မသိတာကိုလည်း သိအောင် လုပ်လို့ရတယ်။
မရှိတာကိုလည်း ရှိအောင် လုပ်လို့ရတယ်။
မသိချင်ရင်တော့ ဘာမှ လုပ်လို့ မရဘူး။
မရှိချင်ရင်တော့ ဘာမှကို လုပ်လို့ မရဘူး။
ဒါ့ကြောင့် ….
သိချင်စိတ် / ရှိချင်စိတ် ဆိုတာ သိပ်လိုအပ်တယ်။

ဗုဒ္ဓအဟောထဲမှာ ပဌာန်းကျမ်းရှိတယ် မဟုတ်လား။
ပဌာန်းကျမ်းမှာ အဓိပတိပစ္စယသတ္တိဆိုတာ ရှိတယ်။
အဲသည့်ထဲမှာ ဆန္ဒဓိပတိဆိုတာ စိတ်ဆန္ဒပြင်းပြစိတ်ကို ပြောတာဖြစ်ပါတယ်။
စိတ်က ဖြစ်ချင်ရင် ဖြစ်တယ်။
မဖြစ်ချင်ရင် ဘာမှမဖြစ်ဘူး။
ဖြစ်ချင်စိတ် ရှိဖို့က ပထမအရေးအကြီးဆုံးပဲ။
ဖြစ်ချင်စိတ် ထက်သန်ရင် ထက်သန်သလောက် လူဟာ လုံ့လထွက်လာတယ်။
ဝီရိယကို ထုတ်လာတယ်။
လုပ်အားက ထွက်လာတယ်။

ဖြစ်ချင်စိတ် မရှိရင် ဘာလုံ့လမှ မထွက်ဘူး။
ဘာဝီရိယမှလည်း မထွက်ဘူး။
ဘာလုပ်အားမှလည်း မထုတ်ဘူး။
ဘာလုပ်အားမှလည်း ထွက်မလာတော့ဘူး။

တစ်ခုခုကို သိအောင်လုပ်တာ….
တစ်ခုခုကို ရှိအောင်လုပ်တာ…..
တစ်ခုခုကို ဖြစ်အောင် လုပ်တယ်….. ဆိုတာ
သိချင်စိတ် ၊ ရှိချင်စိတ်၊ ဖြစ်ချင်စိတ် အားကြီးဖို့ လိုတယ်။
ဒါက ပထမဆုံးလိုအပ်ချက်ပဲ။

စိတ်ဆန္ဒလောက် အရေးကြီးတာ ဘာမှ မရှိဘူး။
စိတ်ရှိရင် အားလုံးဖြစ်တယ်။
စိတ်မရှိတော့ရင်တော့ ဘာမှ မမျှော်လင့်နဲ့တော့။
အားလုံးကို လက်လွှတ်လိုက်တော့…။
ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

လောကမှာ ….
သိခြင်းဆိုတာလည်း အရေးကြီးတယ်။
ရှိခြင်းဆိုတာလည်း အရေးကြီးတယ်။
အဲဒီအရာတွေထက် ပိုပြီး အရေးကြီးတာ ရှိသေးတယ်။
အဲဒါကတော့ စိတ်နေသဘောထားလို့ ကျနော်ထင်တယ်။

သိခြင်းမှာ စိတ်နေသဘောထား မမှန်ကန်မှုနဲ့ ပေါင်းဖက်လိုက်ရင် အဲဒီ့အသိတွေဟာ အားလုံး အဟောသိကံဖြစ်ကုန်တော့တာပဲ။ ရှိခြင်းမှာ စိတ်နေသဘောထား မမှန်ကန်ရင် အဲဒီ့ရှိခြင်းအားလုံးဟာ အဟောသိကံဖြစ်ကုန်တော့တာပဲ။ လူတစ်ယောက်ရဲ့စိတ်နေသဘောထားဟာ သိပ်အရေးကြီးတယ်။ လူ့ဘဝမှာ လည်း အရေးကြီးသလို၊ လူ့အဖွဲ့အစည်းအတွက်လည်း အရေးကြီးတယ်။

ကျနော် ဆယ်ကျော်သက်ဘဝတုန်းက အလွတ်ရတဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်။
အင်္ဂလိပ်ကဗျာတစ်ပုဒ်ကို ဘာသာပြန်ထားတဲ့ ကဗျာပါ။
သိပ်ကြိုက်တာပဲ။
အခုထိ စိတ်ထဲမှာ ဘယ်ချိန်ထရွတ်ရွတ် ရွတ်လို့ ရနေတုန်း။

ရွက်လှေတစ်စင်း အရှေ့ကို လွှင့်သွား
နောက်တစ်စင်းက အနောက်ဘက်ကိုလား
လေကတော့ ဒီလေပဲပ
ရွက်လွှင့်တင်ပုံ မတူကြ
တိုက်တဲ့လေက ပဓာနမကျ
ရွက်အနေအထားက အဓိက
ဘဝမှာလဲ ဒီလိုပဲပ
စိတ်နေသဘောထားက အဓိက
အရှေ့ကိုလား၊ အနောက်ဆီသို့လား
ပန်းတိုင်ကို စိတ်မှာထား
ပြိုင်ဆိုင်တိုက်ခိုက်သူ မုန်တိုင်းက သာမည
ပန်းတိုင်ရောက် ဆုံးဖြတ်ချက်က အဓိက။ ။

