၂၀၂၀ ရွေးကောက်ပွဲ proxy party ဘယ်ပါတီလဲ…

ရွေးကောက်ပွဲလည်း နီးလာပြီ။ လူမျိုးစုပါတီတချို့က ပေါင်းစည်းလာပြီး၊ မူဝါဒကွဲလွဲချက်ရှိတဲ့ နိုင်ငံရေးသမား တွေကတော့ ပါတီသစ်တွေ ထပ်ထောင်တယ်။ ကိုယ်နဲ့တူရာ တူရာ အုပ်စုတွေ ဖွဲ့ပြီး စုဖွဲ့လွှမ်းမိုးနိုင်ဖို့ ကြိုးစား ကြတာတွေ့ရတယ်။

အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးမူကွဲတွေကို နားလည်လို့ရပါတယ်။ ဒါ့ကြောင့် ပါတီသစ် ထောင်ကြတာ မဆန်းဘူး။ သဘောညီတယ်။ ထူးခြားသော မှတ်ချက် မရှိပါ။ သို့သော် အစဉ်အလာနိုင်ငံရေး လမ်းကြောင်း မခိုင်မာဘဲ ရာသီပေါ်မှ ထပြီး ထောင်တဲ့ပါတီတွေ ရှိတယ်။ အထူးသဖြင့် အခင်းအကျင်းသစ်မှာ ရရာဝင်တိုးချင်တဲ့စိတ်နဲ့ ပါတီဝင်လာသူတွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း proxy party တွေ ပေါ်လာတာ ရှိတယ်။ ဘယ်ပါတီဟာ proxy party ဆိုတာကိုတော့ ပြည်သူတွေ နားလည်သင့်တယ်။

မဲရဖို့ သေချာတဲ့ပါတီကတော့ မဲကွဲမှာ ကြောက်တယ်။ မဲရဖို့ မသေချာတဲ့ ပါတီကတော့ မဲကွဲစေချင်တယ်။ မဲကို ဖဲ့နိုင်ဖို့ ကြိုးစားသလို၊ မဲကို ပြားသွားအောင်လည်း ကြိုးစားတယ်။ ဒါမှ သူ အသာစီးရမှာဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ proxy party တစ်ချို့ပေါ်ခဲ့ဖူးတယ်။ ဒါပေမယ့် အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ ဒီ/ချုပ် ပါတီ ရဲ့ အားကောင်းချက်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကြောင့် proxy party တွေရဲ့ လုပ်ရပ်က အရာ မထင်ခဲ့ဘူး။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ proxy party တွေရဲ့ လုပ်ရပ်ကို ထည့်တွက်ထားဖို့လိုတယ်။ အကြောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲမဲရလဒ်ကို အသေးစိတ်ကြည့်ပြီး ပြန်ဆန်းစစ်ဖို့ကောင်းတယ်။ တချို့သော မဲဆန္ဒနယ် တော်တော်များများမှာ အနိုင်ရတယ်လို့သာ ပြောတယ်။ မဲက သိပ်မပြတ်လှဘူး။ မဲက မတိမ်းမယိမ်းဖြစ်နေတာ တွေ့ရတယ်။ စာရင်းဇယားတွေကို ပြန်ကြည့်ရင် ပိုသိနိုင်မယ်။ ဒီလိုမျိုး မဲဆန္ဒနယ်တွေမှာ ပိုပြီး သတိထားဖို့ ကောင်းတယ်။ တချို့ မဲဆန္ဒနယ်တွေကတော့ swim ဖြစ်နေတယ်။ ဆိုလိုတာကတော့ ဘယ်ပါတီရဲ့ အမာခံ နယ်မြေဆိုတာ မဟုတ်ဘူး။ ပါတီတွေရဲ့ လှုပ်ရှားမှုအပေါ်မှာ မူတည်ပြီး မဲရလဒ်ထွက်နိုင်တဲ့ နယ်မြေတွေ။

အမာခံရှိထားတဲ့ မဲဆန္ဒနယ်တွေမှာတော့ စိတ်ပူစရာ လိုချင်မှ လိုမယ်။ သို့ပေမယ့် swim ဖြစ်နေတဲ့ မဲဆန္ဒနယ် တွေမှာတော့ proxy party တွေရဲ့ လှုပ်ရှားမှုကို ထည့်တွက်ရမယ်။ ထည့်မတွက်ရင် မဲပြားသွားမယ်။ မဲကွဲသွား မယ်။ မဲကို ဖဲ့နိုင်တယ်။ ဒါ့ကြောင့် ပွတ်ကာသီခါပဲ ရှုံးသွားနိုင်စရာရှိတယ်။ ဒီတော့ မဲဆန္ဒနယ်မှာ ကိုယ်စားပြု ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းဟာ ဒါကို ထည့်တွက်ရမယ်။ မိခင်ပါတီဌာနချုပ်မှာတော့ မူဝါဒရှိလိမ့် မယ်။ သို့ပေမယ့် ကိုယ်စားလှယ်လောင်းရဲ့ တစ်ဦးချင်း အမြော်အမြင်ဟာ ပိုအရေးကြီးတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီဟာ proxy party လဲ။

