စာရေးခြင်းကို တစိုက်မတ်မတ်လေ့ကျင့်ထားသူ အဖို့ကတော့၊ စာများများရေးရတာ လွယ်ပါတယ်။ တကယ် မလွယ်တာက၊ စာကို အရည်အသွေးပြည့်ပြည့် ရေးဖို့ မလွယ်ပါ။ အရည်အသွေးရှိတဲ့စာ ထွက်ဖို့ ခက်ပါတယ်။ ရေးသမျှဟာ ကောင်းနေဖို့ ခက်ပါတယ်။ ရေးထားသမျှကို လူကြိုက်ချင် ကြိုက်မယ်၊ ဒါပေမယ့် အရည်အသွေး ဆိုတဲ့ ပေတံနဲ့ ကိုက်ကြည့်လိုက်ရင် ဂုဏ်ထူးမရတဲ့ စာတွေ ရှိပါတယ်။ ဒါ့ကြောင့် စာများများရေးသူအဖို့၊ အရည် အသွေးဆိုတဲ့ကိစ္စကို နက်နက်နဲနဲ စဉ်းစားရပါတယ်။

အရည်အသွေးလို့ ပြောတဲ့နေရာမှာလည်း၊ ဦးနှောက်ကိစ္စ ပါလာတယ်။ ဦးနှောက်သုံးရတာက မလွယ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဦးနှောက်သုံးပြီးရေးဖို့အတွက် ကိုယ့်မှာ သုံးစရာ ရှိဖို့ လိုသေးတယ်။ ဦးနှောက်ထဲမှာ ဘာမှ မရှိရင် ဘာကို သွားသုံးမှာလဲ။ ဘာမှ သွားသုံးလို့ မရဘူး။ ဒီတော့ ဦးနှောက်သုံးဖို့ ဆိုတာကိုပြောရင်၊ ဦးနှောက် ထဲမှာ တစ်ခုခု သုံးစရာ ထည့်ထားဖို့ လိုတယ်။ ထည့်ထားတိုင်းလည်း မရပါဘူး။ ဦးနှောက်မှာ ထည့်ထားတဲ့ အရာကို ကြေညက်အောင် ချက်ထားနိုင်ဖို့လည်း လိုတယ်။

တချို့အသိတွေဟာ ဦးနှောက်ထဲမှာ ထည့်ထားပြီးသားကို ပြန်ထုတ်တာဖြစ်လို့ လွယ်ကောင်းလွယ်မယ်။ ဒါပေမယ့် ကြေညက်ထားတာမျိုးကို မထုတ်လုပ်ရင်၊ တကယ့်အရည်အသွေးဆိုတာ ထွက်မလာနိုင်ဘူး။ ဦးနှောက် ထဲထည့်ထားတာကို ကြေညက်အောင် လုပ်ဖို့ လိုတယ်။ ဒါကလည်း ခက်တယ်။ ဦးနှောက်ထက် ပိုခက်တဲ့အရာကတော့၊ နှလုံးသားဖြစ်ပါတယ်။

စာကို နှလုံးသားကနေ ထုတ်လုပ်ဖို့ ခက်ပါတယ်။ ကျနော့်အတွက် ပိုခက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တော့ မတူနိုင်ပါဘူး။ ကျနော့်အတွက်ကတော့ ဦးနှောက်ထဲက ထုတ်ရတာ ခက်သလို၊ နှလုံးသားထဲက ထုတ် လုပ်ရတာက ပိုလို့ ခက်ပါတယ်။ နှလုံးသားထဲက ပွင့်အံ့ကျလာဖို့အတွက် ဖိသိပ်ထားရတဲ့ ခံစားချက်တွေ ဘယ် လောက်ရှိထားမလဲနော်။ တော်ရုံနဲ့ ရမယ် မထင်ပါဘူး။ နှလုံးသားကနေ စာတွေ ထုတ်လုပ်ဖို့ ဆိုတာ တော်ရုံနဲပ မရဘူး။ ခက်တယ်။ သိပ်ခက်ပါတယ်။

