဲ့ အသိမြင်ကွင်းကို ရဖို့ လိုတယ် မဟုတ်လား။ ထိုနည်းလည်းကောင်းပဲ…. မနေ့ကထက် ပိုနှစ်လို ဖွယ်ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး တည်ဆောက်နိုင်ဖို့ လိုတယ် မဟုတ်လား။ မနှစ်ကထက် အသိဉာဏ်ပိုသာ တဲ့ ၊ ကိုယ့်အရည်အချင်းကို ကိုယ်ပိုသုံးနိုင်တဲ့ အလုပ်ကို လုပ်နေနိုင်ဖို့ လိုတယ် မဟုတ်လား။

မင်းသေ့
ည ၉ း ၄၃
၁၇ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post လူမမာ လူ့အဖွဲ့အစည်း
Next post စေပီယံ