ကျနော် တက္ကသိုလ်ကျောင်းသားဘဝကို (၅) နှစ် ဖြတ်သန်းခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ကို မရခဲ့ပါ။ မရခဲ့တဲ့အကြောင်းရင်း ရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသား ဘဝ ငါးနှစ်လုံးလုံးဟာ ကျောင်းစာမဟုတ် တဲ့ စာအုပ်တွေအကြား ခေါင်းတိုးဝင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။

• နှလုံးသားရေးရာ ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။
• ဂီတအနုပညာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။
• အားကစားဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။
• ကျောင်းသား အဆောင်ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။

ဒါပေမယ့် ကျောင်းပြီးမယ့် နောက်ဆုံးနှစ်မှာပဲ ၊ စာပေအသင်းနဲ့ ထိတွေ့ ဖို့ အကြောင်းဖန်လာတယ်။ စာပေအသင်းဟာ ကျနော့်ရဲ့ လောကခြေလှမ်းအစ နိဒါန်းတစ်ခုဖြစ်ခဲ့တယ်။

• လူမှုပေါင်းသင်းဆက်ဆံရေးရဲ့ အစ။
• စာပေရဲ့ အစ။
• အသင်းအဖွဲ့ရဲ့ အစ။
• အနုပညာရဲ့ အစ။
• ချစ်ခြင်းရဲ့ အစ။

ဘာလို့မှန်းမသိ ကျနော် ရင်တွေ ခုန်နေခဲ့တယ်။

ကျနော်ဟာ ကျောင်းစာပေအသင်းမှာ အယ်ဒီတာ တာဝန်ယူခဲ့ဖူးတယ်။ အချိန်အပိုင်းအခြား၊ အခိုက်အတန့် ကာလ နည်းနည်းလေးပါပဲ။ တကယ့်ကို နည်းနည်းလေးပါပဲ။ ဒါပေမယ့် ကျနော်ဟာ စာပေအသင်း အယ်ဒီတာ ဘဝကို တန်ဖိုးထားခဲ့တယ်။ ကျနော့် ကလောင်ဟာ စာပေအသင်းမှာ စပြီး အရာဝင် ၊ အရာထင်လာခဲ့တယ်။ ကျနော့်မှာ ကန်စရာ ကွင်းတစ်ခု ရလာသလို ကျနော်က ခြေစွမ်းတွေ ထုတ်ပြဖို့ အားထုတ်ခဲ့တယ်။ နုပျိုလန်း ဆန်းမှုတွေနဲ့ အတူပေါ့။ စိတ်အားတက်ကြွမှုတွေနဲ့ပေါ့။ ရင်ခုန်ခြင်း နေ့စွဲနေနဲ့ပေါ့။

ကျနော် စာရေးဆရာဖြစ်ဖို့ အပြင်းအထန် ပြင်းပြခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ စာပေအသင်းမှာ အယ်ဒီတာ လုပ်ခဲ့တဲ့ကာလဟာ ကျနော် အရူးအမူး ဖြစ်ခဲ့တဲ့ စာသမားဘဝဖြစ်ခဲ့တယ်။

• “ကွိ” ကို အားကျခဲ့တယ်။
• ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျခဲ့တယ်။
• လူထုဦးလှကို အားကျခဲ့တယ်။

ကျနော်ဟာ ကျောင်းပြီးရင် သတင်းစာ ဆရာ၊ စာရေးဆရာ ဖြစ်ဖို့ အပြင်းအထန် ရည်ရွယ်ခဲ့တယ်။

ဂျာနယ်လစ်ဇင်ကို စာအုပ်တွေထဲကနေ လေ့လာတယ်။ ဂျာနယ်လစ်ဇင် ဘယ်သို့၊ ဘယ်ပုံ၊ အစရှိသဖြင့်။ ကျနော် ကဗျာ တချို့ ရေးစပ်ခဲ့ဖူးတယ်။ ကျနော် ကိုယ်တိုင် ရင်ခုန်မှုတွေနဲ့ ရေးစပ်ခဲ့တဲ့ ကဗျာ။ ဒါပေမယ့် ကျနော် ကဗျာသမား မဖြစ်ချင်ခဲ့ဘူး။ ကဗျာက ကျနော့်ကို မစွဲဆောင်နိုင်ခဲ့ဘူး။ ရင်ခုန်မှုကြောင့်သာ ကဗျာတချို့ ဟာ ကျနော်နဲ့ နီးစပ်ခဲ့တာ။