စာရဲ့ အရည်အသွေးကို တိုင်းတာတဲ့အခါမှာ ပေတံ နှစ်ခု သုံးပြီးပဲ တိုင်းတာနိုင်ပါတယ်။
ဒီစာကို ဖန်တီးစီရင်တဲ့သူဟာ ဦးနှောက်လုပ်အားကို ဘယ်လောက် စိုက်ထားသလဲ။ နောက်တစ်ခုကတော့ နှလုံးသားအရ ဘယ်လောက်ထိ သက်ဝင်ခံစားမှုပြင်းပြသလဲ။ ဒီနှစ်ချက်နဲ့ တိုင်းတာနိုင်ပါတယ်။

ဦးနှောက်လုပ်အား လျော့ရင် စာပေတန်ဖိုး နိမ့်တယ်။ ဦးနှောက်ထဲမှာ အသိတွေ မကြေညက်ဘဲ ထုတ်လုပ်ရင်၊ စာပေတန်ဖိုး ပိုနိမ့်မယ်။ ဒီတော့ စာပေ အရည်အသွေးမြင့်ဖို့ ဆိုရင် ဦးနှောက်လုပ်အားလည်း မလျော့သင့်ဘူး။ ဦးနှောက်အစာလည်း ကြေညက်ရမယ်။ ဒီနှစ်ချက်လိုတယ်။

နောက်တစ်ခုက နှလုံးသားကိစ္စ။

ကျနော်ဟာ နှလုံးသားထက် ဦးနှောက်ကို ပိုသုံးပါတယ်။ ကျနော် လိုလားတာက နှလုံးသားကို ပိုသုံးချင်ပါ တယ်။ ဒါပေမယ့် ကျနော့်စရိုက်က နှလုံးသားကို ပိုအလုပ်ပေးတဲ့ဘက်ကို မတိမ်းပါ။ မယိမ်းပါ။ ဒီတော့ နှလုံးသား အရ ပြင်းပြတဲ့ခံစားချက်ထည့်ဖို့က စာပေအပေါ်မှာ သက်ရောက်မှု ရှိနေပြန်ပါတယ်။ စာရေးသူ တစ်ယောက်ဟာ သုတကို ရေးစေအုံးတော့….၊ ရေးတဲ့စာပေအပေါ် ဘယ်လောက်ခံစားသက်ဝင်မှု ရှိသလဲ ဆိုတဲ့ အပေါ်မူတည်ပြီး စာပေအရည်အသွေးဆိုတာ ဖြစ်လာရတာဖြစ်ပါတယ်။ ခံစားချက်ကိစ္စဟာ စာရေးသူ အဖို့ သိပ်အရေးကြီးပါတယ်။

စာပေ အရည်အသွေးလို့ စဉ်းစားလိုက်တိုင်း၊ နောင်တစ်ချိန်မှာ ကိုယ်ရေးခဲ့တဲ့စာကို ကိုယ်ပြန်ဖတ်လို့ ကိုယ့်စိတ် ကို ကိုယ်လုံတဲ့သူဖြစ်ဖို့ပဲ လိုချင်ပါတယ်။ စာပေအရည်အသွေးမြင့်မြင့် ထုတ်လုပ်နိုင်တဲ့ သူတွေ များလာရင်၊ ခေတ်ရဲ့တန်ဖိုးဟာ ပိုတက်လာမှာပါ။ ယဉ်ကျေးမှု တန်ဖိုး ပိုမြင့်မားလာမှာဖြစ်တယ်။
ကျနော်ကတော့ စာပေအရည်အသွေးကိစ္စကို ထပ်တလဲလဲ အထပ်ထပ်အခါခါ စဉ်းစားနေမိတယ်။

မင်းသေ့
ည ၁၀ း ၅၀
၄ ၊ မတ်လ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post ဘဝဒဏ်ရာ
Next post စာပေအသင်း အယ်ဒီတာ