မျက်လုံးကို ပြူးပြဲပြီး ကြည့်မှ တော်ကာကျမယ် ထင်တယ်။ အခုဆိုရင် မြန်မာပြည်မှာ နိုင်ငံရေးပါတီအရေ အတွက်ဟာ ရာဂဏန်းရှိလာပြီ။ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ပါတီကြီး နှစ်ပါတီရှိတယ်။ အစိုးရဖြစ်နိုင်တဲ့ပါတီ အဖြစ် မမျှော်လင့်ပေမယ့် အတိုက်အခံကောင်းပါတီပေါ်ထွက်ရေးအတွက် ဖြစ်တည်လာတဲ့ပါတီတွေလည်း တွေ့ရတယ်။
နိုင်ငံရေးကွင်းဟာ သိပ်ကျယ်လို့ တကယ့်ကစားသမားတွေ ပြိုင်ပြီး ကစားကြတာ သိပ်ကောင်းတယ်။ ကျနော်တို့ ပြည်သူအနေနဲ့ ကြိုက်တယ်။ ဒါပေမယ့် ကွင်းထဲဝင်ဖို့ ပြင်တဲ့သူတိုင်းက တကယ့်ကစားသမားတွေ မဟုတ်ကြဘူး။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဝင်လာကြတယ်။ ဒါကို သတိထားသင့်တယ်။ ပါတီနိုင်ငံရေးသမားတွေ က ပိုသတိထားဖို့ လိုတာ မှန်တယ်။ သို့ပေမယ့် ပြည်သူကလည်း သတိချပ်သင့်တယ်။

ဒါ့ကြောင့် proxy party တွေရဲ့ အရေးကို သတိထားဖို့ ပြောချင်တယ်။ တိုက်တွန်းချင်တယ်။ နိုင်ငံရေးသမား တွေဟာ ထည့်တွက်ထားပြီးသားဖြစ်မှာပါ။ မိကျောင်းမင်း ရေကင်းပြတယ်လို့ မထင်စေလိုပါ။ လက်တို့သတိပေး တယ်လို့ မှတ်ပါ။

တချို့ပါတီတွေဟာ ရွေးကောက်ပွဲမှာ မဲနိုင်အောင် လုပ်နိုင်တဲ့စွမ်းရည် မရှိပါ။ သို့သော် ကဖျက်ယဖျက်လုပ်နိုင် တဲ့ စွမ်းရည်တော့ အပြည့်အဝရှိပါတယ်။ ဒါကို သတိထားစေချင်တယ်။ ပါတီစုံစနစ်မှာ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲနိုင်ငံရေးမှာ ပျော်ပါးမြူးတူးကြတာ ထုံးစံပါပဲ။ သို့သော်လည်း ရည်မှန်းချက်ကြီးတဲ့ပါတီကြီးတွေက သူတို့တကယ် မနိုင်နိုင်တာ သေချာရင် တတ်နိုင်သရွေ့ နိုင်နိုင်တဲ့ ပါတီကို မဲကွဲအောင်၊ မဲပြားအောင်၊ လုပ်တတ်ကြပါတယ်။ သူတို့ကိုယ်တိုင်လုပ်ရင် မထိရောက်လို့ နောက်ကွယ်ကနေ တို့ပေး မြှောက်ပေးပြီး proxy party တွေ ဖန်တီးတတ်ကြပါတယ်။ အဲသည်လို တို့ပေး မြှောက်ပေးတဲ့ ပါတီဟာ ဓနဥစ္စာတောင့်တင်းတဲ့ပါတီ ဆိုရင် သေချာတယ်။ ဒါဟာ ဖြစ်နိုင်ချေ များတယ်။ ပြီးတော့ နိုင်ငံရေးကစားကွက်မှာ ယခင်က ပါဝါအသာစီးရ ပေမယ့် လက်ရှိမှာ အရေးလည်းမပါ၊ အရာလည်း ရောက်မထားရင် ပိုလွန်တဲ့ မနာလို ဝန်တိုစိတ် ရှိတယ်။ ဒီနည်းနဲ့ proxy party တွေကို နောက်ကွယ်ကနေ မြှောက်ထိုးပင့်ကော်လုပ်ပြီး ရွေးကောက်ပွဲမှာ ကဖျက်ယဖျက် လုပ်နိုင်ကြောင်း….. လက်တို့ သတိပေးလိုက်ရပါတယ် ခင်ဗျား…..

proxy party ရဲ့ အနက်အဓိပ္ပာယ်ကတော့ ၊ “ရိုးသားတဲ့နိုင်ငံရေးရည်မှန်းချက်မရှိဘဲ နောက်ကွယ်က တခြားသောပါတီတစ်ခုခုရဲ့ လက်ကိုင်တုတ်အဖြစ် ရွေးကောက်ပွဲမှာ ‘ဖျက်မြင်း’ သဘောမျိုး ကဖျက်ယဖျက် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ပါတီမျိုး” ကို ဆိုလိုတာ ဖြစ်ကြောင်း မြန်မာမှုပြု လိုက်ရပါတယ်….. ခင်ဗျား

မင်းသေ့
ည ၈ း ၀၁
၁၃ ၊ မတ် ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post စာပေအသင်း အယ်ဒီတာ
Next post လူကိုမွေးပါ။ စနစ်ကို တည်ဆောက်ပါ။