နံရံကပ်စာစောင်အတွက် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ကိုယ့်ကိုယ်ကို ပူးတွဲ တာဝန်ပေးခဲ့တယ်။ အပတ်စဉ် ဆောင်းပါးအသစ် ထည့်ဖော်ပြဖို့ ကျနော် အားထုတ်ခဲ့တယ်။ ကဗျာ စာမူတွေကတော့ တစ်ပတ်တစ်ပတ်ကို အပုဒ် သုံးလေးဆယ်ရောက်ရောက်လာတယ်။ မော်ဒန်ကဗျာတွေနဲ့ ကျနော် ရိုးသားစွာ ရန်ဖြစ်ခဲ့ဖူးတယ်။ ကျောင်းမဂ္ဂဇင်းအတွက် စာမူစုတော့၊ ကဗျာအပုဒ်ရေက ရှစ်ဆယ် တစ်ရာလောက် ရခဲ့တယ်။ ဆောင်းပါး
က နည်း။ ဝတ္ထုတိုက ခပ်ပါးပါး။ အက်ဆေးလိုလို ဘာလိုလိုတွေက ရောတိရောရာ။
ကျောင်းသားတွေဟာ ဘာလို့ ကဗျာစာမူကို အပို့များတာလဲ။
များမှာပေါ့။ လူငယ်ဆိုတာ ရင်ခုန်တယ်လေ။ ရင်ခုန်ရင် ကဗျာတွေ ထွက်တယ်။ ကျောင်းသားဆိုတာ ရင်ခုန်စရာ အကောင်းဆုံး ကွင်းပြင်မှာ ကျင်လည်နေတဲ့ သတ္တဝါလေးတွေလေ။ ဒီတော့ ကဗျာတွေဟာ ပိုလို့ အထွက်များတာပေါ့။ လူတိုင်းမှာ ရင်ခုန်စရာရှိတယ်။ ကျောင်းသားလူငယ်တွေမှာ ရင်ခုန်စရာ ပိုများတယ်။ ဒီတော့ သူတို့ဟာ ကဗျာကို ပိုလို့ ရေးနိုင်ကြတယ်။ ကျနော့် ဘာ့ကြောင့် ကဗျာဆရာ မဖြစ်ခဲ့တာလဲ။

• ကျနော်က ကဗျာကို မချစ်တတ်လို့လား။
• သို့တည်းမဟုတ် ရင်မခုန်တတ်လို့လား။
• ဒါမှမဟုတ် ရင်ခုန်မှုကို ငြင်းပယ်ခဲ့လို့လား။
• ကဗျာကို ငြင်းပယ်ခဲ့လို့လား။
• ရင်ခုန်စရာရော ရှိခဲ့လို့လား။

ကျနော် ရှိခဲ့တယ်။ ကျနော့်မှာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ဝိုးတဝါးမျှသာပါပဲ။
အတိတ်က ဝိုးတဝါးဖြစ်ရပ်တွေကို မှုန်ဝါးဝါးမျှသာ မြင်ရပါတော့တယ်။ တက္ကသိုလ်ကျောင်းတော်ကြီးဟာ ကျနော့်ကို မသိသလိုလိုကြည့်နေတယ်။ နားမလည်သလိုလို ကြည့်နေတယ်။ နဝေတိမ်တောင် ကြည့်နေတယ်။ အူကြောင်ကြောင် ကြည့်နေတယ်။ ဘယ်လို လုပ်မလဲ။ သူ ကျနော့်ကို မှတ်မိသေးရဲ့လား။