ကဗျာနာမည်က လိုရင်းပဓာန စိတ်သာပ…. တဲ့ ။
ကောင်းလိုက်တာနော်။

ဒါ့ကြောင့် ကျနော့်ဘဝမှာ အရေးကြီးတဲ့ ဒီနှစ်ခုကို အမြဲတမ်း နှလုံးသွင်းဖို့ ကြိုးစားတယ်။
နံပါတ်တစ် ကျနော့်မှာ သိချင်စိတ်၊ တတ်ချင်စိတ်၊ ဖြစ်ချင်စိတ်၊ ကြိုးစားချင်စိတ်၊ လုပ်ချင်စိတ် ကိုင်ချင်စိတ်၊ သွားချင်စိတ် လာချင်စိတ်၊ ပြောချင်စိတ်၊ ပြန်ထချင်စိတ်၊ အားမလျော့ချင်စိတ် စတဲ့ “ချင်စိတ်” တွေ ရှိနေဖို့ ကျနော့်ကိုယ် ကျနော် အမြဲတမ်း မပြတ်မီးထိုးနေတယ်။ ဒီလိုစိတ်ဆန္ဒကို ခပ်ပြင်းပြင်းရှိအောင်လည်း ဘယ်လို လောင်စာတွေ သုံးပြီး အရှိန်ပြင်းအောင်မြှင့်မလဲ ဆိုတာကို ကျနော် အမြဲတမ်းလိုလို စဉ်းစားတယ်။ အဲသည်လို လုပ်ချင်စိတ်တွေ၊ လေ့လာချင်စိတ်၊ ကြိုးစားချင် စိတ်တွေ ကုန်ခမ်းသွားရင် ကျနော်ဘာကိုမှ လုပ်ဖြစ်တော့မယ် မထင်ဘူး။ ဘာကိုမှ မလုပ်ဖြစ်မှတော့ ဘာတွေ ဖြစ်လာတော့မှာလဲ။ ဘာတစ်ခုမှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ အခု လောလောဆယ် ဖြစ်နေ သလောက် အခြေအနေဟာ ဖြစ်ချင်စိတ်ကနေ တွန်းလို့ လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ လုပ်တဲ့ လုပ်ရပ်တွေကြောင့် တစ်ခုခုဆိုတာ ဖြစ်နေတယ်လို့ ကျနော် ထင်တယ်။

နံပါတ်နှစ် အရေးကြီးတာကတော့ စိတ်နေသဘောထား။
လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ ဘယ်လောက်ပဲ အသိတွေ ရှိရှိ၊ ဘယ်လောက်ပဲ၊ ရာထူးဌာနန္တရတွေ ရှိရှိ စိတ်နေသဘောထား၊ စိတ်နေစိတ်ထား၊ စိတ်ဓာတ်အဆင့်အတန်းဟာ ပုံပျက် ပန်းပျက်ဖြစ်နေရင် ကျနော်တို့ ကြိုးစားထားသမျှ အရာအားလုံးဟာ ကိုယ့်အတွက်တည်း တန်ဖိုးမဖြစ် ဘူး။ အများအတွက်လည်း တန်ဖိုးမဖြစ်ဘူး။ တော်တော်များများက အဟောသိကံဖြစ်သွားတယ်။ အလကားဖြစ်သွားတယ်။ စိတ်နေစိတ်ထားဟာ လက်တွေ့ လူ့ဘဝမှာ သိပ်အရေးကြီးကြောင်း ကျနော် တဖြည်းဖြည်းနားလည်လာရတယ်။

လူဟာ စိတ်ထားနည်း၊ ဘဝနေနည်း၊ ပေါင်းသင်းဆက်ဆံနည်း၊ အလုပ်အပေါ်မှာ ထားတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်၊ ငွေကြေးအပေါ်မှာထားတဲ့ အမြင်၊ ဒုက္ခတွေအပေါ်ရှုမြင်ချက်၊ ကိုယ့်အပေါ်မကောင်းတဲ့လူ အပေါ်ထားတဲ့ သဘောထားအမြင်…. စတာတွေက သိပ်အရေးကြီးတယ်ဆိုတာ ကျနော် တဖြည်းဖြည်း ပိုနားလည်လာတယ်။ ဒါဟာစိတ်နေသဘောထားနဲ့ အများကြီး သက်ဆိုင်တယ်။

မင်းသေ့
ညနေ ၆ း ၃၀
၂၆ ၊ နိုဝင်ဘာ ၊ ၂၀၁၉
ပုသိမ်မြို့။

Previous post မှတ်စုထုတ်တာ
Next post မင်းသေ့ အမှာစာ