အခုရေးတဲ့စာအုပ်နဲ့ ပတ်သက်ပြီး နာမည် (၂) မျိုးလောက် စဉ်းစားမိခဲ့တယ်။ ပထမ စဉ်းစားမိတာက “မြန်မာသစ်”။ ခေတ်သစ်တစ်ခုကို ချီတက်နေတဲ့ မြန်မာအသစ်ဖြစ်ဖို့ ရည်ရွယ်လို့ ဒီနာမည်ကို စဉ်းစားမိသွား တာဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ အဟောင်းတွေကို ချန်ထားခဲ့သင့်ပြီ။ အမူအကျင့်ဟောင်း၊ စရိုက် ဟောင်း၊ အကျင့်ဟောင်းတွေကို အသစ်နဲ့ အစားထိုးဖို့ သင့်နေပြီ။ အဟောင်းထဲမှာ အကောင်းက သိပ်မတွေ့ရ တော့လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံး စဉ်းစားမိတာက မြန်မာသစ်။

နောက်နာမည်တစ်ခု ထပ်စဉ်းစားမိ မြန်မာ့လမ်းပွင့်။ လမ်းပွင့်ဆိုတာ “Open Road” ဆိုတာကို ယူလိုက်တာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ လမ်းတစ်ခုကို ပွင့်နေရပြီ။ မြင်အောင်ကြည့်ရင် တွေ့မယ် ထင်တယ်။ မြင်အောင် ကြည့်သူအတွက် လမ်းပွင့်တွေအများကြီးရှိတာတွေ့ရလိမ့်မယ်။ ဒါ့ကြောင့် မြန်မာ့လမ်းပွင့် ဆိုတာကို စဉ်းစားမိ တယ်။ လမ်းပွင့်ဆိုတဲ့စကားလုံးက လူသိပ်အသုံးများတဲ့ စကားလုံးတော့ မဟုတ်ဘူး။ အင်္ဂလိပ်လို “Myanmar’s Open Road” ကို ယူလိုက်တာဖြစ်ပါတယ်။

စနစ်သစ်ကို ချီတက်မယ်လို့ ကြံနေပေမယ့် စရိုက်ဟောင်း၊ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေနဲ့ နှစ်ပါးသွားနေရတဲ့မြန်မာပြည်အပြောင်းအလဲဟာ သိပ်များများစားစား မျှော်လင့်လို့ မရပါ။ မြန်မာပြည်ကို ပြောင်းလဲနိုင်တာက အစိုးရတစ်ရပ်ဆိုတာထက် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ လက်ထဲမှာ ရှိတယ်လို့ ကျနော် မြင်တယ်။ လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးကို မမြှင့်ရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးက အရာ ရောက်စရာ အကြောင်းမရှိဘူး။ မြန်မာပြည်ရဲ့အနာဂတ်ဟာ လူ့အဖွဲ့အစည်းအပေါ်မှာ တည်မှီနေတယ်။

အခု မြန်မာ့လမ်းပွင့် စာအုပ်ဟာ မြန်မာပြည်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူ့အဖွဲ့အစည်းအကြောင်းတွေကို အများစုရေးထားတာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကိစ္စဟာ အရေးကြီးလို့ လူ့အဖွဲ့အစည်းအကြောင်းကိုလည်း ရေးတယ်။ လူတစ်ဦးချင်းစီကိစ္စကိုလည်း ထည့်ပြီးရေးတယ်။ လူတစ်ဦးချင်းစီဟာ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့အခြေခံယူနစ်ဖြစ်တယ်။ တစ်ဦးချင်းအရည်အသွေးတိုးတက်ရေးနဲ့ တစ်ဦးချင်းပြုပြင်ပြောင်းလဲရေး ဟာ အရေးကြီးတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ပတ်ဝန်းကျင်ကောင်းထွန်းကားရေးဟာလည်း အရေးကြီး တယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ လူ့အဖွဲ့အစည်းအရည်အသွေးမြင့်လာဖို့အတွက် စာဖတ်သူကို အမှာစကားပါး ချင်ပါတယ်။
ကိုယ့်အလုပ် ကိုယ်လုပ်ပါ။

ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
စေတနာထည့်ပါ။ ဉာဏ်ထည့်ပါ။
ပရော်ဖက်ရှင်နယ်ကျကျနဲ့ တစိုက်မတ်မတ် ပြီးမြောက်အောင်လုပ်ပါ။

မြန်မာ့လူ့အဖွဲ့အစည်းမှာ ကိုယ့်အလုပ်ကို ကိုယ် ပီပီပြင်ပြင်လုပ်နေတဲ့သူတွေ များလာတဲ့အခါ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို ရလာလိမ့်မယ်လို့ ယုံကြည်တယ်။
ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဝင်ရှုပ်နေကြလို့ ၊ မြန်မာပြည်ရဲ့ပြဿနာတွေဟာ အကင်းမသေတာဖြစ်ပါတယ်။

ကျနော့်အလုပ်ဟာ လူ့အဖွဲ့အစည်းကို စူးစမ်းလေ့လာပြီး နားလည်သလောက် စာပြန်ရေးတဲ့အလုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအလုပ်ကို ပြီးမြောက်အောင်စေဖို့ မြန်မာ့လမ်းပွင့်စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ရခြင်းဖြစ်ပါကြောင်း…..

မင်းသေ့
ညနေ ၃ း ၅၆
၁၇ ၊ နိုဝင်ဘာ ၊ ၂၀၁၉

Previous post စိတ် နေ ဆန္ဒ
Next post ပြောဆိုဆုံးမရလွယ်ခြင်း