တက္ကသိုလ်ကြီးဟာ ကျနော့်ကို မှတ်မိမယ် မထင်ပါ။

ကျနော်ဟာ တက္ကသိုလ်မှာ ပေါ်ပြူလာ ဖြစ်ခဲ့သူမှ မဟုတ်တာ။ ကျနော်ဟာ တက္ကသိုလ်မှာ ထင်ပေါ်ခဲ့သူမှ မဟုတ်တာ။ တက္ကသိုလ်ထဲမှာ လွမ်းမောစရာတွေ ဖန်တီးနိုင်ခဲ့သူမှ မဟုတ်တာ။ မယ်ဇလီပင်တန်းကြား ကျနော် ဖြတ်လျှောက်ဖူးတယ်။ ကျောင်း ကော်ရစ်ဒါမှာ နွေဦးက လေရူးတွေနဲ့အတူ လွင့်ပါး ပျယ်လွယ့်ခဲ့ဖူးတယ်။ လှေကားထစ်နဘေးမှာ ထိုင်ရင်း ကျောင်းဖယ်ရီကား အလာကို စောင့်မျှော်ဖူးတယ်။ “T” တံကို ဆွဲကိုင်ဖူးတယ်။ ထမင်းချိုင့်ကို နာနာကျင်ကျင် ကိုင်ဆွဲခဲ့ဖူးတယ်။ ကျောပိုးအိတ် လွယ်ခဲ့ဖူးတယ်။ လွယ်အိတ်လည်း လွယ်ခဲ့ဖူး တယ်။ ခေတ်ပေါ် ဆိုင်ကယ်သစ်လေးတွေပေါ် တင်ခေါ်သွားတဲ့ ကျောင်းသားတွေနောက် ခါးဖက်လိုက်သွားတဲ့ ကျောင်းသူကောင်မလေးတွေကို ငေးခဲ့ဖူးတယ်။ ရည်းစား မရလို့ စိတ်ဓာတ်ကျခဲ့ဖူးတယ်။ လောကကြီးကို နာနာကျင်ကျင် ခါးခါးသီးသီးနဲ့ မုန်းတီးခဲ့ဖူးတယ်။

တက္ကသိုလ်ကျောင်းသား ဘဝမှာ ကျနော် စာမကြိုးစားခဲ့ပါဘူး။ စာကြိုးစားခြင်းကို ကျနော် ငြင်းပယ်ခဲ့တယ်။ ကျောင်းစာထက် ပြင်ပစာတွေက ကျနော့်ကို ပိုရင်ခုန်စေခဲ့တယ်။ ရင်ခုန်မှုနောက် ကျနော် လိုက်ခဲ့တယ်။ ကျနော့်မှာ မသေချာ မရေရာမှုတွေ ပြည့်နက်နေတယ်။ ကျနော် အင်ဂျင်နီယာ မလုပ်ချင်ဘူး ဆိုတာ ကောင်း ကောင်းသိတယ်။ ကျနော်ဟာ အင်ဂျင်နီယာ အလုပ်နဲ့ မကိုက်ဘူး ဆိုတာ ကျနော်သိတယ်။ ကျနော့်စရိုက်ဟာ အင်ဂျင်နီယာ စရိုက် မဟုတ်ဘူးဆိုတာ ကျနော် သိတယ်။ ကျနော် စာပေသမား အဖြစ်ခံယူဖို့၊ မိုက်ရူးရဲစွာ ခဏခဏ စဉ်းစားခဲ့တယ်။ ဒါပေမယ့် စာပေသမားဘဝကို ခြေစုံပစ်ခံယူဖို့ ကျနော် ကြောက်နေခဲ့တယ်။ ကျနော် မဆင်းရဲချင်ဘူး။ စာသမားတွေ အားလုံးကို ကြည့်လိုက်ရင် တော်တော်များများက ချို့ချို့တဲ့တဲ့နဲ့ပဲ။ ကျနော် သက်ပြင်းတွေ အကြိမ်ကြိမ် ချခဲ့ဖူးတယ်။ ဒါပေမယ့် ငတ်ငတ်ပြတ်ပြတ်နဲ့ စာပေသမားဘဝကို ခံယူပြီး ခြေစုံပစ်ဝင်ဖို့ မိုက်ရူးရဲစွာ ဆုံးဖြတ်ခဲ့ဖူးတယ်။


မြန်မာပြည်လို တိုင်းပြည်မျိုးမှာ စာသမားဘဝကို ခံယူဖို့ဟာ သတ္တိရှိဖို့ မိုက်ရူးရဲဖို့ ပိုလိုကြောင်း ကျနော် နားလည် ခဲ့တယ်။

စာပေအသင်း အယ်ဒီတာ ဘဝဟာ ကျနော့်ကို လူကြီးတစ်ယောက်ဖြစ်အောင် လုပ်ပေးခဲ့တယ်။ လူကြီးလိုတွေး အောင် လေ့ကျင့်ပေးခဲ့တယ်။ အများနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေး နည်း နာကို သင်ပေးခဲ့တယ်။ ကျနော်ဟာ စာပေအသင်း အယ်ဒီတာ ဘဝမှာ လူ့ဂွစာ တစ်ယောက်ဖြစ်ခဲ့တယ်။ ကျနော်ဟာ ခေါင်းမာတဲ့သူ ဖြစ်ခဲ့တယ်။ ကျနော်ဟာ စာအုပ်ကြီးသမား ဖြစ်ခဲ့တယ်။ ဘုတ်အုပ်ကြီးသမား ဖြစ်ခဲ့ တယ်။ သီအိုရီကို နှစ်ခြိုက်စွာ စားသုံးပြီး စကားလုံးခပ်ကြီးကြီးတွေကို အကြိမ်ကြိမ် သုံးနှုန်း ပြောဆိုခဲ့ဖူးတယ်။ ဆရာတွေကို အာခံဖို့ ဝံ့ရဲလာသလို ၊ မေးခွန်းတွေ ထုတ်နိုင်ဖို့လည်း အားထုတ်ခဲ့တယ်။ ကျနော်ဟာ တက္ကသိုလ် ကျောင်းသား ဘဝမှာ အရိုင်းအစိုင်းတစ်ကောင်လို ဗီဇစရိုက်မျိုးနဲ့ ပြုမူနေထိုင်ခဲ့ဖူးတယ်။

အယူအဆရေးရာမှာ လက်မလျော့ချင်သူ တစ်ယောက်ဖြစ်ခဲ့တယ်။ ငါမှန်တယ်ဆိုတဲ့ စိတ်နဲ့အားလုံးကို အာခံဖို့ သတ္တိတွေ ရှိခဲ့တယ်။ စာအုပ်တွေကို ကိုးကွယ်ခဲ့သလို၊ စာရေးဆရာတွေကိုလည်း ရှိခိုးခဲ့တယ်။ စာအုပ်ထဲက အကြောင်းအရာ အားလုံးကို အမှန်လို့ ထင်ခဲ့ဖူးတယ်။ စာရေးတတ်သူ ဘယ်သူမဆို အထင်ကြီးလေးစားစိတ်နဲ့ ဦးညွှတ်ဖို့ ဝန်မလေးခဲ့ဘူး။

စာတွေကို သာမန်လူထက် ပိုဖတ်ဖြစ်လာတဲ့အခါ၊ စာသံပေသံနဲ့ ပြောတတ်လာတယ်။ လူတတ်ကြီး လုပ်ပြီး ပြောဆိုခဲ့ဖူးတယ်။ အသေအကြေ ငြင်းခုန်ခဲ့ဖူးတယ်။ ဘုန်းကြီးနဲ့လည်း ငြင်းတယ်။ ရှေ့နေနဲ့လည်း ငြင်းတယ်။ လူကြီးနဲ့လည်း ငြင်းတယ်။ ဆရာနဲ့လည်း ငြင်းတယ်။ ဗေဒင်ဆရာနဲ့လည်း ငြင်းတယ်။ သူငယ်ချင်းတွေနဲ့လည်း ငြင်းတယ်။ ကျနော်ဟာ ဖတ်ထားတဲ့စာတွေကို အကြောင်းပြုပြီး လေကြီးမိုးကြီး ပြောခဲ့ဖူးတယ်။ ကြီးကြီးကျယ် ကျယ်တွေဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့ဖူးတယ်။ သောက်ကြီးသောက်ကျယ်တွေ တွေးပြီး သောက်ကြီးသောက် ကျယ်တွေ ပြောခဲ့ လုပ်ခဲ့ဖူးတယ်။

ဒီလို အကြောင်းဆက်တွေကြောင့်၊ လူ့ချဉ်ဖတ်ဆိုတဲ့ အကျိုးဆက်ကိုလည်း ရခဲ့ဖူးတယ်။ “အောင်ကိုတိုး” နား မကပ်နဲ့လို့ မြင်ပြင်းကပ်ရလောက်အောင် လူ့မျက်စိဆံပင်မွှေးစူးသူဖြစ်ခဲ့ဖူးတယ်။

တက္ကသိုလ်ကျောင်းသား ဘဝဟာ ကျနော့်ကို သင်ခန်းစာတွေ အများကြီးပေးခဲ့တယ်။ စာပေအသင်း အယ်ဒီတာ ဘဝဟာ ကျနော့်အတ္တကို ဖိုထိုးခဲ့ဖူးသလို၊ စာပေနဲ့ အနုပညာမှာ သိဒ္ဓိဝင်ဖို့လည်း နှိုးဆွတိုက်တွန်းခဲ့ ဖူးတယ်။ စာပေနဲ့ အနုပညာကို ဖန်တီးတတ်တဲ့ လက်တွဲဖော်ကို မျှော်လင့်ဖို့ မျိုးစေ့ချပေးခဲ့တယ်။

• ကျနော်ဟာ “ကွိ” ဝတ္ထုထဲက “ရှာလီဝေလင်” ကို တကယ့်ဘဝမှာ တွေ့ဖို့ မျှော်လင့်ခဲ့တယ်။
• မတင်လှိုင်” ကို တကယ့်ဘဝ မှာ တွေ့ဖို့ မျှော်လင့်ခဲ့တယ်။
• “အမာ” ကို တကယ့်ဘဝမှာ တွေ့ဖို့ မျှော်လင့်ခဲ့တယ်။
• “ဒီဗူးဗွား” ကို တကယ့်ဘဝ မှာတွေ့ဖို့ မျှော်လင့်ခဲ့ဖူးတယ်။
• “နုယဉ်” ကို တကယ့်ဘဝမှာ တွေ့ဖို့ မျှော်လင့်ခဲ့ဖူးတယ်။
• “ငွေတာရီ” ကို တကယ့်ဘဝမှာ တွေ့ဖို့ မျှော်လင့်ခဲ့ဖူးတယ်။

စာပေအသင်း အယ်ဒီတာဘဝမှာ ကျနော် အိပ်မက်တွေ အများကြီး မက်ခဲ့ဖူးတယ်။ အိပ်မက်တွေကို ငတ်ငတ် ပြတ်ပြတ် အကောင်အထည်ဖော်ဖို့ သတ္တိတွေ မွေးခဲ့ဖူးတယ်။ စာအုပ်တွေနဲ့ ထောင်ချပစ်လိုက်ပါ….၊ တစ်သက် တစ်ကျွန်းလည်း နေနိုင်ပါတယ်.. ဆိုတဲ့ နှစ်မြုပ်မှုမျိုးနဲ့ ယုံကြည်ခဲ့ဖူးတယ်။

အချစ်ကံခေလို့ စာပေဘက်မှာ နည်းနည်းကံကောင်းလာသည်လား မပြောတတ်။ ဝေဒနာတွေက ကျနော့် လက်ဖျားက ယိုစီးကျလာပါတယ်။ ဝေဒနာပြင်းထန်တဲ့အခါ အနုပညာမြောက်သည်တဲ့။ ကျနော်က စာကိုသာ ရေးတာ။ အနုပညာကို မရေးတတ်ပါ။ အနုပညာကို ဖန်တီးတတ်သူကိုသာ ချစ်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါ့ကြောင့် စာပေအသင်း အယ်ဒီတာဘဝမှာ နှလုံးသား အလုပ်မလုပ်ဘဲ၊ ဦးနှောက်ပဲ အလုပ်လုပ်သူဖြစ်ခဲ့တယ်။ ဦးနှောက် ကလည်း စာတိုပေစတွေကို ထိုးသိပ်ထည့်ထားကြောင့် ဖွာလန်ကြဲ၊ မသေမသပ်၊ ဖရိုဖရဲ၊ တိမထား။ ညှိမထား။ သိပ်ကို အရိုင်းဆန်လှပါတယ်။

အခုတော့ အရိုင်းဆန်မှုတွေကို အနည်းငယ် ကျော်လွန်လာနိုင်ပြီလို့ မှတ်ထင်ရတယ်။

မင်းသေ့
နံနက် ဝ း ၄၉
၁၂ ၊ မတ်လ ၊ ၂၀၂၀
ထားဝယ်မြို့။

Previous post စာရည်စာသွေး
Next post ၂၀၂၀ ရွေးကောက်ပွဲ proxy party ဘယ်ပါတီလဲ…